ချန်ပီယံလိဂ်မဲခွဲပဲ မတိုင်မီတစ်ရက်တွင် လီဗာပူးလ်နှင့်ဒုတိယအကျော့ပွဲလက်မှတ်ဝယ်ယူရန်တိုက်တွန်းသည့်စာကို ရိုးမားအသင်းဝက်ဘ်ဆိုက်မှ မှားတင်ခဲ့

ချန်ပီယံလိဂ်မဲခွဲပဲ မတိုင်မီတစ်ရက်တွင် လီဗာပူးလ်နှင့်ဒုတိယအကျော့ပွဲလက်မှတ်ဝယ်ယူရန်တိုက်တွန်းသည့်စာကို ရိုးမားအသင်းဝက်ဘ်ဆိုက်မှ မှားတင်ခဲ့
Published 14 April 2018

 

အီတလီကလပ်ရိုးမားအသင်းသည် မေလ (၂)ရက်နေ့တွင် လီဗာပူးလ်အသင်းနှင့် ကစားမည့် ချန်ပီယံလိဂ်ပွဲ လက်မှတ်ကိုဝယ်ယူရန် ပရိသတ်များကိုတိုက်တွန်းသည့် စာကို ချန်ပီယံလိဂ်မဲခွဲပွဲမတိုင်မီ တစ်ရက်အလိုကတည်းက အသင်းဝက်ဘ်ဆိုက်မှတစ်ဆင့်တင်ခဲ့မိကြောင်း သိရှိရသည်။

ယင်းစာတွင် ၁၈-၄-၂၀၁၈ တွင် ဂျီနိုအာနှင့် ကစားမည့် အိမ်ကွင်းပွဲ၊ ၂-၅-၂၀၁၈ တွင် လီဗာပူးလ်အသင်းနှင့် ကစားမည့် ချန်ပီယံလိဂ် အိမ်ကွင်းပွဲတို့ကို ဝယ်ယူအားပေးနိုင်မည့်အခွင့်အရေးဟုဆိုကာ မှားယွင်းတင်ခဲ့မိခြင်းဖြစ်သည်။ အသင်းဝက်ဘ်ဆိုက်မှ မှားယွင်းတင်ခဲ့မိသည့်စာကိုအချိန်တိုအတွင်း ချက်ချင်းပြန်လည် ဖြုတ်ချခဲ့သော်လည်း ယင်းကိုမြင်လိုက်သည့် ပရိသတ်တစ်ဦးက screenshot ရိုက်ထားခဲ့ခြင်းဖြစ်ပြီး ယင်း screenshot ကို ပြန်တင်ခဲ့ရာမှ ရိုးမားအသင်း၏ မှားယွင်းမှုကို အားလုံးသိရှိခဲ့ကြခြင်းဖြစ်သည်။

ချန်ပီယံလိဂ်မဲခွဲမှုကို သောကြာနေ့နေ့လည်တွင် ဆွစ်ဇာလန်နိုင်ငံ၊ နီယွန်မြို့တွင် ပြုလုပ်မည်ဖြစ်သော်လည်း ကြာသပတေးနေ့ကတည်းက ယင်းကဲ့သို့ မှားယွင်းတင်ခဲ့ရာတွင် မှားယွင်းနေသည့် အချက်မှာ မေလ (၂)ရက်နေ့အတွက် ဝယ်ယူရန် တိုက်တွန်းထားသော်လည်း မဲခွဲပြီးနောက် အမှန်တကယ် ကစားရမည့်နေ့မှာ မေလ (၁)ရက်နေ့ဖြစ်နေခြင်းဖြစ်သည်။

သို့ရာတွင် ယင်းကဲ့သို့ ကစားရမည့်အသင်းကို ကြိုသိနေသည့် ဖိတ်ခေါ်စာအတွက် conspiracy theories များ ထွက်ပေါ်လာခဲ့ပြီး ပရိသတ်အချို့က မဲခွဲပွဲတွင် မသမာမှုများရှိနေသလားဆိုသည့် စွပ်စွဲမှုများကို ပြုလုပ်ခဲ့ကြသည်။ ပရိသတ်တစ်ဦးက "ရိုးမားက လီဗာပူးလ်နဲ့ကစားရမယ်ဆိုတာကို တစ်ရက်ကြိုသိနေပြီး သူတို့ဝက်ဘ်ဆိုက်မှာ ကြော်ငြာတင်ခဲ့တယ်။ မသမာမှုတော့ မဟုတ်နိုင်ပါဘူး"ဟု ရေးသားခဲ့သော်လည်း အခြားပရိသတ်တစ်ဦးကမူ "တကယ်သာ ကြိုသိနေခဲ့တာဆိုရင် ဘောလုံးလောကအတွက် ဝမ်းနည်းစရာပဲ။ အချိန်က စကားပြောပါလိမ့်မယ်"ဟု ရေးသားခဲ့သည်။ အခြားပရိသတ်တစ်ဦးကလည်း "နေ့စွဲတစ်ရက်လွဲနေတာကလွဲလို့ လီဗာပူးလ်နဲ့ကစားရမယ်ဆိုတာကို ကြိုသိနေတယ်။ အိမ်ကွင်းပွဲစဉ်က ဒုတိယအကျော့ဆိုတာကိုလည်း သိနေတယ်။ ဒါဟာ တိုက်ဆိုင်မှုထက်ပိုမယ်ထင်တယ်"ဟု ရေးသားခဲ့သည်။

ချန်ပီယံလိဂ်မဲခွဲပွဲများသည် ယခင်ကတည်းက conspiracy theorists များ၏ စွပ်စွဲမှုများရှိနေပြီး၊ ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းကလည်း စပိန်နာမည်ကြီးသတင်းစာAS က UEFA သည် စပိန်ကလပ်အသင်းအချင်းချင်း ဗိုလ်လုပွဲတွင် ဆုံတွေ့နိုင်မည့်အခြေအနေကို ရှောင်လွဲှရန်အတွက် အပူပေးထားသည့်ဘောလုံးများကိုအသုံးပြုခဲ့သည်ဟု စွပ်စွဲခဲ့ဖူးသည်။ ထို့ပြင် ၂၀၁၆ ချန်ပီယံလိဂ်မဲခွဲပွဲတွင်လည်း ဘရာဇီးလ်ဂန္ထဝင်ဘောလုံးသမား ရောဘတ်တိုကားလို့စ်သည် မဲနှိုက်ခဲ့ရာတွင်မဲဘောလုံးတစ်လုံးကို နှိုက်ခဲ့ပြီး လှည့်ဖွင့်မလိုလုပ်ရာမှ အိုးအတွင်းသို့ ပြန်ထည့်ကာ အခြားဘောလုံးတစ်လုံးကိုလှည့်ဖွင့်ခဲ့ဖူးသည်။ ထိုအချိန်ကလည်း ပရိသတ်များသည် ဘောလုံးကိုမှားနှိုက်ပြီးမှ အပူပေးထားသည့်ဘောလုံးမဟုတ်သဖြင့် ပြန်ထည့်ကာ ဒုတိယအကြိမ်တွင်မှာ မှန်ကန်သည့်ဘောလုံးကို ရွေးနှိုက်ခဲ့ခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။

ယခုနှစ်အတွက် ချန်ပီယံလိဂ်ပွဲစဉ်များကို တွဲဖက်ရန်အတွက် မဲဘောလုံးများကို နှိုက်ခဲ့သူမှာ ကိဗ် ဗိုလ်လုပွဲကျင်းပရေးသံတမန်ဖြစ်သူ၊ ယူကရိန်း ဂန္ထဝင်ဘောလုံးသမား ရှက်ဗ်ချင်ကိုဖြစ်သည်။

 

Most Read

Most Recent