ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ ဥရောပဂိုးသွင်းဘုရင်ဆုအတွက် ပြိုင်ဆိုင်မှုတွင် ဦးဆောင်

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ ဥရောပဂိုးသွင်းဘုရင်ဆုအတွက် ပြိုင်ဆိုင်မှုတွင် ဦးဆောင်
Published 1 May 2018

Photo: AFP

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ယခုတစ်ပတ်လာလီဂါပွဲစဉ်တွင် ဟက်ထရစ်ဂိုး သွင်းယူခဲ့ပြီးနောက် ဥရောပဂိုးသွင်းဘုရင်ဆုအတွက် ပြိုင်ဆိုင်မှုတွင် လီဗာပူးလ်တိုက်စစ်မှူး ဆာလာကို ကျော်တက်ကာ ထိပ်ဆုံး၌ ဦးဆောင်နိုင်ခဲ့ကြောင်း သိရှိရသည်။

မက်ဆီသည် ဘာစီလိုနာအသင်း လာလီဂါချန်ပီယံအဖြစ် အဖြေထွက်ခဲ့သည့် ဒီပို့တီဗိုနှင့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းသွင်းဂိုး (၃၂)ဂိုးရှိသွားသည့်အတွက် (၃၁)ဂိုးသွင်းယူထားသည့်ဆာလာကို ကျော်လွှားနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

မက်ဆီသည် ယင်းပွဲတွင် လာလီဂါပြိုင်ပွဲ၏ ဂိုးသွင်းစံချိန်သစ်တစ်ခုကိုလည်း ပိုင်ဆိုင်ခဲ့သည်။ ယင်းစံချိန်မှာ လာလီဂါပြိုင်ပွဲ၌ ဂိုး(၃၀)နှင့်အထက် (၇) ရာသီသွင်းယူနိုင်သော ပထမဆုံးကစားသမားဟူသည့်စံချိန်မှတ်တမ်းဖြစ်သည်။

မက်ဆီသည် ဘာစီလိုနာအသင်းအတွက် ၂၀၀၉-၁၀ ရာသီတွင် ပထမဆုံးအကြိမ် ဂိုး(၃၀)နှင့်အထက် သွင်းယူနိုင်ခဲ့ပြီး ယင်းနောက်ပိုင်း ယှဉ်ပြိုင်ကစားခဲ့သည့်(၈)ရာသီတွင် ဂိုး(၃၀)အောက်ကျရောက်သည်မှာ (၂)ရာသီသာ ရှိခဲ့ ကြောင်းလည်း သိရှိရသည်။

မက်ဆီသည် ယခုရာသီ လာလီဂါပြိုင်ပွဲ၌ ဟက်ထရစ်(၄)ကြိမ်အထိ သွင်းယူကာ ဂိုးသွင်းခြေစွမ်းပြသခဲ့ပြီး ဒုတိယနေရာမှ စီရော်နယ်လ်ဒိုကိုလည်း (၈)ဂိုးဖြတ်ထားနိုင်ခဲ့ပြီဖြစ်သည်။

ထို့ကြောင့် လာလီဂါဂိုးသွင်းဘုရင်ဆုကို ရယူနိုင်ရန် အလားအလာကောင်းနေသလို၊ ဥရောပဂိုးသွင်းဘုရင်ဆုအတွက် ပြိုင်ဆိုင်မှုတွင်လည်း လာလီဂါ(၄)ပွဲ ယှဉ်ပြိုင်ကစားရန် ကျန်ရှိနေပြီး ဆာလာမှာ ပရီးမီးယားလိဂ်(၂)ပွဲသာ ကျန်ရှိတော့သည့်အတွက် အခြေအနေကောင်းနေပြီဖြစ်သည်။

■ ဥရောပဂိုးသွင်းဘုရင်ဆုအတွက် အပြိုင်ဖြစ်နေသူများ

မက်ဆီ(ဘာစီလိုနာ) ၃၂ ဂိုး
ဆာလာ(လီဗာပူးလ်) ၃၁ ဂိုး
အီမိုဘီလီ(လာဇီယို) ၂၉ ဂိုး
လီဝန်ဒေါစကီး(ဘိုင်ယန်မြူးနစ်) ၂၈ ဂိုး
အီကာဒီ(အင်တာမီလန်) ၂၇ ဂိုး
ကာဗာနီ(PSG) ၂၇ ဂိုး
ဟာရီကိန်း(စပါး) ၂၆ ဂိုး

Most Read

Most Recent