လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 14 January 2018

 

■  လီဗန်တေး နှင့် ဆယ်လ်တာဗီဂို (၁၄-၁-၂၀၁၈) တနင်္ဂနွေနေ့ ညနေ ၅း၃၀ နာရီ
ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ် အသင်းကြီး(၂)သင်းနဲ့ (၃)ပွဲဆက်ကစားထားရတဲ့ ဆယ်လ်တာဗီဂို ပွဲပန်းနေနိုင်တယ်။ လီဗန်တေးကလည်း အခုနောက်ပိုင်း အိမ်ကွင်းအားနဲ့ အမှတ်ရှာနေလို့ အဝေးကွင်းမှာ ဆယ်လ်တာဗီဂိုအတွက် ပိုပြီးခက်ခဲနိုင်ပါတယ်။ အမှတ်ပေးဇယားမှာ အထက်အောက်ရပ်တည်နေကြလို့ အမှားခံမှာမဟုတ်ဘူး။ လီဗန်တေးနဲ့ ဂိုးအနည်းပဲထင်တယ်။

■  အလာဗတ်စ် နှင့် ဆီဗီလာ (၁၄-၁-၂၀၁၈) တနင်္ဂနွေနေ့ ည ၉း၄၅ နာရီ
မွန်တဲလားကတော့ နယ်ပယ်သစ်မှာ ချက်ချင်း အသားကျဦးမှာမဟုတ်ဘူး။ ရုတ်တရက်ထိုးကျသွားတဲ့ ဆီဗီလာကိုပြန်ဆွဲတင်ဖို့ အချိန်ပေးရဦးမယ်ထင်တယ်။ အဝေးကွင်းအားနည်းတဲ့ ဆီဗီလာ အမြင့်ဆုံးမျှော်လင့်နိုင်တာသရေပါပဲ။

■  အက်စ်ပန်ညို နှင့် ဘီလ်ဘာအို (၁၄-၁-၂၀၁၈) တနင်္ဂနွေနေ့ ည ၁၂း၀၀ နာရီ
အခုနောက်ပိုင်းပွဲတွေမှာ အက်စ်ပန်ညို ထိန်းထိန်းသိမ်းသိမ်း ပြန်ကစားပြီး နိုင်ပွဲတွေ ပြန်ယူလာနေတာတွေ့ရတယ်။ ဘီလ်ဘာအိုရဲ့ အဝေးကွင်းခြေစွမ်းကလည်း သိပ်အားရစရာမရှိလှလို့ အက်စ်ပန်ညိုနဲ့ ဂိုးအနည်းပဲကြိုက်နေမိတယ်။

■  ဆိုစီဒက် နှင့် ဘာစီလိုနာ (၁၅-၁-၂၀၁၈) တနင်္လာနေ့ နံနက် ၂း၁၅ နာရီ
လာလီဂါနောက်ဆုံး(၄)ပွဲဆက်တိုက် တိုက်စစ်က(၁၂)ဂိုးသွင်းပြီး ခံစစ်ကပေးဂိုးလုံးဝမရှိခဲ့တဲ့ ဘာစီလိုနာအတွက် ဆိုစီဒက်ဟာ စိုးရိမ်စရာမလိုတဲ့ ပြိုင်ဘက်မျိုးလို့ ထင်စရာပါပဲ။ ဆိုစီဒက်ရဲ့ခြေစွမ်းကလည်း အတက်အကျမြန်နေပေမယ့် အနိုတာမှာ ကစားခဲ့တဲ့ လာလီဂါနောက်ဆုံး(၂)ပွဲစလုံး ဘာစီလိုနာ အနိုင်မရခဲ့တာကိုကြည့်ရင် ဆိုစီဒက်ရဲ့အိမ်ကွင်းတုံ့ပြန်နိုင်မှုကို သိပ်လျှော့တွက်လို့ မဖြစ်ဘူး။ အိမ်ကွင်း (၉)ပွဲမှာ (၁၇)ဂိုးအထိရထားတဲ့ ဆိုစီဒက်ရဲ့အိမ်ကွင်းကစားအားကိုလည်း လျှော့မတွက်သင့်တာအမှန်ပါပဲ။ ဘာစီလိုနာဘက်ကတော့ လက်ရှိအချိန်မှာ ပြောစရာသိပ်မရှိလှပါဘူး။ ကော်တင်ဟို ရောက်လာတယ်၊ ဒမ်ဘီလီလည်း ပြန်ကစားနိုင်ပြီဆိုတော့ တိုက်စစ်က ပိုလို့တောင်အင်အားကောင်းလာနေတယ်။ ဒီပွဲမှာ ကော်တင်ဟိုကို ပွဲထုတ်ဖို့မရှိသေးပေမယ့် မက်ဆီ၊ ဆွာရက်ဇ်တို့ ဂိုးတွေပြန်ရနေတဲ့အပြင် ပေါ်လင်ဟိုကပါ ဂိုးရအောင်ကစားပြနေတဲ့အချိန်မျိုးဖြစ်လို့ ဘာစီလိုနာတိုက်စစ်က ခံစစ်အားနည်းတဲ့ဆိုစီဒက်ကို ဖိအားပေးနိုင်မှာအမှန်ပါပဲ။ ဒါပေမဲ့ ဘာစီလိုနာရဲ့ အဝေးကွင်းဆို သတိကြီးကြီး ကစားတတ်တာနဲ့ ဂိုးများဖို့ထက် အနိုင်ရဖို့ဦးစားပေးတတ်တာတွေကြောင့် ဒီပွဲလည်း ဘာစီလိုနာ (၂-ဝ) လောက်ပါပဲ။