တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) က ဖမ်းဆီးထားသည့် အမျိုးသမီးတစ်ဦး ပြန်လွှတ်ပေးရေးကိစ္စအား ကူညီပေးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ SNLD ပါတီ စာပေးပို့

တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) က ဖမ်းဆီးထားသည့် အမျိုးသမီးတစ်ဦး ပြန်လွှတ်ပေးရေးကိစ္စအား ကူညီဆောင်ရွက်ပေးပါရန်  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက သြဂုတ် ၂၇ ရက် နေ့စွဲဖြင့် စာရေးသားပေးပို့ထားသည်ကို သြဂုတ် ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။

သြဂုတ် ၁၇ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်နေ နန်းမိုဟွမ်အား အရပ်ဝတ်လက်နက်ကိုင် အမျိုးသားငါးဦးက လူမြင်ကွင်းအတွင်း လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ကို မီဒီယာများမှတစ်ဆင့် ကြားသိပြီးဖြစ်မည်ဟု မျှော်လင့်ကြောင်း၊ နန်းမိုဟွမ်သည် ကလေးသုံးဦးမိခင်ဖြစ်ပြီး ခင်ပွန်းနှင့်အတူ ဆောက်လုပ်ရေးပစ္စည်းရောင်းသည့် အိမ်ဆိုင်ဖွင့်လှစ်ထားကြောင်း၊ ၎င်းအား ဖမ်းဆီးသွားသူများမှာ ပလောင်လက်နက်ကိုင်အဖွဲ့ (TNLA) အဖွဲ့ဝင်များဖြစ်ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူက သတင်းမီဒီယာများတွင် ၀န်ခံထားပြီးဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ထားသောစာတွင် ရေးသားထားသည်။

ထို့ပြင် TNLA အဖွဲ့၏အဆိုအရ နန်းမိုဟွမ်သည် ၎င်းတို့အဖွဲ့၏ ဥပဒေကို ချိုးဖောက်သည့်အတွက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းလည်း သိရှိရသည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ပေးပို့သောစာတွင် ဖော်ပြထားသည်။

TNLA အဖွဲ့သည် ရှမ်းပြည်နယ်လွှတ်တော်က အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ခြင်းကို ခံထားရသော်လည်း ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ အစည်းအဝေးတက်ခွင့်ရထားသလို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပြင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်လည်း တွေ့ဆုံဆွေးနွေးခွင့်ရရှိထားကြောင်း၊ ၎င်းတို့ထံ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှတစ်ဆင့် ဆက်သွယ်အကြောင်းကြားနိုင်သည်ဖြစ်၍ အရပ်သားပြည်သူတစ်ဦးအား ဥပဒေမဲ့ ဖမ်းဆီးခေါ်ဆောင်သွားသည့် အစိုးရနှင့် တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးဖက် TNLA မှ နန်းမိုဟွမ်အား  ခြင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးနိုင်ရေး ကူညီဆောင်ရွက်ပါရန် ပန်ကြားအပ်ကြောင်း  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ပေးပို့သောစာတွင် ပါရှိသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်နေသည့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် အစိုးရအနေဖြင့် နိုင်ငံသားတစ်ဦး၏ ဘ၀လုံခြုံမှုနှင့် လူမှုလွတ်လပ်ခွင့်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ ထိရောက်မှန်ကန်စွာ ဆောင်ကြဉ်းပေးနိုင်ပါစေကြောင်း ဆန္ဒပြုတိုက်တွန်းလိုက်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ပေးပို့သောစာတွင် SNLD ပါတီက ရေးသားထားသည်။

သြဂုတ် ၂၄ ရက်က နန်းမိုဟွမ် ပြန်လည်လွတ်မြောက်ရေးနှင့်ပတ်သက်ပြီး တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နန်းမိုဟွမ်ကို အမြန်ဆုံး ပြန်လွှတ်ပေးမည်ဟု TNLA ဘက်က ကတိက၀တ်ပြုထားကာ ထပ်မံတွေ့ဆုံရန်ရှိကြောင်း SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးသန်းအောင်က ပြောကြားထားသည်။

 

၂၁ ရာစုပင်လုံ တတိယအစည်းအဝေးပြီးနောက် တပ်မတော်နှင့် TNLA တိုက်ပွဲပေါင်း (၁၅) ကြိမ် ဖြစ်ပွားခဲ့ပြီး တွေ့ဆုံဆွေးနွေးရန် အစိုးရက အကြောင်းမပြန်သေးဟု TNLA ပြောကြား

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းဝေးပြီးနောက် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တပ်မတော်နှင့် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့ကြား တိုက်ပွဲပေါင်း (၁၅) ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများ ရပ်တန့်ရေး တွေ့ဆုံ ဆွေးနွေးရန် အစိုးရဘက်က အကြောင်းပြန်ကြားမှု မရှိသေးကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တားအိုက်ကျော်က ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးအား ၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးအပြီး တစ်လခွဲအတွင်း တပ်မတော်နှင့် TNLA တို့သည် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တိုက်ပွဲပေါင်း (၁၅) ကြိမ် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

ရှမ်းမြောက်ဒေသအတွင်း တိုက်ပွဲများ လျှော့ချရေးနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ ၀င်လက်မှတ်ရေးထိုးနိုင်အောင် နည်းလမ်းရှာဖွေရေးအတွက် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ဖြစ်သော တအန်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့၏ တွေ့ဆုံ ဆွေးနွေးပွဲကို သြဂုတ် ၁၂ ရက်တွင် တရုတ်နိုင်ငံ၊ ကူမင်းတွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ယင်းအစီအစဉ်မှာ ပျက်ပြယ်သွားခဲ့ခြင်း ဖြစ်သည်။

“သူတို့ (ငြိမ်းချမ်းရေးကော်မရှင်) ဘက်က တစ်ဖက်သတ် ရပ်ဆိုင်းသွားတာလေ။ လက်ရှိအချိန်အထိ ဘာမှတော့ အကြောင်းပြန်ကြားတာ မရှိသေးဘူး။ ဒီအတိုင်းပဲ” ဟု ဗိုလ်မှူး တားအိုက်ကျော်က ပြောသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်းငေါ့မြို့နယ် ခွဲနမ့်ဖိတ်ကျေးရွာနှင့် လွယ်ပန်တန်ကျေးရွာ အကြားတွင် တပ်မတော်နှင့် TNLA တို့ အချိန်ကြာမြင့်စွာ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြပြီး တပ်မတော် တပ်မ ၇၇ လက်အောက်ခံ ခလရ (၆) နှင့် TNLA တို့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု TNLA သတင်းနှင့်ပြန် ကြားရေးဌာနက သြဂုတ် ၁၉ ရက်ညတွင် သတင်းထုတ်ပြန်ခဲ့သည်။

ယခင်က တိုက်ပွဲဖြစ်ပွားချိန် အနည်းငယ်သာ ကြာမြင့်ခဲ့သော်လည်း သြဂုတ် ၁၉ ရက် တိုက်ပွဲတွင်မူ နံနက်ပိုင်း ၁၁ နာရီ ၃၀ မှ မွန်းလွဲ ၂ နာရီအထိ တစ်ကြိမ်၊ ညနေပိုင်း ၄ နာရီမှ ည ၇ နာရီအထိ တစ်ကြိမ် စုစုပေါင်း အချိန်ကြာမြင့်သောတိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဟုတ်တယ်။ မနေ့က တပ်မတော်က ကျွန်တော်တို့ကို တောထဲအထိလိုက်ပြီး ထိုးစစ်ဆင်နေလို့ အချိန်က ကြာသွားတာ” ဟု ဗိုလ်မှူး တားအိုက်ကျော်က ပြောသည်။

တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသကဲ့သို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့်လည်း တိုက်ပွဲများ ဖြစ်ပွားနေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

တိုင်းရင်းသားများ၏ အခွင့်အရေးကို လက်မခံ၊ အသိအမှတ် မပြုခြင်းသည် ပြည်တွင်းစစ် ဖြစ်ပွားနေရခြင်း၏ အဓိက အရင်းခံပြဿနာဟု TNLA အထွေထွေအတွင်းရေးမှူး ပြောကြား

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးလာကြသူ ဒေသခံများအား နမ္မတီးမြို့ နှစ်ခြင်းဘုရားကျောင်းအတွင်း ဧပြီလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-မုန်ဆန်အောင်)

လူမျိုးပေါင်းစုံနေထိုင်သည့် မြန်မာနိုင်ငံတွင် လူမျိုးစုများ၏ နိုင်ငံရေးအခွင့်အရေး ဆိတ်သုဉ်းပျက်စီးနေခြင်း၊ တိုင်းရင်းသား အခွင့်အရေးကို လက်မခံ၊ အသိအမှတ် မပြုခြင်းများသည် ပြည်တွင်းစစ် ဖြစ်ပွားနေရခြင်း၏ အဓိက အရင်းခံပြဿနာ ဖြစ်သည်ဟု တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးချုပ်တားဘုန်းကျော်က ပြောကြားသည်။

TNLA သတင်းနှင့် ပြန်ကြားရေးဌာနက လစဉ်ထုတ်ဝေသည့် စာစောင်တွင် “မြန်မာပြည်တွင်းစစ် ရာစုနှစ်ထိအောင် ရှည်ကြာမှာလား” ဟူသော ခေါင်းစဉ်ဖြင့် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က ဆောင်းပါးရေးသားခဲ့ပြီး ၎င်းက အဆိုပါ ဆောင်းပါးတွင် ထိုသို့ထည့်သွင်း ရေးသားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများ အနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နိုင်ငံရေး အခွင့်အရေးကို ကျင့်သုံးခွင့်ရရှိမည်ဆိုပါက ဗြိတိသျှကိုလိုနီများ မည်သို့ပင် သိမ်ဖျင်းသော သွေးခွဲအုပ်ချုပ်မှုမျိုး လုပ်ခဲ့ပါစေ၊ အဆိုပါ သွေးခွဲမှုသည် အလုပ်ဖြစ်မည် မဟုတ်သကဲ့သို့ ပြည်တွင်းစစ်လည်း ဖြစ်ပွားမည်မဟုတ်ဘဲ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် နိုင်ငံရေး အခွင့်အရေးကို အတိအကျ အသိအမှတ်ပြုကာ အကောင်အထည်ဖော်ဆောင်ရန် လိုအပ်နေသည်ဟု ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြောကြားသည်။

ထို့ပြင် မြန်မာအစိုးရ အဆက်ဆက်သည်လည်း တိုင်းရင်းသားလူမျိုး အခွင့်အရေးကို အနည်းငယ်သာ အသိအမှတ်ပြုချင်ပြီး ဟန်ပြအသုံးချရုံလောက်သာ သဘောထားရှိခဲ့ကာ တော်လှန်ရေးလှုပ်ရှားသည့် အင်အားစုများကလည်း တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြဿနာအပေါ် နားလည်လက်ခံသလို ရှိသော်လည်း အရေးကြုံ ဆုံးဖြတ်ချက်ပေးရမည့် အချိန်တွင်မူ မှန်ကန်သော ပြဿနာဖြေရှင်းသည့်ဘက်မှ ပြတ်ပြတ်သားသား မရပ်တည်ဝံ့ဟု ၎င်းက အဆိုပါဆောင်းပါးတွင် ဝေဖန်ထောက်ပြထားသည်။

“မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက အခုအချိန်အထိ တိုင်းရင်းသားအရေးကိစ္စကို တကယ်ကိုင်တွယ် ဖြေရှင်းဝံ့သူ ဗမာခေါင်းဆောင်၊ ဗမာနိုင်ငံရေးပါတီ မရှိသေးပါ။ သူတို့ကိုယ်ကျိုးနဲ့ ပါတီအကျိုးအတွက်ပဲ တိုင်းရင်းသားတွေကို ခရီးသွားဟန်လွဲ အသုံးချခဲ့ကြတာကို တွေ့ရမှာပါ” ဟု ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြောဆိုသည်။

အချို့သော တိုင်းရင်းသား အင်အားစုများနှင့် ဒီမိုကရေစီအင်အားစုများသည် ကိုယ့်ကြမ္မာကိုယ် မဖန်တီးနိုင်တော့သည့်အတွက် ဒေါ် အာင်ဆန်းစုကြည်နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထံ ပုံအပ်လိုက်ကြပြီး ထိုသို့ပုံအပ်မှုကြောင့် တိုင်းရင်းသားများနှင့် ဒီမိုကရေစီ အင်အားစုများအကြား အဓိက ဆုံးရှုံးမှုသည် တော်လှန်ရေး တိုက်ဖော် တိုက်ဖက် စိတ်ဓာတ်ဟု ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို တပ်မတော်နှင့်သာ လုပ်ဆောင်ရန် ကြိုးပမ်းခဲ့ပြီး အခက်အခဲများကြားတွင် နှစ်ကာလ ကြာရှည်စွာ အတူရုန်းကန်ခဲ့ကြသည့် ဘ၀တူ မဟာမိတ် တိုင်းရင်းသားပါတီများအပေါ် လစ်လျူရှူ ခွဲခြားဆက်ဆံခဲ့သည်ဟု ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြောကြားသည်။

“တိုင်းပြည်တည်ဆောက်ရေး အတွက် အတူလက်တွဲလုပ်ဆောင်ဖို့ တန်ဖိုးထားမှု မရှိတာဟာ တိုင်းပြည်အတွက် တကယ် အင်မတန် နစ်နာတဲ့ဆုံးရှုံးမှု ဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၆ ခုနှစ်တွင် အစိုးရဖြစ်လာသော NLD ပါတီအနေဖြင့် ဆိုးဝါးသော အစိုးရဖွဲ့စည်းမှုနှင့် ပြည်ထောင်စုမဆန်သော လုပ်နည်းလုပ်ဟန်နှင့် ရပ်တည်ချက်များကြောင့်   တိုင်းရင်းသား လူမျိုးများ၏ ယုံကြည်မှုကို ပျက်ယွင်းစေခဲ့ပြီး လက်ရှိ နိုင်ငံ့ခေါင်းဆောင်များ၏ တိုင်းရင်းသားများအပေါ် သဘောထားသည် စစ်မှန်သော ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဆင့်မီ ပြည့်စုံခြင်းမရှိဟု ၎င်းက ထောက်ပြဝေဖန်ခဲ့သည်။

ပြည်တွင်းစစ်သည် တိုင်းပြည်၏ ဒီမိုကရေစီ အခြေခံအဆောက်အအုံများကို အင်အားချည့်နဲ့စေပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးနောက်ကျစေကာ အဆိုပါ ပြည်တွင်းစစ် ရပ်တန့်နိုင်ရေးသည် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူရေး၊ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မှသာ ဖြစ်မည်ဟု ဗိုလ်မှူးချုပ် တားဘုန်းကျော်က ၎င်း၏ “မြန်မာပြည်တွင်းစစ် ရာစုနှစ်ထိအောင် ရှည်ကြာမှာလား” ဟူသော ဆောင်းပါးတွင် သုံးသပ်ရေးသားခဲ့သည်။

 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်အာရှရေး ရာအထူးကိုယ်စားလှယ်တို့ မူဆယ်မြို့တိုက်ခိုက်ခံရမှုကြောင့် တရုတ်နိုင်ငံသို့ တိမ်းရှောင်ခဲ့သည့် အရပ်သားများအား စောင့်ရှောက်ထားမှု ကိစ္စရပ်အပါအ၀င် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေသည့် အခြေအနေများ ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်အာရှရေးရာ အထူးကိုယ်စားလှယ်တို့ ၂၀၁၇ ခုနှစ် အောက်တိုဘာလက တွေ့ဆုံခဲ့စဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်အား မေ ၂၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံရာတွင် မေ ၁၂ ရက်က မူဆယ်မြို့နယ်အတွင်းရှိ လုံခြုံရေးစခန်းများနှင့် မြို့တွင်းရှိနေအိမ်များအား KIA ၊ TNLA ပူးပေါင်းအဖွဲ့က အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များ၊ ယင်းအကြမ်းဖက်တိုက်ခိုက်မှုအပေါ် တရုတ်နိုင်ငံက ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပြီး အကြမ်းဖက်တိုက်ခိုက်မှုကြောင့် စိုးရိမ်ထိတ်လန့်၍ တရုတ်နိုင်ငံဘက်သို့ တိမ်းရှောင်ခဲ့သည့် အရပ်သားများအား တရုတ်နိုင်ငံကကောင်းမွန်စွာ စောင့်ရှောက်ပေးထားသည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် အစိုးရနှင့်တပ်မတော်မှ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် တရုတ်နိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ကောင်စစ်ဝန်ချုပ် Mrs.Li Xiaoyan ၊ စစ်သံမှူးနှင့်တာဝန်ရှိသူများ တက်ရောက်ကြခဲ့ကြောင်း သိရသည်။

ထို့အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်မစ္စတာ ဆွန်ကော့ရှန်တို့သည် မေ ၂၁ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံမှ ဆက်လက်ကူညီဆောင်ရွက်ပေးနေသည့်ကိစ္စ၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံက ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံမှ အပြုသဘော ပါဝင်ကူညီ အထောက်အကူပြုရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာအစိုးရနှင့် မြန်မာနိုင်ငံမြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တွေ့ဆုံဆွေးနွေးမှုများအတွက် ကြားဝင်ဆောင်ရွက်ပေးရန် မစ္စတာဆွန်ကော့ရှန်အား အဓိကတာဝန်ပေးထားခြင်း ဖြစ်သည်။

မစ္စတာဆွန်ကော့ရှန်သည် မေ ၁၈ ရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ဖွဲ့စည်းထားသည့်  ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) နှင့်တွေ့ဆုံဆွေးနွေးပြီးနောက် မြန်မာအစိုးရတာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံခြင်းလည်း ဖြစ်သည်။

ထို့အတူ မေ ၁၈ ရက်တွင် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ မြောက်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့များအနေဖြင့် ချုပ်တည်းမှုပြသရန်နှင့် အပစ်အခတ်ရပ်စဲရေး ချက်ချင်းကြေညာရန်ကြေညာချက်တစ်စောင် ထုတ်ပြန်တောင်းဆိုထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) အဖွဲ့က ယခုလအတွင်း ၀င်ရောက်ပစ်ခတ်မှုကြောင့် ဒေသခံအရပ်သား အမျိုးသား ၁၃ ဦး၊ အမျိုးသမီးနှစ်ဦး၊ ရဲအရာရှိတစ်ဦး၊ ပြည်သူ့စစ်သုံးဦး စုစုပေါင်း ၁၉ ဦး သေဆုံးခဲ့ပြီး အရပ်သား အမျိုးသား ၁၇ ဦး၊ အမျိုးသမီးတစ်ဦး၊ ရဲတပ်ဖွဲ့ဝင်သုံးဦး၊ ပြည်သူ့စစ်ခြောက်ဦး စုစုပေါင်း ၂၇ ဦးဒဏ်ရာရရှိခဲ့ပြီးနောက်ပိုင်းတွင် ဒဏ်ရာရရှိသူများထဲမှ သေဆုံးသူအချို့ ရှိသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေ ၁၂ ရက်က သတင်းထုတ်ပြန်ခဲ့ရာတွင် TNLA အဖွဲ့သာမက ကချင်လက်နက်ကိုင်အဖွဲ့ (KIA) လည်း ပစ်ခတ်တိုက်ခိုက်မှုတွင်ပါဝင်ကြောင်း ဖော်ပြထားသည်။

မူဆယ်မြို့သို့ ၀င်ရောက်တိုက်ခိုက်ခြင်းသည် တောတွင်း၌ တပ်မတော်မှ အင်အားအဆမတန် ဖြည့်တင်းလာခြင်းနှင့် မဟာမိတ် KIA နှင့် တိုက်ပွဲပြင်းထန်မှုကြောင့် အသေးစား စစ်ဆင်ရေးပြုလုပ်ခြင်းဖြစ်ကြောင်း TNLA က ကနဦးထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင်  TNLA ကရှင်းလင်းချက်ထုတ်ပြန်ရာတွင် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း အပါအ၀င် အခြားလုပ်ငန်းများဆောင်ရွက်နေသည့် ပန်ဆေးပြည်သူ့စစ်ပိုင် လောင်းကစားရုံအား ၀င်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုသို့တိုက်ခိုက်မှုများအပြီးတွင် TNLA အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် FPNCC အားမစ္စတာဆွန်ကော့ရှန်က တရုတ်နိုင်ငံကူ မင်းမြို့တွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး FPNCC အဖွဲ့ဝင်များအနေဖြင့် တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေးအတွက် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်၊ လက်ရှိဖြစ်ပျက်နေသော နိုင်ငံရေး၊ ဒေသတည်ငြိမ်ရေး ပြဿနာများကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေးအဖြေရှာသွားကြရန် တိုက်တွန်းအကြံပြုချက်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း FPNCC က ကြေညာချက်ထုတ်ပြန်သည်။

ထို့ပြင် တွေ့ဆုံမှု၌ မစ္စတာဆွန်ကော့ ရှန်ကလာမည့် (၂၁)ရာစု တတိယအကြိမ် ပင်လုံအစည်းအဝေးသို့ FPNCC အဖွဲ့ဝင်များအား တက်ရောက်ရန် ဖိတ်ကြားလာပါက တက်ရောက်ကြရန် တိုက်တွန်းအကြံပြုခဲ့ကြောင်းနှင့်  လက်ရှိဖြစ်ပျက်နေသော နိုင်ငံရေး၊ စစ်ရေးပြဿနာများ၊ နယ်စပ်ဒေသ တည်ငြိမ်ရေးကိစ္စများကို တွေ့ဆုံဆွေးနွေး အဖြေရှာရန် FPNCC အဖွဲ့ဝင်များအနေဖြင့် အဆင်သင့်ရှိသည်ကို ဆွေးနွေးခဲ့ကြကြောင်း FPNCC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရှမ်းပြည်နယ် နမ္မတူမြို့နယ်တွင် ယခုလအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၆၀၀ ကျော် နေရပ်မပြန်နိုင်ဘဲ စားနပ်ရိက္ခာ ၁၀ ရက်ခန့်သာ ရှိသဖြင့် အကူအညီများ လိုအပ်

နမ္မတူမြို့နယ်တွင် တိုက်ပွဲများကြောင့် တိမ်းရှောင်နေသည့် ပြည်သူများအား မေ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကိုမျိုး/သီပေါ)

ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်တွင် ယခုလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်  ၆၀၀ ကျော် နေရပ်မပြန်နိုင်သေးဘဲ စားနပ်ရိက္ခာ ၁၀ ရက်ခန့်သာ ရှိသဖြင့် အကူအညီများ လိုအပ်နေကြောင်း တိုက်ပွဲ ဖြစ်ပွားရာဒေသ အနီးရှိ မန်းရင်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးထွန်းလင်းက မေ ၁၇ ရက်တွင် ပြောကြားသည်။

နမ္မတူမြို့နယ် မန်းရင်ဒေသရှိ မန်ဆာအွမ်ကျေးရွာ အပါအ၀င် အနီးပတ်ဝန်းကျင် ကျေးရွာများ၌ မေ ၄ ရက်နှင့် ၅ ရက်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA)တို့ ကြား တိုက်ပွဲများဖြစ်ပွားခဲ့သည့်အပြင် မေ ၁၀ ရက်နှင့် မေ ၁၆ ရက်တွင် တပ်မတော်နှင့်  TNLA တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အဆိုပါပဋိပက္ခများကြောင့် အရပ်သားအချို့ ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်များလည်း ပျက်စီးခဲ့ကြောင်း ဦးထွန်းလင်းက ပြောကြားသည်။

“စစ်ဘေးရှောင်တွေကတော့ မပြန်နိုင်သေးဘူး။ အရင်တော့ ၅၆၃ ယောက်ရှိတာပေါ့။ မနေ့က ၆၉ ယောက် ထပ်တိုးလာတယ်”  ဟု ဦးထွန်းလင်းက ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားရာ ဒေသအနီးရှိ ကျေးရွာများဖြစ်သော လလုံ၊ နားဆန်း၊ နားပိန်း၊ မန်ဆာအွမ် ၊ မန်ဆာလုံ၊ ကုန်းမုံ၊ မန်အိုင်နှင့် နားလင်းတို့မှ ဒေသခံစစ်ဘေးရှောင် ပြည်သူများသည် မန်းရင်ကျေးရွာ ဘုန်းကြီးကျောင်း၊ ၀ိန်းနန်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် ပန်ခမ်း ကျေးရွာဘုန်းကြီးကျောင်းတို့တွင် လာရောက် တိမ်းရှောင်နေကြပြီး တိုက်ပွဲများကြောင့် လာရောက် တည်းခိုနေသည့် စစ်ဘေးရှောင်ပြည်သူ ၆၀၀ ကျော် ရှိနေပြီဖြစ်ကာ စစ်ဘေးရှောင် ပြည်သူများအတွက် စားနပ်ရိက္ခာမှာလည်း ၁၀  ရက်စာ အတွက်သာ ကျန်ရှိတော့ကြောင်း  မန်းရင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းက ပြောကြားသည်။

ထို့အတူ တိုက်ပွဲဖြစ်ပွားရာဒေသသည် တပ်မတော်၊  ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) နှင့် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့ အဖွဲ့စုံရှိပြီး ရှုပ်ထွေးသည့်နေရာဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် TNLA သည် ရှမ်းလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် SSPP နှင့်လည်း ကောင်း၊ RCSS နှင့်လည်းကောင်း တိုက်ပွဲမဖြစ်ပွားသော်လည်း တပ်မတော်နှင့် စစ်ရေးတင်းမှုများဖြစ်ပွားနေကြောင်း TNLA သတင်း နှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက် ကျော်က ပြောကြားသည်။

“တပ်မတော်နဲ့ကတော့ မေ ၁ ရက်က နေပြီး မနေ့ကအထိ နေ့တိုင်းလိုလိုဖြစ်တယ်။ တိုက်ပွဲကတော့ ၁၁ ကြိမ်၊ ၁၂ နှစ်ကြိမ် လောက်ရှိတယ်။ ကွတ်ခိုင်ဘက်မှာလည်း ဖြစ်တယ်။ နမ္မတူဘက်လည်း ဖြစ်တယ်။ မူဆယ်မြို့နယ်ဘက်မှာလည်း ဖြစ်တယ်” ဟု  ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် တအန်းလက်နက်ကိုင်အဖွဲ့ TNLA အဖွဲ့က ၀င်ရောက်ပစ်ခတ်မှုကြောင့် ဒေသခံ အရပ်သား အမျိုးသား ၁၃ ဦး၊ အမျိုသမီးနှစ်ဦး၊ ရဲအရာရှိတစ်ဦး၊ ပြည်သူ့စစ်သုံးဦး စုစုပေါင်း ၁၉ ဦး သေဆုံးခဲ့ပြီး အရပ်သား အမျိုးသား ၁၇ ဦး၊ အမျိုးသမီးတစ်ဦး၊ ရဲတပ်ဖွဲ့ဝင်သုံးဦး၊ ပြည်သူ့စစ်ခြောက်ဦး စုစုပေါင်း ၂၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်က မေ ၁၂ ရက်က သတင်းထုတ်ပြန်ခဲ့ရာတွင် TNLA အဖွဲ့သာမက ကချင်လက်နက်ကိုင်အဖွဲ့ (KIA) လည်း ပစ်ခတ်တိုက်ခိုက်မှုတွင် ပါဝင်ကြောင်း ဖော်ပြထားသည်။

မူဆယ်မြို့သို့ ၀င်ရောက်တိုက်ခိုက်ခြင်းသည် တောတွင်း၌ တပ်မတော်မှ အင်အား အဆမတန် ဖြည့်တင်းလာခြင်းနှင့် မဟာမိတ် KIA နှင့် တိုက်ပွဲပြင်းထန်မှုကြောင့် အသေးစား စစ်ဆင်ရေးပြုလုပ်ခြင်းဖြစ်ကြောင်း TNLA က ကနဦးထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် TNLA က ရှင်းလင်းချက်ထုတ်ပြန်ရာတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း အပါအ၀င် အခြားလုပ်ငန်းများဆောင်ရွက်နေသည့် ပန်ဆေးပြည်သူ့စစ်ပိုင် လောင်းကစားရုံအား ၀င်ရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။