သြဂုတ်လအတွင်း သံလွင်မြစ်ရေမြင့်တက်မှု စိုးရိမ်ရေမှတ်အထက်တွင် ရှိနေ

သြဂုတ်လအတွင်း သံလွင်မြစ်ရေမြင့်တက်မှု စိုးရိမ်ရေမှတ်အထက်တွင် ရှိနေ
Published 22 August 2017

သြဂုတ်လအတွင်း သံလွင်မြစ်ရေ ဆက်လက်မြင့်တက်နေပြီး သြဂုတ် ၂၁ ရက် တိုင်းထွာချက်အရ စင်တီမီတာ ၇၅၂ အထိ ရှိနေကာ မြစ်ရေကြီးမှု ဒုတိယပတ်မှစတင်၍ မြစ်ရေအနေအထားကို သတိထားရန် လိုအပ်ကြောင်း ဒေသခံများက ပြောကြားသည်။

နှစ်စဉ် သံလွင်မြစ်၏ မြစ်ရေကြီးမှု သက်ရောက်ရာ ဘားအံမြို့ အနေအထားဖြင့် မြေနိမ့်ရပ်ကွက်များ တည်ရှိနေခြင်းကြောင့် မြစ်ရေလွှမ်းမိုးမှုအပေါ် သတိထားရန် လိုအပ်လျက်ရှိနေပြီး မြစ်ရေကြီးမှုကို ကြိုတင် ကာကွယ်ရန် လိုအပ်ကြောင်း၊ သံလွင်မြစ်ရေ အနေဖြင့် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်မှုမှာ မြန်ဆန်မှုရှိတတ်ပြီး စိုးရိမ်ရေမှတ်အောက် ကျဆင်းမှုမှာ နှေးကွေးမှုရှိတတ်ကြောင်း ဒေသခံများက ပြောကြားသည်။

“သံလွင်မြစ်ရေအနေနဲ့ ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်းမှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ပြီး ၉၁၂ စင်တီမီတာအထိ စံချိန်လွန် ရောက်ခဲ့ဖူးပါတယ်။ ၂၀၀၉ ခုနှစ် သြဂုတ် ၁ ရက် တိုင်းထွာချက်အရ မူလစိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာကို ရောက်ရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာတော့ စိုးရိမ်ရေမှတ်ကို ရောက်ရှိလာခြင်းမရှိပါဘူး။ ဘားအံမြို့ပေါ်မှာ မြစ်ရေလွှမ်းမိုးမှုကတော့ နှစ်နှစ်၊ သုံးနှစ် တစ်ကြိမ် ဖြစ်ပေါ်မှုရှိတတ်ပေမယ့် နှစ်စဉ် မြစ်ရေမြင့်တက်မှုကိုတော့ မျက်ခြည်မပြတ် စောင့်ကြည့်ဖို့ လိုအပ်ပါတယ်” ဟု ဘားအံမြို့ အမှတ် (၂) ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောကြားသည်။

သံလွင်မြစ်အနေဖြင့် မြစ်ဖျားမိုးပိုမို ကောင်းမွန်ပါက မြစ်ရေမြင့်တက်မှု အခြေအနေ ရှိလာနိုင်ပြီး မြန်မာနိုင်ငံ မြစ်ရေကြီးမှု ပထမ၊ ဒုတိယ၊ တတိယကာလများတွင် မြစ်ရေစီးဆင်းမှု ကြမ်းတမ်းပြီး ရေစွယ်တိုးလျင် မြန်မှုရှိတတ်ကြောင်း သိရသည်။

Most Read

Most Recent