မိမိမှာ ဆာလာအပါအဝင် အခြားကစားသမားအားလုံးနှင့် ခြားနားသူဖြစ်ကြောင်း စီရော်နယ်လ်ဒို ပြောကြား

မိမိမှာ ဆာလာအပါအဝင် အခြားကစားသမားအားလုံးနှင့် ခြားနားသူဖြစ်ကြောင်း စီရော်နယ်လ်ဒို ပြောကြား
Published 26 May 2018

ရီးယဲလ်မက်ဒရစ်အသင်း၏ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုက မိမိမှာဆာလာအပါအဝင် အခြားကစားသမားအားလုံးနှင့် ခြားနားသူဖြစ်ပြီး နှိုင်းယှဉ်ရန်မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ယနေ့ညတွင်ကစားမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီ ဆာလာနှင့်စီရော်နယ်လ်ဒိုတို့နှစ်ဦးအကြား ခိုင်းနှိုင်းပြောဆိုမှုများရှိနေရာ ရီးယဲလ်အသင်းတိုက်စစ်မှူးက ယခုကဲ့သို့တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ စီရော်နယ်ဒိုသည် ယခုရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ (၄၃) ပွဲကစားခဲ့ရာတွင် (၄၄)ဂိုးသွင်းယူထားပြီး ဆာလာမှာလည်း လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲ စုံ (၅၁)ပွဲ ကစားခဲ့ရာတွင် (၄၄)ဂိုးသွင်းယူထားသည်။ ထို့အပြင် ၎င်းတို့နှစ်ဦးမှာ ယခုနှစ် Ballon d'Or  ဆုအတွက်လည်း အပြိုင်ရေပန်းစားနေသူများဖြစ်ပြီး စီရော်နယ်လ်ဒိုက မိမိမှာ ဆာလာနှင့်လုံးဝခြားနားသူဖြစ်ပြီး အခြားကစားသမားများနှင့်လည်း ကွာခြားသူဖြစ်ကြောင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီ ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုက ''လူတွေက တခြားကစားသမားတွေကို ကျွန်တော်နဲ့ နှိုင်းယှဉ်ချင်ကြပါတယ်။ တကယ်တော့ ကျွန်တော်က သူတို့အားလုံးနဲ့လုံးဝခြားနားတဲ့သူပါ။ ဆာလာကလည်း တခြားကစားသမားတွေနဲ့ ခြားနားပါတယ်။ သူက ဘယ်သန် ကစားသမား၊ ကျွန်တော်က ညာသန်ကစားသမားပါ။ ပြီးတော့ ကျွန်တော်က အရပ်ရှည်တယ်။ သူက အရပ်နည်းနည်းပုပါတယ်။ ဒါပေမယ့် သူဟာ ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းပြနေတယ်ဆိုတာ အားလုံး သိပါတယ်။ လာမယ့်ပွဲမှာ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ '' ဟု ပြောကြားခဲ့သည်။  စီရော်နယ်လ်ဒိုသည် ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရီးယဲလ်မက်ဒရစ်အသင်းဗိုလ်စွဲပါက ကစားသမားဘ၀ (၅)ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားကို ရယူနိုင်မည်ဖြစ်ပြီး ဆာလာမှာမူ  လီဗာပူးလ်အသင်းချန်ပီယံဖြစ်ပါက ကစားသမားဘ၀ ပထမဆုံးချန်ပီယံလိဂ်ဆုဖလားရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent