ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲတွင် ထိုင်းအသင်း အနိုင်ရဗိုလ်စွဲ

 

ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲတွင် ထိုင်းအသင်းက မလေးရှားအသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သိရသည်။

ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အအောင်မြင်ဆုံးအသင်းများဖြစ်သည့် မလေးရှားအသင်းနှင့် ထိုင်းအသင်းမှာ (၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲကို ၁၉၅၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ဗိုလ်လုပွဲသို့ ထိုင်းအသင်းက အကြိမ် ၂၀၊ မလေးရှားအသင်းက ၁၂ ကြိမ် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုင်းအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးမှာ ပွဲချိန်(၃၉)မိနစ်တွင် မလေးရှားကစားသမား Nadzli Haziq ကိုယ့်ဂိုးကိုယ် သွင်းယူခြင်းဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။

ထိုင်းအသင်းသည် ပြိုင်ပွဲ၏ အအောင်မြင်ဆုံး အသင်းဖြစ်ပြီး ၁၆ ကြိမ်မြောက်အဖြစ် ဗိုလ်စွဲခြင်းဖြစ်ကာ မလေးရှားအသင်းက ခြောက်ကြိမ် ဗိုလ်စွဲထားသည်။

ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ထိုင်းအသင်း (Photo: AFP

ဆီးဂိမ်းစ်ပိတ်ပွဲကို ဒိုင်ဗင်နှင့် အလေးမအဖွဲ့သာတက်ရောက်မည်

 

သြဂုတ် ၃၀ ရက် ကျင်းပမည့် ပိတ်ပွဲအခမ်းအနားကို မြန်မာအားကစားအဖွဲ့ များအနက် ဒိုင်ဗင်နှင့် အလေးမအဖွဲ့သာ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအားကစားအဖွဲ့များသည် သြဂုတ် ၃၀ ရက် နောက်ဆုံးထား၍ မလေးရှားနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့သောကြောင့် ပိတ်ပွဲအခမ်းအနားတက်ရောက်ရန် အားကစားအဖွဲ့အနည်းငယ်သာ ကျန်ရှိတော့ခြင်း ဖြစ်သည်။

ပိတ်ပွဲအခမ်းအနားတွင် ဒိုင်ဗင်၊ အလေးမအဖွဲ့တို့နှင့် အုပ်ချုပ်မှုအဖွဲ့မှ တာဝန်ရှိသူများလည်း တက်ရောက်မည်ဖြစ်သည်။ ပြိုင်ပွဲအနေအထားအရ မြန်မာအားကစား အဖွဲ့များသည် ပြိုင်ပွဲအပြီး နောက်တစ်ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလေ့ရှိ ပြီး သြဂုတ် ၃၀၊ ၃၁ ရက်တွင် နောက်ဆုံးထား၍ ထွက်ခွာမည်ဖြစ်သည်။

မြန်မာအားကစားအဖွဲ့သည် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အားကစားသမား ၃၈၄ ဦးဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မြန်မာအားကစားအဖွဲ့သည် သြဂုတ် ၂၉ ရက်ပွဲစဉ် များအပြီးထိ ရွှေတံဆိပ် ခုနစ်ခုသာ ရယူနိုင်ခဲ့ကြောင်း သိရသည်။

ဆီးဂိမ်းစ်ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့စဉ် (Photo: nst)

မသန်စွမ်းအားကစားပြိုင်ပွဲတွင် ရွှေဆု ၄၇၉ ခု ချီးမြှင့်မည်

 

ဆီးဂိမ်းစ်ဖွင့်ပွဲအခမ်းအနား ကျင်းပနေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၇ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်စုစုပေါင်း ၄၇၉ ခု ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို ယခုနှစ်တွင် ကိုးကြိမ်မြောက်ကျင်းပခြင်း ဖြစ်ပြီး စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် အား ကစားနည်း ၁၆ မျိုးမှ ပြိုင်ပွဲအမျိုးအစား ၄၇၉ ခု ထည့်သွင်းကျင်းပမည်ဖြစ်ပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မလေးရှားနိုင်ငံသည် နိုင်ငံအလိုက် ပထမနေရာရရှိရန် ကြိုးပမ်းသွားမည်ဖြစ်သည်။

အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို မလေးရှားနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၀၀၁ ဆီးဂိမ်းစ် ပြိုင်ပွဲအပြီးတွင် စတင်ကျင်းပခြင်းဖြစ်ပြီး မလေးရှားနိုင်ငံက တတိယအကြိမ်မြောက် လက်ခံကျင်းပခြင်းဖြစ်သည်။

အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို ဆီးဂိမ်းစ်ပြိုင်ပွဲ အပြီးတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် နိုင်ငံက ဆက်လက်ကျင်းပလေ့ရှိပြီး ၂၀၀၁ ခုနှစ်နောက်ပိုင်း ပုံမှန်ကျင်းပလျက်ရှိသည်။

၂၀၀၉ ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် လာအိုနိုင်ငံသည် ပြိုင်ပွဲ ကျင်းပနိုင်ခြင်းမရှိ၍ မလေးရှားနိုင်ငံက အစားထိုး လက်ခံကျင်းပခဲ့ဖူးကြောင်း သိရသည်။

ဆီးဂိမ်းစ် အမျိုးသားဟော်ကီပြိုင်ပွဲတွင် အိမ်ရှင်မလေးရှားအသင်း ဗိုလ်စွဲပြီး မြန်မာအသင်း ဒုတိယရရှိ

 

(၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်အမျိုးသား ဟော်ကီပြိုင်ပွဲ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို သြဂုတ် ၂၉ ရက်က အမျိုးသားဟော်ကီကွင်း၌ ကျင်းပရာ အိမ်ရှင်မလေးရှားအသင်း ဗိုလ်စွဲပြီး မြန်မာအသင်း ငွေတံဆိပ်ရရှိခဲ့ကြောင်း သိရသည်။ ဆီးဂိမ်းစ်ပြိုင်ပွဲတစ်လျှောက် ပထမဆုံး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည့် မြန်မာအသင်းသည် ရလဒ်ကောင်းရရန် ကြိုးပမ်းခဲ့သော်လည်း ကမ္ဘာ့ထိပ်တန်းအဆင့်ရှိသော မလေးရှားအသင်းကို ယှဉ်ကစားနိုင်ခြင်းမရှိဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရသည်။

မြန်မာအသင်းသည် မလေးရှားအသင်းကို ယှဉ်ကစားရန် မလွယ်ကူသောကြောင့် ခံစစ်အသားပေးပုံစံဖြင့် ကစားခဲ့ပြီး ပထမပိုင်းတွင် ပေးဂိုးနည်းခဲ့သော်လည်း ဒုတိယပိုင်းတွင် ဂိုးများဆက်တိုက်ပေးခဲ့ရသောကြောင့် (၀-၁၄) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ပထမပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်နိုင်သည့် အနေအထားရှိသောကြောင့် ပွဲကို ခေတ္တရပ်နားခဲ့ရသည်။ မြန်မာအသင်းသည် မလေးရှားအသင်းနှင့် အုပ်စုပွဲတွေ့ဆုံစဉ်က ခြောက်ဂိုးပြတ်သာရှုံးခဲ့သော်လည်း ယခုပွဲတွင် ပိုမိုဂိုးပြတ်သွားခဲ့ရခြင်းဖြစ်သည်။

တတိယ နေရာလုပွဲတွင် စင်ကာပူအသင်းက ထိုင်းအသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက် ကျင်းပရာ ပထမဆုရ မလေးရှားအသင်း၊ ဒုတိယဆုရ မြန်မာအသင်းနှင့် တတိယဆုရ စင်ကာပူအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

မြန်မာအသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး အချိန်တိုအတွင်း အောင်မြင်မှုရခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ်ကို ပြီးခဲ့သည့်နှစ်တွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး ပထမဆုံးယှဉ်ပြိုင်သည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အောင်မြင်မှုရခဲ့ခြင်းဖြစ်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့သည့် မြန်မာအမျိုးသားဟော်ကီအသင်း (ဓာတ်ပုံ-ညီညီစိုးညွန့်)

မြန်မာအမျိုးသားဟော်ကီအသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ငါးကြိမ်မြောက် ၀င်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်နှစ်ခု ရရှိထားသည်။ မြန်မာအမျိုးသမီး ဟော်ကီအသင်းမှာမူ အုပ်စုပွဲစဉ်များတွင် နိုင်ပွဲမရခဲ့ဘဲ အုပ်စုနောက်ဆုံးနေရာဖြင့်သာ ကျေနပ်ခဲ့ရကြောင်း သိရသည်။

ဆုတံဆိပ်ရရှိသူများအား ဂျာကာတာအစိုးရက ရူပီးယား ကိုးဘီလျံ ချီးမြှင့်မည်

Photo: wikipedia

 

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော် အုပ်ချုပ်ရေးအဖွဲ့သည် ဆီးဂိမ်းစ်ပြိုင်ပွဲ၌ ရွှေ တံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ် စသည့် ဆု တံဆိပ်ဆွတ်ခူးရရှိသည့် ကစားသမားများ အား ဆုကြေးအဖြစ် ရူးပီးယား ကိုးဘီလျံ ချီး မြှင့်မည်ဖြစ်ကြောင်း သိရသည်။

ဂျာကာတာလူငယ်နှင့် အားကစားဆိုင်ရာ အေဂျင်စီအကြီးအကဲဖြစ်သူ ရာတီယိုနို၏ ပြောကြားချက်အရ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ် ရရှိသည့်ကစားသမားများအပြင် နည်းပြများနှင့် ပါဝင်ယှဉ်ပြိုင်သူအားလုံးကိုလည်း ဆုကြေးငွေ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ ရူပီးယား ကိုးဘီလျံ (ဒေါ်လာ ၆၇၄ç၀၀၀) ဆုကြေးချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်ရရှိသူတွေနဲ့ နည်းပြတွေကို ချီးမြှင့်သွားမှာပါ။ ဒီပြိုင်ပွဲမှာ အောင်မြင်မှုမရပေမယ့် အင်ဒိုနီးရှား ကိုယ်စားပြုကစားခဲ့သူတွေကိုလည်း ဆုကြေးငွေချီးမြှင့်မှာပါ”ဟု ၎င်းက ပြောကြားသည်။

ရွှေတံဆိပ်ရယူနိုင်သည့် ကစားသမားများအနေ ဖြင့် ရူပီးယား သန်း ၂၀၀ ခန့်စီရဖွယ်ရှိကြောင်း မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသည်။

မလေးရှားအားကစားအဖွဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ရွှေတံဆိပ်ရရှိမှု စံချိန်သစ်တင်

 

ယခင်စံချိန်ဟောင်းကိုလိုက်မီစေမည့် ရွှေတံဆိပ်ဆုရယူပေးခဲ့သူ စက်ဘီးသမား အာဝမ် (Photo: kualalumpur2017)

မလေးရှားအားကစားအဖွဲ့သည် အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၂၉)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မျှော်မှန်းထားသည့်အတိုင်း အောင်မြင်မှုရယူနိုင်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ရွှေတံဆိပ်အများဆုံးရရှိသည့် ပြိုင်ပွဲအဖြစ် စံချိန်မှတ်တမ်းသစ်ရေးထိုး နိုင်ခဲ့ကြောင်း သိရသည်။

မလေးရှားအသင်းသည် သြဂုတ် ၂၈ ရက် ပွဲစဉ်များအပြီးမှာပင် ရွှေတံဆိပ် ၁၁၁ ခု၊ ငွေ တံဆိပ် ၇၇ ခု၊ ကြေးတံဆိပ် ၆၉ ခု၊ စုစုပေါင်း ဆုတံဆိပ် ၂၅၇ ခုရရှိထားပြီး ၂၀၀၁ ခုနှစ် ကွာလာလမ်ပူဆီးဂိမ်းစ်ပြိုင်ပွဲ၌ ရရှိခဲ့သည့် ရွှေတံဆိပ်အများဆုံး ၁၁၁ ခုစံချိန်ကို အမီလိုက်နိုင်ခဲ့သည်။

ယခင်စံချိန်ဟောင်းကို လိုက်မီစေမည့် ရွှေတံဆိပ်ဆုအား ရီယိုအိုလံပစ် ကြေးတံဆိပ်ဆုရှင် နာမည်ကြီးစက်ဘီးသမား အဇစ်ဇူလ်ဟာဆနီအာဝမ်က ရယူပေးခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၂၉ ရက် နံနက်ပိုင်းကကျင်းပ သည့် ပွဲစဉ်များတွင် ရွှေတံဆိပ်သုံးခုထပ်မံရရှိခဲ့ရာ မလေးရှားအားကစားအဖွဲ့အနေဖြင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် ရွှေတံဆိပ်အများဆုံး ရရှိသည့်ပြိုင်ပွဲအဖြစ် စံချိန်သစ်ရေးထိုးနိုင် ခဲ့ပြီဖြစ်သည်။

မလေးရှားအားကစားအဖွဲ့ အတွက် ရွှေတံဆိပ်ဆုများကို ကျွမ်းဘားအဖွဲ့ က အများဆုံးရယူပေးထားပြီး စုစုပေါင်း ၁၃ ခု အထိ ရရှိခဲ့သည်။

 

 

တတိယနေရာလုပွဲတွင် မြန်မာအသင်း အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ပြီး ကြေးတံဆိပ်ဆုနှင့်လွဲချော်

 

မြန်မာအသင်းမှ နန်းဝေမင်းနှင့် အင်ဒိုနီးရှားအသင်းမှ ကစားသမားတစ်ဦး တို့ ရင်ဆိုင်တွေ့နေစဉ်။ (ဓာတ်ပုံ – ညီညီစိုးညွန့်)

ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို ယနေ့ညနေပိုင်းက မလေးရှားနိုင်ငံ၊ ဆီလာယန်ကွင်းတွင် ကျင်းပရာ မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ပြီး တတိယ ကြေးတံဆိပ်ဆုနှင့် လွဲချော်ခဲ့ကြောင်း သိရသည်။

မြန်မာအသင်းသည် ကြေးတံဆိပ်ဆု အရယူရန်အတွက် ထိုင်းနှင့်ပွဲစဉ်ကအတိုင်း အမာခံ အဓိက ကစားသမားအစုံအလင်ဖြင့် ပွဲထွက်လာခဲ့ပြီး တိုက်စစ်တွင် အောင်သူနှင့် သန်းပိုင်ကို တွဲဖက်ကစား စေခဲ့သည်။ မြန်မာအသင်းသည် ပထမပိုင်း တစ်ပိုင်းလုံး ကစားကွက်အသာ၊ တိုက်စစ်ပိုင်းဖန်တီးမှုအသာဖြင့် ကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးကိုလည်း ပထမပိုင်းတွင် သွင်းယူနိုင်ခဲ့သည်။ မြန်မာအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန်(၂၃) မိနစ်တွင် တိုက်စစ်မှူး သန်းပိုင်က မောင်မောင်လွင်၏ ပေးပို့မှုမှတဆင့် ပိတ်သွင်းယူနိုင်ခဲ့သည်။ အဖွင့်ဂိုးပေးလိုက်ရပြီးနောက်ပိုင်းတွင် အင်ဒိုနီးရှားအသင်းကလည်း တိုက်စစ်ပိုင်းကို ပိုမိုအားပြုလာပြီး အပြန်အလှန်ထိုးဖောက်မှုများ ဖြင့် အကြိတ်အနယ်ရှိလာခဲ့သည်။ ဒုတိယပိုင်းအစတွင် အင်ဒိုနီးရှားအသင်းမှ လူစားလဲလှယ်မှုများပြုလုပ်ကာ ချေပဂိုးနှင့် အနိုင်ဂိုးများရရှိရန်အတွက် ကစားကွက်ကို ပြောင်းလဲမှုများပြုလုပ်ခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းမှာ အင်ဒိုနီးရှားအသင်း၏ တိုက်စစ်ဆင်မှုများအောက်တွင် အမှားများလာခဲ့ပြီး သာမန်ဘောလုံးပေးပို့မှုများတွင်ပါ လူပေးမှားမှုများ မကြာခဏဆိုသလိုဖြစ်လာခဲ့သည်။ အင်ဒိုနီးရှားအသင်းအတွက် ဂိုးများကို (၅၅)မိနစ်တွင် အီဗန်၊ (၅၉)မိနစ်တွင် ဆက်ပ်စတီယန်နှင့် (၇၇)မိနစ်တွင် ရီဇယ်ဒီက ဧရိယာထိပ်မှ လှလှပပကန်သွင်းကာ ရယူပေးခဲ့သည်။ မြန်မာအသင်းသည် ချေပဂိုးနှင့် အနိုင်ဂိုးများ ပေးလိုက်ရပြီးနောက်ပိုင်း အောင်ကောင်းမာန်ကို ထည့်သွင်းကာ အပြောင်းအလဲလုပ်ရန် ကြိုးစားခဲ့သော်လည်း အရာမထင်ခဲ့ဘဲ စတုတ္ထနေရာဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲကို ယနေ့ည မြန်မာစံတော်ချိန်(၇:၁၅)တွင် ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်မလေးရှားအသင်းနှင့် လက်ရှိရွှေတံဆိပ်ရှင် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း

သိရသည်။

အင်ဒိုနီးရှားကို အနိုင်ကစားမည်ဟု သန်းပိုင် ပြောကြား

ထိုင်းနှင့်ပွဲစဉ်တွင် ပထမဆုံး ပွဲထွက်ကစားခဲ့သည့် တိုက်စစ်မှူး သန်းပိုင်။ (ဓာတ်ပုံ – ညီညီစိုးညွန့်)

မြန်မာ ယူ-၂၂ အသင်းတိုက်စစ်မှူး သန်းပိုင်က ယနေ့ယှဉ်ပြိုင်ကစားမည့် အင်ဒိုနီးရှားအသင်းနှင့် ဆီးဂိမ်းစ်ပြိုင်ပွဲ တတိယနေရာလုပွဲတွင် အနိုင်ကစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သန်းပိုင်က ဆီမီးဖိုင်နယ်မှာ ထိုင်းကို ရှုံးခဲ့လို့ ပရိသတ်တွေ ငိုကြွေးနေတာတွေမြင်ရတာ ကျွန်တော်တို့ အရမ်းခံစားရပါတယ်။ ဒါမျိုးနောက်ထပ်မမြင်ရဖို့ ကျွန်တော်တို့ ဆက်လက်ကြိုးစားသွားမှာပါ။ အသင်းမှာ ဒဏ်ရာနဲ့ ပွဲပယ်ကစားသမားမရှိတဲ့အတွက် အင်ဒိုနီးရှားအသင်းနဲ့ပွဲမှာ အင်အားအပြည့်နဲ့ ကစား နိုင်မှာပါ။ ခြေစွမ်းပြကစားနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ အင်ဒိုနီးရှားအသင်းကို အနိုင်ယူပြီး ကြေးတံဆိပ်ဆုကို အရယူသွားမှာပါ ဟု ပြောကြားခဲ့သည်။

သန်းပိုင်သည် ယခုပြိုင်ပွဲတွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ဆီမီးဖိုင်နယ်ပွဲတွင် ပွဲထွက်ကစားသမားများအဖြစ် ပါဝင်ကစားခွင့်ရခဲ့ ပြီး ကျန်ပွဲများတွင် လူစားဝင်ကစားသမား အဖြစ်သာ ကစားခဲ့ရသည်။ သန်းပိုင်သည် အုပ်စုနောက်ဆုံးပွဲများဖြစ်သည့် ဘရူနိုင်းနှင့် မလေးရှားအသင်းတို့ပွဲတွင် လူစားလဲဝင်ရောက်ကစားပြီး နှစ်ပွဲဆက်ဂိုးသွင်းနိုင်ခဲ့သောကြောင့် ဆီမီးဖိုင်နယ်ပွဲတွင် ပွဲထွက်ကစားခွင့်ရခဲ့ခြင်းဖြစ်သည်။

ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲ ပွဲကြိုသုံးသပ်ချက်

ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာနှင့် ထိုင်း ယှဉ်ပြိုင်ကစားခဲ့စဉ်။ (ဓာတ်ပုံ – ညီညီစိုးညွန့်)

မြန်မာ- အင်ဒိုနီးရှား (တတိယနေရာလုပွဲ)

အချိန် – ညနေ (၃) နာရီ (မြန်မာစံတော်ချိန်)၊ ကွင်း – ဆီလာယန်

ဆီးဂိမ်းပြိုင်ပွဲတွင် နောက်ဆုံး နှစ်ကြိမ်တွေ့ဆုံမှု

မြန်မာ ၀-၁ အင်ဒိုနီးရှား (၂၀၁၃ ပြိုင်ပွဲအုပ်စု)

မြန်မာ ၄-၂ အင်ဒိုနီးရှား (၂၀၁၅ ပြိုင်ပွဲအုပ်စု)

မြန်မာအသင်းအနေနဲ့ ဆီမီးဖိုင်နယ်မှာ ထိုင်းကို ရှုံးနိမ့်ပြီး ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ပေမယ့် တတိယနေရာရရှိဖို့တော့ ကြိုးစားရဦးမှာပါ။ မြန်မာအသင်းဟာ ထိုင်းနဲ့ပွဲကအရှုံးကို ကုစား နိုင်ဖို့လိုပြီး စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲနိုင်ဖို့လိုပါတယ်။ ထိုင်းနဲ့ပွဲက အရှုံးကို ခံစားပြီး ကစား မယ်ဆိုရင်တော့ အင်ဒိုနီးရှားအသင်း စိတ်ကြိုက်ဖြစ်သွားပါလိမ့်မယ်။ အင်ဒိုနီးရှားအသင်း ရဲ့ ခြေစွမ်းက မာကျောပြီး ဆီမီးဖိုင်နယ်မှာ အိမ်ရှင်မလေးရှားအသင်းကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပါတယ်။ အင်ဒိုနီးရှားအနေနဲ့ ဆီမီးဖိုင်နယ်ပွဲအတိုင်း ကစားမယ်ဆိုရင် မြန်မာ အသင်း အခက်တွေ့နိုင်ပါတယ်။ မြန်မာအသင်းအနေနဲ့ တတိယကြေးတံဆိပ်အတွက် ပေါ့ဆ လို့ မရဘဲ ဖိဖိစီးစီးကစားနိုင်ဖို့ လိုပါတယ်။ မြန်မာအသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ဟာ ပုံမှန်အသုံးပြုနေတဲ့ လူစာရင်းအတိုင်း ပွဲထွက်လာဖို့များပြီး အပြောင်းအလဲကတော့ တိုက် စစ်ပိုင်းမှာပဲ ရှိနိုင်ပါတယ်။ မြန်မာအသင်းသာ ဖိဖိစီးစီးနဲ့ ကစားမယ်ဆိုရင် အနိုင်ရဖို့ မခက်ခဲနိုင်ပါဘူး။ ထိုင်းနဲ့ပွဲက အရှုံးကို မခံစားနေဖို့ပဲလိုတာပါ။

 

မလေးရှား – ထိုင်း (ဗိုလ်လုပွဲ)

အချိန် – ည (၇း၁၅) နာရီ (မြန်မာစံတော်ချိန်)၊ ကွင်း – ရှာအလမ်

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် နောက်ဆုံးတွေ့ဆုံမှု

မလေးရှား ၀-၁ ထိုင်း (၂၀၁၅ ပြိုင်ပွဲ အုပ်စု)

တစ်ကျော့ပြန်ဆီးဂိမ်းစ်ရွှေတံဆိပ်ဆုအတွက် အိမ်ရှင်မလေးရှားအသင်း ကြိုးပမ်းပါ လိမ့်မယ်။ ထိုင်းအသင်းရဲ့ ခြေစွမ်းက သာမန်သာရှိတာကြောင့် မလေးရှားအသင်း အခွင့် အရေးရှိပါတယ်။ နှစ်ကြိမ်ဆက်တိုက် ဗိုလ်စွဲထားတဲ့ ထိုင်းအသင်းအနေနဲ့ ဒီနှစ်မှာတော့ သုံးကြိမ်ဆက်ချန်ပီယံဆုအတွက် လိုအပ်ချက်တွေရှိပါတယ်။ ထိုင်းထက် အိမ်ရှင်မလေးရှား ကို ပိုပြီးကြိုက်ပါတယ်။ မလေးရှား တစ်ကျော့ပြန်ဗိုလ်စွဲနိုင်ပါတယ်။

ပိုက်ကျော်ခြင်းအသင်း ရွှေ(၁)၊ ကြေး(၁)ခု ထပ်ရပြီး ဆီးဂိမ်းစ်တွင် ရွှေ(၂)ခု၊ ငွေ(၂)ခု၊ ကြေး(၁)ခု ဆွတ်ခူးရရှိခဲ့

 

Photo -ညီညီစိုးညွန့်

မြန်မာပိုက်ကျော်ခြင်းအသင်းသည် သြဂုတ်(၂၇)ရက်ကယှဉ်ပြိုင်ကစားခဲ့သည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေ(၁)ခု၊ ကြေး(၁)ခု ထပ်မံဆွတ်ခူးရရှိပြီး ပြိုင်ပွဲအားလုံးအပြီးတွင် ရွှေ(၂)ခု၊ ငွေ(၂)ခု၊ ကြေး (၁)ခု ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။

ဆီးဂိမ်းစ်ပိုက်ကျော်ခြင်းပြိုင် ပွဲမှာ သြဂုတ် (၂၉)ရက်တွင် ပြီးဆုံးမည်ဖြစ်သော်လည်း မြန်မာအသင်း ၀င်ရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲအမျိုးအစားများမှာ သြဂုတ်(၂၇) ရက်တွင် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။
မြန်မာပိုက်ကျော်ခြင်းအသင်းအတွက် ဒုတိယမြောက်ရွှေဆုကို အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲတွင် နာမည်ကြီးထိုင်းအသင်းပါဝင်လာခြင်းမရှိသောကြောင့် မြန်မာအသင်းသည် ပြိုင်ဘက်များကို အလွယ်တကူဖြတ်ကျော်ကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲများတွင် ဖိလစ် ပိုင်ကို (၂-၁)ပွဲ၊ လာအိုကို (၂-၀) ပွဲ၊ အိမ်ရှင်မလေးရှားကို (၂-၀) ပွဲ၊ ကမ္ဘောဒီးယားကို (၂-၀)ပွဲတို့ဖြင့် (၄)ပွဲစလုံးအနိုင်ယူကာ ဗိုလ်စွဲခဲ့ ခြင်းဖြစ်သည်။ ရွှေတံဆိပ်ဆုရယူပေးခဲ့သည့် မြန်မာနှစ်ယောက်တွဲ ပိုက်ကျော်ခြင်းအသင်းတွင် အောင်မျိုးဆွေ၊ ဇော်ဇော်အောင်နှင့် သန့် ဇင်ဦးတို့ ပါဝင်ကြသည်။ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာ အမျိုးသမီးအသင်းသည် အုပ်စု (ခ) တွင် ပါဝင်ခဲ့ပြီး ဖိလစ်ပိုင်နှင့် မလေးရှားတို့ကို (၂)ပွဲပြတ်စီဖြင့် အနိုင်ရခဲ့သော်လည်း ဆီမီးဖိုင်နယ် တွင် ဗီယက်နမ်အသင်းကို မထင်မှတ်ဘဲ (၂)ပွဲပြတ်ဖြင့် အရေးနိမ့်ခဲ့ သောကြောင့် ဗိုလ်လုပွဲနှင့်လွဲချော်ကာ ပူးတွဲကြေးတံဆိပ်ဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။

နှစ်ယောက်တွဲအမျိုးသားပြိုင်ပွဲတွင် ပထမ-မြန်မာ၊ ဒုတိယ-မလေးရှား၊ ပူးတွဲတတိယ-လာအိုနှင့် ဖိလစ်ပိုင်၊ အမျိုးသမီး ပြိုင်ပွဲတွင် ပထမ-ထိုင်း၊ ဒုတိယ-ဗီယက်နမ်၊ ပူးတွဲတတိယ-မြန်မာ နှင့် မလေးရှားအသင်းတို့က ရရှိကြသည်။ မြန်မာပိုက်ကျော်ခြင်း အသင်းသည် ယခုပြိုင်ပွဲတွင် ဆုတံဆိပ်(၅) ခုရယူနိုင်ခဲ့ပြီး ရွှေတံဆိပ် ဆုများကို အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက် တွဲပြိုင်ပွဲ၊ ငွေတံဆိပ်(၂)ခုကို အမျိုးသားလေးယောက်တွဲပြိုင်ပွဲ၊ အမျိုး သား(၂)ယောက်တွဲအသင်းလိုက်ပြိုင်ပွဲ၊ ကြေးတံဆိပ်(၁)ခုကို အမျိုး သမီးနှစ်ယောက်တွဲပြိုင်ပွဲတို့တွင် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာပိုက်ကျော်ခြင်းအသင်းသည် ပြိုင်ပွဲကျင်းပသည့်ပုံစံအရ ယှဉ်ပြိုင်ခွင့်ရသည့်ပြိုင်ပွဲအမျိုးအစား(၅)မျိုးစလုံးတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုများရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပိုက်ကျော် ခြင်းပြိုင်ပွဲ၏ နောက်ဆုံးပြိုင်ပွဲဖြစ်သော သုံးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်း ၀င်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဘဲ ယင်းပြိုင်ပွဲကို သြ ဂုတ် (၂၉)ရက် (ယနေ့) ထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။