ရတနာပုံတက္ကသိုလ် ကျောင်းသား၊ကျောင်းသူ နှစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မန္တလေးမြို့ အမရပူရမြို့နယ်အတွင်းရှိ ဘော်ဒါဆောင်တွင်နေထိုင်ကြသည့် ရတနာပုံတက္ကသိုလ် ကျောင်းသားနှင့် ကျောင်းသူနှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများကို စက်တင်ဘာ ၁၅ ရက် နံနက် ၁ နာရီဝန်းကျင် က ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးထံမှ သတင်းရရှိသည်။

မူးယစ်ဆေးဝါးသတင်းအရ အမရပူရ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက် သေများနှင့်အတူအမျိုးသမီးဘော်ဒါဆောင် တစ်ခုအား ၀င်ရောက်ရှာဖွေခဲ့ရာ မဖြူစင် မြင့်(၂၀နှစ်)ပထမနှစ်ကျောင်းသူ၏ ဘောင်းဘီခါးကြားအတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၃၅ ပြားအား တွေ့ရှိခဲ့ ကြောင်း သိရသည်။ ထိုသို့ဆေးပြားများတွေ့ ရှိမှုနှင့် ပတ်သက်ပြီး စစ်ဆေးခဲ့ရာ အဆိုပါ ဆေးပြားများကို အဆောင်နှင့်ကပ်လျက်တွင် နေထိုင်သော အမျိုးသားဘော်ဒါဆောင်မှ ရည်းစားဖြစ်သူ ဖြိုးသီဟကျော်(၂၀ နှစ်)က သိမ်းဆည်းခိုင်းထားသော ဆေးပြားများ ဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း၊ ထို့ကြောင့် ဖြိုးသီဟကျော် အဆောင်သို့ ၀င်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ဘော်ဒါဆောင်ခေါင်မိုးပေါ်ရှိ ၀ါးလုံးခေါင်းတွင်းသို့ သိမ်းဆည်းထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု သိရသည်။

ထိုသို့ မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့သူ မဖြူစင်မြင့်နှင့် ဖြိုးသီဟကျော်တို့ နှစ်ဦးကို အမရပူရမြို့မရဲစခန်းတွင် မယ(ပ)၉/၂၀၁၈၊ မူးစိတ်ပုဒ်မ၁၉(က)/၂၁ဖြင့်လည်းကောင်း၊ ဖြိုးသီဟကျော်ကို မယ(ပ)၁၀/၂၀၁၈၊ မူး စိတ်ပုဒ်မ ၁၆(ဂ)တို့ဖြင့် အသီးသီး အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထားသည့် ဒါရိုက်တာမိုက်တီးအား ဒုတိယအကြိမ် ရုံးထုတ်ရမန်ယူပြီး လာမည့်ရုံးချိန်းတွင် စတင်တရားစွဲဆိုမည်

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားသည့် ဒါရိုက်တာ မိုက်တီး(ခေါ်)သန်းထွန်းဇော်အား တာမွေတရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်ရမန်ယူပြီး လာမည့်ရုံးချိန်းတွင် စတင် တရားစွဲဆိုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဒါရိုက်တာ မိုက်တီး (ခေါ်) သန်းထွန်းဇော်အား သြဂုတ် ၃၁ ရက် နံနက် ၉ နာရီခွဲဝန်းကျင်က တာမွေတရားရုံးတွင် ရုံးထုတ်ရမန်ယူခဲ့ပြီး လာမည့် စက်တင်ဘာ ၁၄ ရက်တွင် စတင်တရားစွဲဆိုမည်ဖြစ်ကြောင်း သိရသည်။
“ဒီနေ့ရုံးချိန်းမှာ ဒါရိုက်တာမိုက်တီးကို ဒုတိယ ရမန်ယူတယ်။ စက်တင်ဘာ ၁၄ ရက်မှာတော့ စတင်တရားစွဲဆိုသွားမှာပါ။ ဆေးစစ်ချက်အဖြေကတော့ မသိသေးပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနှင့် ဖမ်းဆီးခံရသည့် ဒါရိုက်တာမိုက်တီးအား သြဂုတ် ၂၁ ရက်က အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၆ ရက် ည ၁၁ နာရီခန့်တွင် တာမွေမြို့နယ်၊ တာမွေကြီး (ခ) ရပ်ကွက် ၊ အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်းရှေ့၌ တာမွေအ၀ိုင်းထိပ်ဘက်မှ ရွှေထွဋ်တင်ကွင်းဘက်သို့ ရန်ကင်းမြို့နယ်နေ သန်းထွန်းဇော် (၅၃ နှစ်) (ရုပ်ရှင်ဒါရိုက်တာ မိုက်တီး)မောင်းနှင်လာသည့် 9D/ – – – – MAZDZDEMIO ယာဉ်အား ရပ်တန့်စစ် ဆေးခဲ့ကြောင်း၊ ထိုအချိန်တွင် ယာဉ်မောင်း ထိုင်ခုံနှင့် ကျောမှီကြားရှိ မျက်မှန်ဘူးအတွင်းမှ WY စိတ်ကြွ ဆေးပြား ၂၆ ပြား၊ အလေးချိန် ၂ ဒသမ ၆ ဂရမ်၊ လက်ကိုင်ဖုန်းနှစ်လုံး၊ ယာဉ်မောင်းလိုင်စင်တစ်ခု၊ ၀ှီးတက်တစ်ခု နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြု သည့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးတွေနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ဒါရိုက်တာမိုက်တီး (ခေါ်) သန်းထွန်းဇော်ကို တာမွေမြို့မရဲစခန်းမှာမူး ယစ် (ပ) ၂၉/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆ (ဂ) နဲ့ အမှုဖွင့်ထားပြီး ကွင်းဆက်ကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်နိုင်ရန်အတွက် စစ်ဆေးမှုတွေဆက်လက် လုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
မူးယစ်ဥပဒေ ပုဒ်မ ၁၆ (ဂ) တွင် မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးကို လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်း ခြင်းတို့ပြုလုပ်ပါက ထိုသူအား ထောင်ဒဏ် အနည်းဆုံး ငါးနှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

သြဂုတ်လဆန်းပိုင်းမှစပြီး အနုပညာ လောကအတွင်း စိတ်ကြွ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများ ရှိလာခဲ့သည်။

သြဂုတ် ၉ ရက်က ရန်ကင်းမြို့နယ် အမှတ် (၁) ရပ်ကွက် ရန်ကင်းလမ်း၊ Golden City အိမ်ရာနေ အဆိုတော် ရွှေထိုက် (ခ) မဝေလွင်ဇော်နှင့် အမျိုးသားတစ်ဦးအား စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁၉၉၄ ပြား၊ အိုက်စ် ၇၇၃ ဂရမ်၊ ဘိန်းဖြူ ၁၁ ဂရမ်နှင့် ဆေးခြောက် ၁၂ ဂရမ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ရန်ကင်း မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အလားတူ သြဂုတ် ၁၅ ရက်ကလည်း အဆိုတော် ရဲမင်းသိန်း(ခ)ရသ အပါအ၀င် သုံးဦးအား မန္တလေးမြို့ ချမ်းမြသာစည်မြို့ နယ်ထွန်တုံးရပ်ကွက် အောင်ဇေယျလမ်း ၄၉ လမ်းနှင့် ၅၀ လမ်းကြားရှိ ဧည့်ရိပ်မွန်တစ်ခုတွင် စိတ်ကြွ ရူးသွပ်ဆေးပြား စုစုပေါင်း ၁၆၅၅ပြား၊ ကာလတန်ဖိုးကျပ် ၈၂၇၅၀၀၀ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အောင်ပင်လယ် နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

မောင်တောခရိုင် ဘူးသီးတောင်မြို့တွင် ငွေကျပ်သိန်းပေါင်း ၄၃၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွ ဆေးပြားပေါင်း ၁၄ သိန်းကျော် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော စိတ်ကြွ ဆေးပြားများကို တွေ့ရစဉ်

မောင်တောခရိုင် ဘူးသီးတောင်မြို့တွင် ငွေကျပ်သိန်းပေါင်း ၄၃၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွ ဆေးပြားပေါင်း ၁၄ သိန်းကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

“ဒီကနေ့ ညနေပိုင်းက ဘူးသီးတောင်မှာ ယာဉ်တစ်စီးပေါ်ကနေ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိတာဖြစ်ပါတယ်။ ငွေကျပ်သိန်းပေါင်း ၄၃၀၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွ ဆေးပြားပေါင်း ၁၄ သိန်းကျော်ကို တရားခံ နှစ်ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်”  ဟု မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထွန်းမြင့်ထွန်းက ပြောကြားသည်။

သြဂုတ် ၂၅ ရက် ညနေ ၆ နာရီခွဲခန့် တွင် မူးယစ်ဆေးဝါး သတင်းအရ ပြည်နယ်ရဲတပ်ဖွဲ့မှူး၏ စီမံကွပ်ကဲမှုဖြင့် မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထွန်းမြင့်ထွန်းကိုယ်တိုင် အနီးကပ်ကြီးကြပ်ပြီး ရဲတပ်ဖွဲ့မှ ဘူးသီးတောင်မြို့ အမှတ် (၅) ရပ်ကွက် မြို့ဝင်ထွက် စစ်ဆေးရေးဂိတ်တွင် ကားများအား စစ်ဆေးရှာဖွေရာ ဓည၀တီလမ်းအတိုင်း မြို့ဝင်၊ ထွက်စစ်ဆေးဂိတ်ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရှာဖွေရာ လှိုင်သာယာမြို့နယ် အမှတ် (၁) ရပ်ကွက်နေ ယာဉ်မောင်း အောင်မျိုးလွင် ( ၃၇ နှစ်) (ဘ)ဦးသန်းကျော် မောင်းနှင်ကာ ယာဉ်ပေါ်တွင် တစ်ရပ်တည်းနေ ကျော်စိုးဦး (ခ) ခင်မောင်ဝင်း ( ၄၁ နှစ်)(ဘ) ဦးလှဝင်းလိုက်ပါလာပြီး ယာဉ်အား သက်သေများနှင့်အတူ ဆက်လက်ရှာဖွေရာ ယာဉ်နောက်ခန်းတွင် ပီနံအိတ်အကြီး ခုနစ်ထုပ်၊ အသေးတစ်ထုပ်အတွင်းမှ မြင်းချေးရောင် စက္ကူဖြင့် ထုပ်ထားသော အထုပ် ၁၄၉ ထုပ် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအထုပ် ၁၄၉ ထုပ်အား သက်သေများရှေ့  ဖွင့်ဖောက်စစ်ဆေးရာ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄၅၂၇၅၀ ပြား၊ ကာလတန်ဖိုးတစ်ပြားလျှင် ကျပ်  ၃၀၀၀ နှုန်းဖြင့် စုစုပေါင်း တန်ဖိုး ၄၃၅၈၂၅၀၀၀၀ ကျပ်အား ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။

အမှုနှင့်ပတ်သက်ပြီး မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ အောင်မျိုးလွင်နှင့် ကျော်စိုးဦး (ခ) ခင်မောင်ဝင်းတို့နှစ်ဦးအား ဘူးသီးတောင် မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သြဂုတ် ၁၇ ရက် ညနေပိုင်းကလည်း မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု ရွှေဇားတံတားအနီးတွင် တွေ့ရှိသည့် ဂျင်း (ချင်း)များ တင်ဆောင်လာသော တေပါယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရာမှ ချင်းများ ဖြင့် ရောနှောတင်ဆောင်လာသော ငွေကျပ် သိန်းပေါင်း ၈၃၀၀၀ နီးပါးတန်ဖိုးရှိ စိတ်ကြွ ဆေးပြားပေါင်း ၂၇၆၆၀၀၀ ပြားကို စံချိန်တင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။