ပြည်နယ်အဆင့် တာဝန်ရှိသူများနှင့် NCA မထိုးရသေးသည့် ကရင်နီအမျိုးသား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆွေးနွေး

တွေ့ဆုံပွဲအပြီး တပ်မတော်သားကိုယ်စားလှယ်နှင့် KNPP တာဝန်ရှိသူများ နှုတ်ဆက်စကား ပြောကြားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မခိုင်)

ပြည်နယ်အဆင့် တာဝန်ရှိသူများနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA ) မထိုးရသေးသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP ) တို့၏  တွေ့ဆုံဆွေးနွေးပွဲကို မေ ၂၉ ရက် နံနက်က လွိုင်ကော်မြို့ရှိ ကယားပြည်နယ် အစိုးရရုံးအစည်းအဝေးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်နယ်တွင်းဖွံ့ဖြိုးရေးကိစ္စများအား အဓိကထား ဆွေးနွေးခဲ့ကြောင်း KNPP လွိုင်ကော်ဆက်ဆံရေး ရုံးတာဝန်ခံ ခူးညေးရယ်က ပြောကြားသည်။

“အသေးစိတ်အချက်တွေကတော့ ကျွန်တော်တို့ မပြောလိုသေးဘူးပေါ့နော်။ အကြမ်းဖျင်းကတော့ ဖွံ့ဖြိုးရေးကိစ္စတွေကို အဓိက ထားဆွေးနွေးခဲ့ကြပါတယ်။ အခက်အခဲတော့ မရှိပါဘူး” ဟု ခူးညေးရယ်က ပြောကြားသည်။

ထို့ပြင် ကျန်းမာရေး၊ ပညာရေးဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် KNPP ဘက်မှ အခက်အခဲများကို တင်ပြကြပြီး အစိုးရတာဝန်ရှိသူများဘက်မှလည်း လုပ်ထုံးလုပ်နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ပေးနိုင်မှုများအား ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခင်အစိုးရလက်ထက် သဘောတူခဲ့သော အချက်များနှင့်ပတ်သက်၍လည်း ဆွေးနွေးကြပြီး KNPP ၏ ကျောပိုးအိတ် ကျန်းမာရေးလုပ်သားများ ဆေးဝါးများအဆင်ပြေစွာ သယ်ဆောင်နိုင်ရန်အတွက်လည်း ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည် ။

ယင်းတွေ့ဆုံပွဲတွင် အစိုးရဘက်မှ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပညာရေးနှင့် ကျန်းမာရေးဌာနမှ ညွှန်ကြားရေးမှုးများနှင့် တပ်မတော်ဘက်မှ ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းလှိုင်တို့ တက်ရောက်ခဲ့ပြီး KNPP ဘက်မှ ဗဟိုကော် မတီဝင်များဖြစ်သည့် အတွင်းရေးမှူး (၂ ) ခူးဒယ်နီယာယ်၊ လွိုင်ကော်ဆက်ဆံရေးရုံးတာဝန်ခံ ခူးညေးရယ်၊ ခူးတော်ရယ်အက်စ်၊ ဗိုလ်မှုးကြီး ဘုန်းနိုင်နှင့် ခူးဆော်ရယ်ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယခု တွေ့ဆုံမှုသည် ပြည်နယ်အစိုးရနှင့် KNPP တို့အကြား နှစ်ဖက်သဘောတူညီထားသည့်အတိုင်း တစ်လတစ်ကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPP တို့သည် ပြီးခဲ့သည့် ဧပြီလက ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်  KNPP အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရေးနှင့်ပတ်သက်၍ တရားဝင် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပြီးနောက် နှစ်ဖက်အဖွဲ့အစည်းက ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရာ Local Monitoring နှင့် JMC ၊ နှစ်ဖက် တပ်ဖွဲ့များသွားလာမှု၊ ဆက်သွယ်မှု၊ ပြည်နယ်အဆင့်တွင် ညှိနှိုင်းရေးကိစ္စ၊ ပြည်နယ်အစိုးရနှင့် KNPP အကြား နှစ်ဘက်သဘောတူညီထားသည့်အတိုင်း ပုံမှန်တွေ့ဆုံဆွေးနွေး ညှိနှိုင်းဆောင်ရွက်ရန်ဟူသည့် အချက်အပါအ၀င် အချက်သုံးချက် သဘောတူညီကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

ထို့နောက် ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPP တို့သည် ထိုင်းနိုင်ငံ၌ မေ ၁၂ ရက်တွင် အလွတ်သဘောတွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း မတွေ့ဆုံခဲ့ဖြစ်ပေ။

KNPP သည် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက တပ်မတော်နှင့် KNPP  ကြား အောက်ခြေ အဆင့်တွင် ပဋိပက္ခဖြစ်ပွားခဲ့ပြီး အရပ်သားတစ်ဦးနှင့်  KNPP  အဖွဲ့ဝင်သုံးဦး သေဆုံးခဲ့သည့်ကိစ္စအပေါ် တပ်မတော်ကခုံရုံးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးနေသည့် ရလဒ်သည် NCA ရေးထိုးရန် အကြောင်းရင်းများအနက် အချက်တစ်ချက်အဖြစ်ပါဝင်ကြောင်း KNPP  က ပြောကြားထားသည်။

NLD ပါတီဦးဆောင်သော အစိုးရသည် KNPP အဖွဲ့နှင့် ချိတ်ဆက်မှုအားနည်း နေသည့်အပြင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်သွားရသော  ဒုက္ခသည်စခန်းတွင် နေထိုင်ရသူများသည်လည်း စားဝတ်နေရေး လူမှုရေးအခက်အခဲများ ပိုမိုကြုံတွေ့နေကြ ရသည်ကိုတွေ့ရကြောင်း ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက်က ထုတ်ပြန်ထားသည်။

KNPP အနေဖြင့် NCA တွင် အမြန်ဆုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း အစိုးရနှင့် KNPP တရားဝင် တွေ့ဆုံမှုအပြီး ပူးတွဲကြေညာချက် ထုတ်ပြန်

အစိုးရနှင့် KNPP ဆွေးနွေးပွဲအပြီးတွင် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ကျေးဇူးတင်စကား ပြောကြားနေစဉ်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေဖြင့် NCA တွင် အမြန်ဆုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစိုးရနှင့် KNPP တို့၏ တရားဝင်တွေ့ဆုံမှုအပြီးတွင် ပူးတွဲ ကြေညာချက် ထုတ်ပြန်သည်။

အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPP ၏ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီတို့အကြား တရားဝင်ဆွေးနွေးပွဲကို ကယားပြည်နယ် လွိုင်ကော်မြို့၌ ဧပြီ ၂၆ ရက်မှ ၂၇ ရက်ထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့ပြီးနောက် အချက်သုံးချက်ပါသော ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ NCA မရေးထိုးမီ ရေတိုကာလအတွင်း (၁) Local Monitoring Team & JMC ကိစ္စ နှစ်ဖက်တပ်ဖွဲ့များ သွားလာမှု ဆက်သွယ်မှု ပြည်နယ်အဆင့်တွင် ညှိနှိုင်းရေးကိစ္စ၊ ပြည်နယ်အစိုးရနှင့် KNPP ကြားနှစ်ဖက် သဘောတူညီထားသည့်အတိုင်း ပုံမှန်တွေ့ဆုံဆွေးနွေး ညှိနှိုင်းဆောင်ရွက်ရန်၊ (၂) ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်များတွင် ဆက်ဆံရေး တာဝန်ခံများ ပြန်လည်ထားရှိရေးကိစ္စ၊ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်တွင် နှစ်ဖက်ညှိနှိုင်း သဘောတူထားသော ဆက်ဆံရေးလမ်းကြောင်းများမှတစ်ဆင့် ဆောင်ရွက်ရန်၊ (၃) တပ်ပိုင်းဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် တိုးတက်မှုများရရှိခဲ့ပြီး နှစ်ဖက်ညှိနှိုင်းသဘောတူသည့်အတိုင်း ဆက်လက်ဆောင်ရွက်ရန်တို့ကို နှစ်ဖက်ညှိနှိုင်း ဆွေးနွေးသဘောတူညီမှုရရှိခဲ့သဖြင့် KNPP အနေဖြင့် NCA သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

“အရင်တုန်းက ပဏာမ အပစ်အခတ်ရပ်စဲရေးနောက်ပိုင်း စောစောပိုင်းကာလဖြစ်ပေါ် တိုးတက်မှုတွေမှာ ကျွန်တော်တို့ဘက်က တပ်တွေ တပ်မတော်ဘက်ကို စစ်ဆင်ရေးတွေ ရုပ်သိမ်းပေးပါလို့ ပြောဆိုဆွေးနွေးခဲ့တာရှိတယ်။ တပ်မတော်ကလည်း သူ့ကတိက၀တ်အတိုင်း ဥပမာအားဖြင့် တပ်မတွေ ရုပ်သိမ်းတယ်။ တပ်မ ၅၅ လိုဟာ ရုပ်သိမ်းတယ်။ တချို့စခန်းတွေကို ရုပ်သိမ်းလိုက်တာရှိတယ်။ ဒီကြားထဲမှာ ဘာဖြစ်လာလဲဆိုတော့ ကျွန်တော်တို့အနေနဲ့ NCA ထိုးတဲ့အခါမှာ နှောင့်နှေးမှုတွေဖြစ်နေတာတို့ ဒီအစိုးရတက်လာတဲ့ လက်ထက်မှာ ကြားထဲမှာ အပြန်အလှန် ဆက်ဆံထိတွေ့မှုတွေနည်းတဲ့အခါ တပ်မတော်ပိုင်းကလည်း ပြန်ပြီးတော့ သံသယရှိတဲ့ချိန်မှာ စစ်ရေးဆိုင်ရာပြန်ပြီးတော့ လှုပ်ရှားမှုတွေ တွေ့မြင်လာရတယ်။ ဒါတွေက NCA သွားမယ့်လမ်းကြောင်းပေါ်မှာ ရှိတဲ့အတွက်ကြောင့် မလိုလားအပ်တဲ့ ထိတွေ့မှုတွေ မဖြစ်အောင် အပြန်အလှန် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရအောင်ဆိုပြီးတော့ ပြီးခဲ့တဲ့သဘောတူညီချက်တွေကို ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ လက်ရှိအခြေအနေထက်စာရင် ပိုပြီးကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ဖန်တီးနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု KNPP အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ဆွေးနွေးပွဲအပြီး သတင်းထောက်များအား ပြောကြားသည်။

NCA မထိုးနိုင်သေးသည့်ကာလအတွင်း ရှိပြီးသား သဘောတူညီချက်များဖြင့် ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းနှင့် တွေ့ဆုံဆွေးနွေးမှုမှာ အားရမှုရှိကြောင်းလည်း ဦးရွှေမျိုးသန့်က ပြောကြားသည်။

KNPP သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။ NLD ပါတီဦးဆောင်သော အစိုးရသစ်လက်ထက်တွင် KNPP သည် NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှတစ်ဆင့် အခြားသော UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အတူ အစိုးရနှင့် ၁၇ လကျော်ကြာ ဆွေးနွေးခဲ့သည်။

သို့ရာတွင် အစိုးရနှင့် UNFC အကြား ဆွေးနွေးရေးတစ်ဆို့မှုအချို့ ဖြစ်ပေါ်နေချိန်တွင် UNFC အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့သည် NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သဖြင့် KNPP အဖွဲ့သည် ကျန်ရှိခဲ့ခြင်းဖြစ်သည်။

ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်စာချုပ်ပါ သဘောတူညီချက်များကို အဓိကထားဆွေးနွေးမည့် ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တရားဝင်ဆွေးနွေးပွဲ လွိုင်ကော်မြို့၌ စတင်

ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPP တို့ ဧပြီ ၂၆ ရက်က လွိုင်ကော်မြို့တွင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ-မခိုင်)

အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေး နွေးရေးကော်မီတီ (PNC) တို့ တရားဝင်ဆွေးနွေးပွဲကို ဧပြီ ၂၆ ရက် နံနက်ပိုင်းမှစတင်ကာ ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမတွင် ပြုလုပ်လျက်ရှိသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်နယ်အဆင့် နှင့် ပြည်ထောင်စုအဆင့်တို့တွင် KNPP နှင့် အစိုးရတို့ကြား ချုပ်ဆိုခဲ့သော နှစ်ဖက် သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန်အတွက် ပြည်နယ် အဆင့်နှင့် ဒေသအဆင့်ပူးတွဲစောင့်ကြည့်ရေး ကိစ္စများ၊ လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့် လေ့လာရေးအဖွဲ့ကိစ္စများ၊ လူမှုရေးကူ ညီထောက်ပံ့မှုကိစ္စများ၊ ပြည်နယ်အတွင်း  INGO နှင့် NGO များ လုပ်ငန်းဆောင်ရွက်မှုကိစ္စများ၊ မူးယစ်ဆေးဝါး၊ သစ်တောပြုန်းတီးမှု နှင့် လူကုန်ကူးမှုကိစ္စများ၊ ပြည်နယ်နှင့်ပြည်ထောင်စုအဆင့်များတွင် ဆက်ဆံရေးတာဝန်ခံများ ပြန်လည်ထားရှိရေးကိစ္စများနှင့် တပ်ပိုင်းဆိုင်ရာကိစ္စများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း KNPP က ထုတ်ပြန်ထားသည်။

ယင်းဆွေးနွေးပွဲကို ဧပြီ ၂၇ ရက်ထိပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ အစိုးရဘက်မှ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယဥက္ကဋ္ဌ  နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ အဖွဲ့ဝင်များဖြစ်သည့် ဒေါက်တာအောင်ထွန်းသက်၊ ဦးအောင်စိုးနှင့် ငြိမ်း ချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ တပ်မတော်ကိုယ်စားလှယ်များအဖြစ် အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC-U) အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်သည်။

ထို့အတူ KNPP ဘက်မှ အထွေထွေအတွင်းရေးမှုး ဦးရွှေမျိုးသန့်၊ အတွင်းရေးမှူး (၂)ခူးဒယ်နီယာယ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဗိုလ်ချုပ်စောဘီထူး၊ ဗိုလ်မှူးဘုန်းနိုင်၊ ခူးထဲဘူး၊  ခူးညေးရယ်၊ ခူးတော်ရယ် (S) ၊ ခူးတော်ရယ် (T) ၊ စောလှကေထူးနှင့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးကြည်စိန်တို့ ပါဝင်တက်ရောက်သည်။

NCA ရေးထိုးပါက လက်နက်အပ်နှံရမည် ဆိုသည့် ထင်ယောင်ထင်မှားဖြစ်မှုများ ရှိနေကြောင်း၊ NCa ဆိုသည်မှာ လက်နက်ကိုင်ပဋိပက္ခမဖြစ်ပွားရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲပြီး ရပ်စဲထားသည့် ပစ်ခတ်တိုက်ခိုက်မှုများ ခိုင်မာရေးစနစ်တကျ ဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း နိုင်ငံရေးဆွေးနွေးပွဲများတွင် နိုင်ငံရေး ပြဿနာများညှိနှိုင်းအဖြေရှာရန် အစပြုခြင်းသာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက အဖွင့်အမှာစကားတွင် ပြောကြားသည်။

“ဒီကနေ့ဆွေးနွေးပွဲမှာ နှစ်ဦးနှစ်ဖက် ပွင့်ပွင့်လင်လင်း ဆွေးနွေးပြီးတော့ တစ်ဆို့နေတာတွေကို ပြေလည်သွားအောင်၊ အခက်အခဲ ဖြစ်နေတာတွေကို ပယ်ဖျက်နိုင်အောင် နားလည်မှုရှိရှိ ယုံကြည်မှုမြင့်မြင့်မားမားနဲ့ ဆွေး နွေးကြဖို့။ အထူးသဖြင့် အနာဂတ်မှာ ပေါ်ထွန်းမယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အရေးကြီးတဲ့ အခြေခံမူတွေ ဆွေးနွေးညှိနှိုင်းနေပြီဖြစ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေးကြီးမှာ ပါဝင်နိုင်ရေးကို ရှေးရှုကြဖို့ အလေးအနက်မေတ္တာရပ်ခံလိုပါတယ်။ ကယားပြည်နယ်သူ၊ ပြည်နယ်သားတွေ မျှော်လင့်ချက်ကို အလေးအမြတ်ပြုပြီးတော့ ဆွေးနွေးပွဲရလဒ်ကောင်းတွေ ထွက်ပေါ်ပြီးတော့ NCA လက်မှတ်ရေးထိုးနိုင်မယ့် အခြေအနေတွေကိုဆုံးဖြတ်နိုင်ပါစေ။ ရောက်ရှိနိုင်ပါစေ” ဟု ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေက ပြောကြားသည်။

ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ ဗဟိုကော်မတီဝင် ဗိုလ်ချုပ်စောဘီထူးက KNPP အနေဖြင့် NCA လက်မှတ်မထိုးနိုင်သေးပါကလည်း ပြည်နယ်၏ အေးချမ်းရေးကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ပြောကြားသည် ။

“ကျွန်တော်တို့ပြည်နယ်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ရေးမှတစ်ဆင့် ငြိမ်းချမ်းရေးအသွင် အဖြေရှာသွားမယ့်နည်းတွေ၊ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားတဲ့ တခြားတိုင်းရင်းသားဒေသတွေမှာလည်း စစ်ပွဲများကို အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရန် စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုတည်ဆောက်ပြီးမှတစ်ဆင့် ဖယ်ဒရယ်ပြည်ထောင်စုကြီးကိုတည်ဆောက်ရန် ကြိုးပမ်းသွားကြပါလို့ ကျွန်တော့အနေနဲ့ တိုက်တွန်းလိုပါတယ်” ဟု ဗိုလ်ချုပ်စောဘီထူးက ပြောကြားသည်။

ထို့ပြင် ဆွေးနွေးပွဲသို့ KNPP ၏ ဖိတ်ခေါ်ချက်အရ ပြည်နယ်အတွင်းရှိ ဒေသခံ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ အရပ်ဘက် လူမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်များနှင့် NCA  ရေးထိုးထားပြီးသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ လေ့လာသူအဖြစ် တက်ရောက်ကြသည်။

KNPP သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။

NLD ပါတီဦးဆောင်သော အစိုးရသစ်လက်ထက်တွင် KNPP သည် NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှတစ်ဆင့် အခြားသော UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့်အတူ အစိုးရနှင့် ၁၇ လကျော်ကြာ ဆွေးနွေးခဲ့သည်။

သို့ရာတွင် အစိုးရနှင့် UNFC အကြား ဆွေးနွေးရေးတစ်ဆို့မှုအချို့ဖြစ်ပေါ်နေချိန်တွင် UNFC အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီိမိုကရက်တစ်အစည်းအရုံး (LDU) တို့သည် NCA စာချုပ်တွင်လက်မှတ်ရေးထိုးခဲ့သဖြင့် KNPP အဖွဲ့သည် ကျန်ရှိခဲ့ခြင်းဖြစ်သည်။