ထားဝယ်မြို့ တိုင်းဒေသကြီးလွှတ်တော်ရုံး အဆောက်အအုံသစ်၏ အနောက်ဘက်တွင် အရိုးကျနေသော အမျိုးသမီးရုပ်အလောင်း တွေ့ရှိ

ထားဝယ်မြို့ တိုင်းဒေသကြီးလွှတ်တော်ရုံး အဆောက်အအုံသစ်၏ အနောက်ဘက်တွင် အရိုးကျနေသော အမျိုးသမီးရုပ်အလောင်း တွေ့ရှိ
Published 4 November 2017

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ တိုင်းဒေသကြီးလွှတ်တော် ရုံးအဆောက်အအုံသစ်၏ အနောက်ဘက်တွင် နိုဝင်ဘာ ၃ ရက် ည ၉ နာရီက အမျိုးသမီးရုပ် အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းရုပ်အလောင်းမှာ (ခန့်မှန်း) အသက် ၂၀ ဝန်းကျင်အရွယ်ရှိပြီး တွေ့ရှိချိန်တွင် အရိုးစုများသာ ကျန်ရှိတော့ကြောင်း၊ ရုပ်အလောင်းတွင် ဦးခေါင်းခွံတစ်ခု၊ အရိုးစုများနှင့်အတူ အနက်ရောင်အောက်ခံနှင့် အဝါရောင်ပန်းပွင့်များပါရှိသည့် ဂါဝန်တစ်ထည်၊ ယင်းဂါဝန်အပေါ်တွင် ဝတ်ဆင်ထားသည့် အပြာရောင် ဂျင်းဂျာကင်အင်္ကျီတစ်ထည်၊ ပျက်စီးနေသော ခရမ်းနုရောင် ထီးတစ်ချောင်း၊ အဖြူရောင် အတွင်းခံတစ်ထည်နှင့် အမျိုးသားစီး ဖိနပ်တစ်ရန် တွေ့ရှိရပြီး ၎င်းနှင့်မလှမ်းမကမ်းတွင် ဘေးလွယ်အိတ်ကြိုးတစ်ချောင်း တွေ့ရှိခဲ့ရကြောင်း သိရသည်။

“ကျွန်တော့်ဆီကို ညဦးပိုင်းမှာ အသိမိတ်ဆွေတစ်ယောက်က ဒီလွှတ်တော် အနောက်ဘက်မှာ လူအရိုးစု တွေ့ရတယ်လို့ ဖုန်းဆက်ပြောတယ်။ ပထမတစ်ခေါက် သူငယ်ချင်းတွေနဲ့ လာရှာတာမတွေ့ဘူး။ ဒါနဲ့ သူ့ဆီ ဖုန်းဆက်ပြီး လာပြခိုင်းမှတွေ့တယ်။ သူပြောတာက သူ့ဦးလေးကမနက်ပိုင်း ငှက်ပစ်ထွက်လာတုန်း အရိုးစုကို ခွေးဆွဲလာတာမြင်ရလို့ သူ့ဆီပြောပြတာလို့ ပြောတယ်” ဟု ၎င်းအမျိုးသမီးရုပ်အလောင်း အရိုးစုတွေ့ရှိခဲ့သည့် ထားဝယ် တက်ကြွလူငယ်အဖွဲ့မှ ကိုဝေဖြိုးက ပြောကြားသည်။

တွေ့ရှိသည့် အမျိုးသမီးရုပ်အလောင်းမှာ အရိုးများသာ ကျန်ရှိတော့သဖြင့် သေဆုံးချိန် တစ်လခန့်ကြာပြီဖြစ်သည့် အနေအထားရှိပြီး လက်ရှိတွင် ၎င်းရုပ်အလောင်းအား ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးကာ ဇမ္ဗူသီရိ အခမဲ့ အရေးပေါ်လူနာတင်ယာဉ်အသင်းမှယာဉ်ဖြင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထား၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ရုပ်အလောင်း တွေ့ရှိခဲ့သည့်နေရာမှာ ကမြောကင်းလမ်းမပေါ်ရှိ တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ အနောက်ဘက် (အစိုးရဝန်ကြီးများ အိမ်ရာနံဘေး) နှင့် ကမ်းနားလမ်းမ (DDPC Shopping Center အရှေ့ဘက်) ကြားရှိ ကွင်းပြင်တွင်ဖြစ်ပြီး လယ်ကွင်းအစပ်ရှိ ချုံအတွင်း တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ ၎င်းကွင်းပြင်မှာ သမီးရည်းစားအတွဲများ ချိန်းတွေ့လေ့ရှိသည့်နေရာဖြစ်ပြီး ထားဝယ်မြို့၏ လူစည်ကားရာ လမ်းမနှစ်ခု အကြားတွင် ဖြစ်သည်။

Most Read

Most Recent