လားရှိုးမြို့အနီး မြို့ရှောင်လမ်းပေါ်တွင် ဘုရားပွဲမှပြန်လာသော ထော်လာဂျီယာဉ် တိမ်းမှောက်မှုကြောင့် တစ်ဦး သေဆုံးပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရ

လားရှိုးမြို့အနီး မြို့ရှောင်လမ်းပေါ်တွင် ဘုရားပွဲမှပြန်လာသော ထော်လာဂျီယာဉ် တိမ်းမှောက်မှုကြောင့် တစ်ဦး သေဆုံးပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရ
Published 20 October 2017

လားရှိုးမြို့အနီး မြို့ရှောင်လမ်းပေါ်တွင် ဘုရားပွဲမှပြန်လာသော ထော်လာဂျီယာဉ် တိမ်းမှောက်မှု ဖြစ်ပွားစဉ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အောက်တိုဘာ ၁၉ ရက် နံနက် ၁ နာရီခန့်က လားရှိုးမြို့ရှောင်လမ်းမိုင်တိုင်အမှတ် သုံးမိုင်၊ သုံးဖာလုံအနီးတွင် ဘုရားပွဲမှ ပြန်လာသော ထော်လာဂျီယာဉ် တိမ်းမှောက်မှုကြောင့် တစ်ဦးသေဆုံးပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သီတင်းကျွတ်အခါသမယ ရှမ်းတိုင်းရင်းသားများ၏ ဓလေ့ပွဲတော်အဖြစ် ဆရာကန်တော့ပွဲကျင်းပသည့် ကောင်းကြဲကျေးရွာသို့ သွားရောက်ကြသည့် အီနိုင်းကျေးရွာမှ ဒေသခံများ စီးနင်းလိုက်ပါလာသည့် LIFAN  အပြာရောင် 2I/---သည် လားရှိုးမြို့ ရှောင်လမ်းမှတစ်ဆင့် အီနိုင်းကျေးရွာသို့ ယာဉ်မောင်း ဦးစိုင်းအိုက်မောင် (၅၃ နှစ်) က မောင်းနှင်ပြန်လာရာ မိုင်တိုင်အမှတ် သုံးမိုင်၊ သုံးဖာလုံနှင့် သုံးမိုင်၊ လေးဖာလုံအကြားတွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ပြီး စိုင်းအိုက်ပီး (၄၅ နှစ်)မှာ ယာဘက်နားထင် ပေါက်ပြဲ သွေးထွက်ဒဏ်ရာများဖြင့် သေဆုံးကာ ၂၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၂၁ ဦးအနက် စိုင်းကံန (၃၃ နှစ်)၊ ဝဲပါးပွန်းပဲ့၊ ယာလက်မောင်းဖူးရောင်၊ ဝဲနားစုတ်ပြတ် ဒဏ်ရာ၊ စိုင်းအောင်ပွင့်(၃၆ နှစ်) နှုတ်ခမ်းဖူးရောင်၊ မေးစေ့ပွန်း၊ ဝဲပါးပွန်း၊ နဖူးကွဲ၊ ယာလက်ဖူးရောင်ဒဏ်ရာ၊ စိုင်းစံလျန်း (၁၂ နှစ်) ဝဲမျက်လုံးပေါက်ထွက် ဒဏ်ရာများဖြင့် စိုးရိမ်ဒဏ်ရာများ ရရှိခဲ့ပြီးကျန် ၁၈ ဦးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

“အီနိုင်းရွာကနေ ကောင်းကြဲရွာကို သီတင်းကျွတ် ဆရာကန်တော့ပွဲသွားကြတာ ကားငါးစီးလောက်တော့ရှိမယ်။ ကျွန်တော်တို့ မှောက်တဲ့ကားပေါ်မှာတော့ ၃၀ နီးပါး လောက်ပါမယ်ထင်တယ်။ အမျိုးသားတွေချည်းပဲပါတာ။ အမျိုးသမီးတွေကတော့ တခြားယာဉ်တွေနဲ့ စီးကြတာပေါ့။ ကားပေါ်မှာက ရှမ်းအိုးစည်တွေ၊ တိုးနရားတွေ ပါတယ်ဆိုတော့ အမျိုးသားတွေပဲ စီးကြတယ်။ ကားက ဘယ်လိုမှောက်သွားမှန်းကို မသိလိုက်ဘူး။ ကျွန်တော်သတိရတဲ့ အချိန်မှာတော့ လားရှိုးဆေးရုံကြီးကို ရောက်နေပြီ”  ဟု ယာဉ်တိမ်းမှောက်မှုတွင်ပါသူ အီနိုင်းကျေးရွာနေ ဦးစိုင်းမောင်က ပြောကြားသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် 2I /----LIFAN အပြာရောင် ထော်လာဂျီယာဉ်မှာ ရှေ့ခေါင်းပိုင်း အနည်းငယ်ပျက်စီးသွားပြီး ဒဏ်ရာရသူများအား လားရှိုးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိကာ ယာဉ်မောင်း ဦးစိုင်းအိုက်မောင်အား လားရှိုးမြို့မ ရဲစခန်းတွင် ယာဉ် (ပ) ၄၆/ ၂၀၁၇၊ ရာဇ သတ်ကြီး ဥပဒေပုဒ်မ ၂၇၉/ ၃၃၇ / ၃၃၈/  ၃၀၄ (က) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent