မြန်မာအပါအဝင် အာရှဒေသတွင်းနိုင်ငံ အများစုတွင် အမျိုးအစားတူ ရာသီတုပ်ကွေး H1N1 ကူးစက်ဖြစ်ပွားမှု ရှိနေပြီး အိမ်နီးချင်း တရုတ်နိုင်ငံ၌ လူဦးရေ ၁၂၀၀၀ ကျော်အထိ ဖြစ်ပွားနေ

မြန်မာအပါအဝင် အာရှဒေသတွင်းနိုင်ငံ အများစုတွင် အမျိုးအစားတူ ရာသီတုပ်ကွေး H1N1 ကူးစက်ဖြစ်ပွားမှု ရှိနေပြီး အိမ်နီးချင်း တရုတ်နိုင်ငံ၌ လူဦးရေ ၁၂၀၀၀ ကျော်အထိ ဖြစ်ပွားနေ
Published 19 August 2017

လက်ရှိ မြန်မာနိုင်ငံ အပါအဝင် အာရှဒေသတွင်း နိုင်ငံအများစုတွင် အမျိုးအစားတူ ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) pdm2009 ကူးစက်ဖြစ်ပွားမှု ရှိနေပြီး အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံတွင် လူဦးရေ ၁၂၀၀၀ ကျော် ဖြစ်ပွားမှုရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ Flu Net Website တွင် ဖော်ပြချက်အရ ၂၀၁၇ ခုနှစ် ဇန်နဝါရီမှ သြဂုတ်လ ပထမပတ်အထိ ခုနစ်လတာ ကာလအတွင်း အရှေ့တောင်အာရှဒေသ နိုင်ငံများနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ၏ သတင်းပေးပို့ချက်အရ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှု အခြေအနေမှာ တရုတ်နိုင်ငံတွင် ၁၂၀၆၀၊ အိန္ဒိယနိုင်ငံတွင် ၁၃၁၈ ဦး၊ နီပေါနိုင်ငံတွင် ၄၈၀၊ သီရိလင်္ကာနိုင်ငံတွင် ၃၇၃ ဦး၊ မော်ဒိုက်နိုင်ငံတွင် ၂၈၉ ဦး၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံတွင် ၂၇၄ ဦး၊ ထိုင်းနိုင်ငံတွင် ၁၀၉ ဦး၊ မလေးရှားနိုင်ငံတွင် ၅၉ ဦး၊ ဘူတန်နိုင်ငံတွင် ၄၈ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံတွင် နှစ်ဦး ဖြစ်ပွားခဲ့ကြောင်းနှင့် ရာသီတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှု အခြေအနေမှာ မြန်မာနိုင်ငံတွင် သာမက နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံများနှင့် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများအနက် အများစုတွင် အမျိုးအစားတူ ရာသီတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားနေသည့် ကာလဖြစ်ကြောင်း သိရသည်။

သြဂုတ် ၁၇ ရက်အထိ မြန်မာနိုင်ငံတွင် H1N1 ဓာတ်ခွဲအတည်ပြု ဖြစ်ပွားသူ စုစုပေါင်း ၂၇၇ ဦးရှိပြီး ဓာတ်ခွဲအတည်ပြု သေဆုံးသူ ၂၇ ဦးအထိ ရှိကြောင်း၊ မြန်မာနိုင်ငံမှ အချက်အလက်များအား လေ့လာချက်အရ လူထုအတွင်း ရောဂါဖြစ်ပွား၊ သေဆုံးနှုန်း မမြင့်မားသော်လည်း နာတာရှည်ရောဂါ အခံရှိသူများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးများတွင် ရောဂါပြင်းထန်ပြီး သေဆုံးမှုနှုန်း မြင့်မားနေကြောင်းနှင့် အထူးသဖြင့် ပိုးတွေ့လူနာများအနက် အသက်ခုနစ်နှစ်အောက် ကလေးများတွင် စုစုပေါင်းဖြစ်ပွားမှုနှုန်း ရာခိုင်နှုန်း ၃၀ နှင့် သေဆုံးမှုနှုန်း ရာခိုင်နှုန်း ၄၀ ခန့် ရှိနေကြောင်း သိရသည်။

သြဂုတ် ၁၇ ရက်အထိ ရရှိသည့် အချက်အလက်အရ အထူးကုဆေးရုံကြီး (ဝေဘာဂီ) အပါအဝင် တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ဆေးရုံကြီးများတွင် H1N1 ပိုးတွေ့ အတွင်းလူနာ ၆၅ ဦး ဆေးဝါးကုသမှု ခံယူနေဆဲဖြစ်ကြောင်း သိရသည်။

သြဂုတ် ၁၆ ရက်မှ သြဂုတ် ၁၇ ရက်အထိ သံသယလူနာ ၃၈ ဦးအား ဓာတ်ခွဲစမ်းသပ် စစ်ဆေးရာတွင် H1N1 ပိုးတွေ့လူနာ ၁၅ ဦး တွေ့ရှိခဲ့ပြီး ထပ်မံသေဆုံးသူ လူနာတစ်ဦး ရှိခဲ့ကြောင်းနှင့် ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၁၇ ရက်အထိ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူ စုစုပေါင်းလူနာ ၇၂၅ ဦးအနက် H1N1 ပိုးတွေ့လူနာ စုစုပေါင်း ၂၇၇ ဦး ရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၂၇ ဦး တွေ့ရှိရကြောင်း သြဂုတ် ၁၇ ရက်က သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၂၅) တွင် ဖော်ပြချက်အရ သိရသည်။

H1N1 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သော်လည်း ရာသီတုပ်ကွေးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် သေဆုံးရခြင်း မဟုတ်ဘဲ အခြားရောဂါဖြင့် သေဆုံးသူ သြဂုတ် ၁၇ ရက်အထိ စုစုပေါင်း ၁၉ ဦးရှိကြောင်း သိရသည်။

သြဂုတ် ၁၇ ရက်အထိ အထူးကုဆေးရုံကြီး (ဝေဘာဂီ) တွင် H1N1 ပိုးတွေ့ အတွင်းလူနာ ငါးဦးနှင့် အခြား တိုင်းဒေသကြီး/ပြည်နယ်ဆေးရုံကြီးများတွင် H1N1 ပိုးတွေ့ အတွင်းလူနာ ၆၀၊ စုစုပေါင်း ၆၅ ဦး ဆက်လက် ဆေးကုသမှုခံယူလျက် ရှိကြောင်းနှင့် သြဂုတ် ၁၇ ရက် H1N1 ပိုးတွေ့လူနာ ၁၅ ဦးအနက် တစ်အိမ်တည်း အတူနေ မိသားစုဝင် လေးဦးတွင် H1N1 ပိုး စမ်းသပ်တွေ့ရှိရသဖြင့် အတူ နေထိုင်သူများအကြားတွင် ရောဂါပိုး ကူးစက်နိုင်သည်ကို တွေ့ရှိရကြောင်း သိရသည်။

Most Read

Most Recent