<

ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၃၅)

ခရစ္စတီယာနိုရော်နယ်လ်ဒို၏အတ္ထုပ္ပတ္တိ (RONALDO THE BIOGRAPHY) စာအုပ်ကို နာမည်ကျော်စပိန်ဘောလုံးဂျာနယ်လစ်တစ်ဦးဖြစ်သူ ဂွယ်လ်လမ်ဘာလာဂွယ်ကရေးသားခဲ့ပြီး ဗြိတိန်အခြေစိုက် The Cross Sports Book Award ဆုရွေးချယ်ရေးအဖွဲ့ကချီးမြှင့်သော ၂၀၁၆ခုနှစ်အတွက် အကောင်းဆုံးအားကစားစာအုပ်ဆု (Football Book of the Year Award) ကို ဆွတ်ခူးရရှိခဲ့သည်။ စီရော်နယ်လ်ဒိုနှင့် သူ၏မိသားစု၊ သူနှင့် ပတ်သက်သူများအကြောင်း၊ အတိတ်ဘ၀ဖြတ်သန်းမှုများကို ခရေစေ့တွင်းကျကျဖော်ပြထားသည့် ယင်းဆုရစာအုပ်အား First Eleven Sports Journal နှင့် First Eleven Sports Journal များတွင် အခန်းဆက်အဖြစ် ဖော်ပြလျက်ရှိနေပြီး Eleven Sports Facebook ပရိသတ်များ ဖတ်ရှုနိုင်ရန် ဆက်လက်ဖော်ပြလိုက်ပါသည်။

written by: မြတ်ထွဋ်

■ အခန်း (၉)
■ အုပ်ထိန်းသူနောက်တစ်ဦး
၂၀၁၆၊ ဇန်န၀ါရီလ(၄)ရက်နေ့မှာ ရီးယဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ကွင်းလယ်လူ ဟောင်းတစ်ဦးဖြစ်သူ ဇီဒန်းကို ရီးယဲလ်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။ ဇီဒန်းကို နည်းပြသစ်ခန့်အပ်ခဲ့ပေမယ့် အဲဒီအချိန်တုန်းက ရီးယဲလ်ဥက္ကဋ္ဌပီရက်ဇ် အလိုရှိတဲ့နည်းပြက ရီးယဲလ်မက်ဒရစ်အသင်းကို ၂၀၁၀ နွေရာသီကနေ ၂၀၁၃နွေရာသီအထိ (၃) နှစ်ကြာကိုင်တွယ်ခဲ့တဲ့ နည်းပြဟောင်း မော်ရင်ဟိုဖြစ်တယ်လို့ စပိန်သတင်းစာအချို့က ဖော်ပြခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက မော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းမှာ ရလဒ်တွေဆိုးရွားတာကြောင့် နည်းပြရာထူးက ထုတ်ပယ်ခံထားရတဲ့ အချိန်ဖြစ်ပြီး သူ့ကိုပြန်လည်ခေါ်ယူဖို့ ပီရက်ဇ်က ကမ်းလှမ်းခဲ့ရာမှာ မော်ရင်ဟိုက လက်မခံဘဲပယ်ချခဲ့တယ်လို့ ဆိုပါတယ်။ မော်ရင်ဟိုက ရီးယဲလ်မက်ဒရစ်အသင်းမှာ ရာမို့စ်၊ စီရော်နယ်လ်ဒို၊ ပီပီအစရှိတဲ့ ကစားသမားတွေရှိနေမယ်ဆိုရင် ရီးယဲလ်အသင်းကို သူပြန်မလာဘူးလို့ ပြောခဲ့ကြောင်း သတင်းအချို့က အသေးစိတ်ကျကျ ဖော်ပြခဲ့ကြပါတယ်။ မော်ရင်ဟိုက ရီးယဲလ်အသင်းကို ပြန်လာဖို့ ငြင်းဆန်ခဲ့သလို၊ ရီးယဲလ်ပရိသတ်အချို့ကလည်း မော်ရင်ဟိုကို အသင်းမှာနောက်တစ်ကြိမ်ပြန်ပြီး မတွေ့မြင်လိုတော့ဘူးလို့ စစ်တမ်းတွေက ဖော်ပြခဲ့ပါတယ်။ ဇီဒန်းကတော့ မော်ရင်ဟိုလို မဟုတ်ဘဲ ရီးယဲလ်အသင်းမှာ ကစားသမားတွေနဲ့ အဆင်ပြေမယ့်နည်းလမ်းကိုသာရွေးချယ်ခဲ့ပြီး ကစားသမားတွေနဲ့ သူ့အကြားအမုန်းပွားစေမယ့် ကိစ္စတွေကို သတိထားရှောင်ရှားခဲ့ပါတယ်။ မီဒီယာတွေနဲ့ ပြောဆိုတာကအစ ကစားသမားတွေကိုအပြစ်တင်တဲ့ သဘောမျိုးမဖြစ်အောင် အမြဲသတိထားခဲ့ပါတယ်။

■ ဇီဒန်း၏ ပထမဆုံးနေ့စွဲများ
ဇန်န၀ါရီ(၉) – ရီးယဲလ်မက်ဒရစ်အသင်းကို ဇီဒန်း ပထမဆုံးကိုင်တွယ်တဲ့ပွဲအဖြစ် ဒီပို့တီဗိုအသင်းနဲ့ကစားခဲ့ရပါတယ်။ ဒီပွဲမှာ ဘေးလ်ကဟက်ထရစ်၊ ဘန်ဇီမာက (၂)ဂိုးသွင်းယူပြီး (၅-၀)ဂိုးနဲ့ ရီးယဲလ်အသင်း အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမတိုင်မီမှာ ဇီဒန်းက စီရော်နယ်လ်ဒိုဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့အသက်ဝိဥာဉ်ဖြစ်ကြောင်းနဲ့ သူ့ကို လုံးဝရောင်းထုတ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဇန်န၀ါရီ(၁၇) – ရီးယဲလ်အသင်းက စပို့တင်းဂီဂျွန်အသင်းကို (၅-၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး စီရော်နယ်လ်ဒို(၂)ဂိုး၊ ဘန်ဇီမာ(၂)ဂိုး၊ ဘေးလ်(၁)ဂိုးသွင်းယူခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ BBC တိုက်စစ်ဟာ ဇီဒန်းရဲ့လက်အောက်မှာ ပြန်အသက်ဝင်လာပြီး၊ ဇီဒန်းရဲ့ပထမဆုံး (၂)ပွဲမှာ သူတို့ (၃)ဦးပေါင်း (၁၀)ဂိုးအထိ သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။ ဇီဒန်းဟာ BBC တိုက်စစ်အတွဲကို ရှေ့တန်းမှာ ပုံသေနေရာမကစားစေဘဲ လွတ်လပ်စွာကစားစေခြင်းက ဒီလိုသွင်းဂိုးတွေကိုရရှိစေတာဖြစ်တယ်လို့ စပိန်မီဒီယာတွေက မှတ်ချက်ပြုပါတယ်။ ဂီဂျွန်ကိုနိုင်ပြီးနောက်တစ်နေ့မှာ စီရော်နယ်လ်ဒိုက ဇီဒန်းနဲ့ပတ်သက်ပြီး အခုလိုပြောကြားခဲ့ပါတယ်။ “ဇီဒန်းက အသင်းကိုတိုးတက်မှုတွေရှိလာအောင် ပြုလုပ်ပေးသူပါ။ အရင်နည်းပြ ရာဖာ(ဘင်နီတက်ဇ်)လက်ထက်တုန်းကလည်း အသင်းအတွက် ကျွန်တော် အကောင်းဆုံးကြိုးစားကစားခဲ့သလို ရာဖာကလည်း အသင်းရလဒ် ကောင်းတွေရဖို့ အတတ်နိုင်ဆုံးစွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဇီဒန်းနဲ့သူ ကွာခြားပါတယ်။ ဘာကွာခြားသလဲတော့ ကျွန်တော့်ကို မမေးပါနဲ့။ ကစားသမားတွေအနေနဲ့ ဇီဒန်းနဲ့ ပိုသဟဇာတဖြစ်တယ်လို့ မြင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ (၁၃) – ဇီဒန်းလက်ထက်ပထမဆုံးလာလီဂါ(၆)ပွဲမှာ (၅)ပွဲမြောက်နိုင်ပွဲအဖြစ် ဘီလ်ဘာအိုအသင်းကို(၄-၂) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲအပြီးမှာ ဇီဒန်းက စီရော်နယ်လ်ဒိုအနေနဲ့ ဘယ်တောင်ပံမှာကစားတာ အသင့်တော်ဆုံးဖြစ်ကြောင်း၊ အသင်းအတွက်များစွာ အကျိုးပြုနိုင်ကြောင်းပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ (၁၇) – ချန်ပီယံလိဂ်ရှုံးထွက်(၁၆) သင်းအဆင့်မှာ ရိုမားအသင်းကို အဝေးကွင်းမှာ (၂-၀) ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး ဒီပွဲမှာ စီရော်နယ်လ်ဒို က ပွဲချိန်(၅၇)မိနစ်မှာ ပြင်းထန်လှပတဲ့သွင်းဂိုးနဲ့ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဖေဖော်ဝါရီ (၂၇) – ရလဒ်ကောင်းတွေ ဆက်တိုက်ရနေတဲ့ ဇီဒန်း ပထမဆုံးရှုံးပွဲတွေ့ခဲ့ရပြီး မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းကို အိမ်ကွင်းမှာ (၀-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ဘေးလ်၊ ပီပီအစရှိတဲ့ ကစားသမားတွေ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ဘဲ စီရော်နယ်လ်ဒိုက ရာသီကြို သြစတြေးလျ၊ တရုတ်ခြေစမ်းခရီးစဉ်တွေကြောင့် ဒီရာသီမှာ ကစားသမားတွေ ကြံ့ခိုင်မှုလျော့နည်းတဲ့ ပြဿနာကို ရင်ဆိုင်နေရကြောင်း ဝေဖန်ပြောကြားခဲ့ပါတယ်။ ဒီပွဲအပြီး အသင်းက ကစားသမားအားလုံး မိမိလိုခြေစွမ်းမျိုးရှိနေမယ်ဆိုရင် ရီးယဲလ်အသင်းဟာ ထိပ်ဆုံးမှာအမြဲရှိနေလိမ့်မယ်လို့ ပြောကြားခဲ့ရာမှာ အသင်းဖော်တွေကို လေးစားမှုမရှိတဲ့စကားလို့ ဝေဖန်ခံခဲ့ရပါတယ်။ ဒီလိုဝေဖန်ခံခဲ့ရတာကြောင့် စီရော်နယ်လ်ဒိုဟာ ASသတင်းစာကို ဆက်သွယ်ကာ AS ကတစ်ဆင့် သူ့ရဲ့စကားကို ပြန်လည်ရှင်းလင်းခဲ့ပါတယ်။ အသင်းမှာ ကစားသမားတွေ ဒဏ်ရာရရှိပြီး ကြံ့ခိုင်မှုမပြည့်ဝတာကိုသာ ရည်ညွှန်းခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မတ်(၈)-ပထမအကျော့ အဝေးကွင်းမှာ(၂-၀)ဂိုးနဲ့ အနိုင်ရရှိထားတဲ့ ရိုးမားအသင်းကို အိမ်ကွင်းမှာလည်း (၂-၀)ဂိုးနဲ့ပဲ ထပ်မံအနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာလည်း စီရော်နယ်လ်ဒိုက အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။

ဧပြီ (၁၉) – စီရော်နယ်လ်ဒိုဟာ ပြင်သစ်ကလပ် PSG အသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ အယ်လ်ခီလိုင်ဖီနဲ့ လျှို့ဝှက်တွေ့ဆုံခဲ့ကြောင်း ပြင်သစ်ဘောလုံး မဂ္ဂဇင်းကဖော်ပြခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ ကိုယ်ပိုင်သီးသန့်လေယာဉ်နဲ့ မက်ဒရစ်မြို့၊ တော်ရီယွန်လေဆိပ်ကနေ ပါရီမြို့ရှိလီဘော်ဂေးလေဆိပ်ကို ရောက်ရှိလာခဲ့ကြောင်း၊ ခီလိုင်ဖီက လေဆိပ်ကို ကားလွှတ်ကြိုဆိုကာ ပါရီမြို့ရှိ ဟိုတယ် Costes မှာတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒီတွေ့ဆုံမှုဟာ ခီလိုင်ဖီနဲ့ စီရော်နယ်လ်ဒိုတို့ရဲ့ (၅)ကြိမ်ထက်မနည်းတဲ့ တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ၂၀၁၅၊ နိုဝင်ဘာလအတွင်းက ရီးယဲလ်-PSG ပွဲအပြီး Mixed Zone မှာ သူတို့နှစ်ဦး ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောခဲ့ပြီး စပိန်သတင်းစာတွေက သူတို့နှစ်ဦးပုံကို ဖော်ပြကာ စီရော်နယ်လ်ဒိုအနေနဲ့ PSG အသင်းကို ပြောင်းရွှေ့တော့မယ်လို့ ထင်ကြေးပေးခဲ့ကြပါတယ်။ PSG အသင်းဟာ အသင်းနဲ့လမ်းခွဲတော့မယ့် ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်နေရာမှာ စီရော်နယ်လ်ဒိုနဲ့ အစားထိုးဖို့စီစဉ်နေခြင်းဖြစ်တယ်လို့လည်း ပြင်သစ်ဘောလုံးမဂ္ဂဇင်း ကဖော်ပြခဲ့ပါတယ်။

ရီးယဲလ်-PSG ပွဲအပြီးမှာ စီရော်နယ်လ်ဒိုဟာ PSG အသင်းနည်းပြ လောရင့်ဘလန့်ရဲ့ အနားကိုကပ်ပြီး နှစ်ဦးတည်းကြားနိုင်တဲ့ စကားအချို့ကို တီးတိုးပြောကြားခဲ့ရာမှာ ရီးယဲလ်ပရိသတ်တွေ သူ့ကိုတော်တော်စိတ်ပျက်ခဲ့ပါတယ်။ ကွင်း အတွင်း မိမိပရိသတ်တွေရှေ့ သူပြောင်းရွှေ့နိုင်တယ်လို့ သတင်းထွက်နေတဲ့ အသင်းရဲ့နည်းပြနဲ့ အခုလိုဆက်ဆံပြတာဟာ ပရိသတ်တွေကို စော်ကားတာဖြစ်တယ်လို့လည်း ရီးယဲလ်ပရိသတ်တွေက ယူဆခဲ့ကြပါတယ်။ နောက်ပိုင်းမှာ စီရော်နယ်လ်ဒိုက ဒီလိုနှစ်ကိုယ်ကြား ပြောကြားခဲ့တာ အပြောင်းအရွှေ့ကိစ္စနဲ့မဆိုင်ဘဲ မိမိနဲ့ပတ်သက်ပြီး မီဒီယာတွေကို အကောင်းဘက်က အမြဲပြောဆိုတဲ့ လောရင့်ဘလန့်ကို ကျေးဇူးတင်စကားပြောကြားခဲ့တာသာဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

ဒါပေမဲ့ ရီးယဲလ်ပရိသတ်တွေကြား စီရော်နယ်လ်ဒိုအပေါ် အမြင်မကြည်မှုက ကြီးထွားလာပြီး Forza Football က ပြုလုပ်တဲ့ စစ်တမ်းကောက်ယူမှုမှာ ပရိသတ် (၃၆%)က သူ့ကို ရီးယဲလ်အသင်းရောင်းချသင့်ပြီဖြစ်ကြောင်း မဲပေးခဲ့ကြပါတယ်။ တကယ်လို့ ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၀၀)ရရင် ရောင်းချသင့်လားဆိုတဲ့ မေးခွန်းကို မဲပေးရာမှာတော့ ရီးယဲလ်ပရိသတ်(၈၀%)က ရောင်းချသင့်ကြောင်း မဲပေးခဲ့ကြပါတယ်။

ဧပြီ (၂)မှ (၆) – ဒီရက်သတ္တပတ်ဟာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် အရေးပါတဲ့ ရက်သတ္တပတ်တစ်ခုဖြစ်ခဲ့ပြီး ဘာစီလိုနာအသင်းနဲ့ ကစားတဲ့ အဝေးကွင်းပွဲစဉ်မှာ ဘန်ဇီမာ၊ ရော်နယ်လ်ဒိုတို့ရဲ့ ဂိုးတွေနဲ့အတူ နူးကမ့်ကွင်းအတွင်း (၂-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့် (၁၀)မှတ်ကွာနေတဲ့ ဘာစီလိုနာနဲ့ ရမှတ်ကွာခြားမှုကို (၇) မှတ်အထိလျှော့ချနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက် (၄)ရက်အကြာမှာကစားတဲ့ ချန်ပီယံလိဂ်ကွာတား ဖိုင်နယ်ပွဲစဉ်မှာတော့ ဂျာမန်ကလပ် ၀ုလ်ဖ်ဘတ်ကို (၀-၂)ဂိုးနဲ့ အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ပါတယ်။

ဧပြီ (၁၂) – ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ရီးယဲလ်အသင်းဟာ ၀ုလ်ဖ်ဘတ်ကို (၃-၀)ဂိုးနဲ့ ပြန်အနိုင်ယူခဲ့ပြီး (၃)ဂိုးးစလုံးကို စီရော်နယ်လ်ဒိုက ဟက်ထရစ်သွင်းယူခဲ့ပါတယ်။ ဝေဖန်မှုတွေအမြဲခံနေရတဲ့ စီရော်နယ်လ်ဒိုက ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံရာမှာပေါက်ကွဲခဲ့ပြီး “ကျွန်တော်ဟာ ဝေဖန်မှုတွေကို အစဉ်အမြဲ ရရှိနေသူဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အလုပ်ကို ကျွန်တော်အကောင်းဆုံးပြုလုပ်နေပါတယ်။ ဝေဖန်မှုတွေက ကျွန်တော့်ကိုမထိခိုက်စေပါဘူး။ ဒါတွေကိုကျွန်တော်ရိုးနေပါပြီ။ ဒီနေ့ပွဲအတွက် အသင်းဖော်တွေရဲ့ စွမ်းဆောင်မှုကို ကျွန်တော် ကျေးဇူးတင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဧပြီ (၂၀) – ဗီလာရီးယဲလ်အသင်းကို (၃-၀)နဲ့ အနိုင်ရတဲ့ ပွဲအပြီးမှာ စီရော်နယ်လ်ဒိုဟာ ဇီဒန်းကို နှုတ်ဆက်ခြင်းမရှိဘဲ ကွင်းအပြင်ကိုထွက်ခွာသွားပါတယ်။ သူ့အနေနဲ့ ဒဏ်ရာနာကျင်တဲ့ ကြားထဲက အသင်းအတွက် ကစားပေးနေရတာ ဖြစ်တယ်လို့လည်း ဒီပွဲမတိုင်ခင် အင်တာဗျူးမှာ စီရော်နယ်လ်ဒိုက ပြောခဲ့ပါတယ်။ ကစားသမားတွေကို ကိုင်တွယ်အုပ်ချုပ်ရာမှာ ဘင်နီတက်ဇ်လို စာအုပ်ကြီးအတိုင်း အုပ်ချုပ်တာမဟုတ်ဘဲ ကစားသမားတွေရဲ့ စိတ်ခံစားမှုကိုသိရှိနားလည်အောင်ပြုလုပ်ပြီးမှ ကိုင်တွယ်အုပ်ချုပ်နေတာဖြစ်တဲ့ ဇီဒန်းဟာ ဒီပွဲအပြီးပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ စီရော်နယ်လ်ဒိုကို အနားမပေးဘဲ ကစားစေခြင်းအတွက် သူ့ကိုယ်သူအပြစ်တင်စကားပြောကြားခဲ့ပါတယ်။ ဒီလိုနည်းပြရဲ့ အသိအမှတ်ပြုမှုကိုချက်ချင်းရရှိတာကြောင့် စီရော်နယ်လ်ဒိုဟာ ကျေနပ်သွားခဲ့ပြီး နာရီပိုင်းအကြာမှာတော့ သူ့ရဲ့ Instagram စာမျက်နှာမှာ “All Good” လို့ ရေးသားခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Photos: AFP,Gettyimages,CR7,Daily Mail,Mirror,The Sun …

November 9, 2017














Copy Protected by Chetan's WP-Copyprotect.