မြောက်အမေရိက၏ ၀င်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် Venom ဆက်လက်ရပ်တည်

First Man ရုပ်ရှင်မှ ဇာတ်ဝင်ခန်းတစ်ခု (Photo: AP)

ဆိုနီမှထုတ်လုပ်သော စူပါဟီရိုးရုပ်ရှင် Venom သည် ပြီးခဲ့သည့် သီတင်းပတ်ကလည်း မြောက်အမေရိကဒေသ၏ ၀င်ငွေအကောင်းဆုံးရုပ်ရှင် ၁၀ ကားစာရင်းတွင် ထိပ်ဆုံး၌ ထပ်မံရပ်တည်ခဲ့သည်။ ဒုတိယမြောက် ၀င်ငွေအများဆုံးရုပ်ရှင်အဖြစ် ပြီးခဲ့သည့် သီတင်းပတ်ကကဲ့သို့ပင် A Star is Born က ရပ်တည်ခဲ့သည်။

ပြင်းပြင်းထန်ထန် ဝေဖန်မှုများရရှိထားသည့်ကြားမှ Venom သည် ပြီးခဲ့သောသီတင်းပတ်၏ နောက်ဆုံးသုံးရက်အတွင်း ၀င်ငွေ ဒေါ်လာ ၃၅.၇ သန်းရရှိခဲ့ပြီး နိုင်ငံတကာ၌ ပြသရာတွင် ဒေါ်လာ ၆၉.၇ သန်း ရရှိခဲ့သည်။ အပြုသဘောဆောင်သည့် ဝေဖန်မှုများ ရရှိထားသော ဘရက်ဒလေကူးပါး၏ A Star is Born မှာ ၀င်ငွေ ဒေါ်လာ ၂၈ သန်း ရရှိခဲ့သည်။

Venom သည် စတင်ထွက်ရှိချိန်မှစပြီး မြောက်အမေရိကဒေသတစ်ခုတည်းမှာပင် ၀င်ငွေဒေါ်လာ ၁၄၂.၈ သန်း ရရှိထားပြီ ဖြစ်သည်။

လကမ္ဘာသို့ ၁၉၆၉ ခုနှစ်က ပထမဆုံး ခြေချခဲ့သည့် အမေရိကန်အာကာသယာဉ်မှူး နေးလ်အမ်းစထရောင်း၏ အကြောင်းကို ရိုက်ကူးထားသော First Man ရုပ်ရှင်ကားသစ်မှာမူ ပွဲဦးထွက်သီတင်းပတ်တွင် ၀င်ငွေဒေါ်လာ ၁၆.၅ သန်းရရှိပြီး စာရင်း၏ တတိယနေရာ၌ ရပ်တည်နေသည်။ ထိုရုပ်ရှင်၌ ရိုင်ယန်ဂိုစလင်းက နေးလ်အမ်းစထရောင်းနေရာမှ ပါဝင်သရုပ်ဆောင်ထားသည်။ ရုပ်ရှင် သုံးသပ်ရေးဝက်ဘ်ဆိုက် rottentomatos တွင် ၈၈ ရာခိုင်နှုန်းအထိ ရရှိထားသည့် First Man သည် ဒေါ်လာသန်း ၆၀ နီးပါး အကုန်အကျခံ ရိုက်ကူးထားခြင်းဖြစ်ပြီး နိုင်ငံတကာ၌ ပြသရာတွင် ၀င်ငွေဒေါ်လာ ၂၅ သန်း ရရှိထားသည်။ First Man ရုပ်ရှင်သည် လူကြီးပိုင်းပရိသတ်ကို ရည်ရွယ်ထားခြင်းဖြစ်ပြီး စတင်ပြသသည့် သီတင်းပတ်တွင် လူများစုပြုံ ၀င်လာမည်ကို မမျှော်လင့်ထားကြောင်း၊ First Man သည် တာတိုပြေးပွဲမဟုတ်ဘဲ မာရသွန်ပြေးပွဲဖြစ်လိမ့်မည်ဖြစ်ကြောင်း ထိုရုပ်ရှင်ကို ထုတ်လုပ်သည့် Universal က ဆိုသည်။ First Man ၏ ဒါရိုက်တာမှာ အော်စကာဆုရှင် ဒါမီယန်ချာဇယ်လီဖြစ်သည်။

စာရင်း၏ နံပါတ်လေးနေရာတွင် ရှိနေသည်မှာ ဆိုနီမှပင်ထုတ်လုပ်သည့် Goosebumps 2: Haunted Halloween ဖြစ်သည်။ မိသားစုလိုက်ကြည့်ရှုရန် သင့်တော်သော အဆိုပါ နောက်ဆက်တွဲရုပ်ရှင်သည် R.L.Stine ၏ ကလေးများအတွက် စာအုပ်စီးရီးကို အခြေခံရိုက်ကူးထားခြင်းဖြစ်ကာ ၀င်ဒီမက်လန်ဒန်-ကိုဗေးနှင့် မက်ဒီဆန်အိုင်ဆီမန်းတို့က ပါဝင်သရုပ်ဆောင်ထားသည်။

ဝင်ငွေအများဆုံးစာရင်း၏ ပဉ္စမနေရာတွင် ရှိနေသည်မှာ Warner Bros မှ ထုတ်လုပ်သော အန်နီမေးရှင်းရုပ်ရှင်ဖြစ်သည့် Smallfoot ဖြစ်ပြီး ၀င်ငွေဒေါ်လာ ၉.၃ သန်း ရရှိခဲ့သည်။

ဗီလိန် Venom က မြောက်အမေရိက၏ ၀င်ငွေအများဆုံးရုပ်ရှင် ဖြစ်လာ

Photo: AP

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက စူပါဟီးရိုးရုပ်ရှင် Venom သည် မြောက်အမေရိကဒေသတွင်း၌ ၀င်ငွေအများဆုံးရုပ်ရှင် ဖြစ်လာခဲ့ပြီး ပွဲဦးထွက်ဝင်ငွေဒေါ်လာ သန်း ၈၀ ၀န်းကျင် ရရှိခဲ့သည်။

ဆိုနီ၏ Marvel Universe မှ ထုတ်လုပ်သော Venom တွင် တွမ်ဟာဒီက ဂျာနယ်လစ်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ၎င်း၏ကိုယ်ထဲသို့ ဂြိုဟ်သားတစ်ကောင် ရောက်လာခဲ့ပြီးနောက် ၎င်းစွမ်းအားမှာ အလွန်ကြီးမားလာခဲ့သည်။ စူပါဟီးရိုးဆန့်ကျင်ရေး ဇာတ်ကောင်ဖြစ်သည့် Venom သည် ကာတွန်းစာအုပ်တွင်မူ Spider-Man ထဲမှ ဗီလိန်ဖြစ်သည်။

ရုပ်ရှင်သုံးသပ်သူများ၏ ချိုးချိုးဖဲ့ဖဲ့ ဝေဖန်ခြင်းကို ခံထားရသော Venom သည် ရုပ်ရှင်ဝေဖန်ရေးဝက်ဘ်ဆိုက် rottentomatos တွင်လည်း ၃၂ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။ သို့သော် Venom သည် အောက်တိုဘာလတွင်ထွက်သော ရုပ်ရှင်များ၏ ပွဲဦးထွက် ၀င်ငွေစံချိန်ကို ဒေါ်လာ သန်း ၂၀ အသာဖြင့် လွယ်လင့်တကူ ချိုးဖျက်နိုင်ခဲ့သည့်အပြင် နိုင်ငံတကာ၌ ပြသရာတွင်လည်း ဒေါ်လာ ၁၂၅ သန်းကျော် ရရှိထားပြီးဖြစ်သည်။ Venom သည် ဒေါ်လာ သန်း ၁၀၀ ကျော် အကုန်အကျ ခံရိုက်ကူးထားခြင်း ဖြစ်သော်လည်း အဆိုပါ ပမာဏမှာ စူပါဟီးရိုးရုပ်ရှင်တစ်ကားအတွက်မူ အသင့်အတင့်လောက်သာရှိသည်။

ဝင်ငွေအကောင်းဆုံးစာရင်း၏ ဒုတိယနေရာတွင် ရှိနေသည်မှာ ရုပ်ရှင်ကားသစ် တစ်ကားဖြစ်သည့် A Star is Born ဖြစ်ပြီး ယင်းသည်လည်း ၀င်ငွေဒေါ်လာ ၄၁ ဒသမ ၂၅ သန်းအထိ ရရှိခဲ့သည်။ ၁၉၃၇ ခုနှစ်က ရုပ်ရှင်ကို ယင်းနာမည်ဖြင့် ပြန်လည်ရိုက်ကူးထားသော A Star is Born သည် ဘရက်ဒလေကူးပါး၏ ဒါရိုက်တာအဖြစ် ပွဲဦးထွက် လက်ရာဖြစ်သည်။ A Star is Born တွင် ကူးပါးသည် ငယ်ရွယ်သော အဆိုတော် မိန်းကလေး (လေဒီဂါဂါ) အား ချစ်ကြိုက်မိသွားသည့် အနုပညာရှင်တစ်ဦးနေရာမှ သရုပ်ဆောင်ထားသည်။ ရုပ်ရှင်အမျိုးအစားချင်း မတူသော Venom နှင့် A Star is Born တို့ကြောင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အမေရိကန်နှင့် ကနေဒါရုပ်ရှင်ရုံများတွင် စုစုပေါင်း ရောင်းချခဲ့ရသည့် လက်မှတ်စောင်ရေ ၁၇၅ ဒသမ ၅ သန်းရှိခဲ့ပြီး သမိုင်းတစ်လျှောက် အခြေအနေ အကောင်းဆုံး အောက်တိုဘာ သီတင်းပတ်ကုန်ရက် ဖြစ်ခဲ့သည်။

စာရင်း၏ တတိယနေရာ၌ ရှိနေသည်မှာ အန်နီမေးရှင်းရုပ်ရှင် Smallfoot ဖြစ်ပြီး ၀င်ငွေဒေါ်လာ ၁၄ ဒသမ ၉ သန်း ရရှိခဲ့သည်။ ပြီးခဲ့သည့် သီတင်းတစ်ပတ်ကျော်က ၀င်ငွေ အကောင်းဆုံးဖြစ်ခဲ့သည့် ဇာတ်မြူးရုပ်ရှင် Nightschool သည် ၀င်ငွေဒေါ်လာ ၁၂ ဒသမ ၃ သန်းရရှိပြီး နံပါတ်လေးနေရာသို့ ဆင်းသွားခဲ့သည်။ စာရင်း၏ နံပါတ်ငါးနေရာတွင် ရှိနေသည်မှာမူ The House With a Clock in Its Walls ဖြစ်ပြီး ၀င်ငွေဒေါ်လာ ၇ ဒသမ ၃ သန်း ရရှိထားသည်။