<

အေယက်စီယိုနှင့် လူဟာဗာတို့၏ လီဂူး-၂ Play-off ပွဲစဉ်ကို အေယက်စီယိုပရိသတ်များ၏ တိုက်ခိုက်မှုကြောင့် ရွှေ့ဆိုင်းခဲ့ရ

လူဟာဗာအသင်း၏ ဘတ်စ်ကားကို အေယက်စီယိုအသင်းပရိသတ်များ တိုက်ခိုက်နေစဉ် (Photo: AFP/Getty Images)

အေယက်စီယိုနှင့် လူဟာဗာတို့ ကစားမည့် လီဂူး-၂ Play-off ပွဲစဉ်ကို အိမ်ရှင်ပရိသတ်များ၏ တိုက်ခိုက်မှုကြောင့် ရွှေ့ဆိုင်းခဲ့ရသည်ဟု သိရှိရသည်။

ပြင်သစ်လီဂူး-၂ တွင် အဆင့်(၃)နှင့် (၄)နေရာ ရရှိခဲ့သည့် အေယက်စီယိုနှင့် လူဟာဗာအသင်းတို့သည် လီဂူး-၁ တန်းတက်ခွင့်တစ်နေရာအတွက် ယနေ့(စနေနေ့ည)တွင် ယှဉ်ပြိုင်ရန် စီစဉ်ခဲ့ပြီး လူဟာဗာအသင်းက အေယက်စီယိုအသင်း၏ ကွင်းသို့ ရောက်ရှိလာစဉ် အေယက်စီယိုအသင်း (၁၅၀)ခန့်က လူဟာဗာအသင်း၏ဘတ်စ်ကားကို မီးကျည်၊ ကျေက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ကွင်းအတွင်းသို့ မဝင်ရောက်နိုင်အောင် တားဆီးခဲ့ကြသည်။

အေယက်စီယိုအသင်းပရိသတ်များ၏ တိုက်ခိုက်မှုကြောင့် လူဟာဗာအသင်း၏ ဘတ်စ်ကားမှာ စတီယာရင်နှင့် အဲကွန်းစနစ်များ ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

ယင်းတိုက်ခိုက်မှုတွင် ရဲအရာရှိတစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့သော်လည်း လူဟာဗာအသင်း၏ ကစားသမားများမှ ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

လူဟာဗာအသင်းနည်းပြတန်ချော့စ်က “ကစားသမားတွေက အိမ်ပြန်ဖို့ပဲ ဆန္ဒရှိကြပါတယ်။ ကျွန်တော့် ကစားသမားတွေ နည်းနည်းတော့ လန့်သွားကြပါတယ်။ ပွဲကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်သင့်တဲ့ ကိစ္စပါ။ ဒီလိုအနေအထားနဲ့ ပွဲကစားဖို့ မဖြစ်နိုင်ပါဘူး။ ပြီးတော့ ဘာတွေ ဖြစ်လာမလဲဆိုတာလည်း ခန့်မှန်းလို့ မရတဲ့ အနေအထားပါ”ဟု ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်အပြီးတွင် အေယက်စီယိုအသင်းသားများသည် ဝတ်စုံပြည့် ဝတ်ဆင်ပြီး လူဟာဗာအသင်း၏ ကစားသမားများနှင့် တွေ့ဆုံရန် လာရောက်ခဲ့ကြသော်လည်း ငြင်းပယ်ခြင်းခံခဲ့ရကြောင်း သိရှိရသည်။

လူဟာဗာအသင်းမှာ ကစားသမားများနှင့် တွေ့ဆုံရန် ၀တ်စုံပြည့်ဖြင့် လာရောက်ခဲ့ကြသည့် အေယက်စီယိုအသင်းသားများ (Photo: AFP/Getty Images)

ဒေသဆိုင်ရာ လုံခြုံရေးတာဝန်ခံဒီလာရူက “ပရိသတ်တွေကြောင့် အေယက်စီယိုနဲ့ လူဟာဗာတို့ရဲ့ ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ ဘယ်တော့ ပြန်ကစားမယ်ဆိုတာတော့ မသတ်မှတ်ရသေးပါဘူး”ဟု ဆိုခဲ့သည်။

အဆိုပါ Play-off ပွဲစဉ်တွင် အနိုင်ရသည့်အသင်းသည် လာမည့်ရာသီတွင် လီဂူး-၁ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်တစ်နေရာအတွက် လီဂူးတွင် အဆင့်(၁၈)ရခဲ့သည့် တူးလူးအသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

 

May 20, 2018














Copy Protected by Chetan's WP-Copyprotect.