ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်များတွင်လည်း ရေပန်းစားနေသည့် ရီးယဲလ်နှင့် ဘိုင်ယန်မြူးနစ်ထိပ်တိုက်ဆုံ

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်များတွင်လည်း ရေပန်းစားနေသည့် ရီးယဲလ်နှင့် ဘိုင်ယန်မြူးနစ်ထိပ်တိုက်ဆုံ
Published 14 April 2018

 

 

 

၂၀၁၇-၁၈ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ပွဲစဉ်များအတွက် ပွဲစဉ်ရေးဆွဲမှုကို ဆွစ်ဇာလန်နိုင်ငံ၊ နီယွန်မြို့တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်များကဲ့သို့ပင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးနှစ်သင်းမှာ ထိပ်တိုက်ဆုံတွေ့ခဲ့ကြသည်။ ဆီမီးဖိုင်နယ် ပွဲစဉ် (၁)တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ ဆုံတွေ့ခဲ့ကြပြီး ဘိုင်ယန်မြူးနစ်အသင်း၏ ကွင်းတွင် စတင်ကစားသွားရမည်ဖြစ်ကာ၊ ဒုတိယဆီမီးဖိုင်နယ်ပွဲစဉ်တွင် လီဗာပူးလ်အသင်းနှင့် ရိုးမားအသင်းတို့သည် လီဗာပူးလ်အသင်း၏ အန်ဖီးလ်ကွင်းတွင် စတင်ကစားသွားရမည်ဖြစ်သည်။

ချန်ပီယံလိဂ်မဲခွဲပွဲသို့ ဗိုလ်လုပွဲအိမ်ရှင်အဖြစ် ကျင်းပမည့် ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့၏ မြို့တော်ဝန်ဖြစ်သည့် ဟဲဗီးဝိတ်ချန်ပီယံလက်ဝှေ့သမားဟောင်း ဗစ်တာလီကလစ်ရှ်ကိုက တက်ရောက်မိန့်ခွန်းပြောခဲ့ပြီး၊ ကိဗ် ဗိုလ်လုပွဲ၏ သံတမန်ဖြစ်သည့် ယူကရိန်းဂန္ထဝင်ကစားသမားဟောင်း ရှက်ဗ်ချင်ကိုက ပွဲစဉ်အတွဲများကို မဲနှိုက်ရွေးချယ်ပေးခဲ့သည်။

ရှက်ဗ်ချင်ကို၏ ပထမဆုံးမဲသည် ဘိုင်ယန်မြူးနစ်အသင်းဖြစ်ခဲ့ပြီး၊ ဘိုင်ယန်မြူးနစ်နှင့် ရင်ဆိုင်ရမည့် ဧည့်သည်အသင်းကို ထပ်မံမဲနှိုက်ခဲ့ရာတွင် ရီးယဲလ်မက်ဒရစ်အသင်းမဲကျခဲ့ခြင်းဖြစ်သည်။ ယင်းအတွက်ကြောင့် လီဗာပူးလ်နှင့် ရိုးမားအသင်းတို့ ဆုံတွေ့ရန်သေချာသွားခဲ့ပြီး အိမ်ရှင်နေရာအတွက်သာ ရွေးရန်ကျန်တော့ပြီး လီဗာပူးလ်အသင်းက ပထမအကျော့အိမ်ရှင်အဖြစ် မဲကျခဲ့ခြင်းဖြစ်သည်။

လီဗာပူးလ်အသင်းနှင့် ရိုးမားအသင်းတို့၏ ပွဲစဉ်ဇယားတွင် စိတ်လှုပ်ရှားဖွယ်ဖြစ်ခဲ့သူမှာ လက်ရှိလီဗာပူးလ်အသင်းတွင် အကောင်းဆုံးပုံစံကို ပြသနေသည့် မိုဆာလာဖြစ်ပြီး မိုဆာလာသည် ယခုနှစ်ရာသီအစကမှ ရိုးမားအသင်းမှ လီဗာပူးလ်အသင်းထံသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ သူသည် စီးရီးအေထိပ်တန်းအသင်းကြီးအတွက် ကစားခဲ့သည့် (၂)ရာသီတွင် စုစုပေါင်း လိဂ်ပွဲ (၆၅)ပွဲကစားခဲ့ရာတွင် (၂၉)ဂိုးအထိ သွင်းယူနိုင်ခဲ့သူဖြစ်ပြီး ယခုအခါ အသင်းဟောင်းနှင့် ပြန်လည် ဆုံတွေ့ခဲ့ခြင်းဖြစ်သည်။

လီဗာပူးလ်အသင်းနှင့် ရိုးမားအသင်းတို့ ဆုံတွေ့ရန်သေချာသွားပြီးနောက် ရိုးမားအသင်းက TWITTER တွင် "ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမှာက မိနစ် (၁၈၀)သာဖြစ်ပြီး မိတ်ဆွေအဖြစ်ကတော့ ထာဝရရှိနေမှာပါ"ဟု ဆိုကာ မိုဆာလာက နှုတ်ဆက်နေသည့် ပုံနှင့် တင်ခဲ့ပြီး၊ မိုဆာလာကလည်း ချက်ချင်းပင် "100 %" ဟု ပြန်တင်ကာ အသင်းဟောင်းသည် သူ၏ နှလုံးသားတွင်အမြဲရှိနေကြောင်း ပြန်လည်ပြသခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့မှာမူ နောက်ပိုင်းနှစ်များတွင် မကြာခဏဆုံတွေ့နေသည့် ပြိုင်ဘက်အသင်းများဖြစ်ပြီး ပြီးခဲ့သည့် ရာသီက ကွာတားဖိုင်နယ်အဆင့်တွင် ဆုံတွေ့ခဲ့ရာတွင် ရီးယဲလ်မက်ဒရစ်အသင်းက စီရော်နယ်လ်ဒို၏ သွင်းဂိုးများနှင့် ကျော်ဖြတ်နိုင်ခဲ့သည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဧပြီ (၂၄၊ ၂၅) နေ့များတွင် ပထမအကျာ့နှင့် မေလ (၁၊ ၂)နေ့များတွင် ဒုတိယအကျော့တို့ကို ကစားသွားမည်ဖြစ်ပြီး ဗိုလ်လုပွဲစဉ်ကိုမူ မေလ (၂၆)ရက်နေ့တွင် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရှိရသည်။

Most Read

Most Recent