SSPP/TNLA ပူးပေါင်းအဖွဲ့အတွင်း အမိန့်မနာခံမှုကြောင့် အချင်းချင်းပစ်ခတ်ခဲ့ရာ SSPP အဖွဲ့ဝင် ၁၉ ဦး သေဆုံးဟု သတင်းထွက်ပေါ်မှုသည် သတင်းအမှားသာဖြစ်ကြောင်း SSPP ပြန်လည်ရှင်းလင်း

ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း ရောက်ရှိနေသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အား ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး ထိုသို့ စစ်ဆင်ရေးဆင်နွှဲနေသည့် ကာလအတွင်း SSPP/TNLA ပူးပေါင်းအဖွဲ့တွင် အမိန့်မနာခံမှုကြောင့် အချင်းချင်း ပစ်ခတ်ခဲ့ရာ SSPP အဖွဲ့ဝင် ၁၉ ဦး သေဆုံးခဲ့ကြောင်း သတင်းထွက်ပေါ်မှုသည် မှန်ကန်မှုမရှိဘဲ သတင်းအမှားသာဖြစ်ကြောင်း SSPP က စက်တင်ဘာ ၁၁ ရက်တွင် ပြန်လည် ရှင်းလင်းသည်။

“ဒီဟာက သတင်းအမှန် မဟုတ်ပါဘူးဆိုတဲ့အကြောင်း ပြည်သူလူထုထံ သတင်းပါးချင်ပါတယ်။ အခုဖြစ်သွားတဲ့ ကိစ္စမှာ ကျွန်တော်တို့အဖွဲ့အစည်းအတွက် အများကြီး နစ်နာပါတယ်”ဟု SSPP ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောကြားသည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အနေဖြင့် ၂၀၁၅ ခုနှစ် တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၌ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ထိုသို့ NCA လက်မှတ်ရေးထိုးပြီးနောက် RCSS သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) ထဲသို့ နယ်မြေချဲ့ထွင် ၀င်ရောက်လာသည်ဟုဆိုကာ အစောပိုင်းကာလများတွင် TNLA က RCSS အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယခုနှစ်တွင်မူ  TNLA သည် SSPP နှင့် ပူးပေါင်းအဖွဲ့ ဖွဲ့စည်းကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ စစ်ဆင်ရေးဆောင်ရွက်နေစဉ် ရှစ်လကျော်ကာလအတွင်း အမိန့်မနာခံမှုကြောင့်ဟုဆိုကာ အချင်းချင်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ SSPP အဖွဲ့ဝင် ၁၉ ဦး သေဆုံးခဲ့ကြောင်း တိုက်ပွဲဖြစ်ပွားရာဒေသအတွင်းမှ သတင်းရင်းမြစ်အချို့က ပြောကြားမှုအပေါ် အဆိုပါသတင်းသည် သတင်းအမှားသာဖြစ်ကြောင်း SSPP က ပြန်လည်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

“အဲဒီသတင်းနဲ့ပတ်သက်ပြီး မှန်ကန်မှုမရှိကြောင်း ပထမဦးစွာ အသိပေးလိုပါတယ်။ ဒီလို မဟုတ်မမှန် သတင်းများကို ထုတ်လွှင့်ခြင်းဟာ ကျွန်တော်တို့ SSPP/SSA အတွက် ဂုဏ်သိက္ခာထိခိုက် ညှိုးနွမ်းစေပါတယ်” ဟု SSPP/SSA ဘက်မှ ပြန်လည်ရှင်းလင်းသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ္မတူမြို့နယ်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် SSPP/TNLA ပူးပေါင်း အဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သောကြောင့် ဒေသခံအများအပြားမှာ ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထို့ပြင် မကြာသေးမီကာလအတွင်းကလည်း ပန်လုံကျေးရွာထဲတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် SSPP/TNLA ပူးပေါင်းအဖွဲ့တို့အကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သဖြင့် ရွာသားအချို့ သေဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ပြီး ကျောက်မဲမြို့နယ်၊ သီပေါမြို့စသည့် မြို့နယ် အချို့တွင်လည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် SSPP/TNLA ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။