<

First Eleven Sports Journal မှရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများ မဲပေးရန်

Vote Now

ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၂၆)

ခရစ္စတီယာနိုရော်နယ်လ်ဒို၏အတ္ထုပ္ပတ္တိ (RONALDO THE BIOGRAPHY) စာအုပ်ကို နာမည်ကျော်စပိန်ဘောလုံးဂျာနယ်လစ်တစ်ဦးဖြစ်သူ ဂွယ်လ်လမ်ဘာလာဂွယ်ကရေးသားခဲ့ပြီး ဗြိတိန်အခြေစိုက် The Cross Sports Book Award ဆုရွေးချယ်ရေးအဖွဲ့ကချီးမြှင့်သော ၂၀၁၆ခုနှစ်အတွက် အကောင်းဆုံးအားကစားစာအုပ်ဆု (Football Book of the Year Award) ကို ဆွတ်ခူးရရှိခဲ့သည်။ စီရော်နယ်လ်ဒိုနှင့် သူ၏မိသားစု၊ သူနှင့် ပတ်သက်သူများအကြောင်း၊ အတိတ်ဘ၀ဖြတ်သန်းမှုများကို ခရေစေ့တွင်းကျကျဖော်ပြထားသည့် ယင်းဆုရစာအုပ်အား First Eleven Sports Journal နှင့် First Eleven Sports Journal များတွင် အခန်းဆက်အဖြစ် ဖော်ပြလျက်ရှိနေပြီး Eleven Sports Facebook ပရိသတ်များ ဖတ်ရှုနိုင်ရန် ဆက်လက်ဖော်ပြလိုက်ပါသည်။

written by: မြတ်ထွဋ်

■ တတိယရာသီမှ ဂုဏ်ပြုခံရ
စီရော်နယ်လ်ဒိုအနေနဲ့ စပိန်မြေကိုရောက်ပြီး (၃)ရာသီကြာမှ ပထမဆုံးလာလီဂါဆုဖလားကို ကိုင်မြှောက်ခဲ့ဖူးတာဖြစ်သလို၊ တတိယမြောက်ရာသီရောက်မှ ရီးယဲလ်ပရိသတ်တွေဆီက ထူးခြားတဲ့အရာတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒါကတော့ ဘောလုံးပွဲတွေမှာ တွေ့မြင်ရလေ့ရှိတဲ့ ပရိသတ်တွေက ကစားသမားတွေကိုဖြစ်စေ၊ နည်းပြတွေကိုဖြစ်စေ မတ်တပ်ရပ်လက်ခုပ်တီးချီးကျူးထောပနာပြုတာပါပဲ။ ပြီးခဲ့တဲ့ရာသီတွေအတွင်း ရီးယဲလ်မက်ဒရစ်အသင်း အောင်မြင်မှုသိပ်မရခဲ့ပေမယ့် စီရော်နယ်လ်ဒိုက အသင်းမှာ ဂိုးတွေများစွာသွင်းယူပြီး သူ့ရဲ့စွမ်းဆောင်ရည်ကောင်းကို ပြသနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ရီးယဲလ်ပရိသတ်တွေဆီက သူပြန်ရခဲ့တဲ့အရာကတော့ လှောင်ပြောင်မှုတွေပါပဲ။ ၂၀၁၂ ဇန်န၀ါရီလ (၂၂)ရက်နေ့မှာ ကစားခဲ့တဲ့ ရီးယဲလ်မက်ဒရစ် (၄-၁)ဘီလ်ဘာအို ပွဲစဉ်မှာ(၂)ဂိုးသွင်းယူပေးခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ ရီးယဲလ်မက်ဒရစ်ပရိသတ်တွေရဲ့ မတ်တပ်ရပ်လက်ခုပ်တီးဂုဏ်ပြုမှုကိုခံခဲ့ရပါတယ်။ ဒါဟာ အသင်းကိုရောက်ရှိပြီး (၂)နှစ်ခွဲကျော်ကာလအတွင်း ပထမဆုံးကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတစ်ခုပါပဲ။ ရီးယဲလ်မက်ဒရစ်အသင်းဟာ အဲဒီရာသီမှာ လာလီဂါချန်ပီယံဆုကို စံချိန်တင်ရမှတ်၊ ရဂိုးတွေနဲ့ ရယူနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ ဆုဖလားနဲ့ဝေးကွာနေမှုကို အဆုံးမသတ်နိုင်ဘဲ ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ ဆီမီးဖိုင်နယ်အဆင့်မှာ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်နဲ့ကစားရာမှာ ပထမအကျော့ (၂-၁)ဂိုးနဲ့နိုင်၊ ဒုတိယအကျော့ (၁-၂)ဂိုးနဲ့ရှုံးခဲ့လို့ နောက်ဆုံးပယ်နယ်တီအဆုံးအဖြတ်ကန်ခဲ့ရပါတယ်။ ရီးယဲလ်အတွက် ပထမဆုံးကန်တဲ့ ပယ်နယ်တီကို စီရော်နယ်လ်ဒိုကစလွဲခဲ့ပြီး ကာကာ၊ ရာမို့စ်အစရှိတဲ့ ကစားသမားတွေကလည်း ဆက်ပြီးလွဲချော်ခဲ့တာကြောင့် ရီးယဲလ်အသင်းဟာ ဘိုင်ယန်မြူးနစ်ကို ပယ်နယ်တီ(၁-၃)ဂိုးနဲ့အရေးနိမ့်ခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကနေ လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။

■ ယူရို-၂၀၁၂ ပြိုင်ပွဲ
၂၀၁၂ နွေရာသီမှာ စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ ပိုလန်၊ ယူကရိန်းနိုင်ငံတွေမှာကျင်းပတဲ့ ယူရို-၂၀၁၂ ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ အုပ်စုကျပ်အတွင်းကျရောက်ခဲ့တဲ့ ပေါ်တူဂီအသင်းဟာ အဖွင့်ပွဲမှာ ဂျာမနီကို (၀-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် နောက်(၂) ပွဲမှာ ဒိန်းမတ်ကို (၃-၂)ဂိုး၊ နယ်သာလန်ကို (၂-၁) ဂိုးတွေနဲ့အနိုင်ယူပြီး ကွာတားဖိုင်နယ်ကိုတက်ရောက်ခဲ့ပါတယ်။ နယ်သာလန်နဲ့ပွဲမှာ (၂)ဂိုးလုံးသွင်းယူပေးခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ ကွာတားဖိုင်နယ်ပွဲစဉ် ချက်-ပေါ်တူဂီပွဲမှာလည်း တစ်လုံးတည်းသောဂိုးကိုသွင်းယူပြီး အသင်းကို ဆီမီးဖိုင်နယ်ရောက်အောင် ပို့ဆောင်ပေးခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာတော့ သူ့ရဲ့ ရီးယဲလ်မက်ဒရစ်အသင်းဖော်တွေဖြစ်တဲ့ ကာဆီးလက်စ်၊ ဇာဘီအလွန်ဆို၊ ရာမို့စ်၊ အာဘီလိုအာတို့ပါဝင်တဲ့ စပိန်အသင်းနဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။ အချိန်ပိုအပါအ၀င် ပွဲချိန်(၁၂၀)မိနစ်အထိ ဂိုးမရှိသရေကျနေလို့ ပယ်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ပေါ်တူဂီဘက်ကမော်တင်ဟိုနဲ့ ဘရူနိုအဲလ်ဗတ်စ်တို့ လွဲချော်ခဲ့တာကြောင့် ပေါ်တူဂီအသင်းဟာ စပိန်ကိုပယ်နယ်တီ (၂-၄)ဂိုးနဲ့ရှုံးပြီး ဆီမီးဖိုင်နယ်ကနေ ထွက်ခဲ့ရပါတယ်။ ဒီပယ်နယ်တီကန်သွင်းမှုမှာ စီရော်နယ်လ်ဒိုဟာ (၅)လုံးမြောက်ပယ်နယ်တီကိုကန်သွင်းဖို့စာရင်းပေးထားခဲ့ပြီး သူမကန်ရခင်မှာဘဲ ပွဲအနိုင်၊ အရှုံးအဖြေထွက်ပေါ်သွားခဲ့တာပဲဖြစ်ပါတယ်။ သူ့အနေနဲ့ နောက်ဆုံးပယ်နယ်တီကန်သွင်းပြီး ပေါ်တူဂီကို ဗိုလ်လုပွဲပို့ဆောင်ပေးတဲ့ သူရဲကောင်းလုပ်ချင်တဲ့စိတ်ကြောင့် နောက်ဆုံးပွဲသိမ်းပယ်နယ်တီကိုကန်ဖို့ စီစဉ်ခဲ့တယ်လို့ မီဒီယာတွေကစွပ်စွဲခဲ့ကြပါတယ်။

ချန်ပီယံလိဂ်နဲ့ ယူရို-၂၀၁၂ လို ပြိုင်ပွဲကြီးတွေမှာ ဗိုလ်လုပွဲနဲ့ လက်တစ်ကမ်းအလိုရောက်မှ ပယ်နယ်တီနဲ့ကံဆိုးခဲ့ရတဲ့ စီရော်နယ်လ်ဒိုအနေနဲ့ ၂၀၁၂-၁၃ ရာသီမစခင် ရာသီကြိုကာလမှာ အသင်းဖော်တွေနဲ့ ဆက်ဆံရာမှာလည်း သူစိမ်းပြင်ပြင်ဖြစ်လာပါတယ်။ ရာသီကြိုအမေရိကန်ခရီးစဉ်မှာ ကျန်အသင်းဖော်ကစားသမားတွေနဲ့ သိပ်ပြီးရောရောနှောနှောမနေဘဲ သီးခြားဖြစ်နေတဲ့ စီရော်နယ်လ်ဒိုကိုတွေ့ခဲ့ရသလို၊ သူ့ရဲ့မျက်နှာကလည်း သုန်သုန်မှုန်မှုန်ဖြစ်နေပါတယ်။ ဒါ့အပြင် ပရိသတ်တွေက အမှတ်တရလက်မှတ်ထိုးခိုင်းတာကိုလည်း အလိုမကျတဲ့ပုံစံနဲ့ ဆက်ဆံတာတွေရှိခဲ့ပါတယ်။

■ ရီးယဲလ်အသင်းမှ အရှုပ်အထွေးများ
ဒီနှစ်အပိုင်းအခြားမှာ ရီးယဲလ်မက်ဒရစ်အသင်းမှာလည်း ရှုပ်ထွေးမှုတွေ များစွာရှိခဲ့ပါတယ်။ တတိယရာသီကို ရောက်လာချိန်မှာ မော်ရင်ဟိုအနေနဲ့ အသင်းကိုဟန်ချက်ညီအောင် အတော်ထိန်းနေရပြီး အသင်းအတွင်း သူ့ကိုမကျေနပ်တဲ့ ကစားသမားတွေရဲ့အုံကြွမှုကိုလည်း အတော်ခံနေရပါတယ်။ အသင်းခေါင်းဆောင်ရာအူးလ်မရှိတော့တဲ့ နောက်ပိုင်းရီးယဲလ်အသင်းမှာ ဦးဆောင်မှုပေးနိုင်တဲ့ ကစားသမားမရှိသလို ဖြစ်လာပါတယ်။ ရာအူးလ်ရဲ့ အသင်းခေါင်းဆောင်နေရာကိုဆက်ခံတဲ့ ဂိုးသမားကာဆီးလက်စ်ဟာ ခေါင်းဆောင်ကောင်းတစ်ဦးရဲ့ အရည်အသွေးတွေ အများကြီးလိုအပ်နေတယ်ဆိုတာ အချိန်ကြာလာတာနဲ့အမျှ သိသာလာပါတယ်။ “ထကြွနိုးကြား၊ သနားသည်းခံ၊ ဝေဖန် ထောက်ရှု” ဆိုတဲ့ အကြီးအကဲ နာယကဂုဏ် (၆)ပါးမှာ ကာဆီးလက်စ်ထံ လုံးလုံးလျားလျားမရှိတာကတော့ သည်းခံခြင်းပါပဲ။ အသင်းခေါင်းဆောင်တစ်ဦးရယ်လို့ဖြစ်လာရင် မိမိဦးဆောင်နေတဲ့ ကစားသမားတွေအပေါ် သနားသည်းခံ နားလည်စိတ်မွေးပေးရမယ်ဆိုပေမယ့် ကာဆီးလက်စ်ကတော့ ဒီအရည်အသွေးမှာ ရာအူးလ်ကို လုံးဝလိုက်မမီတာ သေချာနေပါတယ်။ ဒါကြောင့် ခေါင်ကမလုံတော့ ရီးယဲလ်ကစားသမားတွေကြား ဂိုဏ်းဂဏကွဲပြားမှုက များပြားလာပြီး မော်ရင်ဟိုအနေနဲ့လည်း အသင်က ကစားသမားတွေကို ထိန်းသိမ်းရတာ အတော်ခက်လာပါတယ်။ အသင်းမှာ ကာဆီးလက်စ်ရဲ့ကလန်ကဆန်လုပ်ရပ်တွေကလည်း များပြားလာတော့ သူ့ကိုမဖြစ်မနေပညာပြမှရတော့မယ်လို့ မော်ရင်ဟိုတွေးတောလာပါတယ်။ ဒါကြောင့် အသင်းသားအားလုံးအရှေ့မှာပဲ ကာဆီးလက်စ်ကို ပြင်းပြင်းထန်ထန်ဆူပူ ကြိမ်းမောင်းခဲ့ပြီး အသင်းမှာမသုံးတော့ဘူးလို့တောင် ယတိပြတ်ပြောခဲ့ပါတယ်။ ကာဆီးလက်စ်ဦးဆောင်တဲ့ စပိန်ကစားသမားအုပ်စုက စီရော်နယ်လ်ဒိုအပေါ် မျက်နှာသာပေးတဲ့ မော်ရင်ဟိုရဲ့ လုပ်ရပ်တွေကို မကျေနပ်တာကြောင့် သူတို့(၂)ဦးအပေါ် အစာမကြေဖြစ်နေတယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် မော်ရင်ဟိုနဲ့ စီရော်နယ်လ်ဒိုကြား ဆက်ဆံရေးမှာလည်း အများမသိတဲ့ အဖုအထစ်လေးတွေရှိနေပါတယ်။ စီရော်နယ်လ်ဒိုအနေနဲ့ အသင်းမှာမပျော်ရွှင်တော့ဘူးဆိုတဲ့ သတင်းတွေကလည်း အဆက်မပြတ်ထွက်ပေါ်နေပါတယ်။

၂၀၁၂ စက်တင်ဘာလမှာ စီရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်းအတွက် သူ့ရဲ့ (၁၅၀) မြောက်ဂိုးကို ရီးယဲလ်မက်ဒရစ် (၃-၀) ဂရန်နာဒါပွဲမှာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဂိုးသွင်းပြီး စီရော်နယ်လ်ဒိုဟာ အောင်ပွဲမခံခဲ့တာကြောင့် ပွဲအပြီး Mixed Zone မှာ မီဒီယာတွေက သူ့ကိုအောင်ပွဲမခံတာနဲ့ ပတ်သက်ပြီးမေးမြန်းခဲ့ပါတယ်။ အဲဒီမှာ စီရော်နယ်လ်ဒိုက “ကျွန်တော်စိတ်ထဲမပျော်တာကြောင့် အောင်ပွဲမခံတာ” လို့ ပြန်ဖြေခဲ့ပါတယ်။ အဲဒီလအပိုင်းအခြားမှာ ရီးယဲလ်အသင်းဟာ စီရော်နယ်လ်ဒိုကိုစာချုပ်သက်တမ်းတိုးဖို့ ခက်ခက်ခဲခဲဆွေးနွေးနေရပြီး သူ့ကိုခေါ်ယူဖို့ အသင်းဟောင်းမန်ယူနဲ့ ငွေကြေးများစွာ သုံးစွဲနိုင်တဲ့ PSG၊ အန်ဇီအသင်းတွေကချဉ်းကပ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

■ စီရော်နယ်လ်ဒိုနဲ့ ရန်သူအစ္စရေး
၂၀၁၃ခုနှစ်၊ မတ်လမှာ အစ္စရေးနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့မှာ ကစားခဲ့ပါတယ်။ အဲဒီပွဲအပြီးမှာ စီရော်နယ်လ်ဒိုဟာ အစ္စရေးကစားသမားတစ်ဦးရဲ့ အင်္ကျီချင်းလဲဖို့တောင်းဆိုမှုကို ငြင်းဆန်ခဲ့ပါတယ်။ အဲဒီပွဲအပြီးမှာ စီရော်နယ်လ်ဒိုက “လူသတ်သမားတွေနဲ့ ငါအင်္ကျီချင်းမလဲနိုင်ဘူး” လို့ ပြောခဲ့ကြောင်း မခိုင်မာတဲ့သတင်းတချို့က ဖော်ပြခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ အစ္စရေးတို့နဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ ပါလက်စတိုင်းလူမျိုးတွေကို စာနာသနားသူဖြစ်ပြီး ၂၀၁၁ ဥရောပဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုရခဲ့တုန်းက ယူရို(၁.၅) သန်းကို ပါလက်စတိုင်းကလေးငယ်တွေအတွက် လှူဒါန်းခဲ့ဖူးတယ်လို့ သိရပါတယ်။ တကယ်တော့ စီရော်နယ်လ်ဒိုအနေနဲ့ သူ့ရဲ့ယုံကြည်မှုတစ်ခုအတွက် ငွေသန်းချီပြီး ကုန်ကျမယ်ဆိုရင်လည်း လုံးဝမနှမြော၊ မတွန့်တိုတတ်သူဖြစ်ပါတယ်။ သူ့ရဲ့ ငယ်ဘ၀မှာ သူ့အပေါ်ကောင်းခဲ့တယ်လို့ ယူဆရတဲ့ သူ့သူငယ်ချင်းတစ်ဦးကို ပေါင်သိန်းချီထောက်ပံ့ပြီး အပူအပင်ကင်းမဲ့စွာနဲ့ နေနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ဒီသူငယ်ချင်းကတော့ အဲလ်ဘတ်ဖန်ထရူးလို့ အမည်ရပြီး သူ့ရဲ့ကစားသမားဘ၀လမ်းကြောင်းကို ဖန်ထရူးကခင်းပေးခဲ့တယ်လို့ သူတစ်သက်လုံး ယုံကြည်ယူဆထားပါတယ်။ ဖန်ထရူးဟာ ပေါ်တူဂီနိုင်ငံမှာ ဘာအလုပ်မှမလုပ်ဘဲ ကြီးမားတဲ့နေအိမ်ကြီးတစ်လုံးနဲ့ ခေတ်မီကား ပေါင်းများစွာကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ လူချမ်းသာတစ်ဦးလို အကြောင့်အကြကင်းမဲ့စွာနေနိုင်တဲ့ ဖန်ထရူးကို ဂျာနယ်လစ်တွေဘာကြောင့် ဒီလိုနေနိုင်တာလဲလို့မေးမြန်းတဲ့အခါ ဖန်ထရူးက “ဒါတွေအားလုံးကို စီရော်နယ်လ်ဒို ဖန်တီးပေး ထားတာ” လို့ အဖြေပြန်ပေးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် ဆွတ်ခူးခဲ့ရာမှာ စီရော်နယ်လ်ဒိုဟာ ဗိုလ်လုပွဲအပြီး ကွင်းထဲမှာ သူ့ရဲ့သူငယ်ချင်းဖန်ထရူးကို ပွဲကြည့်စင်ပေါ်ကခေါ်ယူခဲ့ပြီး ပရိသတ်တွေရှေ့မှာ အတူဖက်ကာ အောင်ပွဲခံခဲ့ကြပါတယ်။ ဖန်ထရူးကိုအလွန် ချစ်ခင်မြတ်နိုးရတဲ့ အကြောင်းအရင်းကို စီရော်နယ်လ်ဒိုက အခုလိုပြန်ပြောဖူးပါတယ်။ “ကျွန်တော်တို့ငယ်ငယ်တုန်းက ပေါ်တူဂီကလူငယ်အသင်းလေးမှာ ကစားတဲ့အခါ စပို့တင်းလစ္စဘွန်းက တာဝန်ရှိသူတချို့ ကျွန်တော်တို့ကစားတဲ့ပွဲကို လာကြည့်ခဲ့ပါတယ်။ အဲဒီတုန်းကအသင်းမှာ ခြေစွမ်းပြပြီးဂိုးသွင်းနိုင်တဲ့ ကစားသမားတစ်ဦးကို လစ္စဘွန်းအသင်းအကယ်ဒမီမှာ ပညာသင်ကျောင်းသားအနေနဲ့ခေါ်ယူမယ်လို့ ပွဲမတိုင်ခင် သူတို့ကပြောခဲ့ပါတယ်။ အဲဒီပွဲမှာ ကျွန်တော်က ပထမဂိုးသွင်းပြီး ဖန်ထရူးက ဒုတိယဂိုးကိုခေါင်း တိုက်သွင်းယူခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ဖန်ထရူးဟာ ဘောလုံးကိုဆွဲပြေးလာပြီး ပြိုင်ဘက်ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့ခဲ့ပါတယ်။ အဲဒီမှာ သူဂိုးသွင်းလို့ရပေမယ့်မသွင်းဘဲ ကျွန်တော့်ဆီကို ဘောလုံးထိုးပေးခဲ့ပါတယ်။ ကျွန်တော်က ဒုတိယဂိုးသွင်းနိုင်ခဲ့ပြီး လစ္စဘွန်းအကယ်ဒမီမှာ ပညာသင်ကျောင်းသားအဖြစ် ကစားခွင့်လည်းရခဲ့ပါတယ်။ ပွဲအပြီးမှာ မင်းရတဲ့အခွင့်အရေးကို ဘာလို့မယူခဲ့တာလဲ လို့ ကျွန်တော်ကမေးတဲ့အခါမှာ ဖန်ထရူးက မင်းကငါ့ထက်ပိုကောင်းတဲ့ ကစားသမားဖြစ်လို့ပေါ့လို့ ပြန်အဖြေပေးခဲ့ပါတယ်” လို့ စီရော်နယ်လ်ဒိုက သူ့ချစ်သူငယ်ချင်းနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Photos: AP,Gettyimages,PA,Daily Mail,Mirror,Zambio…