ထားဝယ်မြို့ရှိ ပင်လုံအိမ်ရာမှ အခန်း ၇၂ ခန်းအနက် ၂၃ ခန်း ရောင်းချထားပြီး ငွေအကျေပေးသွင်းပြီးပါက နေထိုင်ခွင့်ပြုမည်

ထားဝယ်မြို့ရှိ ပင်လုံအိမ်ရာမှ အခန်း ၇၂ ခန်းအနက် ၂၃ ခန်း ရောင်းချထားပြီး ငွေအကျေပေးသွင်းပြီးပါက နေထိုင်ခွင့်ပြုမည်
Published 20 August 2017

တည်ဆောက်ပြီးစီးသွားသည့် ထားဝယ်မြို့ ဆန်းချီရပ်ကွက်ရှိ ပင်လုံအိမ်ရာအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဇင်)

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ရှိ ပင်လုံအိမ်ရာမှ အခန်း ၇၂ ခန်းအနက် ၂၃ ခန်းကို ရောင်းချထားပြီး ငွေအကျေ ပေးသွင်းပြီးပါက နေထိုင်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ထားဝယ်မြို့ ဆန်းချီရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာအနီးမှ ပင်လုံအိမ်ရာရှိ အခန်း၂၃ ခန်းကို ရောင်းချရန် ပြီးခဲ့သည့် မတ်မှစ၍ လျှောက်လွှာများ ရောင်းချပေးခဲ့ပြီး သြဂုတ် ၃ ရက်က အိမ်ခန်းဝယ်ယူခွင့်ရသူစာရင်း ကြေညာပေးခဲ့ကြောင်း၊ အိမ်ခန်းဝယ်ယူခွင့်ရသူများအား သြဂုတ် ၁၁ ရက်မှစ၍ ငွေစတင်သွင်းပေးရန် အသိပေးခဲ့ပြီးနောက် လက်ရှိအထိ အိမ်ခန်းဝယ်ယူခွင့်ရသူ ၁၆ ဦး ငွေပေးသွင်းထားပြီး ငွေအကျေ ပေးသွင်းခဲ့သူများကို အခန်းသော့ ပေးအပ်၍ နေထိုင်ခွင့်ပြုထားကြောင်း တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ညွှန်ကြားရေးမှူး ဒေါ်ခင်မိမိထွေးက ပြောကြားသည်။

“ပင်လုံအိမ်ရာအခန်း ရောင်းချဖို့ လျှောက်လွှာစရောင်းတော့ လျောက်လွှာဝယ်သူ ၉၀ လောက်ရှိတယ်။ ဒါပေမဲ့ လျှောက်လွှာလာ တင်တာက ၃၀ ကျော်ပါပဲ။ လျှောက်လွှာတင်လာတဲ့သူတွေကို ဝယ်ယူလိုတဲ့အခန်းတွေ အဆိုပြုခိုင်းတော့ တချို့ဆို အခန်းတစ်ခုမှာ နှစ်ဦး၊ သုံးဦးလောက်အထိ အဆိုပြုကြတယ်။ လမ်းမနံဘေးမှာရှိတဲ့ တိုက် A မှာ ဝယ်ယူသူများတယ်။ အဲဒီမှာ ငွေအကျေပေးချေမယ့်သူနဲ့ ၇၅ ရာခိုင်နှုန်း ပေးချေမယ့်သူထဲက ငွေအကျေ ပေးချေမယ့်သူကို ဦးစားပေးတယ်။ လျှောက်လွှာ စရောင်းကတည်းက ငွေအကျေ ပေးချေတဲ့သူကို ဦးစားပေးမယ်လို့ ပြောထားပြီးသား။ တစ်ခန်းတည်း နှစ်ဦးထပ်နေရင် အခြားအခန်း ယူမလား မေးတယ်။ မယူဘူးဆိုရင် မဲနှိုက်ခိုင်းတယ်။ အိမ်ခန်းရောင်းချငွေက အိုးအိမ်ခေါင်းစဉ်နဲ့ မဟုတ်ဘဲ အစိုးရအဖွဲ့ရဲ့ ငွေစာရင်း ခေါင်းစဉ်နဲ့ သွင်းရတယ်။ ဒီလ ၁၁ ရက်နေ့မှာ ငွေစာရင်း သွင်းရမယ့် ခေါင်းစဉ်ရတော့ ၁၄ ရက်ကစပြီး အိမ်ခန်းဝယ်ယူခွင့် ရသူတွေကို အသိပေးလိုက်တယ်။ အခုရောင်းချခဲ့တဲ့ အခန်း ၂၃ ခန်းမှာ ငွေအကျေ ၁၅ ဦးနဲ့ ၇၅ ရာခိုင်နှုန်းက တစ်ဦး ငွေသွင်းထားပြီးပြီ။ ငွေအကျေချေပြီးရင် ချလန်ပြပြီး အခန်းသော့ပေးမယ်။ အုံနာဘုတ် (ပင်လုံအိမ်ရာတိုက်ခန်း ပိုင်ဆိုင်ခွင့် မှတ်ပုံတင်စာအုပ်) ပေးပြီး နေထိုင်ခွင့်ပြုမှာပါ” ဟု တိုင်းဒေသကြီးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ညွှန်ကြားရေးမှူး ဒေါ်ခင်မိမိထွေးက ပြောကြားသည်။

ရောင်းချရန် ကျန်ရှိနေသည့် အခန်းများအား ထပ်မံရောင်းချနိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံ တင်ပြထားပြီး တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အဖွဲ့ဝင်ကိုးဦး ပါဝင်သော နေရာချထားရေး ကော်မတီက လက်ကျန်အခန်းများ ရောင်းချနိုင်ရန်နှင့် နည်းလမ်းများ ရှာဖွေရန်အတွက် ဆွေးနွေးသွားရန်ရှိသည်ဟု တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ညွှန်ကြားရေးမှူးရုံးမှ သိရသည်။

သြဂုတ် ၃ ရက်က ကြေညာခဲ့သော အစိုးရ အငြိမ်းစားဝန်ထမ်းများနှင့် ဝန်ထမ်းများကိုသာ ရောင်းချသည့် ပင်လုံအိမ်ရာရှိ မြေညီထပ်လေးခန်း၊ ပထမထပ်ခြောက်ခန်းနှင့် ဒုတိယထပ် ၁၃ ခန်း စုစုပေါင်းအိပ်ခန်း ၂၃ ခန်း ဝယ်ယူခွင့်ရသူ စာရင်းတွင် ကျပ်သိန်း ၂၆၀ ကျသင့်သည့် အကျယ် ၇၁၇ စတုရန်းပေရှိ အိပ်ခန်းသုံးခန်းပါ မြေညီထပ်အခန်းအား တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ငွေအကျေ ပေးသွင်းသူအဖြစ် ဝယ်ယူခွင့်ရရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent