ပြည်ပသို့ ဆန်တင်ပို့ရာတွင် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများအပြင် ပုသိမ်နှင့် စစ်တွေမြို့ရှိ ဆိပ်ကမ်းများအား အသုံးချနိုင်ရေးဆောင်ရွက်ပေးရန် တင်ပြ

ပြည်ပသို့ ဆန်တင်ပို့ရာတွင် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများအပြင် ပုသိမ်နှင့် စစ်တွေမြို့ရှိ ဆိပ်ကမ်းများအား အသုံးချနိုင်ရေးဆောင်ရွက်ပေးရန် တင်ပြ
Published 25 September 2017

ပင်လယ်ရေကြောင်းကုန်သွယ်မှုတွင် အရေးပါသည့် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

မြန်မာနိုင်ငံမှ ဆန်ကို ပြည်ပတင်ပို့ရာတွင် အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများအပြင် ပုသိမ်နှင့် စစ်တွေမြို့ရှိ ဆိပ်ကမ်းများအား အသုံးချနိုင်ရေး ဆောင်ရွက်ပေးရန် စက်တင်ဘာ ၂၃ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပသည့် ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေနှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ (ဒသမအ ကြိမ်) အခမ်းအနားတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တင်ပြခဲ့သည်။

ထို့ပြင် နှစ်ဖက်အစိုးရများအကြား အရောင်းအဝယ်စာချုပ်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ ရောင်းချရာတွင် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ပေးဆောင်နေရခြင်းအား ပယ်ဖျက်ပေးရန်လည်း တင်ပြတောင်းဆိုခဲ့သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ လက်မှတ်ရေးထိုးသော နားလည်မှုစာချွန်လွှာသည် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ပထမဦးဆုံးအကြိမ် လက်မှတ်ရေးထိုးခြင်း ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှစ၍ ငါးနှစ်တာကာလအတွင်း တစ်နှစ်လျှင် မြန်မာ့ဆန်ဖြူတန်ချိန် နှစ်သိန်းခွဲနှင့်  မြန်မာ့ပေါင်းဆန်တန်ချိန် ငါးသောင်းကို ဈေးကွက်ပေါက်ဈေးအတိုင်း အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုရန် ရည်ရွယ်၍ လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဘင်္ဂလားဒေ့ရှ်နှင့် G to G ဆန်အရောင်းအဝယ် ပြုလုပ်နိုင်ခြင်းကြောင့် ယခင်က တန်းနိမ့်ဆန်များကိုသာ ဘင်္ဂလားဒေ့ရှ် ဈေးကွက်သို့ တင်ပို့နေရာမှ ယခုအခါ တန်းလတ်၊ တန်းမြင့်နှင့် ပေါင်းဆန်များကိုပါ စနစ်တကျ တင်ပို့ရောင်းချနိုင်တော့မည် ဖြစ်သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ငါးလအတွင်း ပြည်ပသို့  မြန်မာ့ဆန်တန်ချိန် တစ်သန်းကျော် တင်ပို့ထားကြောင်း၊ ယခုနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန်နှစ်သန်းအထိ တင်ပို့ရန် ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံမှဆန်ကို သီရိလင်္ကာနိုင်ငံသို့ G to G စနစ်ဖြင့် တင်ပို့နိုင်ရေး စာချုပ်ချုပ်နိုင်ရန် နှစ်နိုင်ငံညှိနှိုင်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

“ဆန်ပြည်ပတင်ပို့မှုနဲ့ ပတ်သက်ရင် တရုတ်ဘက်ကိုလည်း စာချုပ်ချုပ်ဆိုနိုင်ဖို့ အကြောင်းကြားထားတယ်။ အခုညှိနှိုင်းနေ တာကတော့ သီရိလင်္ကာနိုင်ငံကို G to G စနစ်ဖြင့် ဆန်တင်ပို့နိုင်ဖို့ နှစ်နိုင်ငံညှိနှိုင်းလျက် ရှိပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent