တရုတ်နိုင်ငံသားတစ်ဦး တည်းခိုနေထိုင်မှု သတင်းပို့တိုင်ကြားရန် ပျက်ကွက်ခဲ့သောကြောင့် ပြည်နှင်ခြင်းခံရ

တရုတ်နိုင်ငံသားတစ်ဦး တည်းခိုနေထိုင်မှု သတင်းပို့တိုင်ကြားရန် ပျက်ကွက်ခဲ့သောကြောင့် ပြည်နှင်ခြင်းခံရ
Published 2 February 2018

တရုတ်နိုင်ငံသားတစ်ဦးသည် မုံရွာမြို့ရှိ ဖုန်းကုမ္ပဏီရုံးခွဲတစ်ခုတွင် တည်းခိုနေထိုင်ခဲ့မှုအား သတင်းပို့တိုင်ကြားရန် ပျက်ကွက်ခဲ့သောကြောင့် ပြည်နှင်ဒဏ်အား ၂၀၁၈ ဇန်နဝါရီ ၃၁ ရက်က ပေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသားဖြစ်သူ Mr.LiJie သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၇ ရက်က မုံရွာမြို့ ရန်ကင်းရပ်ကွက်တွင်ရှိသည့် ဖုန်းကုမ္ပဏီတစ်ခု၏ ရုံးခွဲတွင် တည်းခိုနေထိုင်ခဲ့သောကြောင့် မုံရွာမြို့လဝကမှ ဦးခင်မောင်မြင့် (လဝကမှူး) နှင့်အဖွဲ့က သွားရောက်စစ်ဆေးပြီး သတင်းပို့တိုင်ကြားရန် ပျက်ကွက်ခဲ့သောကြောင့် ဒီဇင်ဘာ ၁၂ ရက်တွင် မုံရွာမြို့မ ရဲစခန်း၌ တိုင်တန်းခဲ့ရာ မြို့နယ်တရားရုံးက အမှုအမှတ် ၇၈၅၇/၁၇၊ ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၄(၂)အား ဖောက်ဖျက်ကျူးလွန်သောကြောင့် ဥပဒေပုဒ်မ ၁၃ (၁)အရ ဒဏ်ငွေငါးသိန်းကျပ် ပေးဆောင်စေရန်နှင့် မဆောင်ပါက ထောင်ဒဏ်ခြောက်လကျခံစေရန် အမိန့်ချမှတ်ခဲ့ရာ တရုတ်နိုင်ငံသားက ဒဏ်ငွေငါးသိန်းကျပ် ပေးဆောင်ခဲ့သဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၉-၁-၂၀၁၈ ရက်စွဲပါ စာအမှတ် ၃/ လပန/၃(၅)(၀၀၂၃) အရ တရုတ်နိုင်ငံသားအား ပြည်နှင်တင်ပို့ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသားအား ဇန်နဝါရီ ၃၁ ရက်တွင် မုံရွာမြို့မှ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မော်တော်ယာဉ်ဖြင့် ခေါ်ဆောင်လာပြီး လေဆိပ်လဝကမှ တာဝန်ရှိသူထံ လွှဲပြောင်းအပ်နှံပြီး ညနေ ၅နာရီ ၁၀ မိနစ်တွင် လေယာဉ်ဖြင့် တရုတ်နိုင်ငံ ကူမင်းလေဆိပ်သို့ ပြည်နှင်တင်ပို့ခဲ့သည်။

Most Read

Most Recent