ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနှင့် တွေ့ဆုံမေးမြန်းခြင်း
Published 17 September 2017

“လုံခြုံရေးအရရော ဒီအကြမ်းဖက်မှု တိုက်ခိုက်မှုတွေရှိတော့ ဒီကုန်သွယ်ရေးလည်း

ရပ်ဆိုင်းနေတဲ့ အနေအထားမှာရှိပါတယ်။ ကုန်သည်တွေအနေနဲ့လည်း လုံခြုံရေးအနေအထားအရ

ကုန်သွယ်မှုမပြုနိုင်တဲ့ အနေအထားရှိပါတယ်”

ရခိုင်ပြည်နယ် မောင်တောဒေသတွင်  ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများ ဖြစ်ပေါ်နေပြီး မောင်တောဒေသကို စစ်ဆင်ရေး နယ်မြေဒေသအဖြစ် သတ်မှတ်ကာ အကြမ်းဖက်သမားများကို နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်လျက်ရှိနေပါသည်။ ထို့ပြင် မောင်တောဒေသမှ ဌာနေတိုင်းရင်းသားများ နေရပ်စွန့်ခွာ ထွက်ပြေးမှုရှိနေပြီး မောင်တောနယ်စပ် ကုန်သွယ်ရေးလည်း ရပ်ဆိုင်းလျက်ရှိနေသည်။ ရခိုင်ဒေသတွင် လက်ရှိဖြစ်ပေါ်နေသော စီးပွားရေးအခြေအနေများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို The Daily Eleven သတင်းစာက တွေ့ဆုံမေးမြန်းခဲ့ပါသည်။

 

■  မေး - မောင်တောဒေသမှာ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုတွေ ရှိနေစဉ်မှာပဲ မောင်တောစီးပွားရေးဇုန်ကို MoU လက်မှတ်ရေးထိုးမယ်ဆိုပြီး သတင်းတွေ ထွက်လာပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ဖြေကြားပေးစေချင်ပါတယ်။

ဖြေ - မောင်တောစီးပွားရေးဇုန်ကို မောင်တောမြို့ ကညင်ချောင်းကျေးရွာနားမှာ ဧကတစ်ရာနဲ့ အကောင်အထည်ဖော်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ အဓိကကတော့ မောင်တောအခြေစိုက်တဲ့ ကုမ္ပဏီတွေနဲ့ သူတို့နဲ့အဆက်အသွယ်ရှိတဲ့ ရန်ကုန်ဘက်က ကုမ္ပဏီတွေ ပေါင်းပြီးတော့ Comsotium ကုမ္ပဏီတစ်ခု ဖွဲ့ထားတာရှိပါတယ်။ အဲဒီကုမ္ပဏီနဲ့ အစိုးရနဲ့ ပေါင်းပြီးတော့ ဒီကုန်သွယ်ရေးဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ရည်မှန်းထားပါတယ်။

 

■ မေး - ဒီ မောင်တော စီးပွားရေးဇုန် အကောင်အထည်ပေါ်လာရင် ဘယ်လိုအကျိုးရလဒ်တွေ ဖြစ်ပေါ်လာပါမလဲ။

ဖြေး - ပထမကတော့ ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနဲ့ ကုန်သွယ်မှုက တိုးမြှင့်လာမယ့် အနေအထား ရှိပါတယ်။ ဒုတိယတစ်ချက်က အဲဒီဒေသမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိလာ ပြီးတော့မှ ဒေသခံတိုင်းရင်းသားတွေ ဝင်ငွေပိုမိုရရှိပြီးတော့မှ ဒေသတည်ငြိမ်အေးချမ်းမှုကို ပိုမိုအကျိုးရှိမှာဖြစ်ပါတယ်။ အဲဒီကုမ္ပဏီနဲ့ကတော့ ဒီ စက်တင်ဘာလကုန်ပိုင်းလောက်မှာ ကျွန်တော်တို့ MoU ထိုးဖို့ရှိပါတယ်။ ဆိုတော့ ရင်းနှီးမြှုပ်နှံမှုအပိုင်းကိုရော၊ စီးပွားရေး ဇုန်ကြီး လည်ပတ်မှုအပိုင်းကိုရော ကုမ္ပဏီနဲ့ အစိုးရနဲ့ပေါင်းပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အရင်အစိုးရ လက်ထက်တုန်းကတော့ သန်း ၁၀၀၀ ဖိုးလောက်ရှိတဲ့ အဆောက်အအုံတွေ သူတို့ဆောက်ခဲ့တာ ရှိပါတယ်။ အခုလည်း အဲဒီနေရာကို ဆက်ပြီးဆောင်ရွက်မှာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ လမ်းတွေ၊ ကုန်ချဖို့ကိစ္စတွေ၊ ရေရရှိရေး၊ မီးရရှိရေးကိစ္စတွေ၊ နောက်ခြံစည်းရိုးတွေ အဲဒါတွေပါ MoU ထိုးပြီးရင် အဲဒါတွေကို အကောင်အထည်ဖော်သွားမှာပါ။

 

■  မေး - အကြမ်းဖက်တိုက်ခိုက်မှုတွေက အနည်းငယ်ရှိသေးသလို နယ်မြေတည်ငြိမ်မှုကလည်း ပုံမှန်အတိုင်း မရှိသေးတော့ မြန်မာဘင်္ဂလား ဒေ့ရှ်နယ်စပ်ကုန်သွယ်မှု အခြေအနေ ဘယ်လိုရှိပါလဲ။

ဖြေ - လက်ရှိကတော့ လုံခြုံရေးအရရော ဒီအကြမ်းဖက်မှု တိုက်ခိုက်မှုတွေရှိတော့ ဒီကုန်သွယ်ရေးလည်း ရပ်ဆိုင်းနေတဲ့ အနေအထားမှာ ရှိပါတယ်။ ကုန်သည်တွေအနေနဲ့လည်း လုံခြုံရေးအနေအထားအရ ကုန်သွယ်မှုမပြုနိုင်တဲ့ အနေအထားရှိပါတယ်။ ဒါပေမဲ့ မောင်တောကို လက်ရှိ အနေအထားအရ လုံခြုံရေးအရ ထိန်းသိမ်းနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ နယ်တွေကိုလည်း လုံခြုံရေး ဖြန့်ကြက်ပြီးတော့မှ ထိန်းသိမ်းထားနိုင်တဲ့ အနေအထား ရှိပါတယ်။ ဆိုလိုတာကတော့ မကြာခင်မှာ မောင်တောဒေသ တည်ငြိမ်အေးချမ်းမှုတွေ ရလာမှာဖြစ်တဲ့အတွက် ဒီကုန်သွယ်ရေးလုပ်ငန်းတွေကလည်း ပြန်လည်ပြီးတော့ အသက်ဝင်လာမှာ ဖြစ်ပါတယ်။ အဓိကကတော့ မောင်တော ဒေသက စီးပွားရေးဖွံ့ဖြိုးအောင် လုပ်ပြီးတော့မှ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးခြင်းအားဖြင့် ဒီဒေသက တိုင်းရင်းသားတွေ ရေရှည်အဆင်ပြေလာပြီးတော့မှ ဒေသရဲ့လုံခြုံတည်ငြိမ်မှုကို အထောက်အကူ ဖြစ်စေမှာဖြစ်ပါတယ်ဆိုတာလည်း ပြောချင်ပါတယ်။

 

■ မေး - အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ဘယ်လိုစီမံကိန်းတွေ အကောင်အထည် ဖော်နေပါပြီလဲ။ ဘယ်လိုစီမံကိန်းမျိုးတွေ အကောင်အထည်ဖော်ဖို့ ရှိနေပါသလဲ။

ဖြေ - ကျွန်တော်တို့ အစိုးရတာဝန်ယူပြီး ပထမနှစ်မှာပဲ ဒီစစ်တွေမြို့မှာ အထည်ချုပ် စက်ရုံတစ်ခုနဲ့ ရက်ကန်းအလုပ်ရုံ တစ်ခုကိုဖွင့်လှစ် နိုင်ခဲ့ပြီးတော့မှ သင့်တင့်တဲ့ အလုပ်အကိုင်တွေကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါ ပထမဆုံး ကျွန်တော်တို့လုပ်တာ။ ရေရှည်အနေနဲ့က အရင်အစိုးရလက်ထက်က အကောင်အထည်ဖော်ခဲ့တဲ့ ပုဏ္ဏားကျွန်း စက်မှုဇုန်ကိုလည်း ဆက်လက် အကောင်အထည်ဖော်ဖို့ရှိပါတယ်။ အလားတူပဲ ဒီစိုက်ပျိုးရေး မွေးမြူ ရေးပေါ့။ အဲဒီမှာလည်း Contract Farming တွေ အကောင်အထည်ဖော်သွားဖို့ ရှိပါတယ်။ Contract Farming ကလည်း ကျောက်တော်ဘက်မှာစပြီး လုပ်နေပါပြီ။ ဒါက စိုက်ပျိုးရေး မွေးမြူရေးအပိုင်းဖြစ်ပါတယ်။ နောက် မြောက်ဦး လေယာဉ်ကွင်းကို ဆောင်ရွက်နေသလို တစ် ဖက်ကလည်း မြောက်ဦးကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အောင်ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် အမွေအနှစ်စာရင်းဝင်သွားလို့ရှိရင် ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ အလုပ်အကိုင်တွေ ရရှိမှာဖြစ်ပါတယ်။ အလားတူပဲ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကိုလည်း ပြည်ထောင်စုအစိုးရကနေ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီကိုဖွဲ့စည်းပြီးတော့မှ တင်ဒါအောင်မြင်ပြီးဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Inter national Trust and Investment Company (CTITC) ကုမ္ပဏီနဲ့လည်း အသေးစိတ်တွေ ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်လျက် ရှိပါတယ်။ အဲဒါကိုလည်း မကြာခင်မှာ အကောင်အထည်ဖော်သွားဖို့ ရှိပါတယ်။ နောက် ရခိုင် ပြည်နယ်ရဲ့အလားအလာအကောင်းဆုံး ခရီးသွားလာရေးဖြစ်ပါတယ်။ ခရီးသွားလာရေးကို လည်း ကျွန်တော်တို့ငပလီဒေသ နောက် ဂွ၊ ကမ်းသာယာဒေသကိုလည်း ကျွန်တော် ဟိုတယ်ဇုန်အသစ်တွေ ဖော်ထုတ်ပြီးတော့မှ ဆောင်ရွက်သွားဖို့ အစီအမံတွေ ရေးဆွဲထားပြီးဖြစ်ပါတယ်။

 

■  မေး - အခုလတ်တလောမှာ မောင်တော ဒေသမှာဖြစ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ်ရဲ့စီးပွားရေးလုပ်ငန်းတွေ စီမံကိန်းတွေကို သက်ရောက်မှုတွေ ရှိပါသလား။

ဖြေ -  လတ်တလောကတော့ ဒီမောင်တော ဒေသတစ်ခုပဲဖြစ်တယ်။ ကျန်တဲ့နေရာတွေကတော့ အကုန်တည်ငြိမ်နေတာဖြစ်ပါတယ်။ဆိုတော့ လတ်တလောအနေအထားကြောင့်တော့ ကျွန်တော်တို့စီးပွားရေးလုပ်ငန်းတွေ၊ စီမံကိန်းတွေကိုတော့ ထိခိုက်မှာမဟုတ်ပါဘူး။ ကျွန်တော်အဆင်ပြေစွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

 

 

Most Read

Most Recent