မြန်မာ ယူ-၂၁ အသင်းကို ၂၀၂၀ ပြည့်နှစ်အထိ ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်

ဧပြီက ယူ-၂၁ အသင်းနှင့် MNL All Star အသင်း ခြေစမ်းနေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ ယူ-၂၁ အသင်းကို ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက်သာမက ၂၀၂၀ ပြည့်နှစ် အထိ ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

MFF သည် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန် မြန်မာ ယူ-၂၁ အသင်းကို ကာလရှည်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းမှစ၍ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

မြန်မာ ယူ-၂၁ အသင်းသည် လိဂ်ပြိုင်ပွဲရပ်နားသည့်ကာလများတွင် စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး ဧပြီကကျင်းပသည့် ဘရူနိုင်းဘုရင့်ဖလားဖိတ်ခေါ်ပြိုင်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်ရာ ပူးတွဲတတိယဆုသာ ရရှိခဲ့သည်။

မြန်မာ ယူ-၂၁ အသင်းသည် ယင်းပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှုရပ်နားထားပြီး စက်တင်ဘာတွင် ပြန်လည်လေ့ကျင့်မည်ဖြစ်သည်။ မြန်မာ ယူ-၂၁ အသင်း သည် ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့်အသင်းကို အခြေခံဖွဲ့စည်းမည်ဖြစ်ပြီး လူငယ်လိဂ်ပြိုင်ပွဲနှင့် MNL ပြိုင်ပွဲမှ အသက်မီသည့်ကစားသမားများကို အားဖြည့်ရွေးချယ်မည်ဖြစ်သည်။

မြန်မာ ယူ-၂၁ အသင်း သည် ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ ၂၀၁၈ ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲ၊ ၂၀၂၀ အာရှ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲများ ယှဉ်ပြိုင်မည်ဖြစ်သည်။

ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးကြည်လွင်က ကိုင်တွယ်နေပြီး လက်ထောက်နည်းပြအဖြစ် ဦးကျော်လွင်နှင့် ဦးချစ်နိုင်တို့က ဆောင်ရွက်လျက်ရှိသည်။

မြန်မာ ယူ-၂၁ အသင်း လက်ထောက် နည်းပြ ဦးချစ်နိုင်သည် ယခင်ရွေးချယ်ထားသည့် ကစားသမားများ၏ခြေစွမ်းကို စောင့်ကြည့်ရန်နှင့် ကစားသမားသစ်များ ရွေးချယ်ရန် ပြည်တွင်းပွဲများအား လိုက်လံကြည့်ရှုမည် ဖြစ်သည်။

ဦးကြည်လွင်သည် ၂၀၁၅ ဆီးဂိမ်းစ် ပြိုင်ပွဲတွင် မြန်မာအသင်းအား ငွေတံဆိပ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ခန့်အပ်ခြင်းနှင့်စပ်လျဉ်း၍ စာနယ်ဇင်းများအား ရှင်းလင်းခြင်းအခမ်းအနား မေ ၁၆ ရက် ပြုလုပ်မည်

MFF ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် နည်းပြသစ်အဖြစ် ခန့်အပ်မည့် အန်တွမ်နီဟေးနှင့်အဖွဲ့ ဆွေးနွေးမှုပြုလုပ်စဉ် (Photo: MFF)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ခန့်အပ်ခြင်းနှင့်စပ်လျဉ်း၍ စာနယ်ဇင်းမီဒီယာများအား ဖိတ်ကြားရှင်းလင်းခြင်း အခမ်းအနားကို မေ ၁၆ ရက် မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

MFF သည် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ်အဖြစ် ဂျာမနီနိုင်ငံသားနည်းပြ အန်တွမ်နီဟေးအား ခန့်အပ်ရန် သဘောတူညီမှုရရှိထားပြီး ၎င်းနှင့်နည်းပြအဖွဲ့အား ခန့်အပ်ခြင်းနှင့်ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြစ်သည်။ ယင်းအခမ်းအနားတွင် နည်းပြချုပ်ခန့်အပ်ခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများအပြင် မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများ၊ ဖိတ်ခေါ်ပွဲများ၊ ပြင်ဆင်မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။ MFF သည် အန်တွမ်နီဟေးနှင့်အတူ နိုင်ငံခြားသား လက်ထောက်နည်းပြတစ်ဦးနှင့် ဂိုးနည်းပြတစ်ဦးကိုပါ ခန့်အပ်သွားမည်ဖြစ်သည်။ ထို့ပြင် MFF သည် မြန်မာ့လက်ရွေးစင်အသင်းအတွက် ပြည်တွင်းလက်ထောက်နည်းပြအဖြစ် ဦးစိုးမြတ်မင်းကို ခန့်အပ်ရန်စီစဉ်ထားပြီး လာမည့်ရက်ပိုင်းအတွင်း အပြီးသတ်စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။ ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ်ဟောင်း ဦးစိုးမြတ်မင်းသည် ယခုနှစ်ရာသီအစတွင် ရလဒ်များ ကောင်းမွန်ခြင်းမရှိသောကြောင့် အသင်းတာဝန်ရှိသူများနှင့် ညှိနှိုင်းကာ လမ်းခွဲခဲ့ခြင်းဖြစ်ပြီး အင်္ဂလန်လိဂ်ချန်ပီယံရှစ်ကလပ် လိဒ်စ်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ခြေစမ်းပွဲတွင် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့သည်။ MFF CEO ဦးဘုန်းနိုင်ဇော်က “ကျွန်တော်တို့ MFF အနေနဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ် ဦးစိုးမြတ်မင်းကို တာဝန်ပေးအပ်သွားဖို့ စီစဉ်နေပါတယ်။ ဦးစိုးမြတ်မင်းအနေနဲ့ အသစ်ခန့်အပ်မယ့် ဂျာမန်နည်းပြ အန်တွမ်နီဟေးနဲ့ လက်တွဲလုပ်ဆောင်သွားရမှာပါ။ သူ့ကို ဒီရက်ပိုင်းအတွင်းမှာ အပြီးသတ်စာချုပ် ချုပ်ဆိုသွားမှာပါ။ အဲဒီအခါကျရင် မီဒီယာတွေကိုလည်း ဖိတ်ကြားမှာပါ” ဟုပြောကြားသည်။

ခုနစ်နှစ်ဝန်းကျင် တပ်ဆင်ထားသည့် သုဝဏ္ဏဘောလုံးကွင်းမှ ပိုက်ကွန်များ MFF ပြန်ဖြုတ်

၂၀၁၆ ဆူဇူကီးပြိုင်ပွဲတွင် ပိုက်ကွန်များ တပ်ဆင်ထားသည့်ကြားမှ ပရိသတ်များ အားပေးနေစဉ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် သုဝဏ္ဏဘောလုံးကွင်း၌ တပ်ဆင်ထားသည့် ပိုက်ကွန်များအား ပြန်ဖြုတ်ခဲ့ကြောင်း သိရသည်။

MFF သည် သုဝဏ္ဏဘောလုံးကွင်းအား ပရိသတ်သုံးသောင်းဆံ့ကွင်းအဖြစ် တိုးချဲ့ပြီးနောက်ပိုင်း ပရိသတ်များ၏ အလွန်အကြူးအားပေးမှုကြောင့် ပိုက်ကွန်များ တပ်ဆင်ခဲ့ရခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ် ဇူလိုင် ၂၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အိုမန်အသင်းနှင့် ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပရိသတ်များ၏ အလွန်အကြူးအားပေးမှုကြောင့် ပွဲမပြီးခင် ရပ်နားခဲ့ရသလို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ အရေးယူမှုနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ MFF သည် ယင်းကဲ့သို့ အလွန်အကြူးအားပေးမှု ဖြစ်ပေါ်ပြီးနောက်ပိုင်း သုဝဏ္ဏကွင်း၏ အထူးတန်းနှင့် အရှေ့ဘက်ပွဲကြည့်စင်များတွင် ပိုက်ကွန်များတပ်ဆင်ခဲ့ရပြီး ခုနစ်နှစ်ဝန်းကျင်အကြာ ၂၀၁၈ ခုနှစ် မေလဆန်းတွင် ပြန်ဖြုတ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ပိုက်ကွန်တွေ ပြန်ဖြုတ်ခဲ့တာ ပရိသတ်တွေအတွက်ဖြစ်ပါတယ်။ ဒါပေမဲ့ ပရိသတ်တွေကလည်း ဘောလုံးပွဲတစ်ပွဲကို ကြည့်ရှုတဲ့နေရာမှာ အလွန်အကြူး အားပေးမှုတွေမပြုလုပ်ဖို့ လိုအပ်ပါတယ်။ ပရိသတ်တွေကိုလည်း အရင်ကလို အလွန်အကြူး အားပေးမှုတွေမဖြစ်အောင် စည်းရုံးလှုံ့ဆော်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ ဒီနှစ်ထဲမှာ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ရှိပါတယ်” ဟု MFF တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ သုဝဏ္ဏကွင်းအား ပိုက်ကွန်များတပ်ဆင်ပြီး နောက်ပိုင်းတွင်လည်း နိုင်ငံတကာပြိုင်ပွဲများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး အချို့ပွဲများတွင် ပရိသတ်များ၏ အလွန်အကြူး အားပေးမှုများ ရှိခဲ့သောကြောင့် လာမည့်ပွဲများတွင် ယင်းကဲ့သို့ ထပ်မံမဖြစ်ပေါ်စေရန် ဆောင်ရွက်ရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းကို ကိုင်တွယ်မည့် နိုင်ငံခြားသားနည်းပြ မေ ၃ ရက်တွင် ရန်ကုန်သို့ရောက်ရှိမည်

အာရှဖလားခြေစစ်ပွဲအဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် အိန္ဒိယလက်ရွေးစင်အသင်းတို့ ရန်ကုန်မြို့၌ ယှဉ်ပြိုင်ကစားစဉ်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် လစ်လပ်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ရာထူးအတွက် နိုင်ငံခြားသား နည်းပြတစ်ဦးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း သိရသည်။ ယင်းနိုင်ငံခြားသား နည်းပြသည် မေ ၃ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာမည်ဖြစ်ပြီး MFF နှင့် အပြီးသတ်ညှိနှိုင်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

MFF သည် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ရာထူးအတွက် နိုင်ငံခြားသားနည်းပြများ ဦးစားပေးရှာဖွေခဲ့ပြီး MFF ထံလျှောက်ထားသည့် နိုင်ငံခြားသားနည်းပြအပါအ၀င် စုစုပေါင်း ၇၀ ကျော်အထိရှိခဲ့ကြောင်း သိရသည်။ MFF သည် ယင်းနိုင်ငံခြားသားများအနက်မှ မြန်မာ့လက်ရွေးစင်အသင်းနှင့် သင့်တော်မည့် ဘရာဇီးလ်၊ ဂျာမနီ၊ ဆားဘီးယားနိုင်ငံသား နည်းပြသုံးဦးကို ပဏာမအဆင့်ရွေးချယ်ခဲ့ကြောင်း သိရသည်။ MFF သည် ပဏာမရွေးချယ်ခဲ့သည့် နိုင်ငံခြားသားနည်းပြ သုံးဦးအနက်မှ တစ်ဦးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့၌ အပြီးသတ်ညှိနှိုင်းမှုပြုလုပ်ပြီးပါက စာချုပ်ချုပ်ဆိုသွားမည်ဖြစ်သည်။ “မြန်မာ့လက်ရွေးစင်အသင်းအတွက် နိုင်ငံခြားသားနည်းပြတစ်ဦးနဲ့ ကျွန်တော်တို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိပြီးပါပြီ။ လက်ရှိမှာတော့ ဘယ်သူဘယ်ဝါဆိုတာကို သတင်းထုတ်ပြန်ပေးဦးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့နဲ့ အပြီးသတ် ညှိနှိုင်းမှုတွေ ပြုလုပ်ပြီးသွားရင်တော့ သတင်းထုတ်ပြန်ပေးမှာပါ။ မီဒီယာတွေနဲ့လည်း တွေ့ဆုံပေးသွားမှာပါ။ သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ပေးသွားမှာပါ” ဟု MFF CEO ဦးဘုန်းနိုင်ဇော်က ပြောကြားသည်။ MFF သည် မြန်မာ့လက်ရွေးစင်အသင်း ၂၀၁၉ အာရှဖလားခြေစစ်ပွဲ မအောင်မြင်သောကြောင့် ဂျာမနီနိုင်ငံသားနည်းပြ ဂတ်ဖရိုင်းဒရစ်နှင့် ပြီးခဲ့သည့်မတ်လကုန်ပိုင်းက နှစ်ဖက်ညှိနှိုင်းကာ လမ်းခွဲခဲ့ခြင်းဖြစ်သည်။

MIC အသင်း ၀င်ရောက်ယှဉ်ပြိုင်မည့် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များထွက်ပေါ်

၂၀၁၈ MFF Open Cup ဖူဆယ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် MIC အသင်း (ဓာတ်ပုံ-ညီညီစိုးညွန့်)

မြန်မာကလပ် MIC အသင်း ၀င်ရောက်ယှဉ်ပြိုင်မည့် ၂၀၁၈ အာဆီယံ ဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်ကြောင်း သိရသည်။ အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သည် လေးသင်း နှစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။

AFF သည် ယခုနှစ်တွင် အမျိုးသားပြိုင်ပွဲသာ ကျင်းပမည်ဖြစ်ပြီး သုံးကြိမ်ဆက်တိုက် ဗိုလ်စွဲထားသည့် နာမည်ကြီးကလပ် ထိုင်းဆိပ်ကမ်းအသင်း ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း သိရသည်။ အုပ်စုခွဲဝေထားမှုအရ MIC အသင်းသည် အုပ်စု (က) တွင် အာဘီဆာရမ် (ဘရူနိုင်း)၊ ကွန်ချေမီရာ (ကမ္ဘောဒီးယား)၊ East Coast Heat (သြစတြေးလျ) တို့နှင့် ကျရောက်နေပြီး အုပ်စု (ခ) တွင် ထိုင်းကလပ် ဘန်ကောက် BTS၊ မလေးရှားကလပ် မီလီကာယူနိုက်တက်၊ ဗီယက်နမ်ကလပ် ဆန်နာတက်နှင့် အင်ဒိုနီးရှားလိဂ်ပြိုင်ပွဲတွင် ဒုတိယဆုရအသင်းတို့ ပါဝင်နေသည်။ ပြိုင်ပွဲကို ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပမည်ဖြစ်ပြီး မြန်မာကလပ် MIC အသင်းသည် သုံးကြိမ်မြောက် ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ AFF သည် ယင်းပြိုင်ပွဲကို ၂၀၁၅ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး MIC အသင်းသည် ၂၀၁၅၊ ၂၀၁၆ နှစ်နှစ်ဆက်တိုက် ၀င်ရောက်ယှဉ်ပြိုင်ရာ တတိယနေရာရရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် PU အသင်း ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရသော်လည်း အုပ်စုအဆင့်မှ ထွက်ခဲ့ရကြောင်း သိရသည်။ MIC အသင်းသည် အုပ်စုပွဲများအဖြစ် ဇူလိုင် ၁၅ ရက်တွင် အာဘီဆာရမ် (ဘရူနိုင်း)၊ ဇူလိုင် ၁၆ ရက်တွင် ကွန်ချေမီရာ (ကမ္ဘောဒီးယား)၊ ဇူလိုင် ၁၇ ရက်တွင် East Coast Heat (သြစတြေးလျ) တို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များကို ဇူလိုင် ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇူလိုင် ၁၉ ရက်၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ဇူလိုင် ၂၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

MIC အသင်းသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဖူဆယ်လိဂ်ပြိုင်ပွဲ၌ ချန်ပီယံဆု လွဲချော်ခဲ့ပြီး ယခုနှစ်တွင် ပထမဆုံးကျင်းပသည့် MFF Open Cup ဖူဆယ်ပြိုင်ပွဲတွင်မူ အနိုင်ရဗိုလ်စွဲထားသည်။ MIC အသင်းသည် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲတွင် အောင်မြင်မှုရရန် ပစ်မှတ်ထားနေသည်။

မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲမှ ပွဲစဉ်အချို့ကို လုပ်ပွဲသံသယရှိကြောင်း MFF ထံ AFC အကြောင်းကြားထားပြီး ယနေ့ အရေးပေါ် တံခါးပိတ်အစည်းအဝေး ပြုလုပ်မည်

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တစ်ပွဲအား ပြီးခဲ့သည့် ၂၀၁၇ ရာသီက အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ကစားစဉ် (ဓာတ်ပုံ-ကောင်းထက်အောင်)

အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲမှ ပွဲစဉ်အချို့ကို လုပ်ပွဲ (Match Fixing) သံသယရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ထံ အကြောင်းကြားစာ ပေးပို့ထား ကြောင်း သိရသည်။ AFC သည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှ လုပ်ပွဲသံသယရှိကြောင်း ယူဆရသည့်ပွဲစဉ်အချို့ကို စစ်ဆေးမှုပြုလုပ်ရန် MFF ထံ တွန်းအားပေးထားကြောင်း သိရသည်။

ထို့ကြောင့် MFF သည် ယင်းကိစ္စနှင့်ပတ်သက်၍ ဧပြီ ၁၀ ရက် (ယနေ့) နေ့လယ်ပိုင်းတွင် အရေးပေါ်တံခါးပိတ် အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းအစည်းအဝေးသို့ MFF မှ တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ တာဝန်ရှိသူများ၊ ကလပ်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်မည်ဖြစ်ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ မနက်ဖြန်မှာ အရေးပေါ်တံခါးပိတ်အစည်းအဝေးပြုလုပ်သွားဖို့ ရှိပါတယ်။ အဲဒီ အစည်းအဝေးပြီးရင်တော့ လိုအပ်တဲ့အချက်အလက်တွေကို သတင်းထုတ်ပြန်ပေးသွားမှာပါ” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက ဧပြီ ၉ ရက်တွင် ပြောကြားသည်။ AFC အနေဖြင့် ယခုရာသီ MNL ပြိုင်ပွဲမှ ပွဲစဉ်အချို့ (သို့ မဟုတ်) ပြီးခဲ့သည့်ရာသီ MNL ပြိုင်ပွဲမှ ပွဲစဉ်အချို့အနက် မည်သည့်ပွဲများကို လုပ်ပွဲသံသယရှိနေခြင်းကိုမူ ကွဲကွဲပြားပြားမသိရသေးပေ။ ယခုရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို အသင်း ၁၂ သင်းဖြင့် ကျင်းပလျက်ရှိပြီး ပွဲစဉ် (၁၀) အထိ ယှဉ်ပြိုင်ကစားထားပြီးဖြစ်သည်။ ယခုရာသီ MNL ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်၊ ရတနာပုံ၊ ရှမ်းယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်၊ မကွေး၊ ဟံသာဝတီယူနိုက်တက်၊ ရခိုင်ယူနိုက်တက်၊ Southern Myanmar ၊ ဇွဲကပင်ယူနိုက်တက်၊ စစ်ကိုင်းယူနိုက်တက်၊ GFA နှင့် မြ၀တီအသင်းတို့ ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

ပြီးခဲ့သည့်ရာသီတွင် အသင်း ၁၂ သင်းဖြင့် ကျင်းပခဲ့သော်လည်း ချင်းယူနိုက်တက်အသင်းမှာ ဘဏ္ဍာရေးအခြေအနေကြောင့် ဖျက်သိမ်းခဲ့ပြီး နေပြည်တော်အသင်းမှာမူ နည်းပြအဖွဲ့ဝင်များနှင့် ကစားသမားများအား လစာမပေးချေနိုင်သဖြင့် ထုတ်ပယ်ခံခဲ့ရကြောင်း သိရသည်။