မန္တလေးမြို့တွင် ပထမဆုံးအကြိမ် ဖန်ပြွန်သန္ဓေသား ပြုလုပ်ပေးခြင်း (In Vitro Fertilization) ဝန်ဆောင်မှု စတင်ပေးမည်

မန္တလေးမြို့တွင် ပထမဆုံးအကြိမ် ဖန်ပြွန်သန္ဓေသား ပြုလုပ်ပေးခြင်း (In Vitro Fertilization) ဝန်ဆောင်မှု စတင်ပေးမည်
Published 17 September 2017

မန္တလေးမြို့ အင်ကြင်းဖြူအထူးကုဆေးရုံနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Life Science Center (Thailand) တို့ပူးပေါင်းပြီး သားသမီးမရနိုင်သူတို့အား ဖန်ပြွန်သန္ဓေသား ပြုလုပ်ပေးခြင်း In Vitro Fertilization ဝန်ဆောင်မှု စတင်ပြုလုပ်ပေးမည်ဟု ဆိုသည်။

“ရန်ကုန်မြို့ ဗဟိုရ်စည်ဆေးရုံမှာတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ပါတယ်။ အောင်မြင်မှုတွေလည်း ရှိခဲ့တယ်။ မန္တလေးမြို့မှာတော့ အခုက ပထမဆုံးအကြိမ် ဖန်ပြွန်သန္ဓေသားနဲ့ ပတ်သက်တဲ့ ကုသမှုဝန်ဆောင်မှုတွေ ပေးသွားမှာပါ။ တစ်ဦးနဲ့တစ်ဦး ကုန်ကျငွေလည်း မတူညီနိုင်ပါဘူး။ လိုအပ်တဲ့ အခြေနေပေါ်မူတည်ပြီး ကုန်ကျစရိတ် ကွာခြားနိုင်ပါတယ်။ မကြာခင် လပိုင်းအတွင်း စတင် လုပ်ဆောင်သွားမှာပါ။ ဖန်ပြွန်သန္ဓေက သဘာဝကပေးတဲ့ သားသမီးရတနာကို ရရှိဖို့ အခက်အခဲရှိနေသူတွေကို ကူညီပေးတာပါ။ မိခင်၊ ဖခင်ရဲ့ မျိုးဥကို ယူပြီး Test Tube ၂၀ လောက်နဲ့ ပြုစုပျိုးထောင်မယ်။ အကောင်းဆုံးသန္ဓေသားကို ရွေးချယ်ပြီး မိခင်သားအိမ်ထဲကို ထည့်ပေးမှာပါ” ဟု အင်ကြင်းဖြူဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါ်ခင်မို့မို့က ပြောကြားသည်။

အဆိုပါ ဖန်ပြွန်သန္ဓေသား ပြုလုပ်ပေးခြင်း In Vitro Fertilization ဝန်ဆောင်မှုကို အင်ကြင်းဖြူအထူးကုဆေးရုံနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Life Science Center (Thailand) တို့မှပူးပေါင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှ ဆရာဝန်ကြီးများက တစ်လလျှင် တစ်ကြိမ် အင်ကြင်းဖြူဆေးရုံသို့ လာရောက်ကာ သားသမီး ရရှိရန် အခွင့်အရေး နည်းပါးသူများအတွက် လူနာများနှင့်တွေ့ဆုံကာ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ စစ်ဆေးမှု ခံယူပြီးသူများက သန္ဓေသား ထည့်သွင်းရန်၊ ခိုင်မြဲမှုရှိရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နှစ်လခန့် နေထိုင်ကာ ကုသမှု ခံယူရမည်ဖြစ်ကြောင်း၊ နေထိုင်စားသောက်စရိတ်များ မပါဝင်ဘဲ အမေရိကန် ဒေါ်လာ ၁၀၀၀၀  ခန့် ကုန်ကျမည်ဖြစ်ကြောင်း၊ မကြာခင် လပိုင်းအတွင်း စတင်ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း၊ အောင်မြင်မှု ရာခိုင်နှုန်းမှာ မိခင် အသက်ပေါ်မူတည်ကာ ပြောင်းလဲမှု ရှိကြောင်း၊ အသက် ၄၀ ပတ်ဝန်းကျင် အမျိုးသမီးများက သားသမီး ရရှိနိုင်ရန် အောင်မြင်မှု ရာခိုင်နှုန်း ၅၀ ခန့် ရှိကြောင်း၊ အသက် ၃၅ အောက် အမျိုးသမီးများက အောင်မြင်မှု ရာခိုင်နှုန်း ၈၀ အထက်ရှိကြောင်း သိရသည်။

Most Read

Most Recent