ရန်ကုန်တိုင်းဒေသကြီး မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာရေးဆွဲခြင်း စီမံကိန်း အနှစ်ချုပ်အစီရင်ခံစာနှင့် ဘက်စုံဖွံ့ဖြိုးမှု အခြေခံ အချက်အလက်များ အဆိုပြုချက်တို့ကို လွှတ်တော်၌ ဆွေးနွေးနိုင်ရန် တိုင်းအစိုးရက ရှင်းလင်းတင်ပြ

မေ ၇ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးကို မစတင်မီ တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာရေးဆွဲခြင်း စီမံကိန်း အနှစ်ချုပ် အစီရင်ခံစာနှင့် ဘက်စုံဖွံ့ဖြိုးမှု အခြေခံအချက်အလက်များ အဆိုပြုချက်တို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက လွှတ်တော်၌ ဆွေးနွေးနိုင်ရန် ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ အစီရင်ခံစာနှင့် အဆိုပြုချက် ကို မေ ၇ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး (၂၄ ရက်မြောက်နေ့) တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက လွှတ်တော်၌ ရှင်းတင်းတင်ပြခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာရေးဆွဲခြင်း စီမံကိန်း အနှစ်ချုပ် အစီရင်ခံစာတွင် အပိုင်းငါးပိုင်း ပါဝင်ပြီး အပိုင်း (၁) တွင် နောက်ခံအကြောင်းအရာများ၊ စီမံကိန်းရေးဆွဲရသည့် ရည်ရွယ်ချက်များ၊ လေ့လာမည့် စီမံကိန်းဧရိယာများ၊ စီမံကိန်း အကောင်အထည်ဖော်မည့် အဖွဲ့အစည်းများ၊ စီမံကိန်းမူဘောင်၊ ရန်ကုန်မြို့၏ ခြုံငုံသုံးသပ်ချက်များ ဖော်ပြထားကြောင်း သိရသည်။

အပိုင်း (၂) တွင် ရန်ကုန်မြို့၏ အနာဂတ်မျှော်မှန်းချက်ကို ဖော်ပြထားကြောင်း၊ အပိုင်း (၃) မြို့ပြတည်ဆောက်မှု ပုံစံနှင့် ဖွဲ့စည်းမှုပုံစံတို့ကို ဖော်ပြထားကြောင်း၊ အပိုင်း (၄) တွင်  ဖွံ့ဖြိုးမှုနေရာများနှင့် လုပ်ဆောင်ချက်များကို ဖော်ပြထားပြီး ကုန်သွယ်ရေးနှင့် စီးပွားရေး တိုးတက်အောင် မည်သို့လုပ်ဆောင်ချက်များ၊ စက်မှုလက်မှု လုပ်ငန်းများ လုပ်ဆောင်ချက်များ၊ အိမ်ယာလုပ်ငန်း တိုးချဲ့လုပ်ဆောင်ချက်များ၊ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် မြို့ပြရှုခင်းများ၊ သမိုင်းအမွေအနှစ်များ ထိန်းသိမ်းမှု၊ ရန်ကုန်မြို့တွင် ကာဗွန်ထွက်ရှိမှုနည်းအောင် ပြုလုပ်မည့် အစီအမံများ၊ အခြေခံအဆောက်အဦးကဏ္ဍ တိုးတက်ရန် ရေပေးမှုစနစ်၊ မိလ္လာနှင့် ရေဆိုးစွန့်ပစ်မှုစနစ်၊ ရေမြောင်းများ ရေစီးရေလာ ကောင်းစေရန်စနစ်၊ ဆက်သွယ်ရေး၊ သဘာဝ ဘေးအန္တရာယ်ခန့်ခွဲမှု စသည်တို့ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် အပိုင်း (၅) တွင် မြို့ပြဖွံ့ဖြိုး တိုးတက်မှုအတွက် စီမံခန့်ခွဲမှုအစီအစဉ်များကို ရေးဆွဲထားကြောင်း ၀န်ကြီးဦးမြင့်သောင်းက ရှင်းလင်းတင်ပြခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာရေးဆွဲခြင်း စီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် စည်ပင်သာယာကော်မတီမှ ကြီးကြပ်ပြီး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းရေးအေဂျင်စီ (JICA) တို့မှ ရေးဆွဲထားသည့် စီမံကိန်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်း အစီရင်ခံစာကို ၂၀၁၈ ခုနှစ် မေ ၃ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး (၁၈/၂၀၁၈) တွင် ဆွေးနွေးအတည်ပြုခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးမှု အခြေခံအချက်အလက်များ အဆိုပြုချက်ကို လွှတ်တော်၌ ဆွေးနွေးနိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပြုချက်တွင် ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် အခြေခံအားဖြင့် ဆောင်ရွက်ရမည့် အချက်အလက်များကို အပိုင်း (၂၁) ပိုင်းဖြင့် ဖော်ပြထားပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်း လူဦးရေပျံ့နှံမှုများ၊ မြေအသုံးချမှုများ၊ အိမ်ရာနှင့် မြေယာကဏ္ဍ၊ အခြေခံ အဆောက်အအုံများကဏ္ဍ၊ လူထုအခြေခံ အဆောက်အအုံများ၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကဏ္ဍ၊ ဈေးတည်နေရာများ၊ ပြည်သူလူထုအတွက် အလုပ်အကိုင်နှင့် စက်မှုလက်မှုကဏ္ဍ၊ ပန်းခြံနှင့် စိမ်းလန်းဧရိယာများ၊ သမိုင်းအမွေအနှစ် ထိန်းသိမ်းရေးကဏ္ဍ၊ ရန်ကုန်မြို့၏ မြို့သစ်များ တိုးချဲ့ရေးကဏ္ဍ၊ အခြားတိုင်း/ပြည်နယ်များနှင့် စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှု ကွာဟမှုများ၊ ရန်ကုန်မြို့ ဖွံ့ဖြိုးမှုနှင့် နိုင်ငံခြား အကူအညီ ရရှိမှုအခြေအနေ စသည်တို့ကို ဖော်ပြထားကြောင်း ၀န်ကြီးဦးမြင့်သောင်းက ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးမှု အခြေခံ အချက်အလက်များ အဆိုပြုချက်ကို စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်းဌာနမှ ရေးဆွဲထားခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ဒေသတွင် JICA အကူအညီဖြင့် နွေနှမ်းပြောင်းလဲ စိုက်ပျိုးနေသော်လည်း နည်းပညာရင်းနှီးမှု မရှိခြင်းကြောင့် အထွက်နှုန်းကောင်းမွန်ခြင်း မရှိသေး

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ဒေသအတွင်း JICA အကူအညီဖြင့် နွေနှမ်းပြောင်းလဲ စိုက်ပျိုးနေသော်လည်း နည်းပညာ ရင်းနှီးမှုမရှိခြင်းကြောင့် အထွက်နှုန်း ကောင်းမွန်ခြင်းမရှိသေးကြောင်း ဒေသခံ တောင်သူများက ပြောကြားသည်။

ပြီးခဲ့သည့်နှစ်မှစတင်၍ ပြည်ဒေသအတွင်း နွေရာသီ အစားထိုးသီးနှံအဖြစ် နှမ်းမျိုးစေ့အသစ်နှင့် နည်းပညာအသစ်များကို JICA မှ တောင်သူများကို စမ်းသပ်စိုက်ပျိုးစေခဲ့ပြီး အခြားဒေသများသို့လည်း သွားရောက် လေ့လာမှုများ ပြုလုပ်ခဲ့သော်လည်း တောင်သူများမှာ နည်းစနစ်ကျွမ်းကျင်မှု မရှိသေးခြင်းကြောင့် အထွက်နှုန်း ကောင်းမွန်ခြင်းမရှိသေးကြောင်း တောင်သူများထံမှ သိရသည်။

“ခါတိုင်းတော့ နှမ်းကိုမစိုက်ပျိုးဖူးဘူး။ အခု JICA နဲ့တွေ့မှ နှမ်းကိုစမ်းပြီး စိုက်ပျိုးတာ။ တစ်ခါမှလည်း ဒီအချိန်မစိုက်ပျိုးဘူးတော့ မိုးနှမ်းဆိုရင်တော့ တစ်ဧကကို ၁၂ တင်းလောက်ထွက်တယ်။ အခု နွေနှမ်းမှာတော့ အဲဒီလောက်ရချင်မှရမယ်။ ရှစ်တင်းကျော်တော့ မှန်းထားပါတယ်။ သူတို့ပေးတဲ့ နည်းအတိုင်း ရေသွင်းရမယ့်အကြိမ်ရေ နှစ်ကြိမ်လောက် ပျက်သွားတယ်။ ပဲက မပြတ်သေးတော့ မှုံးတာလည်း မမှုံးဖြစ်လိုက်ဘူး။ သူတို့ပြောတဲ့နည်းအတိုင်း အသေအချာ စိုက်မယ်ဆိုရင်တော့ တစ်ဧကကို တင်း ၂၀ လောက်တောင် ထွက်ဖို့ဖြစ်နိုင်ပါတယ်” ဟု ပေါင်းတလည်မြို့ အုပ်ဆွဲကျေးရွာကွင်းမှ မျိုးစပါးနှင့် မျိုးသန့်ထုတ်လုပ်သူ ဦးအောင်နိုင်ဝင်းက ပြောကြားသည်။

နှမ်းမျိုးစေ့သစ်များဖြစ်သည့် သိပ္ပံနှမ်းနက်နှင့် ဆင်းရတနာ (၃) စတင်စိုက်ပျိုးခဲ့ရာ မကွေးတိုင်းဒေသကြီးမှ စိုက်ပျိုးရေးနည်းပညာရှင်များ၊ JICA နှင့် PROFIA (ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ အကျိုးအမြတ် ဖြစ်ထွန်းစေမည့် ရေသွင်းစိုက်ပျိုးရေးစီမံကိန်း) တို့မှ ပူးပေါင်းကာ နည်းပညာသစ်များ ဖြန့်ဖြူးပေးခြင်း၊ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် ကျောက်ဆည်ဒေသသို့လည်း တောင်သူများကို စေလွှတ်ကာ နည်းပညာများရယူစေခြင်းတို့ကိုလည်း ဆောင်ရွက်စေခဲ့ကြောင်း တောင်သူများအနေဖြင့် အကျွမ်းတ၀င်ရှိရန် ပိုမိုအားစိုက်လေ့လာရန် လိုအပ်နေကြောင်း သိရသည်။

“ဒီနှစ်မှာ ကျွန်တော်တို့ သွားလေ့လာတဲ့အချိန်မှာ ကျွန်တော်တို့ဆီမှာ စိုက်ပြီးနေပြီ။ အဲဒါကြောင့် အရမ်းပြန်ပြင်လို့မရတော့ဘူး။ လေ့လာရေးခရီးက နောက်ကျနေတယ်။ အဲဒီအချိန်မှာ ခါတိုင်းဒေသစိုက်နည်းအတိုင်း စိုက်ပြီးနေပြီ” ဟု ပြည်မြို့နယ် ၀က်ထီးကန်တိုက်နယ် ပေါင်းနွယ်ခြုံအုပ်စု သံပရာပင်ကျေးရွာမှ တောင်သူကိုကျော်စိုးဦးက ပြောကြားသည်။

ပြည်ဒေသတွင် ယခင်နှစ်များက နွေစပါးတစ်မျိုးတည်းသာ စိုက်ပျိုးခဲ့ပြီး ရေသွင်းရာတွင် လုံလောက်မှုမရှိခြင်း အထွက်နှုန်းနည်းခြင်း၊ ရိတ်သိမ်းချိန်နောက်ကျသဖြင့် မိုးစပါး စိုက်ပျိုးရာတွင် အချိန်မလောက်ခြင်းများအပြင် မတ်ပဲဈေးမှာလည်း တည်ငြိမ်မှုမရှိခြင်းများ၊ အရှုံးပေါ်ခြင်းများရှိနေ၍ နှမ်းကို ပြောင်းလဲစိုက်ပျိုးရန် အကူအညီများပေးခဲ့ခြင်းဖြစ်ပြီး ယင်းနှမ်းများကို စိုက်ပျိုးရာတွင် ဇန်န၀ါရီလလယ်တွင် စတင်စိုက်ပျိုးနိုင်ကာ ရက်ပေါင်း ၉၀ တွင် ရိတ်သိမ်းနိုင်ကာ PROFIA အဖွဲ့၏ အကူအညီဖြင့် သံပရာပင်ကျေးရွာတွင် ပင်ဧကပေါင်း ၆၀ ကျော် စိုက်ပျိုးပြီး တောင်သူအချင်းချင်း စိုက်နည်းများယူ၍ စိုက်ပျိုးသည့်ဧကမှာ ၉၀ ဧကကျော်ရှိကြောင်း၊ ရေသွင်းစိုက်ပျိုးရာတွင် နွေစပါးတစ်ဧကအတွက် ရေကို နှမ်းတွင် သုံးဧကအထိ အသုံးပြုနိုင်သည့်အတွက် ရေကိုအကျိုးရှိရှိ အသုံးချနိုင်သည့်အပြင် တောင်သူများအတွက် ငွေကြေးအမြတ်ပိုရရှိနိုင်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ JICA ၏ နှစ်ဆင့်သွားချေးငွေအစီအစဉ်ဖြင့် လယ်ယာသုံးစက်ကိရိယာများသာမက မျိုးစေ့သန့်စင်စက်၊ အခြောက်ခံစက်၊ ဆန်စက်နှင့်ဆီစက်များ တည်ဆောက်ရန်ကိုလည်း တိုးချဲ့ထုတ်ချေးမည်

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ဂျပန်နိုင်ငံ JICA ၏ နှစ်ဆင့်သွားချေးငွေ အစီအစဉ်ဖြင့် လယ်ယာသုံး စက်ကိရိယာများသာမက မျိုးစေ့သန့်စင်စက်၊ အခြောက်ခံစက်၊ ဆန်စက်နှင့်ဆီစက်များ တည်ဆောက်နိုင်ရန်လည်း တိုးချဲ့ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ဧပြီ ၅ ရက်က ပြုလုပ်သည့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ စုံညီအစည်းအဝေးတွင် ဦးဆောင်အဖွဲ့အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

ဂျပန်နိုင်ငံ JICA ၏နှစ်ဆင့်သွား ချေးငွေအစီအစဉ်ဖြင့်လယ်ယာသုံး စက်ကိရိယာများ တိုးတက်သုံးစွဲနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခု၊ မြို့နယ် ၆၀ ၊ တောင်သူ၂၅၈ ဦးအတွက် ထွန်စက်၊ ရိတ် သိမ်းခြွေလှေ့စက်၊ ထော်လာဂျီ၊ လက်တွန်းထွန်စက် စုစုပေါင်း ၂၅၈ စီးအတွက် ငွေကျပ် ၉၀၈၂ ဒသမ ၂၁ သန်းကို မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် လယ်ယာသုံး စက်ကိရိယာများသာမက မျိုးစေ့သန့်စင်စက်၊ အခြောက်ခံစက်၊ ဆန်စက်နှင့်ဆီစက်များ တည်ဆောက်နိုင်ရန်လည်း တိုးချဲ့ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

စပါးဈေးကောင်း ရချိန်စောင့်၍ ရောင်းချနိုင်ရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် သိုလှောင်ရုံများ တည်ဆောက်နိုင်ရန်အတွက် ဆန်စပါးကဏ္ဍအတွက်  လျာထားပေးသော SMEချေးငွေ ကျပ် ၆၀ ဘီ လျံအနက်မှ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၅ ဘီလျံ လျာထားပေးရန်အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ဧပြီ ၂ ရက်က ပြုလုပ်သည့် ဒုတိယသမ္မတ-၁ နှင့် လုပ်ငန်းရှင်များ(၁၆) ကြိမ်မြောက် တွေ့ဆုံပွဲတွင် တင်ပြထားသည်။

စပါးပေါ်ချိန်တွင် ဈေးအလွန်အမင်း ကျဆင်းမှုမှ ကာကွယ်တားဆီးနိုင်ရန် နိုင်ငံအများစုတွင်ဆောင်ရွက်သည့် ဈေးကျချိန်တွင်ရောင်းရန်မလိုဘဲ ဈေးတက်ချိန် စောင့်ရောင်းနိုင်သည့် သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေခံပြီး ချေးငွေထုတ်ပေးသည့်စနစ် (Warehouse Receipt Financing System) ကို စနစ်တကျ စတင်ဆောင်ရွက်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ပေးရေးကို နိုင်ငံတော်အစိုးရထံ တင်ပြထားကြောင်း  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ပြည်ပသို့ ဆန်တင်ပို့ရာတွင် နိုင်ငံတကာ ပေါက်ဈေးမြင့်နေချိန်ကို အချိန်ကိုက်၍ ရောင်းနိုင်ခြင်းဖြင့် ပို့ကုန်ဝင်ငွေ ပိုမိုရရှိနိုင်သည့်အချက်ကို ဦးစားပေးဖော်ဆောင်ရန် လိုအပ်နေကြောင်း သိရသည်။

စပါးပေါ်ချိန်တောင်သူများထံ ငွေလုံးငွေရင်းများဖြင့် ဈေးကောင်းပေးဝယ်ယူနိုင်ရန်အတွက် ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်နှင့် Exporter များအား ချေးငွေထုတ်ပေးနိုင်မည့်စနစ်တစ်ခု စဉ်းစားသုံးသပ်ပေးရန် အစိုးရထံအကြံပြုတင်ပြထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပချေးငွေ ဒေါ်လာ ၉ ဒသမ ၅ ဘီလျံဝန်းကျင် ရယူထားပြီး ဂျီဒီပီ၏ ၁၅ ရာခိုင်နှုန်းဝန်းကျင် ရှိနေသော်လည်း ကြွေးမြီများအတွက် ပူပန်ရမည့်အခြေအနေ မဟုတ်ကြောင်း IMF သုံးသပ်

ဂျပန်အစိုးရ၏ ဒေါ်လာ ၁ ဒသမ ၁ ဘီလျံခန့်ထောက်ပံ့မှု ချေးငွေသဘောတူစာချုပ် လက်မှတ်ရေးထိုး လဲလှယ်နေစဉ် (ဓာတ်ပုံ-JICA)

မြန်မာနိုင်ငံအနေဖြင့် ပြည်ပချေးငွေ ဒေါ်လာ ၉ ဒသမ ၅ ဘီလျံဝန်းကျင် ရယူထားပြီး ဂျီဒီပီ (ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး) ၏ ၁၅ ရာခိုင်နှုန်းဝန်းကျင် ရှိနေသော်လည်း ကြွေးမြီများအတွက် ပူပန်ရမည့်အခြေအနေ မဟုတ်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က မတ်လကုန်ပိုင်းတွင် ထုတ်ပြန်သည့် IMF Article IV Consultation ဆိုင်ရာအစီရင်ခံစာတွင် သုံးသပ်ထားသည်။

မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီအခြေအနေသည် သတ်မှတ်ထားသော အခြေခံပမာဏအောက်တွင်သာ ဆက်ရှိနေပြီး အန္တရာယ်များသည့် ဖိအားသက်ရောက်မှု မရှိသေးကြောင်း၊ ပြည်ပကြွေးမြီနှင့် ပြည်တွင်းကြွေးမြီတို့ပါဝင်သော ပြည်သူ့ကြွေးမြီပမာဏမှာလည်း နိုင်ငံ့စီးပွားရေးအတွက် အန္တရာယ်မရှိသေးဘဲ အဆိုပါအခြေအနေကို ထိန်းသိမ်းနိုင်ရေးအတွက် ဘဏ္ဍာရေးမူဝါဒ၊ ပြည်သူ့ရေးရာ ဘဏ္ဍာငွေထောက်ပံ့မှုနှင့် ချေးငွေစီမံခန့်ခွဲမှုတို့ကို ဆက်လက်ကောင်းမွန်စွာ ဆောင်ရွက်သင့်ကြောင်းနှင့် အနာဂတ်ကာလတွင်လည်း နိုင်ငံနှင့် ပြည်သူလူထုကို အမှန်တကယ်အကျိုးပြုမည့် စီမံကိန်းများအတွက်သာ စိစစ်၍ ချေးငွေရယူရန် အကြံပြုထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်၌ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပြီးနောက် အစိုးရ၊ ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ယခင်ကကဲ့သို့ တိုက်ရိုက်ငွေချေးယူခြင်း၊ စာချုပ်လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်၍မရတော့ဘဲ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှသာ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်ကိုယ်စားတာဝန်ယူကာ ငွေချေးယူခြင်း၊ စာချုပ်လက်မှတ်ရေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများသို့ အာမခံချက်ထုတ်ပေးခြင်းမရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည်။

ပြည်ပချေးငွေရယူရာတွင် နိုင်ငံတော်၏မူဝါဒများ၊ အမျိုးသားစီမံကိန်းများ၊ ဦးစားပေးလုပ်ငန်းအစီအစဉ်များနှင့် လိုအပ်ချက်များကို အခြေခံစဉ်းစားရသည့်အပြင် သက်ဆိုင်ရာချေးငွေပေးအပ်မည့် ပြည်ပနိုင်ငံ၊ အဖွဲ့အစည်းများမှ ကူညီပံ့ပိုးပေးလိုသည့် နယ်ပယ်၊ ကူညီလိုသည့် ပမာဏစသည်တို့နှင့်လည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အခြေခံအဆောက်အအုံများဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်မီး စသည့်ကဏ္ဍများ တိုးတက်လာမှုသည် ကုန်ထုတ်လုပ်မှုနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ဌာန၊ အဖွဲ့အစည်းအလိုက် ပေးရန်ရှိသည့် ပြည်ပကြွေးမြီအခြေအနေမှာ စုစုပေါင်းဒေါ်လာ ၉၅၇၁၇၁၃၄၀၄ ဒသမ ၂၈ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြည်ထောင်စုလွှတ်တော်ကို ပြောကြားထားသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ နှစ်အလိုက် နိုင်ငံတော်၏ ပြည်တွင်းပြည်ပ ကြွေးမြီအခြေအနေမှာ သမ္မတဦးသိန်းစိန် လက်ထက်ဖြစ်သည့် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၉၉၃၈ ဘီလျံ၊ ပြည်ပကြွေးမြီ ကျပ် ၆၃၃၅ ဘီလျံ၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၁၀၈၂၄ ဘီလျံ၊ ပြည်ပကြွေးမြီကျပ် ၇၃၀၁ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၁၂၀၁၄ ဘီလျံ၊ ပြည်ပကြွေးမြီကျပ် ၉၅၆၁ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၁၂၄၈၇ ဘီလျံ၊ ပြည်ပကြွေးမြီ ကျပ် ၉၅၄၅ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၁၅၇၂၄ ဘီလျံ၊ ပြည်ပကြွေးမြီ ကျပ် ၁၂၂၄၆ ဘီလျံဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရသစ်လက်ထက်ဖြစ်သည့် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၁၈၀၂၀ ဘီလျံ၊ ပြည်ပကြွေးမြီ ကျပ် ၁၀၈၄၁ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ပြည်တွင်းကြွေးမြီ ကျပ် ၁၉၃၆၀ ဘီလျံ၊ ပြည်ပကြွေးမြီ ကျပ် ၁၃၁၁၃ ဘီလျံဖြစ်ကြောင်း သိရသည်။

မြန်မာ့လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းလေးခုအတွက် ဂျပန်က အတိုးနှုန်းသက်သာသည့် ချေးငွေဒေါ်လာ ၁ ဒသမ ၁ ဘီလျံခန့်အတွက် လက်မှတ်ရေးထိုး

မြန်မာနိုင်ငံ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းလေးခုအတွက် ဂျပန်နိုင်ငံက အတိုးနှုန်းသက်သာသည့် တရားဝင်အကူအညီချေးငွေ ဂျပန်ယန်း ၁၁၇ ဒသမ ၀၄ ဘီလျံ (ဒေါ်လာ ၁၀၉၇ ဒသမ ၈၃ သန်း) ထောက်ပံ့ခဲ့ပြီး မတ် ၂၉ ရက်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် ချေးငွေစာချုပ်လေးခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း JICA ၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အမှန်တကယ်နှုန်းထားမှာ ခုနစ်ရာခိုင်နှုန်းဝန်းကျင် ရှိနေသော်လည်း မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု ပိုမိုမြှင့်တင်ရေးနှင့် တိုင်းဒေသကြီးများနှင့် ကျေးလက်ဒေသများတွင် ဆင်းရဲမှုလျှော့ချရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ထိန်းသိမ်းထားနိုင်ရေးတို့ကို ဟန့်တားစေသော အခြေခံအဆောက်အအုံတွင် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေခြင်းဖြစ်သည်။ ထို့ပြင် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများ အိမ်ရာဝယ်ယူခြင်းတို့အတွက် လိုအပ်သောငွေရေးကြေးရေးစနစ်နှင့် ၀န်ဆောင်မှုများ မလုံလောက်မှုတို့သည် မြန်မာပြည်သူများအား သင့်တော်သော အိမ်ရာထောက်ပံ့မှုနှင့် SME များ၏ စီးပွားရေးလုပ်ဆောင်မှုများ လှုံ့ဆော်ပေးခြင်းတို့ကို အဟန့်အတားဖြစ်စေသည်ဟု JICA က ထုတ်ပြန်ထားသည်။

ယခုထောက်ပံ့ပေးခဲ့သည့် စီမံကိန်းများနှင့် စီမံကိန်းအလိုက် ချေးငွေပမာဏများမှာ စိုက်ပျိုးရေးဝင်ငွေ တိုးတက်ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ချေးငွေဂျပန်ယန်း ၃၀ ဒသမ ၄၆၉ ဘီလျံ (ဒေါ်လာ ၂၈၅ ဒသမ ၇၉ သန်းဝန်းကျင်)၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အဆင့် (၂) ချေးငွေ ဂျပန်ယန်း ၁၄ ဒသမ ၉၄၉ ဘီလျံ (ဒေါ်လာ ၁၄၀ ဒသမ ၂၂ သန်းဝန်းကျင်)၊ အိမ်ရာဘဏ္ဍာငွေကြေးဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းချေးငွေ ဂျပန်ယန်း ၁၅ ဘီလျံ (ဒေါ်လာ ၁၄၀ ဒသမ ၇၀ သန်းဝန်းကျင်)၊ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းအဆင့် (၂)၊ အပိုင်း (၁) ချေးငွေ ဂျပန်ယန်း ၅၆ ဒသမ ၆၂၂ ဘီလျံ (ဒေါ်လာ ၅၃၁ ဒသမ ၁၁ သန်းဝန်းကျင်) ဖြစ်ကြောင်း သိရသည်။

ဒေါ်လာ ၂၈၅ ဒသမ ၇၉ သန်းအသုံးပြုမည့် စိုက်ပျိုးရေးဝင်ငွေ တိုးတက်ဖွံ့ဖြိုးရေးစီမံကိန်း၏ ရည်ရွယ်ချက်မှ စုစုပေါင်းဟက်တာ နှစ်သန်းဝန်းကျင်ဖြင့် မြန်မာနိုင်ငံ၏ အကျယ်ပြန့်ဆုံး ဆည်ရေပေးဒေသဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီးရှိ ရွှေဘိုဒေသ၏ ဆည်ရေပေးဆိုင်ရာ လုပ်ငန်းလိုအပ်သည့် ပစ္စည်းမျတားနှင့် လယ်ယာမြေမှတစ်ဆင့် ဈေးကွက်သို့ သွားလာရေးလွယ်ကူစေရန်အတွက် ဆက်သွယ်နိုင်မည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးပညာပေးရေး၊ စက်မှုလယ်ယာစနစ် အားဖြည့်ပေးရေး စသည့်လုပ်ငန်းများ ဆောင်ရွက်ရန်ဖြစ်သည်။

ဒေါ်လာ ၁၄၀ ဒသမ ၂၂ သန်းဝန်းကျင် အသုံးပြုမည့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (အဆင့် ၂) ၏ ရည်ရွယ်ချက်မှာ ကြားခံဘဏ္ဍာရေးအဖွဲ့အစည်းများမှတစ်ဆင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးကူညီထောက်ပံ့ရန်နှင့် ကြားခံဘဏ္ဍာရေးအဖွဲ့အစည်းများတွင် စွမ်းဆောင်ရည်မြှင့်တင်ခြင်းကို ကူညီထောက်ပံ့ရန်ဖြစ်သည်။

ဒေါ်လာ ၁၄၀ ဒသမ ၇၀ သန်းဝန်းကျင် အသုံးပြုမည့် အိမ်ရာဘဏ္ဍာငွေကြေး ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ ရည်ရွယ်ချက်မှာ ၀င်ငွေနည်းပါးသူများနှင့် ၀င်ငွေအလယ်အလတ်ရှိသော အိမ်ထောင်စုများအတွက် အိမ်ရာအထောက်အပံ့ကို ကြားခံဘဏ္ဍာရေးအဖွဲ့အစည်းများမှတစ်ဆင့် အိမ်ရာချေးငွေများထောက်ပံ့ခြင်း၊ ကြားခံဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ကို အားဖြည့်ပေးခြင်းနှင့် အိမ်ရာဘဏ္ဍာငွေကြေးစနစ် ဖွံဖြိုးတိုးတက်လာစေခြင်းတို့မှတစ်ဆင့် မြှင့်တင်ပေးရန်ဖြစ်သည်။

ဒေါ်လာ ၅၃၁ ဒသမ ၁၁ သန်းဝန်းကျင် အသုံးပြုမည့် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့် (၂)၊ အပိုင်း (၁) ၏ ရည်ရွယ်ချက်မှာ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများသည် မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးအချက်အချာ မြို့ကြီးများဖြစ်သည့် အားလျော်စွာ ရန်ကုန်-မန္တလေးမီးရထားလမ်း၏ တစ်စိတ်တစ်ဒေသဖြစ်သော တောင်ငူ-မန္တလေးလမ်းပိုင်း လွယ်ကူချောမွေ့စေရန် အရည်အသွေးမီသော စက်ပစ္စည်းများဖြင့် ခေတ်နှင့်အညီ ပြန်လည်ပြုပြင်ပေးရန်ဖြစ်ကြောင်း သိရသည်။

အဆိုပါချေးငွေများ၏ အတိုးနှုန်းသည် သက်သာသော ချေးငွေအမျိုးအစားများဖြစ်ပြီး နှစ်စဉ်အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ နှစ်စဉ်အတိုင်ပင်ခံ ၀န်ဆောင်မှု ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြစ်ကာ ပြန်ဆပ်ရမည့်ကာလနှစ် ၄၀၊ ဆိုင်းငံ့ကာလ ၁၀ နှစ်ဖြစ်ကြောင်း JICA က ထုတ်ပြန်သည်။

စိုက်ပျိုးရေးဝင်ငွေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး အတွက် JICA ထံမှ ဂျပန်ယန်း ၈၇ ဘီလျံကျော် ချေးယူရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

စိုက်ပျိုးရေးဝင်ငွေကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းနှင့် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း အဆင့် (၂) အပိုင်း (၁) အတွက် JICA ထံမှ ဂျပန်ယန်း ၈၇ ဒသမ ၀၉၁ ဘီလျံချေးယူရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။

အဆိုပါ ချေးငွေများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာန စိုက်ပျိုးရေး ၀င်ငွေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ဂျပန်ယန်း ၃၀ ဒသမ ၄၆၉ ဘီလျံ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း အဆင့် (၂) အပိုင်း (၁) အတွက် ဂျပန်ယန်း ၅၆ ဒသမ ၆၂၂ ဘီလျံ ချေးယူခွင့်ပြုရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးမှု အကူအညီ ချေးငွေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် စိုက်ပျိုးရေးဝင်ငွေ တိုးတက်ရေး စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်အတွက် ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ စတင်၍ စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း အခြေအနေအား ဂျပန်နိုင်ငံဘက်နှင့် ပူးပေါင်းလေ့လာခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က ပြောကြားသည်။

အဆိုပါစီမံကိန်းသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဖန်းဆိပ်ဆည် ရေသောက်စနစ်ဧရိယာ ဧက ငါးသိန်းခန့်အပေါ် အမှီသဟဲပြုနေပြီး လယ်ယာလုပ်ငန်းဖြင့် အသက်မွေးသည့် အိမ်ထောင်စု ခုနစ်သောင်းခန့်၊ လူဦးရေ သုံးသိန်းခန့်အတွက် အကျိုးပြုရန် ရည်ရွယ်ထားသည့် စီမံကိန်းဖြစ်ကြောင်း၊ စီမံကိန်း စတင်သည်နှင့် ခြောက်နှစ်အတွင်း အကောင်အထည်ဖော်ရန် ဖြစ်ကြောင်း၊ အဆိုပါ ချေးငွေယန်း ၃၀ ဒသမ ၄၆၉ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၂၇၀ ခန့်) သည် အတိုးနှုန်း အနေဖြင့် တစ်နှစ်လျှင် ၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ ပြန်လည်ပေးဆပ်ရမည့် ကာလသည် ဆိုင်းငံ့ကာလ ၁၀ နှစ်အပါအ၀င် စုစုပေါင်းနှစ် ၄၀ ဖြစ်ကြောင်း၊ ချေးငွေများကို တစ်နှစ်လျှင် နှစ်ကြိမ်ဖြင့် စုစုပေါင်း အကြိမ် ၈၀ ပြန်လည်ပေးဆပ်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်ဖြင့် အရစ်ကျ တောင်းခံပေးချေ သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရန်အတွက် စီမံကိန်းအဆင့် (၁) အတွက် ချေးငွေအပိုင်း (၁) ဂျပန်ယန်း ၂၀ ဘီလျံနှင့် ချေးငွေအပိုင်း (၂) ဂျပန်ယန်း ၂၅ ဘီလျံအတွက် ပြည်ထောင်စု လွှတ်တော်၏ ခွင့်ပြုချက်ဖြင့် ချေးငွေစာချုပ် ချုပ်ဆိုခဲ့ပြီး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းအဆင့် (၂) စုစုပေါင်း ကုန်ကျစရိတ် ဂျပန်ယန်း ၁၇၁ ဒသမ ၅၆၆ ဘီလျံ လျာထားသည့်အနက် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ သုံးနှစ်အတွင်း ဆောင်ရွက်မည့် စီမံကိန်းအဆင့် (၂) အပိုင်း (၁) ၏ လုပ်ငန်းကုန်ကျစရိတ် ဂျပန်ယန်း  ၅၆ ဒသမ ၆၂၂ ဘီလျံကို ပထမအကြိမ် ချေးငွေအဖြစ် ရယူလိုခြင်းဖြစ်ကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ ချေးငွေအား မြို့ပြအင်ဂျင်နီယာ လုပ်ငန်းနှင့် အချက်ပြ ဆက်သွယ်ရေးလုပ်ငန်း၊ စက်ခေါင်းနှင့် တွဲများဝယ်ယူခြင်းလုပ်ငန်း၊ ရထားသွားလာမှု ထိန်းချုပ်ရေးစနစ် တပ်ဆင်ခြင်းလုပ်ငန်း၊ ကွန်ကရစ်ဇလီဖားနှင့် ဆက်စပ်ပစ္စည်းများ ၀ယ်ယူတပ်ဆင်ခြင်းလုပ်ငန်း စသည်တို့အတွက်  အသုံးပြုရန် လျာထားခြင်း ဖြစ်ကြောင်း၊ ယခုအကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းအဆင့် (၂) အပိုင်း (၁) သည် ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးဒေသကြီးတို့ရှိ တောင်ငူ-မန္တလေး ရထားလမ်းပိုင်း တစ်လျှောက်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စီမံကိန်း၏ ပတ်ဝန်းကျင်နှင့် လူမှုရေး အကျိုးသက်ရောက်မှု ဆန်းစစ်ချက်များကို ၂၀၁၄ ခုနှစ် ရန်ကုန်-မန္တလေး ရထားလမ်း တစ်လျှောက် ၃၈၆ မိုင်ခန့်ရှိ မြို့နယ်၂၆ မြို့နယ်တွင် ဆောင်ရွက်ပြီးဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းကို စီမံကိန်းအဆင့် (၁) အဖြစ် ရန်ကုန်-တောင်ငူလမ်းပိုင်း ၁၆၆ မိုင်ကိုလည်းကောင်း၊ စီမံကိန်းအဆင့် (၂) အဖြစ် တောင်ငူ-မန္တလေးလမ်းပိုင်း ၂၂ မိုင်ကိုလည်းကောင်း လျာထားသတ်မှတ်ကာ ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်း လျာထားချက် အနေဖြင့် လက်ရှိယိုယွင်းလျက်ရှိသည့် ရထားလမ်းအခြေခံ အဆောက်အအုံနှင့် ဆက်စပ်ပစ္စည်းများအား မွမ်းမံခြင်း၊ ရထားခုတ်မောင်းမိုင်နှုန်း တစ်နာရီ ၆၄ ကီလိုမီတာ (၄၀ မိုင်) မှ ၁၀၀ ကီလိုမီတာ (၆၂ မိုင်) သို့ တိုးမြှင့်ခြင်း၊ ရထားလုံခြုံစိတ်ချစွာ သွားလာနိုင်ရေးနှင့် အချိန်မှန်ကန်ရေး တိုးတက်လာစေရန် ဆောင်ရွက်ခြင်းတို့ ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

 

ပုဂ္ဂလိကဘဏ်များက စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍသို့ ကျပ် ၃၁၉ ဒသမ ၂၂၈ ဘီလျံ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများသို့ ကျပ် ၈၆၈ ဒသမ ၇၃၃ ဘီလျံ ထုတ်ချေးထားကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပြောကြား

ကျောက်ဖြူမြို့နယ်အတွင်းရှိ ကဏန်းပျော့လုပ်ငန်းခွင်တစ်ခုမှ ကဏန်းပျော့တာများကို တွေ့မြင်ရစဉ်

ပုဂ္ဂလိကဘဏ်များက စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍသို့ ကျပ် ၃၁၉ ဒသမ ၂၂၈ ဘီလျံ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများသို့ ကျပ် ၈၆၈ ဒသမ ၇၃၃ ဘီလျံ ထုတ်ချေးထားကြောင်း ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌဦးစိုးသိန်းက ပြောကြားသည်။

မတ် ၁၄ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဦးကျော်ထွေးက မြန်မာတိုင်းရင်းသားလုပ်ငန်းရှင်များအတွက် ပြည်တွင်း၌ ပုဂ္ဂလိကဘဏ်များ တည်ထောင်ဖွင့်လှစ်နိုင်ရန် မူဝါဒများ မည်သို့ချမှတ်ထားသည်ကို သိရှိလိုခြင်း၊ လက်ရှိအစိုးရလက်ထက် ပြည်တွင်းပုဂ္ဂလိကဘဏ်များ တည်ထောင်လုပ်ကိုင်ခွင့်ပြုပေးရန် အစီအစဉ်ရှိမရှိနှင့် ပုဂ္ဂလိကဘဏ်များမှ လယ်ယာကဏ္ဍ၊ SME ကဏ္ဍများသို့ ချေးငွေထုတ်ချေးမှု အခြေအနေကို ရာခိုင်နှုန်းနှင့်တကွ သိရှိလိုကြောင်း မေးမြန်းရာတွင် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

ပုဂ္ဂလိကဘဏ်များက လယ်ယာကဏ္ဍ၊ SME ကဏ္ဍထုတ်ချေးမှု အခြေအနေကို ရာခိုင်နှုန်းနှင့်တကွ သိရှိလိုခြင်းနှင့်ပတ်သက်၍ ကိန်းဂဏန်း အချက်အလက်များကို ဗဟိုဘဏ်အနေဖြင့် သီးခြားခွဲခြားကာ မှတ်တမ်းတင်ထားခြင်း မရှိကြောင်း၊ သက်ဆိုင်သည့် ဌာနများဖြစ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အစိုးရပိုင်ဘဏ်နှင့် ပုဂ္ဂလိကပိုင်ဘဏ်များမှ စာရင်းများကို ပေါင်းစုပြီး ဖြေကြားခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားသည်။

“၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်အထိ စာရင်းတွေအရ ပုဂ္ဂလိကဘဏ်တွေက စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို ထုတ်ချေးငွေပေါင်း ကျပ် ၃၁၉ ဒသမ ၂၂၈ ဘီလျံဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍသို့ ထုတ်ချေးငွေစုစုပေါင်း၏ ၁ ဒသမ ၇၃ ရာခိုင်နှုန်း ရှိပါတယ်။ အသေးစားနဲ့ အလတ်စားလုပ်ငန်းများ (SME)သို့ ထုတ်ချေးငွေပေါင်းက ကျပ် ၈၆၈ ဒသမ ၇၃၃ ဘီလျံဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍသို့ ထုတ်ချေးငွေ စုစုပေါင်း၏ ၄ ဒသမ ၇၁ ရာခိုင်နှုန်း ရှိပါတယ်” ဟု ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားသည်။

ပုဂ္ဂလိကဘဏ်များက အသေးစားနှင့် အလတ်စားလုပ်ငန်းများသို့ ထုတ်ချေးရာတွင် ငွေကြေးအရင်းအမြစ်ကို အဓိကအားဖြင့် သုံးမျိုး တွေ့ရှိနိုင်ကြောင်း၊ ပထမတစ်မျိုးမှာ JICA ၏ ထောက်ပံ့မှုဖြင့် နှစ်ဆင့်ထုတ်ချေးမှုဖြစ်ကြောင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများသို့ ထုတ်ချေးငွေတွင် JICA ၏ ထောက်ပံ့မှုဖြင့် ရရှိသော ချေးငွေများသည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ပထမအဆင့် နှစ်ဆင့်ချေးငွေအဖြစ် ဂျပန်ယန်း ၅ ဒသမ ၀၃၃ ဘီလျံ (ကျပ် ၆၂ ဘီလျံ) ကို အတိုးနှုန်းတစ်နှစ်လျှင် ၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ ၀န်ဆောင်မှု တစ်နှစ်လျှင် ၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလနှစ် ၄၀ ဖြင့် မြန်မာ့စီးပွားရေးဘဏ်သို့ ထုတ်ချေးခဲ့ပြီး မြန်မာ့စီးပွားရေးဘဏ်မှ ပြည်တွင်းဘဏ်များသို့ အတိုးနှုန်း လေးရာခိုင်နှုန်းဖြင့် ထုတ်ချေးခဲ့ကြောင်း၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်၊ သမ၀ါယမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ကမ္ဘောဇဘဏ်များသို့ ချေးငွေများ ထုတ်ချေးထုတ်ပေးခဲ့ပြီး ယင်းဘဏ်များမှ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသို့ တစ်နှစ်လျှင် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလကုန်အထိ JICA Two Step Loan ဖြင့် ပုဂ္ဂလိကဘဏ် ခြောက်ဘဏ်မှ လုပ်ငန်းရှင် ၂၉၇ ဦးအား ကျပ် ၆၁ ဒသမ ၈၆၇ ဘီလျံ ထုတ်ချေးခဲ့ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

ဒုတိယအဆင့် နှစ်ဆင့်ချေးငွေ ယန်း ၁၄ ဒသမ ၉၄၉ ဘီလျံ (ကျပ် ၁၈၅ ဘီလျံ)ကို JICA မှ မြန်မာ့စီးပွားရေးဘဏ်သို့ ထုတ်ချေးခဲ့ကြောင်း၊ ယင်းချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များက အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသို့ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးမည်ဖြစ်ကြောင်း၊ ဒုတိယအမျိုးအစားမှာ ဘဏ်များမှ ကိုယ်ပိုင်ငွေကြေးအရင်းအမြစ် (ပြည်သူများ၏ အပ်နှံငွေများမှ ထုတ်ချေးခြင်း) ဖြင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများသို့ ထုတ်ချေးခြင်းဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်အထိ ပုဂ္ဂလိကဘဏ်များမှ ထုတ်ချေးငွေ စုစုပေါင်းကျပ် ၇၃၂ ဒသမ ၉၄၀ ဘီလျံဖြစ်ကြောင်း၊ ယင်းချေးငွေတွင် မြန်မာ့အာမခံလုပ်ငန်းနှင့် ပုဂ္ဂလိကဘဏ်များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Credit Guarantee Insurence (CGI) အစီအစဉ်အရ SME များသို့ ထုတ်ချေးငွေများ ပါဝင်ကြောင်း၊ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလကုန်အထိ CGI စနစ်ဖြင့် ပုဂ္ဂလိကဘဏ်သုံးဘဏ်မှ လုပ်ငန်းရှင် ၂၂၆ ဦးသို့ ကျပ် ၂ ဒသမ ၆၅၃ ဘီလျံ ထုတ်ချေးခဲ့ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

JICA က ပံ့ပိုးသည့်နှစ်ဆင့် ချေးငွေကို အသေးစားနှင့် အလတ်စားလုပ်ငန်းများ အနေဖြင့် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ရရှိနိုင်သည့်အတွက် သက်သာသော ချေးငွေဖြစ်ကြောင်း၊ အခြားချေးငွေများသည် ဈေးကွက်ပေါက်ဈေးဖြင့် ထုတ်ချေးသည့် ချေးငွေများဖြစ်ကြောင်း၊ အထူးသဖြင့် အပ်နှံငွေအပေါ် အခြေခံ၍ ထုတ်ချေးသည့် ချေးငွေများအနေနှင့် ဈေးကွက်ပေါက်ဈေးအောက် သက်သာသည့် အတိုးနှုန်းဖြင့် ထုတ်ချေးရန် အခက်အခဲရှိကြောင်း၊ အနာဂတ်တွင် SMEs များအတွက် ချေးငွေရရှိနိုင်သည့် အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌက ပြောကြားသည်။

ဂျပန်နိုင်ငံ JICA ချေးငွေဖြင့် မန္တလေးတိုင်းအတွင်းရှိ မြို့နယ် ၁၄ မြို့နယ်မှ တောင်သူ ၇၀ အား ကျပ်သန်း ၂၀၀၀ ကျော် ထုတ်ချေး

မန္တလေးတိုင်းဒေသကြီးရှိ လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

ဂျပန်နိုင်ငံ JICA အထောက်အပံ့ချေးငွေဖြင့် မန္တလေးတိုင်းအတွင်းရှိ မြို့နယ် ၁၄ မြို့နယ်မှ တောင်သူ ၇၀ ကို လယ်ယာသုံး စက်ကိရိယာများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က Two Step Lone ဖြင့် ချေးငွေ ကျပ်သန်း ၂၀၀၀ ကျော်ကို တတိယအကြိမ်မြောက် ထုတ်ချေးပေးခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

အဆိုပါဂျပန်နိုင်ငံ JICA ချေးငွေအထောက်အပံ့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ (Two Step Lone) ချေးငွေဖြင့်ဝယ်ယူသည့် စက်ကရိယာများအား မန္တလေးတိုင်းဒေသကြီးတွင် တောင်သူများ ပေးအပ်ခြင်း ဒုတိယအကြိမ် အခမ်းအနားကို ပုသိမ်ကြီးမြို့နယ် တောင်သူ ဦးမျိုးသန့်ခြံတွင် မတ်လပထမပတ်က မြို့နယ် ၁၄ မြို့နယ် တောင်သူ ၇၀ ဦးကို စက်စီးရေ ၇၀ စီးအတွက် ကျပ်သန်း ၂၃၃၁ ဒသမ ၇၀ သန်း ထုတ်ချေးပေးခဲ့သည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မန္တလေးဘဏ်ခွဲ) တိုင်းမန်နေဂျာဦးဝင်းမြင့်က ပြောကြားသည်။

“ကျွန်တော်တို့ လယ်ယာဖွံဖြိုးရေးဘဏ်ကနေ ဂျပန်နိုင်ငံအထောက်အပံ့နဲ့ လယ်ယာသုံး စက်ကိရိယာတွေ ၀ယ်ယူဖို့ ချေးငွေတွေကို တိုင်းအတွင်းမှာရှိတဲ့ တောင်သူလယ်သမားများအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် သိရှိသဘောပေါက်ပြီးတော့ စက်ကိရိယာတွေကိုလည်း တစ်စုတစ်ဝေးစုံစုံလင်လင် ကြည့်ရှုလေ့လာနိုင်အောင် ဒီလိုပေးအပ်ပွဲ ပြုလုပ်ခြင်းအားဖြင့် မရရှိသေးတဲ့ တောင်သူတွေလည်း ရရှိလာမည့်အခွင့်အရေးတွေ သိရှိအောင် ဒီပွဲကိုကျင်းပပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ တိုင်းအနေနဲ့ ဒီပွဲပြုလုပ်တာက ဒုတိယအကြိမ်မြောက် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ပထမအကြိမ် ကျင်းပပြုလုပ်ချိန်က မြို့နယ်နှစ်မြို့နယ်က တောင်သူကိုးဦးကို ချေးငွေ  ၂၄၄ ဒသမ ၄၅ သန်း ထုတ်ချေးပေးနိုင်ခဲ့တယ်။ ယနေ့အချိန်မှာ တတိယအကြိမ်မြောက် မြို့နယ် ၁၄ မြို့နယ် ကျေးရွာအုပ်စု ၅၃ အုပ်စု မှ တောင်သူ ၇၀ ဦးကို စုစုပေါင်း ကျပ် ၂၃၃၁ ဒသမ ၇၀ သန်းတန်ဖိုးရှိတဲ့ စက်တွေ ကျွန်တော်တို့ ပေးအပ်တာ ဖြစ်ပါတယ်။ တိုင်းအနေနဲ့ ယနေ့အချိန်ထိမြို့နယ် ၁၆ မြို့နယ်၊ ကျေးရွာ ၉၀၊  တောင်သူ ၁၁၂ ဦး၊ စက်အစီး ရေ ၁၁၂ စီးအတွက် တန်ဖိုးငွေ ကျပ် ၃၆၂၇ ဒသမ ၄၄ သန်းတန်တဲ့ စက်တွေကို ကျွန်တော်တို့ ထုတ်ချေးပေးနိုင်ပြီး ဖြစ်ပါတယ်။ နောင်လာမည့် ကာလမှာလည်း ယခုထက်ပိုမိုပြီးတော့ တိုးချဲ့ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိတယ်” ဟု မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ် (မန္တလေးဘဏ်ခွဲ) တိုင်းမန်နေဂျာ ဦးဝင်းမြင့်က ပြောကြားသည်။

ဂျပန်နိုင်ငံ JICA ချေးငွေအထောက်အပံ့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ (Two Step Lone ) ချေးငွေဖြင့် ၀ယ်ယူသည် စက်ကိရိယာများအား စက်တန်ဖိုးလိုက်ပြီး နှစ်ရှည်ချေးငွေ ငါးနှစ်ချေးနှင့် နှစ်တိုးချေးငွေ သုံးနှစ်ချေးဖြင့် တစ်နှစ်တစ်ကြိမ် အတိုးနှုန်းသွင်းရမည်။

မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ဂျပန်နိုင်ငံ ထောက်ပံ့ချေးငွေဖြင့် နှစ်ဆင့်ချေးငွေကို ပထမအကြိမ်တွင် မြို့နယ် နှစ်မြို့နယ်မှ ကျေးရွာရှစ်ရွာမှ တောင်သူကိုးဦးကို ချေးငွေ ကျပ် ၂၄၄ ဒသမ ၄၅ သန်းကိုလည်းကောင်း ဒုတိယအကြိမ်တွင် မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာ ၂၉ ရွာမှ တောင်သူ ၃၃ ဦးကို ချေးငွေ ကျပ် ၁၀၅၁ ဒသမ ၂၉ သန်းကိုလည်းကောင်း တတိယအကြိမ်တွင် မြို့နယ် ၁၄ မြို့နယ် ကျေးရွာ ၅၃ ရွာမှ တောင်သူ ၇၀ ကို ချေးငွေ ကျပ် ၂၃၃၁ ဒသမ ၇၀ သန်း စုစုပေါင်းအနေဖြင့် မြို့နယ် ၂၇ မြို့နယ် ကျေးရွာ ၉၀ မှ တောင်သူ ၁၁၂ ဦးကို စက်ကိရိယာတန်ဖိုး ချေးငွေ ကျပ် ၃၆၂၇ ဒသမ ၄၄ သန်းကို ထုတ်ချေးထားကြောင်း သိရသည်။

ပြည်ထောင်စုလွတ်တော်၏ အတည်ပြုချက်ဖြင့် JICA (Two Step Lone ) ချေးငွေ ရယူရန်ကိစ္စအား ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်၌ ကျင်းပပြုလုပ်သော ဒုတိယအကြိမ်  ပြည်ထောင်စုလွတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့တွင် အတည်ပြုခဲ့သည်။ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ပြည်မြို့နယ်  ပိုင်းလော့ပရောဂျက်အဖြစ် ၂၀၁၇ ခုနှစ် ဇူလိုင် ၂၃ ရက်၌ စတင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် နေပြည်တော်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးကို  ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ချေးငွေထုတ်ချေးမည်ဟု သိရသည်။

စိုက်ပျိုးရေးဝင်ငွေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် JICA ထံမှ ဂျပန်ယန်း ၃၀ ဒသမ ၄၆၉ ဘီလျံ ချေးယူရန် လွှတ်တော်သို့ တင်ပြ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၏ စိုက်ပျိုးရေးဝင်ငွေကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းအတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA ) ထံမှ ဂျပန်ယန်း ၃၀ ဒသမ ၄၆၉ ဘီလျံချေးယူရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က မတ် ၁၅ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ တင်ပြခဲ့သည်။

ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးမှု အကူအညီချေးငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးဝင်ငွေ တိုးတက်ရေးစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်အတွက် ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ စတင်၍ စီမံကိန်းဖြစ်မြောက်နိုင်စွမ်း အခြေအနေအား ဂျပန်နိုင်ငံဘက်နှင့် ပူးပေါင်းလေ့လာခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က ပြောကြားသည်။

အဆိုပါစီမံကိန်းသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဖန်းဆိပ်ဆည်ရေ သောက်စနစ် ဧရိယာဧက ငါးသိန်းခန့်အပေါ် အမှီသဟဲပြုနေပြီး လယ်ယာလုပ်ငန်းဖြင့် အသက်မွေးသည့် အိမ်ထောင်စု ခုနစ်သောင်းခန့်၊ လူဦးရေ သုံးသိန်းခန့်အတွက် အကျိုးပြုရန် ရည်ရွယ်ထားသည့် စီမံကိန်းဖြစ်ကြောင်း၊ စီမံကိန်းစတင်သည်နှင့် ခြောက်နှစ်အတွင်း  အကောင်အထည်ဖော်ရန်ဖြစ်ကြောင်း၊ အဆိုပါ ချေးငွေယန်း ၃၀ ဒသမ ၄၆၉ ဘီလျံ (အမေရိကန်ဒေါ်လာသန်း ၂၇၀ခန့်) သည် အတိုးနှုန်းအနေဖြင့် တစ်နှစ်လျှင် ၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ ပြန်လည်ပေးဆပ်ရမည့်ကာလသည့် ဆိုင်းငံ့ကာလ ၁၀ နှစ်အပါအ၀င် စုစုပေါင်း နှစ် ၄၀ ဖြစ်ကြောင်း၊ ချေးငွေများကို တစ်နှစ်လျှင် နှစ်ကြိမ်ဖြင့် စုစုပေါင်း အကြိမ် ၈၀ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ဘတ်ဂျက်ဖြင့် အရစ်ကျတောင်းခံပေးချေသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါချေးငွေနှင့်ပတ်သက်ပြီး ဆွေးနွေးမည့် ကိုယ်စားလှယ်များအနေဖြင့် မတ် ၁၆ ရက်တွင် အမည်စာရင်းပေးသွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ပြောကြားခဲ့သည်။

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့် (၂) အပိုင်း (၁) အတွက် JICA ထံမှ ဂျပန်ယန်း ၅၆ ဒသမ ၆၂၂ ဘီလျံချေးယူရန် လွှတ်တော်သို့တင်ပြ

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့် (၂) အပိုင်း (၁)အတွက် JICA ထံမှ ဂျပန်ယန်း ၅၆ ဒသမ ၆၂၂ ဘီလျံချေးယူရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသာဦးက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။

မတ် ၁၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၀န်ကြီးဌာနအနေဖြင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီထံမှ ရန်ကုန်-မန္တလေး ရထားလမ်းအဆင့် မြှင့်တင်ရေးစီမံကိန်း အဆင့် (၂) အပိုင်း (၁)အတွက် ဂျပန်ယန်း ၅၆ ဒသမ ၆၂၂ ဘီလျံ ချေးယူခွင့်ပြုရန် တင်ပြခဲ့သည်။

ဒုတိယ၀န်ကြီးက ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရန်အတွက် စီမံကိန်းအဆင့် (၁) အတွက် ချေးငွေအပိုင်း (၁) ဂျပန်ယန်း ဘီလျံ ၂၀ နှင့် ချေးငွေအပိုင်း (၂) ဂျပန်ယန်း ၂၅ ဘီလျံအတွက် ပြည်ထောင်စု လွှတ်တော်၏ခွင့်ပြုချက်ဖြင့် ချေးငွေစာချုပ် ချုပ်ဆိုခဲ့ပြီး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းအဆင့် (၂) စုစုပေါင်း ကုန်ကျစရိတ် ဂျပန်ယန်း ၁၇၁ ဒသမ ၅၆၆ ဘီလျံလျာထားသည့်အနက် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ သုံးနှစ်အတွင်း ဆောင်ရွက်မည့် စီမံကိန်းအဆင့် (၂)၊ အပိုင်း (၁) ၏ လုပ်ငန်းကုန်ကျစရိတ် ဂျပန်ယန်း ၅၆ ဒသမ ၆၂၂ ဘီလျံကို ပထမအကြိမ် ချေးငွေအဖြစ် ရယူလိုခြင်းဖြစ်ကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါချေးငွေအား မြို့ပြအင်ဂျင်နီယာ လုပ်ငန်းနှင့် အချက်ပြဆက်သွယ်ရေးလုပ်ငန်း၊ စက်ခေါင်းနှင့်တွဲများ ၀ယ်ယူခြင်းလုပ်ငန်း၊ ရထားသွားလာမှုထိန်းချုပ်ရေးစနစ် တပ်ဆင်ခြင်းလုပ်ငန်း၊ ကွန်ကရစ်ဇလီဖားနှင့် ဆက်စပ်ပစ္စည်းများ ၀ယ်ယူတပ်ဆင်ခြင်းလုပ်ငန်း စသည်တို့အတွက် အသုံးပြုရန် လျာထားခြင်း ဖြစ်ကြောင်း၊ ယခု အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းအဆင့် (၂) အပိုင်း (၁) သည် ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးတို့ရှိ တောင်ငူ-မန္တလေး ရထားလမ်းပိုင်းတစ်လျှောက်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီမံကိန်း၏ ပတ်ဝန်းကျင်နှင့် လူမှုရေး အကျိုးသက်ရောက်မှု ဆန်းစစ်ချက်များကို ၂၀၁၄ ခုနှစ် ရန်ကုန်-မန္တလေး ရထားလမ်းတစ်လျှောက် ၃၈၆ မိုင်ခန့်ရှိ မြို့နယ်၂၆ မြို့နယ်တွင် ဆောင်ရွက်ပြီးဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို စီမံကိန်းအဆင့် (၁)အဖြစ် ရန်ကုန်-တောင်ငူလမ်းပိုင်း ၁၆၆ မိုင်ကိုလည်းကောင်း၊ စီမံကိန်းအဆင့် (၂) အဖြစ် တောင်ငူ-မန္တလေးလမ်းပိုင်း ၂၂ မိုင်ကိုလည်းကောင်း လျာထားသတ်မှတ်ကာ ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းလျာထားချက် အနေဖြင့် လက်ရှိယိုယွင်းလျက်ရှိသည့် ရထားလမ်း အခြေခံအဆောက်အအုံနှင့် ဆက်စပ်ပစ္စည်းများအား မွမ်းမံခြင်း၊ ရထားခုတ်မောင်း မိုင်နှုန်း ၁ နာရီ ၆၄ ကီလိုမီတာ (မိုင် ၄၀)မှ ကီလိုမီတာ ၁၀၀ (၆၂ မိုင်) သို့ တိုးမြှင့်ခြင်း၊ ရထားလုံခြုံစိတ်ချစွာ သွားလာနိုင်ရေးနှင့် အချိန်မှန်ကန်ရေး တိုးတက်လာစေရန် ဆောင်ရွက်ခြင်းတို့ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

တောင်ငူ-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြီးပါက ရထားလမ်းကြောင်း တစ်လျှောက်ရှိ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးအတွင်း နေထိုင်သည့် ခရီးသွားပြည်သူများနှင့် ကုန်စည်ပို့ဆောင်သူများအနေဖြင့် အဆင်ပြေလာမည်ဖြစ်သည့်အပြင် မြန်မာ့မီးရထားအနေဖြင့်လည်း ၀င်ငွေနှင့် စွမ်းဆောင်ရည် ပိုမိုတိုးတက်လာမည်ဖြစ်ခြင်း၊ ခေတ်မီရထား လုပ်ငန်းစနစ်များဖြင့် ရန်ကုန်-မန္တလေး အဓိကလမ်းမကြီးနှင့် အချက်ပြစနစ်များကို အဆင့်မြှင့်တင်ခြင်းဖြစ်၍ စီမံကိန်းပြီးစီးပါက ခေတ်မီတွဲဆိုင်းအသစ်များဖြင့် တစ်နာရီ ကီလိုမီတာ ၁၀၀ အထိပြေးဆွဲနိုင်မည်ဖြစ်၍ ပြေးဆွဲချိန် ရှစ်နာရီထက်မပိုစေဘဲ ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

အဆိုပါ ချေးငွေနှင့် ပတ်သက်ပြီး ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များအနေဖြင့် မတ် ၁၆ ရက်တွင် နောက်ဆုံးထားကာ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောကြားသည်။