ပေါ့ဘာသည် ဆံပင်ပုံစံပြောင်းရန်သာ အာရုံစိုက်နေဟု ဒိန်းမတ်နည်းပြ ဝေဖန်

ပေါ့ဘာသည် ဆံပင်ပုံစံပြောင်းရန်သာ အာရုံစိုက်နေဟု ဒိန်းမတ်နည်းပြ ဝေဖန်
Published 26 May 2018

လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပြင်သစ်အသင်းနှင့်တစ်အုပ်စုတည်းကျရောက်နေသည့် ဒိန်းမတ်အသင်းနည်းပြဟာရိုင်ဒက်က ပြိုင်ဘက်အသင်းကွင်းလယ်လူ ပေါ့ဘာသည် ဆံပင်ပုံစံပြောင်းရန်သာ အာရုံစိုက်နေကြောင်း ဝေဖန်ပြောကြားခဲ့သည်။

ဒိန်းမတ်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (C) တွင် ပြင်သစ်၊ ပီရူး၊ သြစတြေးလျအသင်းတို့နှင့်ကျရောက်နေပြီး နောက်ဆုံးပွဲအဖြစ် ပြင်သစ်အသင်းနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဒိန်းမတ်နိုင်ငံထုတ် Jyllands-Posten သတင်းစာနှင့်တွေ့ဆုံစဉ် အုပ်စုတွင်းပြိုင်ဘက် ပြင်သစ်အသင်းအပေါ်အမြင်နှင့် ပတ်သက်၍ ဟာရိုင်ဒက်က " သူ (ပေါ့ဘာ)က မန်ချက်စတာစီးတီးနဲ့ကစားတဲ့ပွဲမှာ ဆံပင်ကို အပြာနဲ့အဖြူရောင် ဆိုးထားတယ်။ ကျွန်တော်တို့နဲ့ကစားရင်လည်း အနီနဲ့အဖြူရောင် ဆိုးထားနိုင်တယ်။ သူက ဆံပင်ပုံစံပြောင်းဖို့ပဲတွေးနေတာ တော်တော်စိတ်ပျက်စရာကောင်းပါတယ်။ သူတို့အသင်းမှာ ထူးခြားမှုလည်းဘာမှမရှိလို့ ယုံကြည်ချက်ထားလို့မရပါဘူး။ ကစားသမားတွေကို လှုံ့ဆော်မှုပေးနိုင်တဲ့ ဇီဒန်းလို ခေါင်းဆောင်မျိုးလည်း မရှိပါဘူး။ သူတို့အနေနဲ့ ဇီဒန်းပါဝင်တဲ့အသင်းလိုမျိုးကစားနိုင်ဖို့ လိုအပ်ပါတယ်" ဟု သုံးသပ်ပြောကြားခဲ့သည်။ လက်ရှိ ဖီဖာကမ္ဘာ့အဆင့် (၇) တွင်ရပ်တည်ေ်နသော ပြင်သစ်အသင်းသည် လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျာမနီ၊ စပိန်၊ဘရာဇီးလ်အသင်းများနည်းတူ ဗိုလ်စွဲရန်ရေပန်းစားနေသောအသင်းတစ်သင်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent