မွန်ပြည်သူ့ညီလာခံသည် မွန်တစ်မျိုးသားလုံးကို ကိုယ်စားမပြုသည့်အပြင် ဒီမိုကရေစီစံနှုန်း၊ လုပ်နည်းလုပ်ဟန်မှ သွေဖည်နေသည့် ညီလာခံတစ်ခုသာဖြစ်ပြီး ကိုယ်စားလှယ်စေလွှတ်၍ တက်ရောက်မည် မဟုတ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကြေညာ

မွန်ပြည်သူ့ညီလာခံသည် မွန်တစ်မျိုးသားလုံးကို ကိုယ်စားမပြုသည့်အပြင် ဒီမိုကရေစီစံနှုန်း၊ လုပ်နည်းလုပ်ဟန်မှ သွေဖည်နေသည့် ညီလာခံတစ်ခုသာဖြစ်ပြီး ကိုယ်စားလှယ်စေလွှတ်၍ တက်ရောက်မည် မဟုတ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကြေညာ
Published 9 January 2018

ဒီဇင်ဘာ ၂၈ ရက်က မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာတွင်ပြုလုပ်ခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် မွန်လူငယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)

မွန်ပြည်သူ့ညီလာခံ (မွန်နိုင်ငံရေး ညီလာခံ) သည် မွန်တစ်မျိုးသားလုံးကို ကိုယ်စားမပြုသည့်အပြင် ဒီမိုကရေစီစံနှုန်း၊ လုပ်နည်းလုပ်ဟန်မှ သွေဖည်နေသည့် ညီလာခံ တစ်ခုသာဖြစ်၍ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေဖြင့် အစည်းအဝေးသို့ ကိုယ်စားလှယ်စေလွှတ်၍ တက်ရောက်မည် မဟုတ်ကြောင်း ဇန်နဝါရီ ၇ ရက် ရက်စွဲပါ ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းထုတ်ပြန်ကြေညာချက်တွင် မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ၂၀၁၀ ပြည့်နှစ်ကတည်းက တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး မွန်အမျိုးသားရေးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက်ဖြတ်သန်း လျှောက်လှမ်းလျက်ရှိကြောင်း၊ အဆိုပါကာလအတွင်း မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၂ ရက်မှ ၂၄ ရက်အထိပြုလုပ်ခဲ့သော မွန်အမျိုးသားညီလာခံကိုလည်းကောင်း၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပေါက်တောကျေးရွာတွင် ၂၀၁၆ ခုနှစ် သြဂုတ် ၂၂ ရက်မှ ၂၄ ရက် အထိပြုလုပ်ခဲ့သော မွန်အမျိုးသားညီလာခံကို လည်းကောင်း တွေ့ကြုံဖြတ်သန်းခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီသည် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၀ ရက်က မော်လမြိုင်မြို့ ရာမည ဟိုတယ်တွင် မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးရာ၌ ၎င်းတို့၏ ဆန္ဒအလျောက် (သို့မဟုတ်) တစ်စုံတစ်ခုသော အဖွဲ့အစည်း က ဖွဲ့စည်းထားသည့် မွန်ညီညွတ်ရေးအဖွဲ့ကို လုံးဝလက်မခံကြောင်းနှင့် နှစ်ပါတီ တွေ့ဆုံ ဆွေးနွေးမှု လမ်းကြောင်းဖြင့်သာ မွန်နှစ်ပါတီ ပေါင်းစည်းညီညွတ်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို အသိပေးပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ မွန်ဒေသလုံးဆိုင်ရာ ဒီမို ကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နေပြီး ယခု နှစ် ဇန်နဝါရီ ၃ ရက်တွင် နှစ်ပါတီ ပူးတွဲ ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီးဖြစ် ပါကြောင်းနှင့် ယင်းနှစ်ပါတီ ပူးတွဲကြေညာချက်အတိုင်း မွန်ပြည်သူများ လိုလားသော နှစ်ပါတီ ပေါင်းစည်းညီညွတ်ရေးရသည်အထိ ဆက်လက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုထုတ်ပြန်ချက်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်ကပြုလုပ်ခဲ့သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ယခုလ ၁၃ ရက်နှင့် ၁၄ ရက်များတွင် ကျင်းပမည့် မွန်ပြည်သူ့ညီလာခံနှင့် ပတ်သက်၍ သဘောထားကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်သည်။

မွန်တစ်မျိုးသားလုံး ညီညွတ်ရေးထက် ပြိုကွဲရေးကို ဦးတည်နေပြီး မွန်အမျိုးသားတစ်ရပ်လုံးအပေါ် ဆိုးကျိုးသာဖြစ်ပေါ်စေမည့် မွန်နှစ်ပါတီပေါင်းစည်းမှု ညှိနှိုင်းရေးအဖွဲ့ (မွန်ညီညွတ်ရေးအဖွဲ့) က ဦးဆောင်ကျင်းပမည့် မွန်ပြည်သူ့ညီလာခံကို မွန်အမျိုးသား ပါတီအနေဖြင့် အသိအမှတ်မပြုကြောင်းနှင့် ကိုယ်စားလှယ်စေလွှတ်၍ တက်ရောက်မည် မဟုတ်ကြောင်း မွန်အမျိုးသားပါတီကလည်း ဇန်နဝါရီ ၇ ရက် ရက်စွဲပါ သဘောထား ထုတ်ပြန်ချက်ကို ထုတ်ပြန်ထားသည်။

မွန်ပြည်သူများ၏ ဆန္ဒသဘောထား များအပေါ်မူတည်ပြီး မွန်ပြည်သူများအကျိုး သယ်ပိုးနိုင်မည့် အင်အားကောင်း၍ ကိုယ်စားပြုမှုရှိသော မွန်နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွက်လာစေရေး ဆွေးနွေးအဖြေရှာရန် ရည်ရွယ်ကာ ရှိရင်းနိုင်ငံရေးပါတီများ အပါအဝင် မွန်လူထုအလွှာ အသီးသီးမှ စုံညီစွာ ပါဝင်မည့် မွန်ပြည်သူ့ညီလာခံ တစ်ရပ်ကို မွန် နှစ်ပါတီပေါင်းစည်းမှု ညှိနှိုင်းရေးအဖွဲ့ (မွန်ညီညွတ်ရေးအဖွဲ့) က ကမကထပြုပြီး မွန်ပြည်သူများ၏အားဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၃  ရက်နှင့် ၁၄ ရက်များတွင် မော်လမြိုင်မြို့ရှိ သာသနာ (၂၅၀၀) ဓမ္မာရုံ၌ ကျင်းပသွားမည် ဖြစ်ကြောင်း မွန်ညီညွတ်ရေးအဖွဲ့က ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

မွန်နိုင်ငံရေးပါတီများ ပေါင်းစည်းနိုင်ရေးနှင့်ပတ်သက်ပြီး ဒီဇင်ဘာ ၂၈ ရက်က မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာတွင်ပြုလုပ်ခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် မွန်လူငယ်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် မွန်လူငယ်များက ဆန္ဒပြုလက်မှတ် ကောက်ခံခြင်းများပြုလုပ်ခဲ့ပြီး ဇန်နဝါရီလအတွင်းပြုလုပ်မည့် မွန်ပြည်သူ့ညီလာခံသို့ တင်သွင်းသွားမည်ဖြစ်သည်။

မွန်တိုင်းရင်းသားနိုင်ငံရေးပါတီဖြစ်သည့် မွန်ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ကို ပူးပေါင်းရန် မွန်ဒီမိုကရေစီပါတီအား မွန်အမျိုးသားပါတီ အဖြစ် ၂၀၁၄ ခုနှစ်တွင် အမည်ပြောင်းလဲကာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပါတီ ပူးပေါင်းလိုသူများက မွန်အမျိုးသား ပါတီသို့ ပါဝင်ခဲ့ကြသည်။

သို့ရာတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပါတီပူးပေါင်းခြင်း မပြုလိုသူများက မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအား ဖျက်သိမ်းခြင်း မရှိဘဲ ပါတီအား ဆက်လက်ရပ်တည်ခဲ့သဖြင့် လက်ရှိတွင်လည်း မွန်တိုင်းရင်းသားနိုင်ငံရေးပါတီမှာ နှစ်ပါတီအဖြစ် ဆက် လက်ရပ်တည်လျက်ရှိပြီး ပါတီပေါင်းစည်းရေးမှာလည်း ဆွေးနွေးနေဆဲဖြစ်သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း မဲဆန္ဒနယ် ၃၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော် သုံးနေရာ၊ အမျိုးသား လွှတ်တော်လေးနေရာနှင့် ပြည်နယ်လွှတ် တော် ကိုးနေရာ ရရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒ နယ် ၃၅ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း မွန်ပြည်နယ်တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်နေရာသာ အနိုင်ရရှိခဲ့သည်။

မွန်အမျိုးသားပါတီအနေဖြင့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိဘဲ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၅၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားလွှတ်တော် တစ်နေရာနှင့် ပြည်နယ်လွှတ်တော် နှစ်နေရာသာ အနိုင်ရရှိခဲ့သည်။

Most Read

Most Recent