တရားသူကြီးအား ဖိနပ်ဖြင့် ပစ်ပေါက်သည့် ရှေ့နေအား ရုံးထုတ်ခဲ့သော်လည်း ကျန်းမာရေးကြောင့် စစ်ဆေးခြင်း မရှိ

တရားသူကြီးအား ဖိနပ်ဖြင့် ပစ်ပေါက်သည့် ရှေ့နေအား ရုံးထုတ်ခဲ့သော်လည်း ကျန်းမာရေးကြောင့် စစ်ဆေးခြင်း မရှိ
Published 18 May 2018

တရားခွင်အတွင်း မတ္တရာမြို့နယ် တရားသူကြီး ဒေါ်ဝင်းဝင်းထိန်အား ဖိနပ်ဖြင့် ပစ်ပေါက် အော်ဟစ်ခဲ့သည်ဟုဆိုကာ မတ္တရာမြို့နယ် တရားသူကြီး ဒေါ်ဝင်းဝင်းထိန်က တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် အမှုရင်ဆိုင်နေရသော တရားလွှတ်တော်ရှေ့နေဟောင်း ဦး ဇော်ဝင်း အသက် (၅၈ နှစ်) မှာ မန္တလေး အိုးဘိုထောင်တွင် အချုပ်သားအဖြစ် ထိန်းသိမ်းခံနေရပြီး ၉၆ မိုင်ကွာဝေးသော မိတ္တီလာမြို့ သို့ မေ ၁၇ ရက်တွင် (၁၄) ကြိမ်မြောက် ရုံးထုတ်လာခဲ့ရာ ကျန်းမာရေး မကောင်းသဖြင့် စစ်ဆေးနိုင်ခြင်း မရှိဘဲ ဇွန် ၁ ရက်သို့  ရုံးချိန်း ပြန်လည် ချိန်းဆိုခဲ့ရကြောင်း သိရသည်။

“ကျွန်တော် ကျန်းမာရေး မကောင်းဘူး။ ကျန်းမာရေး မကောင်းလို့ အစစ် မခံပါရစေနဲ့ လို့ သုံးကြိမ်တိတိ ပြောတာမရဘူး။ ပြောမရ လို့ အော်မှ ကျွန်တော့်ကို ရုံးချိန်းပြန်ပေးတယ်။ကျွန်တော် ဘာရောဂါဖြစ်နေလဲဆိုတာ ဆရာဝန်တောင် မပြောနိုင်သေးဘူး။ ခေါ်ခေါ်စစ်နေတယ်။ နေမကောင်းတဲ့လူကို မိုင် ၁၀၀ အချုပ်ကားကြီးနဲ့ စီးကြည့်လိုက်လေ။ ကိုယ်ချင်းစာတရားပဲ လိုတယ်။ ကျန်တာ မလိုဘူး။ဥပဒေဆိုတာ သေနတ်နဲ့တူတယ်။ ကိုင်သုံးတဲ့ ကောင်သည် ဘက်လိုက် အဂတိလိုက်စားနေတဲ့ ကောင် လက်ထဲမှာ သေနတ်ရောက်ရင် ပြည်သူလူထု ဒုက္ခရောက်မယ်။ အဲဒီသေနတ်သည် ပြည်သူကို ကာကွယ်မယ့်လူ လက်ထဲရောက်ရင် အားလုံးအေးချမ်းမယ်။ အဲဒီတော့ ဥပဒေဆိုတာ သေနတ်နဲ့တူတယ်။ မတရား လုပ်ခံရတယ်ဆိုတာ ကျွန်တော်တို့က ပြောတယ်။ ဖိနပ်နဲ့လည်းပေါက်တယ်။ အသိအမှတ် ပေးတယ်”  ဟု တရားလွှတ်တော်ရှေ့နေဟောင်း ဦးဇော်ဝင်းက မေ ၁၇ ရက်က မိတ္ထီလာမြို့နယ်တရားရုံး ရုံးချိန်းတွင် ပြောကြားသည်။

Most Read

Most Recent