<

ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုစတင်ရန် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး (ICC) က ကြိုးပမ်း

Photo:AFP

အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး (ICC) ၏ တရားစွဲဆိုရေးအဖွဲ့ အကြီးအကဲက မြန်မာနိုင်ငံမှနေ၍ ဘင်္ဂါလီမွတ်စလင်များကို အစုလိုက်အပြုံလိုက် မောင်းထုတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ၎င်းအနေဖြင့် စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်နိုင်ပါမည်လားဟူသည်ကို  ဆုံးဖြတ်ပေးရန် တရားသူကြီးများအား တောင်းဆိုခဲ့ကြောင်း သိရသည်။

သိန်းနှင့်ချီသော နိုင်ငံမဲ့ မွတ်စလင်များသည် မကြာသေးမီလများအတွင်း မြန်မာတပ်မတော်၏ စစ်ဆင်ရေးတစ်ရပ်ကြောင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှနေ၍ ထွက်ပြေးလာခဲ့ကြသည်။

အကြမ်းဖက်မှုများကြောင့် ရွာများမီးရှို့ ဖျက်ဆီးခံခဲ့ရပြီး တပ်မတော်သားများနှင့်  စေတနာ့ဝန်ထမ်းတပ်ဖွဲ့ဝင်များက လူသတ်မှုများနှင့် မုဒိမ်းမှုများကို ကျူးလွန်ခဲ့ကြောင်း စွပ်စွဲမှုများလည်း ရှိသည်။

ဧပြီ ၉ ရက်အနှောင်းပိုင်းတွင် မမျှော်လင့်သော အဆိုပြုချက်တစ်ရပ်အဖြစ် ICC ၏ တရားစွဲဆိုရေးအဖွဲ့ အကြီးအကဲ ဖာတူးဘင်ဆူဒါက “အဆက်မပြတ်ရရှိတဲ့ ယုံကြည်ရတဲ့ သတင်းတွေအရ မြန်မာနိုင်ငံမှာ ဥပဒေနဲ့အညီရှိနေတဲ့ ဘင်္ဂါလီမွတ်စလင် (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) ၆၇၀,၀၀၀ ကျော်ဟာ ၂၀၁၇ ခုနှစ် သြဂုတ်လကစပြီး ရည်ရွယ်ချက် ရှိရှိနဲ့ နိုင်ငံတကာနယ်စပ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မောင်းထုတ်ခံရကြောင်း တွေ့ရှိရပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါအမျိုးသမီးက စွပ်စွဲထားသည့်  မောင်းထုတ်မှုနှင့်ပတ်သက်၍ တရားရုံးက တရားစီရင်ခွင့် ရှိနိုင်သလားဟူသည်ကို တရားသူကြီးများက ဆုံးဖြတ်ပေးရန် တောင်းဆိုခဲ့သည်။

ဘင်္ဂါလီမွတ်စလင်များ၏ အတိဒုက္ခများကို အကြိုစုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ရာ၌ ဘင်္ဂလားဒေ့ရှ်သည် ICC အဖွဲ့ဝင်ဖြစ်သော်လည်း  မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သောကြောင့် အမှုစစ်ဆေးရန်အတွက် ဥပဒေအရ ရှုပ်ထွေးမှုများရှိကြောင်း သိရသည်။

“ဒါဟာ အကောင်အထည်မဲ့ မေးခွန်းမဟုတ်ပါဘူး။ ခိုင်မာတဲ့ မေးခွန်းတစ်ခုပါ” ဟုလည်း ဘင်ဆူဒါက ဧပြီ ၉ ရက်အနှောင်းပိုင်း၌ သူ၏ အဆိုပြုချက်ကို တရားသူကြီးများထံ တင်သွင်းရာ၌ ပြောကြားခဲ့သည်။

၂၀၀၂ ခုနှစ်က သည်ဟိဂ်မြို့၌ ထူထောင်ထားသည့် ICC သည် စစ်ရာဇ၀တ်မှုများကို စစ်ဆေးရန် ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော အမြဲတမ်းတရားရုံးတစ်ခုဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံများ၏ တရားရုံးများက စစ်ဆေးရန် မလိုလားသော သို့မဟုတ် လုပ်ဆောင်နိုင်စွမ်းမရှိသော အမှုများကို စစ်ဆေးခဲ့ရာ လူမျိုးတုံး သတ်ဖြတ်မှုများအပါအ၀င် အဆိုးရွားဆုံး အမှုများကို တရားစွဲဆိုခဲ့သည်။

ဘင်ဆူဒါက သူ၏ ရုံးအနေဖြင့် ယခုအခြေအနေရပ်များကို စုံစမ်းစစ်ဆေးရန် လုပ်ပိုင်ခွင့်ရှိကြောင်းနှင့် ယင်းကဲ့သို့ လုပ်ရပ်မျိုးသည် ရောမသဘောတူညီချက်၏ ဥပဒေဆိုင်ရာ မူဘောင်များနှင့်လည်း ကိုက်ညီလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရောမသဘောတူညီချက်သည် ရာဇ၀တ်မှုဆိုင်ရာ တရားစီရင်ရေး၏ စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားသည့်အပြင် တရားရုံးလုပ်ငန်းကိုလည်း ကျောထောက်နောက်ခံ ပြုပေးထားသည်။

ဘင်ဆူဒါက အတင်းအဓမ္မမောင်းထုတ်ခြင်းကို နယ်စပ်ဖြတ်ကျော်ပစ်ခတ်ခြင်းတစ်ရပ်နှင့် ခိုင်းနှိုင်းခဲ့ပြီး (နိုင်ငံတစ်နိုင်ငံက ပစ်ခတ်လိုက်သော) ကျည်ဆန်က (အခြားနိုင်ငံ တစ်နိုင်ငံ၌ မတ်တတ်ရပ်နေသော လူတစ်ဦးကို ထိမှန်ပြီး မသေစေမချင်း ပြစ်မှုက ပြီးပြည့်စုံမှုမရှိဟု ပြောကြားခဲ့သည်။

ဘင်ဆူဒါက သူ၏ တောင်းဆိုချက်နှင့် ပတ်သက်၍ စစ်ဆေးဆုံးဖြတ်မှုပြုလုပ်ရန် အထူးအဖွဲ့တစ်ရပ် ဖွဲ့စည်းရန် ICC ကို တောင်းဆိုခဲ့ပြီး ယင်းသည် မြန်ဆန်ထိရောက်သော ပုံစံမျိုးဖြစ်ရမည်ဟုလည်း ဆိုသည်။

ဗုဒ္ဓဘာသာဝင်အများစု နေထိုင်သော  မြန်မာနိုင်ငံမှ တပ်မတော်က စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး ၎င်းတို့၏ စစ်ဆင်ရေးသည် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် တစ်ဒါဇင်ခန့်ကို သေဆုံးစေခဲ့သည့် သြဂုတ် ၂၅ ရက်က ဘင်္ဂါလီ မွတ်စလင်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဥပဒေ အရသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နိုဝင်ဘာလက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည် ဒုက္ခသည်များကို ပြန်လည်လက်ခံရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း ယခုအထိ ဒုက္ခသည်တစ်ဦးမျှ ပြန်လာခြင်း မရှိသေးကြောင်း သိရသည်။

Refး AFP

April 10, 2018














Copy Protected by Chetan's WP-Copyprotect.