လုပ်ခလစာနည်းခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ တရားဥပဒေ အားနည်းခြင်း စသည့်အကြောင်းများကြောင့် အလုပ်သမားများမှာ စားဝတ်နေရေး ပြဿနာများ ဖြစ်ပေါ်နေပြီး ထွက်ပေါက်ပိတ်နေဟု အလုပ်သမားအရေး လှုပ်ရှားသူများ ပြောကြား

အလုပ်သမားများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို စက်တင်ဘာ ၈ ရက်က ပြုလုပ်စဉ်

လုပ်ခလစာနည်းခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း စသည့်အကြောင်းများကြောင့် စားဝတ်နေရေး ပြဿနာများ ဖြစ်ပေါ်နေပြီး ထွက်ပေါက်ပိတ်နေကြောင်း အလုပ်သမားအရေး လှုပ်ရှားသူများ၏ ပြောကြားချက်အရ သိရသည်။

စက်တင်ဘာ ၈ ရက် နံနက် ၁၁ နာရီက ရန်ကုန်မြို့ လမ်း ၅၀ ရှိ မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင်  ပြည်သူ့လွှတ်တော် အလုပ်သမားရေးရာ၊ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေ ဒုတိယအကြိမ် ပြင်ဆင်ချက် ဥပဒေကြမ်း၌ ထောင်ဒဏ်ထည့်သွင်းရေးနှင့် ကုန်ဈေးနှုန်း ကြီးမြင့်နေမှုကြောင့် အလုပ်သမားများ ကြုံတွေ့နေရသော အခက်အခဲ လုပ်ခလစာ ပြဿနာများနှင့် စပ်လျဉ်း၍ အလုပ်သမားအဖွဲ့များ ပူးပေါင်းထားသည့် လွတ်လပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ဗဟိုစည်းရုံးရေး ကော်မတီက သတင်းစာ ရှင်းလင်းခဲ့သည်။

“ကုန်ဈေးနှုန်းနဲ့ အလုပ်သမားထုနဲ့က အများကြီး တိုက်ရိုက်အချိုးကျပါတယ်။ ၀င်ငွေနဲ့ ထွက်ငွေ မမျှတလို့ ပြောနေရတယ်။ တစ်နေ့တာ စားဝတ်နေရေးကို ဖြေရှင်းတဲ့ အခါ အဆောင်ခတွေ၊ ထမင်းနှစ်နပ်နှုန်း၊ ခရီး စရိတ် စသဖြင့်တွက်ကြည့်တဲ့အခါမှာ ကျွန်မတို့ တကယ်ကို ၅၆၀၀ ထက်မနည်း ရရှိမှသာ အဆင်ပြေမယ်လို့ တွက်ပြီးသား။ ၄၈၀၀ သတ်မှတ်တယ်။ ကုန်ဈေးနှုန်းတွေကလည်း အဆမတန် မြင့်တက်လာတဲ့ အခါကျတော့ စားဝတ်နေရေး ပြဿနာတွေက ပေါ်လာတယ်။ ကျွန်မတို့က အစိုးရကို သွားပြီးတော့ မလောက်ငတဲ့ ပြဿနာကို အတင်းဖြေရှင်းခိုင်းနေတာ မဟုတ်ပါဘူး။ ကုန်ဈေးနှုန်းငြိမ်အောင် လုပ်ပေးဖို့ လိုအပ်ပါတယ်” ဟု အလုပ်သမားရေး လှုပ်ရှားသူ ဒေါ်သက်သက်အောင်က ပြောကြားသည်။

ထို့ပြင် အလုပ်သမားပြဿနာများ ဖြေရှင်းရာ၌ ဥပဒေအရ ခုံသမာဓိကောင်စီသို့ အလုပ်ရှင်၊ အလုပ်သမား တက်ရောက် ဖြေရှင်းရကြောင်း၊ ထိုသို့ဖြေရှင်းရာတွင် အလုပ်ရှင်၊ အလုပ်သမားများမှာ ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာရကြောင်း၊ သို့သော် အလုပ်ရှင်များမှာ ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ကို မလိုက်နာဘဲ ပြင်ပတရားရုံးများတွင်သာ ဖြေရှင်းကြကြောင်း၊ ပြင်ပတရားရုံးများကလည်း ပြစ်မှုအတွက် ဒဏ်ငွေ ကျပ် ၁၀ သိန်းသာ ချမှတ်လေ့ရှိကြောင်း၊ လုပ်ငန်းရှင်များကလည်း ဒဏ်ငွေ ကျပ် ၁၀ သိန်းသာ ဆောင်လေ့ရှိပြီး အလုပ်သမားများကို အလုပ်ထုတ်မှုများကြောင့် အလုပ်သမားသမဂ္ဂများပါ ပျက်စီးသွားကြောင်း၊ ထို့ပြင် ပြင်ပတရားရုံးများတွင် အမှုရင်ဆိုင်ရပါက ကြာမြင့်သည့် ရုံးချိန်းများကြောင့် အလုပ်သမားများမှာ ရှေ့နေငှားခ၊ ခရီးစရိတ်များ မတတ်နိုင်ကြောင်း အလုပ်သမားအရေး လှုပ်ရှားသူများက ဆိုသည်။

“ဒီပြဿနာတွေက ဘယ်မှာတက်လဲဆိုတော့ ဆန္ဒပြမှုတွေနဲ့ အလုပ်သမားတွေက တရားစွဲခံရရော။ အလုပ်သမားတွေက ထွက်ပေါက်ပိတ်နေပြီ။ ထွက်ပေါက်ပိတ်နေတယ်။ ကျွန်တော်တို့ဆီမှာ လာအကူအညီတောင်းတဲ့ ခုံသမာဓိကောင်စီတက်တဲ့ အမှု ၁၂ မှုက ၁၀ မှုမှာ လုပ်ငန်းရှင်တွေက အမိန့်ကို မလိုက်နာဘူး” ဟု အလုပ်သမားရေး လှုပ်ရှားနေသူ ကိုနန္ဒစစ်အောင်က ပြောကြားသည်။

ထိုနည်းတူ ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ကို မလိုက်နာပါက ငွေဒဏ်ကျခံရမည့်အစား ထောင်ဒဏ်ကျခံရမည်ဟု အစားထိုးသင့်ကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တည်ဆဲ အလုပ်သမားရေးရာ ဥပဒေများတွင် တားမြစ်ချက်များကို ချိုးဖောက်ပါက ပြစ်မှုပြစ်ဒဏ်များနှင့် စပ်လျဉ်း၍ ထောင်ဒဏ် ငွေဒဏ် နှစ်ရပ်စလုံးဖြစ်စေ ပြဋ္ဌာန်းထားကြောင်း၊ ယင်းကြောင့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၌ တရားဥပဒေ ပြဋ္ဌာန်းသင့်ပါကြောင်း၊ အမျိုးသားလွှတ်တော် အတည်ပြုချက် ဥပဒေကြမ်းကို ဆက်လက်အတည်ပြု ပြဋ္ဌာန်းသင့်ကြောင်း၊ ILO က ထောင်ဒဏ်ပါဝင်နေမှုကို သဘောမတူဟု ပြောကြားထားကြောင်း၊ ILO အနေဖြင့် အလုပ်သမားထုနှင့် အလုပ်သမား သမဂ္ဂများ၏ အကျိုးစီးပွားနှင့် အလုပ်သမား အခွင့်အရေး ထိခိုက်စေမည့် လုပ်ရပ်များကို မဆောင်ရွက်သင့်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြောကြားသည်။

“ကျွန်တော်တို့ ဒီမှာရှိတဲ့ အလုပ်သမားတွေကို အရပ်ဘက်တရားရုံး လွှဲတာက ဒီကနေ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးက ဘယ်လောက်အထိ တရားဥပဒေ စိုးမိုးမှုရှိလဲဆိုတာ ကျွန်တော်တို့ မေးခွန်းထုတ်ချင်ပါတယ်။ နောက်ပြီး ILO က သူတို့ပြဋ္ဌာန်းထားတဲ့ ၈၇ ကို သူတို့ကိုယ်တိုင် မထီမဲ့မြင်ပြုတာ။ အဲဒီအတွက် ကျွန်တော်တို့ အလုပ်သမား ဖြေရှင်းရေး ဥပဒေမှာ ထောင်ဒဏ်ထည့်သွင်းရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့ အကြံပေးတာ မဟုတ်ဘဲနဲ့ ဒီလိုဝင်ရောက် စွက်ဖက်တာကို ကျွန်တော်တို့ အလုပ်သမားထုက လက်မခံပါဘူးလို့ ပြောချင်ပါတယ်” ဟု အလုပ်သမားရေး လှုပ်ရှားသူ ဦးထွန်းထွန်းနိုင်က ပြောကြားသည်။

 

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေတွင် ထောင်ဒဏ် ပါဝင်နေမှုနှင့် ပတ်သက်၍ ILO အနေဖြင့် သဘောမတူဟုဆို

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေတွင် ထောင်ဒဏ် ပါဝင်နေမှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အနေဖြင့် သဘောမတူကြောင်း သိရသည်။

“အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေမှာ (ပြစ်မှုပြစ်ဒဏ်အခန်း) မှာ ထောင်ဒဏ်ကို ကျင့်သုံးတာ ILO က သဘောမတူပါဘူး။ အဲဒီလိုပြောတာနဲ့ ILO က အလုပ်သမားတွေရဲ့ သဘောဆန္ဒကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ပထမဦးဆုံး အကြောင်းပြချက်ကတော့ အလုပ်ရှင်တွေ အနေနဲ့ ထောင်ဒဏ် ပါဝင်နေမှုကို မလိုလားဘူးဆိုတာ ကျွန်မတို့ သိလို့ပါ။ အဲဒီလို ထောင်ဒဏ် ပါဝင်နေမှုဟာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ဟန့်တားရာ ရောက်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက တကယ်ကို အဟန့်ဖြစ်နေတာပါ။ နောက်ပြီး ကျွန်မတို့က အလုပ်သမားတွေဘက်က ကြည့်မယ်ဆိုရင်လည်း အလုပ်သမားတွေရဲ့ဆန္ဒကို သေချာ နားထောင်ကြည့်မယ် ဆိုရင်လည်း သူတို့က တရားမျှတမှု ဆိုတာကိုပဲ လိုချင်တာပါ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ထောင်ဒဏ် ပါစေချင်ပေမယ့် အခုအဲဒီလို မဟုတ်တော့ပါဘူး။ သူတို့ တကယ်လိုလားတာက ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုကို လိုလားတာပါ။ ထောင်ဒဏ်က အဓိက မဟုတ်ပါဘူး။ အလုပ်သမားတွေနဲ့ အလုပ်သမား အဖွဲ့အစည်းတွေရဲ့ အခွင့်အရေးတွေကို အပြည့်အ၀ရဖို့ပဲ လိုလားကြတာ ဖြစ်ပါတယ်” ဟု ILO ၏ အလုပ်အကိုင်ဈေးကွက် စီမံအုပ်ချုပ်မှုဌာန Cheif Technical Advisor ဖြစ်သူ Ms. Natsu Nogami က ပြောကြားသည်။

သြဂုတ် ၃၀ ရက်တွင် Internews Office ၌ ပြုလုပ်သည့် “အလုပ်သမား အငြင်းပွားမှုများ လျှော့ချရေးအတွက် ၀ိုင်းဝန်းအဖြေရှာခြင်း” ဆွေးနွေးဝိုင်းတွင် ပြောကြားခဲ့သည်။

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေတွင် ထောင်ဒဏ် ပါဝင်နေမှုမှာ ပြစ်မှုပြစ်ဒဏ်မမျှ ဖြစ်နေသောကြောင့်သာ သဘောမတူရခြင်း ဖြစ်ပြီး ကလေးသူငယ် အလုပ်သမား၊ အတင်းအကျပ် ခိုင်းစေခြင်းနှင့် လုပ်ငန်းခွင် လုံခြုံစိတ်ချရမှု မရှိခြင်းကဲ့သို့ ပြစ်မှုများတွင် ထောင်ဒဏ်အဖြစ် အပြစ်ပေးခြင်းကို ILO အနေနှင့် အပြည့်အ၀ လက်ခံကြောင်း ၎င်းက ဆိုသည်။

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတွင် အလုပ်ရှင်နှင့် အလုပ်သမားကြား အငြင်းပွားမှု စပ်လျဉ်းပြီး ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ရှေ့မှောက်တွင် ချုပ်ဆိုသည့် သဘောတူစာချုပ်ပါ စည်းကမ်းချက်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ထောင်ဒဏ် ခြောက်လဖြစ်စေ၊ ကျပ်သိန်း တစ်ရာဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်မည့် ပုဒ်မ ပြင်ဆင်ချက်တစ်ခု ပါရှိသည်။

ဖြစ်ပွားလျက် ရှိသော အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန်အတွက် ထောင်ဒဏ်ကဲ့သို့ ပြင်းထန်သော ပြစ်ဒဏ်များသည် ပြေလည်စေသည့် နည်းလမ်း မဟုတ်ဘဲ ဥပဒေ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသကဲ့သို့ ဖျန်ဖြေမှု အဆင့်ဆင့်သာ လုပ်သင့်ကြောင်းနှင့် အလုပ်ရှင် အလုပ်သမား ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန်အတွက်လည်း စဉ်းစားရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထောင်ဒဏ် မဟုတ်ဘဲ အခြားဖြေရှင်းနိုင်မှု နည်းလမ်းများကို မေးမြန်းရာတွင် “ရေတို ရေရှည်ဆိုပြီး နှစ်မျိုးပြောနိုင်ပါတယ်။ ရေတို ဖြေရှင်းနည်းကတော့ ထောင်ဒဏ် မဟုတ်တဲ့ အခြားပြင်းထန်တဲ့ ပြစ်ဒဏ်မျိုး ဖြစ်ပါတယ်။ ပြင်းထန်တဲ့ ပြစ်ဒဏ်ဆိုတာက နိုင်ငံနေရာလိုက်ပြီး ကွာခြားနိုင်ပါတယ်။ အကယ်၍ အလုပ်ရှင်က သမဂ္ဂ၀င်တွေကို ပစ်မှတ်ထားပြီး အလုပ်ထုတ်တာမျိုး တစ်ကြိမ်ထက်မက လုပ်ရင် ထောင်ဒဏ်လိုမျိုး ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ လုပ်မလား။ ဒီနေရာမှာလည်း ဘယ်နှကြိမ်ဆိုတာ သတ်မှတ်ထားဖို့ လိုပါတယ်။ ရေရှည်အတွက်ကတော့ ကြားခံ စေ့စပ်ညှိနှိုင်းတဲ့ အဖွဲ့အစည်းတွေကို အရည်အသွေး မြှင့်တင်ပေးဖို့နဲ့ တကယ့်ကို သီးခြားလွတ်လပ်တဲ့ အဖွဲ့တွေဖြစ်စေဖို့ ဖြစ်ပါတယ်။ အဲဒါမှ အလုပ်ရှင်ရော၊ အလုပ်သမားရောက ဒီအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာမှာ ဖြစ်ပါတယ်” ဟု Ms. Natsu Nogami က ဆိုသည်။

အဆိုပါ ထောင်ဒဏ်ပါသည့် ဥပဒေကို ဇွန် ၁ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး လာမည့်လထဲတွင် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။