လက်ကျန်ငါးပွဲအလိုမှာပင် လာလီဂါပြိုင်ပွဲမှ မာလာဂါအသင်း တန်းဆင်းခဲ့ရ

လက်ကျန်ငါးပွဲအလိုမှာပင် လာလီဂါပြိုင်ပွဲမှ မာလာဂါအသင်း တန်းဆင်းခဲ့ရ
Published 21 April 2018

လာလီဂါပွဲစဉ် (၃၃) တတိယနေ့ပွဲများကို ဧပြီ ၁၉ ရက်က ဆက်လက်ယှဉ်ပြိုင်ကစားရာ ဇယားအောက်ဆုံးမှ မာလာဂါအသင်းသည် လီဗန်တေးအသင်းအား နာကျင်အချိန် ပိုသွင်းဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် လက်ကျန် ငါးပွဲအလိုမှာပင် တန်းဆင်းရရန် သေချာသွား ပြီဖြစ်ကြောင်း သိရသည်။

မာလာဂါအသင်းသည် ပထမပိုင်းတွင် ပုံစံကောင်းပြသနိုင်ပြီး အခွင့်အရေးများရရှိသော်လည်း အသုံးမချနိုင်ဘဲ လီဗန်တေး အသင်းအား နာကျင်အချိန်ပို ၉၃ မိနစ်တွင် အနိုင်ဂိုးခွင့်ပြုခဲ့ရသည်။ ယင်းပွဲရလဒ်ကြောင့် မာလာဂါအသင်းသည် ၃၃ ပွဲကစားအပြီး ၁၇ မှတ်သာရရှိကာ အဆင့် (၁၇) နေရာမှ လီဗန်တေးအသင်းနှင့် ၁၇ မှတ်ကွာဟသွားပြီ ဖြစ်သောကြောင့် ၂၀၀၈ ခုနှစ်နောက်ပိုင်း ၁၀ နှစ်အကြာတွင် ပထမဆုံးအကြိမ် တန်းဆင်းရမည်ဖြစ်သည်။ ဒုတိယနေရာမှ အက်သလက်တီကိုမှာလည်း ဆိုစီဒက်အား သုံးဂိုးပြတ် ရှုံးနိမ့်ခဲ့သောကြောင့် ထိပ်ဆုံးမှ ဘာစီလိုနာနှင့် ၁၂ မှတ်ကွာဟသွားပြီဖြစ်သည်။

Most Read

Most Recent