ဂျာမန်နည်းပြ အန်တွမ်နီဟေး အား တစ်နှစ်ခွဲစာချုပ်ဖြင့် မြန်မာ့လက်ရွေးစင်နည်းပြချုပ်အဖြစ် ခန့်အပ်

ဂျာမန်နည်းပြ အန်တွမ်နီဟေး အား တစ်နှစ်ခွဲစာချုပ်ဖြင့် မြန်မာ့လက်ရွေးစင်နည်းပြချုပ်အဖြစ် ခန့်အပ်
Published 17 May 2018

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဂျာမနီလူမျိုး အန်တွမ်နီဟေး အားတစ်နှစ်ခွဲသက်တမ်းရှိ စာချုပ်တစ်ရပ်ဖြင့် မြန်မာလက်ရွေးစင်နည်းပြချုပ် ရာထူးအားခန့်အပ်ခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)သည် အန်တွမ်နီဟေးနှင့် အပြီးသတ်ဆွေးနွေးခဲ့ပြီး နောက် မေလ(၁၆)ရက် နေ့နေ့လည်ပိုင်းကမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွင်စာချုပ်ချုပ်ဆိုကာ မီဒီယာများနှင့် တွေ့ဆုံပွဲ စီစဉ်ပေးခဲ့ကြောင်းသိရသည်။

''ကျွန်တော်ရဲ့ နည်းပြအဖွဲ့နဲ့ပူးပေါင်းပြီးး မြန်မာအသင်းအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။ အာရှ က အသင်းကို ပထမဦးဆုံးကိုင်တွယ်ရတာဖြစ်ပေမဲ့ အခုလို ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့ အပေါ်ဝမ်းမြောက်မိပါတယ်။''ဟု အန်တွမ်နီဟေးက သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသွားခဲ့သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည်နည်းပြချုပ်အဖြစ် ဆောင်ရွက်မည့် အန်တွမ်နီဟေး၊ လက်ထောက်နည်းပြ ဟာလက်၊ ဂိုးနည်းပြ ဟာဇော့တို့ကို ၂၀၁၈ ခုနှစ် မေလ၁၆ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ သက်တမ်းရှိသော စာချုပ်များကို ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။အန်တွမ်နီဟေးသည် မြန်မာ့လက်ရွေးစင်အသင်းအပြင်မြန်မာ ယူ-၂၃ အသင်းကိုပါ ကိုင်တွယ်သွားရမည်ဖြစ်ကြောင်းသိရသည်။

အသက် (၄၇) နှစ်အရွယ် ဂျာမန်နည်းပြ အန်တွမ်နီဟေး သည် နည်းပြအဖြစ် ဂမ်ဘီယာ၊ လိုက်ဘေးရီးယား၊ ကင်ညာ၊ ရဝမ်ဒါစသည့် အာဖရိကနိုင်ငံလက်ရွေးစင်အ သင်းများကို ကိုင်တွယ်ခဲ့ကာ နည်းစနစ်ဒါရိုက်တာအဖြစ် ဘာရိန်း ဘောလုံးအဖွဲ့ချုပ်နှင့် လိုက်ဘေး ရီးယားဘောလုံးအဖွဲ့ချုပ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်းသိရသည်။

Most Read

Most Recent