ကချင်ပြည်နယ်၌ မူးယစ်ဆေးဝါး အသုံးပြုသူများနေပြီး မြစ်ကြီးနားမြို့ မူးယစ်ဆေးစွဲရောဂါကုဆေးရုံတွင် ဆေးရုံတက်လူနာ ရုတ်တရက်မြင့်တက်လာ၍ လူနာများစာရင်းပေး စောင့်ဆိုင်းနေရ

ကချင်ပြည်နယ်နှင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မူးယစ်ဆေးစွဲရောဂါကုဆေးရုံကြီးအား တွေ့ရစဉ်

ကချင်ပြည်နယ်၌ မူးယစ်ဆေးဝါး အသုံးပြုသူများနေပြီး ကချင်ပြည်နယ်တွင် တစ်ခုတည်းသာရှိသည့် မြစ်ကြီးနားမြို့ မူးယစ်ဆေးစွဲရောဂါ ကုဆေးရုံကြီးတွင် ဆေးရုံတက်လူနာ ရုတ်တရက်မြင့်တက်လာ၍ လူနာများ စာရင်းပေးပြီး စောင့်ဆိုင်းနေရကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်တွင် မူးယစ်ဆေးစွဲ ရောဂါကုဆေးရုံမှာ မြစ်ကြီးနားမြို့တွင် တစ်ခုတည်းသာရှိပြီး ရောဂါအန္တရာယ် လျှော့ချရေး မက်သဒုံးတိုက်ကျွေးသည့်ဌာန ၁၈ ခု ရှိကြောင်း သိရသည်။

မြစ်ကြီးနား မူးယစ်ဆေးစွဲရောဂါကု ဆေးရုံတွင် ခုတင် ၁၀၀ ဆံ့ဖြစ်သော်လည်း လက်ရှိတွင် လူဦးရေ ၁၁၀ အထိ လက်ခံကုသ နေရပြီး နောက်ထပ်ဆေးရုံတက်ကုသရန် လူဦးရေ ၂၀ ကျော် စာရင်းပေးထားကြောင်း သတင်းရရှိသည်။

မူးယစ်ဆေးစွဲရောဂါကု ဆေးရုံအုပ်ကြီး  ဒေါက်တာတင့်နိုင်က “ဒီရာသီမှာ ဆေးရုံတက်တဲ့သူတွေ များတတ်တယ်။ အဖမ်းအဆီးများတာတို့၊ ငွေရှာရခက်တာတို့လည်း ပါမယ်။ လူမှုအဖွဲ့အစည်း၊ ရပ်ကျေးအဖွဲ့အ စည်းတွေကလည်း လူငါးယောက်၊ ၁၀ ယောက် ပို့လာတဲ့အခါ ဒီမှာက နေစရာကျပ်သွားတာ ပေါ့။ ဒီလဆိုရင် စာရင်းမချုပ်ရသေးဘူး။ ခါ တိုင်းလထက် များနေတယ်။ ဇွန်မှာ ၂၂ ဦး၊ ဇူ လိုင် ၅၃ ဦးအထိရောက်လာတယ်။ လူ ၂၀ ကျော်ကတော့ ဆေးရုံမှာ မဆံ့တော့ လိပ်စာ တွေ၊ ဆက်သွယ်ရမယ့် ဖုန်းတွေ တောင်းထားတယ်။ ခုတင် ၁၀၀ ဆံ့ကို ဆေးဖြတ်က ၉၄ ဦး၊ မက်သဒုံးအတွက်က ၁၆ ဦး၊ နှစ်ခုပေါင်း ခုတင် ၁၁၀ ထိုး ထားတယ်။ အခု ကျွန်တော့် ဆေးရုံမှာ အပြင်ကနေ မက်သဒုံးနေ့စဉ် သောက်နေတာက ၈၀၀ ၀န်းကျင်လောက်ရှိတယ်။ အမျိုးသမီးက ငါးဦးကနေ ရှစ်ဦးပါတတ်တယ်။ ဇူလိုင်လကုန် တစ်ပြည်နယ်လုံး စာရင်းက မက်သဒုံးတိုက်ကျွေးဌာနပေါင်း ၁၈ ခုမှာ ၆၃၃၈ ဦး ရှိတယ်။ မက်သဒုံး သုံးစွဲသူဦးရေကတော့ နှစ်စဉ် တဖြည်းဖြည်းနဲ့ တက်လာတာပေါ့။ မူးယစ်ဆေးစွဲကုမယ်ဆို ရင် ၂၅ ရက်ပေါ့။ ဆေးရုံမှာနေရမယ်။ ဆေး ကုသမှုတွေ ခံယူရမယ်။ နိုင်ငံတော်က ထောက်ပံ့တာရှိပေမယ့် နည်းလွန်းတော့ လူနာတစ်ဦး က ၆၀၀၀၀ ကျပ်ကောက်ခံပြီး ကျွေးမွေးရတယ်။ မူးယစ်ဆေးစွဲကုတာနဲ့ တစ်ပြိုင်နက်တည်း သွားရမှာက ပေါ့။ အခုက ပြန်လည်ထူထောင်ရေးကို မလုပ်နိုင်ကြသေးဘူး” ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် ဘိန်းဖြူ၊ ဘိန်းမည်း၊ ရူးသွပ်စိတ်ကြွ ဆေးပြားများကို အသုံးပြုသူများနေပြီး လက်ရှိတွင် ဒေသတွင်း၌ ရူးသွပ်စိတ်ကြွ ဆေးပြား အသုံးပြုမှု ပျံ့နှံ့နေ ကြောင်း သိရသည်။

မြစ်ကြီးနား မူးယစ်ဆေးစွဲရောဂါကု ဆေးရုံကြီးမှ စိတ်ရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာထွန်းကျော်ဇင်က “မူးယစ် ဆေးဝါးကတော့ သုံးတာနဲ့ ဆိုးကျိုးရှိတယ်။ ဘိန်းဖြူသုံးရင် ငွေကုန်များတယ်။ ထိုးသွင်းရင် အသည်းရောင် ဘီပိုး၊ စီပိုး၊ HIV/AIDS တွေလို ဆိုးကျိုးရှိတယ်။ ဆေးပြားကျတော့ သူ့ကိုခေါ်တာကို ရူးသွပ်စိတ်ကြွ ဆေးပြားလို့ ခေါ်တာ။ မအိပ်တာ၊ အထင်အမြင်မှားတာ၊ ထင်ယောင်ထင်မှားဖြစ်တာတွေဖြစ်တယ်။ စိတ်ကျရောဂါ၊ တခြားစိတ်ရောဂါတွေလည်း ဖြစ်နိုင်တယ်။ အာရုံကြောကို သွားထိတာကိုး။ ဖြစ်လို့ကုသရင်လည်း ခြောက်လ၊ တစ်နှစ် အနည်းဆုံးကြာတတ်တယ်” ဟု ပြောကြား သည်။

ကချင်ပြည်နယ်အတွင်း ဆာရာ (SARA) မူးယစ်ဆေးစွဲရောဂါ သုသေတနအသင်းရုံး စိုက်ရာ ခြောက်မြို့နယ်အတွင်း မူးယစ်ဆေး အကြောထဲသွင်းသူ ၈၀၀၀ ကျော်ရှိကြောင်း၊ ဆေးအကြောထဲထိုးသွင်းသူများတွင် ၂၆ ရာခိုင်နှုန်းမှာ HIV/AIDA ရောဂါပိုးရှိနေပြီး ကူးစက်မှုနှုန်း အမြင့်မားဆုံး ပြည်နယ်တစ်ခုအဖြစ်ရှိနေကြောင်း သိရသည်။

UNODC က ၂၀၁၅ ခုနှစ်ရရှိထားသည့် စာရင်းအရ မြန်မာနိုင်ငံတွင် ဆေးစွဲပြီး အကြောထဲသွင်းသည့် မူးယစ်သုံးစွဲသူ ၈၃၀၀၀ ကျော်ရှိပြီး ၂၉ ရာခိုင်နှုန်းမှာ HIV အိပ်အိုင်ဗွီ ကူးစက်ခံနေရကြောင်း၊ ကချင်ပြည်နယ်တွင် အကြောအတွင်း မူးယစ်ထိုးသွင်းသုံးစွဲနေသူ ၃၀၀၀ ကျော်ရှိပြီး ၃၅ ရာခိုင်နှုန်းမှာ HIV အိပ်အိုင်ဗွီ ကူးစက်ခံနေရကြောင်းနှင့် ၂၀၁၈ ခုနှစ်အထိ ဆိုပါက အဆိုပါအခြေအနေထက် အဆများစွာ ပိုနိုင်ကြောင်း သိရသည်။

ပြည်နယ်ရဲတပ်ဖွဲ့ မှတ်တမ်းများအရ နယ်ရဲနှင့် အထူးမူးယစ်တပ်ဖွဲ့က ဖမ်းဆီးမှု ပေါင်း ၂၀၁၈ ခုနှစ် သြဂုတ်လလယ်ပိုင်းအထိ အမှုပေါင်း ၁၃၅၂ မှု၊ ကျား ၁၅၅၇ ဦး၊ မ ၃၃၇ ဦး၊ ပေါင်း ၁၈၉၄ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။ ၂၀၁၇ ခုနှစ်တွင် အမှုပေါင်း ၁၈၁၄ မှု၊ တရားခံပေါင်း ၂၄၀၇ ဦး၊ မူး ယစ်ဆေးဝါးဖမ်းဆီးခဲ့သည့် ကာလတန်ဖိုးကျပ်  ၈၅၂၁၆ သိန်းကျော်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်၌ ၂၀၁၂ ခုနှစ်တွင် မူးယစ်ဆေးဝါးအမှု ၁၁၃၈ မှုမှ တရားခံ ၁၆၉၆ ဦး၊၂၀၁၃ ခုနှစ်တွင် ၁၅၀၂ မှုမှ တရားခံ ၂၂၉၉ ဦး၊ ၂၀၁၄ ခုနှစ်တွင် အမှုပေါင်း ၁၈၉၀ မှ တရားခံ ကျား ၂၃၆၅ ဦး၊ မ ၃၈၄ ဦး စုစုပေါင်း ၂၇၄၉  ဦး၊၂၀၁၅ ခုနှစ်တွင် အမှုပေါင်း ၁၆၇၁ မှုမှ တရားခံ ကျား ၁၈၄၇ ဦး၊ မ ၂၉၅ ဦး စုစုပေါင်း ၂၁၄၂ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၁၅၂၉ မှုမှ တရား ခံပေါင်း ၂၀၉၀ ကို အရေးယူခဲ့ကြောင်း သိရ သည်။

လွိုင်ကော်အကျဉ်းထောင်တွင် HIV ဝေဒနာရှင်အကျဉ်းသားငါးဦး ART ဆေးများ အမြန်ဆုံးရရှိရေးအပါအ၀င် အကြောင်းအရာရှစ်ချက်ကို အလေးထားဂရုပြုဆောင်ရွက်ပေးရန် လူ့အခွင့်အရေးကော်မရှင် အကြံပြု

လွိုင်ကော်အကျဉ်းထောင်တွင် HIV ရောဂါသည်အကျဉ်းသားငါးဦး ART ဆေး အမြန်ဆုံးရရှိရေး အပါအ၀င် အကြောင်းအရာ ရှစ်ချက်အား အလေးထားဂရုပြုဆောင်ရွက်ပေးရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်အကြံပြုစာကို သြဂုတ် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သြဂုတ် ၈ ရက်မှ ၁၀ ရက်အထိ  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ လွိုင်ကော်အကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးပြီး နောက်သက်ဆိုင်ရာ ၀န်ကြီးဌာနများသို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြံပြုစာတွင် မကြာသေးမီက တွေ့ရှိခဲ့ရသော  HIV ရောဂါသည် အကျဉ်းသား ငါးဦးအတွက် ART ဆေးများရရှိရေး သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသဖြင့် အမြန်ဆုံးရရှိရေး ဆက်လက်ဆောင်ရွက်သင့်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အကျဉ်းသားသုံးဦးကို မန္တလေးဗဟိုအကျဉ်းထောင်သို့ အမြန်ဆုံးပြောင်းရွှေ့ခြင်း (သို့မဟုတ်) လွိုင်ကော် အကျဉ်းထောင်၌ပင် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသင့်ကြောင်း၊  ဘွဲ့ရအကျဉ်းသား၊ တက္ကသိုလ်ရောက်ရှိ အကျဉ်းသား ၅၆ ဦးကို အခြားစာမတတ် အကျဉ်းသား၊ အကျဉ်းသူများအား အတန်းပညာများ ပြန်လည်သင်ကြားပြသနိုင်ရေး စည်းရုံးတာဝန်ပေးဆောင်ရွက်သင့်ကြောင်းနှင့် စာကြည့်တိုက်တွင် စိတ်ကို ပြုပြင်ပြောင်းလဲစေနိုင်မည့် စာအုပ်စာပေ၊ ဥပမာ- ချစ်နိုင် (စိတ်ပညာ)၊ လယ်တွင်းသား စောချစ်၊ ဆရာဖေမြင့် စသည့် စာရေးဆရာကြီးများ ရေးသားသော စာအုပ်များ ထပ်မံဖြည့်ဆည်း ပေးသင့်ကြောင်းတို့ ပါရှိခဲ့သည်။

ထို့ပြင် အကျဉ်းထောင်အတွင်း အားကစားပြုလုပ်နိုင်ရန် နေရာတစ်ခု သတ်မှတ်၍ စီစဉ်ဆောင်ရွက်ပေးသင့်ကြောင်း၊ တိုက်ထဲရှိ အကျဉ်းသားများ လမ်းလျှောက်ချိန်၊ အားကစားပြုလုပ်ချိန်ကို ယခုထက် ပိုမိုပေးသင့်ကြောင်း၊ ဖယောင်းပုဆိုးစုတ်ပြဲနေသည့် အိပ်ဆောင်များ၌ ဖယောင်းပုဆိုးအသစ်များ လဲလှယ်ပေးသင့်ကြောင်းနှင့် အမျိုးသားအိပ်ဆောင်တစ်ရှိ အခန်းခြောက်ခန်းတွင်ရှိသော ၀င်ပေါက်တံခါးများမှာ အမြင့်သုံးပေ ခြောက်လက်မ၊ အလျားမှာ နှစ်ပေသာရှိသဖြင့် ခြောက်ပေအမြင့် ပြုပြင်သင့်ကြောင်း ပါရှိခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရေးအဖွဲ့က ခေါ်ယူတွေ့ဆုံမေးမြန်းခဲ့သော အကျဉ်းသားများကို လက်တုံ့ပြန်မှုမခံရစေရေးအတွက် ကော်မရှင်ဥပဒေပုဒ်မ ၃၈ နှင့်  အညီအလေးထား ဆောင်ရွက်ပေးရန် ကော်မရှင်၏အကြံပြုစာတွင် ဖော်ပြပါရှိခဲ့သည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၏ သွေးစစ်ချက် အဖြေတွင် HIV ပိုးတွေ့ရှိဟု ဗဟိုအမျိုးသမီးဆေးရုံကြီး သွေးစစ်ဌာန၌ ဆေးစစ်ချက် မှားယွင်းဖော်ပြမှု ဖြစ်ပွား

ဗဟိုအမျိုးသမီးဆေးရုံကြီး သွေးစစ်ဌာနတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၏ သွေးစစ်ချက်အဖြေ ဖော်ပြရာတွင် HIV ပိုးတွေ့သည်ဟု အဖြေမှား ဖော်ပြမှု ဇူလိုင် ၁၀ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် ကိုယ်ဝန်သုံးလခွဲကျော်ရှိပြီး အသက် (၃၁ နှစ်) အရွယ်ရှိသည့် အမျိုးသမီး တစ်ဦးဖြစ်ကာ ယင်းဆေးရုံကြီးတွင် ကလေးမီးဖွားရန်အတွက် ကိုယ်ဝန် အပ်နှံထားကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယင်းဆေးရုံကြီးတွင် ယခုလ ၃ ရက်မှ စတင်ကာ ကိုယ်ဝန်အပ်နှံထားခြင်းဖြစ်ပြီး ၁၀ ရက်တွင် ထွက်ရှိသည့် သွေးစစ်ချက် အဖြေတွင် HIV Positive ရှိသည်ဟု အဖြေမှား ထွက်ရှိခဲ့ကြောင်း ကာယကံရှင်ဖြစ်သူ မအိအိကျော်က ပြောကြားသည်။

“အစ်မ ကိုယ်ဝန်အပ်တာက ဒီလ ၃ ရက်နေ့က စအပ်တယ်။ အပ်တဲ့နေ့မှာပဲ သွေးစစ်တယ်။ အဆင့်ဆင့် လုပ်ရတယ်ပေါ့။ ပြီးတော့ တစ်ပတ်ပြန်ချိန်းတယ်။ တစ်ပတ်ပြည့်တဲ့နေ့ ပြန်သွားတော့ သူတို့သွေးအဖြေကို မနက် ၉ နာရီလောက်မှာ ထုတ်ပေးတယ်။ ပြီးတော့ သွေးအားနည်း မနည်း၊ သွေးအမျိုးအစား ဒါတွေကို သူတို့ပြောပြပေးတယ်။ တစ်ယောက်ချင်းစီခေါ်ပြီး အစ်မအလှည့်ရောက်တော့ တာဝန်ကျဆရာမက သမီးမှာ HIV ရှိနေတယ်ဆိုပြီး ပြောတယ်။ ပြောပြီး ဘာမှအားမငယ်နဲ့ ဒီလိုဆေးက သောက်ရင် လူတိုင်း သက်တမ်းစေ့ နေလို့ရတယ်ဆိုပြီး ပြောလာတယ်။ အစ်မအမျိုးသားရဲ့ အလုပ်တွေကိုမေးတယ်။ အစ်မကလည်း အကုန်ပြောပြတယ်။ အဲဒီကျတော့ အမျိုးသားကို သွေးစစ်ခိုင်းလိုက်ပါဆိုပြီး ပြောလာတယ်။ သမီးမှာ ရှိနေတဲ့အတွက် သူ့ကိုပါ စစ်ခိုင်းလိုက်ပါ ဆိုပြီးပြောတယ်။ အစ်မတို့ မိသားစုတွေမှာ ဒါမျိုးမရှိဘူးလို့ပြောတော့ သူတို့က လက်မခံချင်ဘူး” ဟု ၎င်းက ပြောကြားသည်။

ယင်းကဲ့သို့ ပြောဆိုပြီးနောက် တာဝန်ကျဆရာမက ဆရာဝန်ကြီးနှင့် ပေးတွေ့ကြောင်း၊ ဆရာဝန်ကြီးကလည်း ဆေးစစ်ချက်အဖြေများကို ကြည့်ရှုကာ HIV ဆေး ထုတ်ယူရမည့် ရက်များကို ပြောလာကြောင်း ၎င်းက ပြောကြားသည်။

“အစ်မကလည်း ထပ်စစ်မယ်ဆိုပြီး အဖြေထွက်တဲ့နေ့ ၁၀ ရက်နေ့မှာပဲ နီနီဆေးခန်းကိုသွားပြီး ပိုးရှိ မရှိ ချက်ချင်းသွားစစ်တယ်။ ဒီပိုး မရှိဘူးဆိုပြီး အဖြေထွက်လာတယ်။ ဒါနဲ့ တာဝန်ကျဆရာမကို စစ်ထားတဲ့ စာရွက်ကို Viber ကနေ လှမ်းပို့ပေးလိုက်တော့ ‘မရှိဘူး။ ၀မ်းသာစရာပဲ’ လို့ပြောတယ်။ ပြီးတော့ ပိုပြီးသေချာအောင် အမျိုးသားဓာတ်ခွဲဌာနကို ထပ်စစ်ခိုင်းတယ်။ စစ်လိုက်တယ်။ ဒီပိုးမရှိဘူးဆိုပြီး အဖြေက ထွက်လာတယ်။ နောက် အစ်မအမျိုးသားက နယ်ရောက်နေတဲ့အတွက် နယ်မှာပဲ စစ်ခိုင်းလိုက်တော့ ဒီပိုး သူ့မှာလည်း လုံးဝမရှိဘူးဆိုပြီး အဖြေထွက်လာတယ်” ဟု မအိအိကျော်က ပြောကြားသည်။

သွေးစစ်ချက်အဖြေ ရယူသည့်နေ့တွင်ပင် ဆေးစာရွက်များထဲတွင် နာမည်မတူ၊ အသက်မတူ၊ ကုတ်နံပါတ်တူသည့် စာရွက် တစ်ရွက်လည်း ပါရှိလာကြောင်း ၎င်းကပြောကြားသည်။

အဆိုပါ စာရွက်ကိစ္စနှင့် ပတ်သက်၍ ဗဟိုအမျိုးသမီး ဆေးရုံအုပ်ကြီး ဒေါက်တာခင်ပြုံးကြည်အား မေးမြန်းရာတွင် အခြားကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၏ ဆေးစာရွက်ဖြစ်ပြီး ကုတ်နံပါတ်မှာ တာဝန်ကျ ဆရာမမှ လက်ရေးသော့ပြီး ရေးထားသဖြင့် ဆင်တူယိုးမှား ဖြစ်သွားခဲ့ကြောင်း ရှင်းပြသည်။

ဆေးစစ်ချက်အဖြေ မှားယွင်းမှုနှင့် ပတ်သက်၍ တာဝန်ရှိဆရာဝန်က “စစ်တဲ့အခါမှာ စစ်ဆေးမှုကို သုံးကြိမ်လုပ်ရတယ်။ အဲဒီလို သုံးကြိမ်လုပ်တဲ့ အခါမှာလည်း အဖြေက HIV Positive ဆိုပြီးထွက်နေတယ်။ ဒါပေမဲ့ ဆီးစစ်တာတို့၊ သွေးစစ်တာတို့ကို မိနစ် ၂၀ အတွင်း ဖတ်ရတာပေါ့။ ဆရာမတို့ သုံးသပ်တာကတော့ မိနစ် ၂၀ များ ကျော်သွားလို့လား ဆိုပြီးပေါ့။ ပြီးတော့ လူတစ်ယောက်က သွေးမစစ်ခင်မှာ တုပ်ကွေးမိပြီး ဖျားတာတို့၊ အသည်းရောင် အသားဝါ ဖြစ်တာတို့ ဖြစ်ထားရင်လည်း ဒီပိုးပေါ်လာတတ်တယ်” ဟု ၎င်းကရှင်းပြသည်။

အဆိုပါဆေးရုံတွင် ယင်းကဲ့သို့ ဖြစ်စဉ်မျိုးမှာ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အများပြည်သူများ သိရှိရန်အတွက် ဖြေရှင်းပေးရန် ဇူလိုင် ၂၀ ရက်က ဗဟိုအမျိုးသမီး ဆေးရုံအုပ်ကြီးအား တောင်းဆိုခဲ့ကြောင်း၊ တောင်းဆိုမှုနှင့် ပတ်သက်၍ ဆေးရုံအုပ်ကြီးဘက်က  ဇူလိုင် ၂၂ ရက်က တွေ့ဆုံဖြေရှင်း ပေးခဲ့ကြောင်း သိရသည်။

“၂၂ ရက်က ဆေးရုံဘက်ကတော့ ဖြေရှင်းပေးပါတယ်။ ဒါပေမဲ့ အများပြည်သူသိအောင် ချပြချင်တယ်။ အများပြည်သူ သိအောင်လည်း ဒီကိစ္စကို ချပြသွားမယ်” ဟု မအိအိကျော်က ပြောကြားသည်။

အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သက်ပြီး ဆေးရုံအုပ်ကြီး ဒေါက်တာခင်ပြုံးကြည်အား ဆက်သွယ်မေးမြန်းရာတွင် ပြေလည်မှု ရရှိသွားပြီ ဖြစ်ကြောင်း ဆိုသည်။

ဆေးယဉ်ပါး အိပ်ခ်ျအိုင်ဗွီ ဖြစ်ပွားသူများ ရှိလာပြီး အေအာတီဆေး ယဉ်ပါးမှုများကို အရွယ်ရောက်ပြီးသူများထက် ဆယ်ကျော်သက် လူငယ်များတွင် ပိုတွေ့နေရ

အိပ်ခ်ျအိုင်ဗွီ လူနာများအတွက် နယ်စည်းမခြား ဆရာဝန်အဖွဲ့က ဖွင့်လှစ်ထားသည့် ဆေးခန်းတွင် အေအာတီဆေး လာရောက် ထုတ်ယူနေသူအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျာ်)

မြန်မာနိုင်ငံတွင် ဆေးယဉ်ပါး အိပ်ခ်ျအိုင်ဗွီ ဖြစ်ပွားမှုများ ရှိလာပြီး ရောဂါပိုး ကူးစက်ခံရသူများအနက် ဆယ်ကျော်သက် လူငယ်များမှာ အရွယ်ရောက်ပြီးသူများထက် ပထမအဆင့် ဆေးယဉ်ပါးမှု ပိုမိုများပြားနေကြောင်း အိပ်ခ်ျအိုင်ဗွီ လူနာများအား ဆေးကုသမှု ပေးနေသည့် နယ်စည်းမခြား ဆရာဝန်အဖွဲ့မှ သိရသည်။

အိပ်ခ်ျအိုင်ဗွီရောဂါပိုးရှိ ဆယ်ကျော်သက် လူငယ်များသည် ရောဂါဒဏ် ခံစားရသော အဓိကအုပ်စု တစ်စုဖြစ်သော်လည်း ပံ့ပိုးကူညီမှု ပြုလုပ်ကြရာတွင် မကြာခဏ လျစ်လျူရှုခံနေကြရသူများ ဖြစ်ကြောင်းနှင့် ယင်းဆယ်ကျော်သက် လူငယ်လေးများ၏ ဆယ်ကျော်သက်ဘ၀ အထူးလိုအပ်ချက်များသည်လည်း လုံလောက်စွာ ဂရုတစိုက်ကူညီပံ့ပိုးမှု မရရှိကြသောကြောင့် ရလဒ်အနေဖြင့် ၎င်းအုပ်စုဝင်များအတွင်း ဆေးယဉ်ပါးဖြစ်ပွားမှု ရာခိုင်နှုန်းမှာလည်း မြင့်မားနေခြင်းဖြစ်ကြောင်း သိရသည်။

“နယ်စည်းမခြား ဆရာဝန်အဖွဲ့က လူနာတွေအတွက် အင်းစိန်နဲ့ သာကေတ ဆေးခန်းမှာ ကျန်းမာရေး ၀န်ဆောင်မှုတွေကို ပေးနေပါတယ်။ အင်းစိန်နဲ့ သာကေတဆေးခန်း နှစ်ခုပေါင်းရင် လူနာပေါင်း ၁၇၀၀၀ ကျော် ရှိတယ်။ လူနာတွေထဲမှာ အေအာတီဆေး သောက်နေရတဲ့ ဆယ်ကျော်သက် လူငယ်တွေလည်း ပါပြီးတော့ လူနာ ၈၀၀ ကျော် ရှိပါတယ်။ လူနာတွေရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး လိုအပ်ရင် လိုအပ်သလို ကြည့်ပေးပြီး ကျန်းမာရေး အရမ်းကောင်းနေတဲ့ လူနာတွေဆိုရင်တော့ သုံးလ တစ်ကြိမ် ပြန်ကြည့်ပါတယ်။ အေအာတီဆေးက ပုံမှန် စွဲသောက်ရတယ်။ အချိန်တိကျရတယ်။ ပမာဏ တူညီရတဲ့အတွက် စနစ်တကျ မသောက်ရင် ဆေးယဉ်ပါး ဖြစ်တာပေါ့။ အခု ဆယ်ကျော်သက် လူငယ်တွေက အရွယ်ရောက်ပြီးသူတွေထက် ပထမအဆင့် ဆေးယဉ်ပါးမှုက ပိုများနေတယ်။ ဖြစ်နိုင်ခြေက သူတို့က ငယ်တဲ့အချိန်မှာကျတော့ သူတို့ကို စောင့်ရှောက်တဲ့သူအပေါ်မှာ မှီခိုနေရတယ်။ စောင့်ရှောက်ပေးတဲ့သူက အလုပ်များလို့၊ မအားလို့ ဆေးကို ပုံမှန် မလုပ်ပေးနိုင်တာမျိုး၊ တချို့ကျတော့ မိဘတွေ မရှိကြတော့ဘူး။ တခြား ဆွေမျိုးသားချင်းတွေနဲ့ နေရတဲ့အခါ အချိန်မှန်မှန် ဆေးမသောက်နိုင်တာတွေက များလာတယ်။ ကြာလာတဲ့အခါ လူနာက ပထမအဆင့် ဆေးတွေနဲ့ ကုလို့ မရကြတော့ဘူး။ အဓိက ဆေးကို ပုံမှန် မသောက်လို့ ဆေးယဉ်ပါးတာတွေ ဖြစ်တာပါ။ ဒီလို ပထမအဆင့် ဆေးယဉ်ပါးတဲ့ သူတွေကို ဒီထက်ပိုပြင်းတဲ့ ဒုတိယအဆင့် ဆေးတွေနဲ့ ပြန်ကုပေးရပါတယ်” ဟု နယ်စည်းမခြား ဆရာဝန်အဖွဲ့၊ သာကေတ ဆေးခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နယ်စည်းမခြား ဆရာဝန်အဖွဲ့ (ရန်ကုန်) တွင် အေအာတီဆေး သောက်သုံးနေရသူ လူနာ စုစုပေါင်း ၁၇၀၀၀ ကျော်ရှိပြီး ယင်းတို့အနက် အသက် ၁၀ နှစ်မှ ၁၉ နှစ်ကြား ဆယ်ကျော်သက် လူငယ် ၈၀၀ ကျော် ရှိကြောင်းနှင့် ဒုတိယအဆင့် အေအာတီဆေး သောက်သုံးနေရသူ ဆယ်ကျော်သက်လူငယ်မှာ ရာခိုင်နှုန်း ၂၀ ခန့်ရှိကြောင်း သိရသည်။

နယ်စည်းမခြား ဆရာဝန်အဖွဲ့သည် ၂၀၀၃ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် အသက်ကယ် အေအာတီဆေးကုထုံးကို စတင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်း၊ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် လက်ရှိ အိပ်ခ်ျအိုင်ဗွီ/တီဘီရောဂါကု စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းနှင့် ၂၀၁၆ ခုနှစ် စက်တင်ဘာလထိ ရရှိထားသည့် အချက်အလက်များအရ အဖွဲ့၏ စီမံကိန်းနေရာများ အားလုံးတွင် အေအာတီဆေးဖြင့် လူနာ ၃၄၈၇၇ ဦးကို ကုသပေးနေပြီး ယင်းတို့အနက်မှ ၁၈၀၇ ဦးမှာ အသက် ၁၀ နှစ်မှ ၁၉ နှစ်ကြား လူငယ်များ ဖြစ်ကြောင်းနှင့် ယင်းအရေအတွက်မှာ လူနာစုစုပေါင်း၏ ငါးရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။

မော်လမြိုင်မြို့အပါအ၀င် အာဆီယံရှစ်နိုင်ငံရှိ မြို့ကြီး ၅၀ တွင် ဆောင်ရွက်နေသည့် HIV ကင်းစင်ရေး G2Z စီမံချက်ကို ဘားအံမြို့နှင့် မြ၀တီမြို့တွင် တိုးချဲ့ဆောင်ရွက်မည်

မော်လမြိုင်မြို့အပါအ၀င် အာဆီယံရှစ်နိုင်ငံရှိ မြို့ကြီး ၅၀ တွင် ဆောင်ရွက်နေသည့် G2Z စီမံချက်အား ဘားအံမြို့နှင့် မြ၀တီမြို့များတွင် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

အဆိုပါကိစ္စအား မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပသည့် အာဆီယံမြို့ကြီးများ၌ HIV ကင်းစင်ရေး ဒေသဆိုင်ရာ အစည်းအဝေး (ASEAN Cities Getting to Zero, Regional Consultation Meeting) ကို မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရွိုင်ရယ်ဟင်္သာဟိုတယ်တွင် ဧပြီ ၂၀ ရက် နံနက် ၈ နာရီခွဲတွင် ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက HIV/AIDS ရောဂါသည် နိုင်ငံများအားလုံး လက်တွဲပူးပေါင်း ကြိုးပမ်းအားထုတ်မှုကြောင့် အောင်မြင်မှုများ သိသာစွာရရှိနေသော်လည်း မိမိတို့အနေဖြင့် ကျေနပ်နှစ်သိမ့် ရောင့်ရဲမနေသင့်ဘဲ ရောဂါ၏သဘာဝနှင့် ရောဂါဖြစ်ပွားမှုအခြေအနေကို ရှုထောင့်ပေါင်းစုံမှ သတိမပြတ် ဆက်လက်စောင့်ကြည့်ရန် လိုအပ်ကြောင်း၊ စုံစမ်းထောက်လှမ်းသော်လည်း မတွေ့ရှိသည့် ပုန်းကွယ်နေသည့် လူနာများရှိနေနိုင်ကြောင်း၊ အာဆီယံနိုင်ငံများ၏ မြို့တော်များတွင် HIV/AIDS ကင်းစင်ရေးစီမံချက်ကို HIV ပိုးကူးစက်ခံရသူ အသစ်မရှိရေး HIV/AIDS နှင့်ပတ်သက်၍ ခွဲခြားဆက်ဆံမှု လုံးဝမရှိရေးနှင့် AIDS ရောဂါဖြင့် သေဆုံးသူမရှိရေး စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၁၁ ခုနှစ်မှစတင်၍ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများကို အကျိုးရှိထိရောက်စွာဖြင့် အာဆီယံမြို့တော်များ၌ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။

ထို့ပြင် HIV/AIDS ရောဂါသည် ပြည်သူကျန်းမာရေးအန္တရာယ်အဖြစ်မှ အဆုံးသတ်ရပ်တန့်နိုင်ရေးအတွက် လက်တွေ့ကျသော လုပ်ငန်းစဉ်များ၊ စီမံချက်များ ချမှတ်ဆောင်ရွက်နေကြောင်း။

ယခု G2Z စီမံချက် အောင်မြင်ရေးအတွက် ထောက်ပံ့ကူညီပေးသော မူဝါဒနှင့် ဥပဒေများရှိရေး၊ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီရရှိရေး၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပညာရပ်လုပ်ငန်းများ၊ ၀န်ကြီးဌာနများအကြားတွင် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုကောင်းခြင်း၊ ပြည်သူများ တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းများသည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ ယခုအချိန်ထိ မြန်မာနိုင်ငံရှိ မော်လမြိုင်မြို့အပါအ၀င် ASEAN နိုင်ငံရှစ်နိုင်ငံရှိ မြို့ကြီး ၅၀ ၌ G2Z စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ဘားအံမြို့နှင့် မြ၀တီမြို့များ၌လည်း တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ဤဒေသဆိုင်ရာ အစည်းအဝေးသည် တက်ရောက်လာသော နိုင်ငံများအကြား အဖိုးတန်အတွေ့အကြုံများ၊ သင်ခန်းစာများ၊ ချဉ်းကပ်ဆောင်ရွက်ပုံ နည်းလမ်းသစ်များကို အပြန်အလှန်မျှဝေနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ဤအစည်းအဝေးမှတစ်ဆင့် HIV/AIDS ရောဂါတိုက်ဖျက်ရေးနှင့် ပတ်သက်၍ တည်တံ့ခိုင်မြဲသော အောင်မြင်မှုများရရှိနိုင်မည့် လက်တွေ့ကျသော နည်းလမ်းနှင့် အဖြေများကိုဆွေးနွေး ထုတ်ဖော်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အမြစ်တွယ်နေသော ဤ HIV/AIDS ရောဂါအန္တရာယ်ကြီးကို ပြန်လည်ခေါင်းထောင် ဦးမော့မလာနိုင်သည်အထိ ကင်းစင်အဆုံးသတ်သွားစေရန် မိမိတို့ အားလုံးစုပေါင်းပြီး နည်းလမ်းပေါင်းစုံ၊ ဘက်ပေါင်းစုံမှ ချဉ်းကပ် ကြိုးပမ်းဆောင်ရွက်သွားရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေး အကြောထဲ ထိုးသွင်းမှုကြောင့် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်မှု အများဆုံးဖြစ်ပြီး ဆေးဝါးထိုးသွင်းသူ အယောက် ၁၀၀ တွင် အယောက် ၂၀ ကျော်သည် ရောဂါပိုးရှိနေဟုဆို

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး အကြောထဲ ထိုးသွင်းမှုကြောင့် အိပ်ခ်ျအိုင်ဗွီပိုး ရောဂါကူးစက်မှု အများဆုံးဖြစ်ပြီး မူးယစ်ဆေးထိုးသွင်းသူ အယောက် ၁၀၀ တွင် အယောက် ၂၀ ကျော်သည် ယင်းရောဂါပိုးရှိနေသည်ကို တွေ့ရှိရကြောင်း အိပ်ခ်ျအိုင်ဗွီလူနာများကို ပြုစုကုသစောင့်ရှောက်မှု လုပ်ငန်းများ လုပ်ဆောင်နေသည့် ဝေဘာဂီဆေးရုံကြီးမှ၊ အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာထင်အောင်စောက ပြောကြားသည်။

ခန့်မှန်းတွက်ချက်မှုများအရ ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူ အသစ်ပေါင်း ၁၁၀၀၀ ခန့်ရှိပြီး ၎င်းတို့အနက် ဦးတည်အုပ်စုများဖြစ်သည့် မူးယစ်ဆေး အကြောထဲ ထိုးသွင်းသူများတွင် ၂၉ ရာခိုင်နှုန်း၊ အမျိုးသမီး လိင်လုပ်သားများတွင် ခုနစ်ရာခိုင်နှုန်း၊ အမျိုးသားချင်း လိင်တူဆက်ဆံသူများတွင် ၁၃ ရာခိုင်နှုန်းနှင့် လိင်လုပ်သားများ၏ အမျိုးသား လိင်ဆက်ဆံဖော်များတွင် ၂၃ ရာခိုင်နှုန်းထိရှိပြီး ရောဂါပိုးကူးစက်ခံရသူအသစ် စုစုပေါင်း၏ ရာခိုင်နှုန်း ၇၀ ကျော်အထိရှိကြောင်း သိရသည်။

အိပ်ခ်ျအိုင်ဗွီပိုး အသစ်ကူးစက်ခံရမှုသည် ၂၀၀၀ ပြည့်နှစ်တွင် လူဦးရေ ၃၅၀၀၀ ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ၁၅၀၀ ကျော်အထိ ကျဆင်းလာသော်လည်း ၂၀၃၀ အကုန်တွင် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်မှု ကင်းဝေးသည့် အဆင့်ထိရောက်ရန် ရည်မှန်းဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရသည်။

ဆယ်ကျော်သက်အရွယ်မှစ၍ အရွယ်မျိုးစုံ မူးယစ်ဆေးဝါး ထိုးသွင်းနေသည်ကို တွေ့ရှိရပြီး ယင်းကဲ့သို့ ထိုးသွင်းသူများတွင် အိပ်ခ်ျအိုင်ဗွီပိုးသာမက ဘီပိုး၊ စီပိုး၊ ရောဂါများ တွဲဖြစ်နိုင်သည့် အတွက်ကြောင့် သာမန်လူများထက်ပို၍ အန္တရာယ်ရှိနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လိင်ကွဲဆက်ဆံမှုမှတစ်ဆင့်၊ အမျိုးသားနှင့် အမျိုးသမီး ဆက်ဆံတာမှတစ်ဆင့် ရောဂါပိုး ကူးစက်မှု အများဆုံး ဆိုသော်လည်း လိင်တူဆက်ဆံသည့် သူများတွင်လည်း ရောဂါပိုးကူးစက်မှုရှိပြီး မြန်မာနိုင်ငံအနေဖြင့် လူအုပ်စုလိုက်ကြည့်မည် ဆိုပါက အခြားသာမာန်သူများနှင့် နှိုင်းယှဉ်ပါက မူးယစ်ဆေး အကြောထဲ ထိုးသွင်းသူများသည် ရောဂါပိုးကူးစက်ခံရမှု အများဆုံးဖြစ်ကြောင်း သိရသည်။

အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရမှုသည် တစ်နိုင်ငံလုံး တစ်ပြေးညီ ဖြစ်ပွားနေခြင်း မဟုတ်ဘဲ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ရန် အန္တရာယ်များသော ဦးတည်အုပ်စုများ (Key effected populations) ဖြစ်သည့် မူးယစ်ဆေး အကြောထဲ ထိုးသွင်းသူများ၊ အမျိုးသမီး လိင်လုပ်သားများနှင့် အမျိုးသားချင်း လိင်ဆက်ဆံမှုများ တွင်အဖြစ်များကာ နေရာဒေသအားဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဖြစ်ပွားမှုနှုန်း အမြင့်မားဆုံးဖြစ်ကြောင်း အိပ်ခ်ျအိုင်ဗွီ ကူးစက်ဖြစ်ပွားမှု အခြေအနေကို စောင့်ကြပ်ကြည့်ရှုခြင်း စစ်တမ်းများအရ တွေ့ရှိရကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ကာကွယ်ကုသရေးလုပ်ငန်းများ ပိုမိုလွှမ်းခြုံမှုပေးနိုင်ရန် USAID က UHF စီမံချက်ကို နှစ်နှစ်ကြာ လုပ်ဆောင်မည်

အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်ရောဂါ အသိပညာပေးအစီအစဉ်တွင် ပြသထားသည့် အထောက်အကူပြုပစ္စည်းများအား တွေ့ရစဉ်

မြန်မာနိုင်ငံအတွင်း အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ကာကွယ်ကုသရေးလုပ်ငန်းများ ပိုမိုလွှမ်းခြုံမှုပေးနိုင်ရန် ရည်ရွယ်၍ USAID က ‘USAID HIV/AIDS Flagship (UHF)’ စီမံချက်ကို နှစ်နှစ်ကြာ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

UHF စီမံချက်သည် မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ်ကင်းဝေးစေရန် ဆောင်ရွက်နေသော နိုင်ငံ၏ ကြိုးပမ်းလုပ်ဆောင်ချက်များကို ထောက်ပံ့ပေးသည့် အစီအစဉ်ဖြစ်ပြီး စီမံကိန်းကာလမှာ နှစ်နှစ်ကြာမည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းသည် လက်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကမ္ဘာ့ရန်ပုံငွေအဖွဲ့နှင့် အခြားသောမိတ်ဖက်အဖွဲ့အစည်းများမှ အတူတကွ လက်တွဲဆောင်ရွက်နေသည့် အိပ်ခ်ျအိုင်ဗွီပိုး စစ်ဆေးပေးခြင်း၊ အေအာဗွီဆေးဝါးများဖြင့် ကုသပေးခြင်း စသည့်လုပ်ငန်းများ ပိုမိုလွှမ်းခြုံလာနိုင်စေရန်နှင့် အရည်အသွေး ပိုမိုမြင့်မားလာစေရန် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် USAID -U.S President’s Emergency Plan for AIDS Relief (PEPFAR) ၏ ရန်ပုံငွေအထောက်အပံ့ဖြင့် အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ကာကွယ်ကုသရေးလုပ်ငန်းများ ပိုမိုလွှမ်းခြုံမှုပေးနိုင်စေရန် ရည်ရွယ်သည့် UHF စီမံချက်အား UNAIDS မှတစ်ဆင့် ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး CPI အပြည်ပြည်ဆိုင်ရာ လူထုမိတ်ဖက်အဖွဲ့အစည်းမှ အခြားသော မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ အကောင်အထည်ဖော်မည်ဖြစ်သည်။

ယင်းစီမံချက်သည် အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အမျိုးသားမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၀) ၏ ရည်မှန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းနှင့် စီမံချက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမျိုးသားခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်၏ လမ်းညွှန်ချက်ဖြင့် CPI နှင့်အတူ အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဇူလိုင်အတွင်းက UNAIDS ၏ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ခြောက်နှစ်အတွင်း အိပ်ခ်ျအိုင်ဗွီကြောင့် သေဆုံးနှုန်း ၅၂ ရာခိုင်နှုန်း (ထက်ဝက်ကျော်) ကျဆင်းသွားကြောင်း၊ သေဆုံးမှုနှုန်းများကျဆင်းရခြင်း အဓိကအကြောင်းရင်းမှာ ပြီးခဲ့သည့်နှစ်များအတွင်းက အိပ်ခ်ျအိုင်ဗွီကုသမှုများ သိသိသာသာတိုးမြှင့်ခဲ့ပြီး အဆိုပါကုသမှုများကို အစိုးရဌာနများနှင့်အတူ လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၏ ပူးပေါင်းကာ ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် အစိုးရက ကျန်းမာရေးအသုံးစရိတ်များ နှစ်အလိုက် တိုးမြင့်လာမှုများကြောင့် ကုသရေးအပိုင်းတိုးမြှင့်ခြင်း၊ ဆေးဝါးထောက်ပံ့မှုအပိုင်း တိုးမြှင့်ခြင်းများ ပါဝင်ကြောင်း သိရသည်။

ခန့်မှန်းတွက်ချက်မှုများအရ ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူအသစ်ပေါင်း ၁၁၁၄၉ ရှိပြီး နေ့စဉ်လူဦးရေ ၃၀ ခန့်ရောဂါကူးစက်ခံနေရကြောင်း၊ ၎င်းတို့အနက် ဦးတည်အုပ်စုများဖြစ်သည့် မူးယစ်ဆေးအကြောထဲ ထိုးသွင်းသူများတွင် ၂၉ ရာခိုင်နှုန်း၊ အမျိုးသမီးလိင်လုပ်သားများတွင် ခုနစ်ရာခိုင်နှုန်း၊ အမျိုးသားချင်း လိင်တူဆက်ဆံသူများတွင် ၁၃ ရာခိုင်နှုန်းနှင့် လိင်လုပ်သားများ၏ အမျိုးသားလိင်ဆက်ဆံဖော်များတွင် ၂၃ ရာခိုင်နှုန်းထိရှိနေပြီး ရောဂါပိုး ကူးစက်ခံရသူအသစ် စုစုပေါင်း၏ ရာခိုင်နှုန်း ၇၀ ကျော်အထိရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၁၆ ခုနှစ်အတွင်းက ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၃၀ ပြည့်နှစ်တွင် အိပ်ခ်ျအိုင်ဗွီရောဂါဖြစ်ပွားမှုကို ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်နေသော ကပ်ရောဂါအဖြစ်မှ အဆုံးသတ်ရန် ရည်ရွယ်ထားကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရသည်။

HIV ပိုးရှိကြောင်း မှားယွင်းဖော်ပြခဲ့သည့် မန္တလေးမြို့ မြို့တော်ဆေးရုံအား နစ်နာကြေး ကျပ်သိန်း ၃၀၀ ပေးလျော်စေရန် အမိန့်ချ

လူနာအား အိတ်ခ်ျအိုင်ဗွီပိုးရှိကြောင်း မှားယွင်းဖော်ပြခဲ့သည့် မြို့တော်ဆေးရုံအား ကျပ်သိန်း ၃၀၀ ရလိုမှုဖြင့် ခရိုင်တရားရုံးတွင် တရားစွဲဆိုထားရာ လူနာရှင်ဘက်က အနိုင် ရရှိခဲ့ကြောင်း သတင်းရရှိသည်။

အိတ်ခ်ျအိုင်ဗွီပိုးရှိကြောင်း မှားယွင်း ဖော်ပြခဲ့သဖြင့် လူနာရှင်အား တရားရုံးကုန် ကျစရိတ်နှင့် နစ်နာကြေး ကျပ်သိန်း ၃၀၀ ပေးဆောင်စေရန် ဖေဖော်ဝါရီ ၂၀ ရက်က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ဘုရားလှကျေးရွာမှ ဦးဝင်းတင် (၆၆ နှစ်) သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်းက ကျန်းမာရေး မကောင်းသဖြင့် မန္တလေးမြို့ရှိ မြို့တော်ဆေးရုံ သို့ တက်ရောက်ကုသခဲ့ရာ ဆေးစစ်အဖြေ တွင် အိတ်ခ်ျအိုင်ဗွီပိုးတွေ့ရှိရပြီး ရောဂါပိုးမြင့်မားသောကြောင့် အဆုတ်ထဲသို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း ဆေးရုံမှ ပြောကြားခဲ့သည်ဟု သိရသည်။

ထို့နောက် ရောဂါအခြေအနေအရ ကုသခဲ့ရာ ဆေးရုံတွင် အိတ်ခ်ျအိုင်ဗွီပိုး ရောဂါရှိသူများနှင့်အတူ ကုသနေထိုင်ရသည့် အတွက် မနေလိုသဖြင့် ဆေးရုံမှဆင်းကာ ရွာသို့ပြန်လာခဲ့ကြောင်း၊ ဆေးရုံမှဆင်းအပြီး တစ်လခန့်အကြာ ကျန်းမာရေးပြန်လည် ကောင်းမွန်လာကာ နားအကြားအာရုံချို့တဲ့ နေသဖြင့် ရန်ကုန်မြို့ ဆာကူရာဆေးရုံသို့ သွားရောက်စစ်ဆေးခဲ့ရာ ဦးဝင်းတင်တွင် အိတ်ခ်ျအိုင်ဗွီပိုးမရှိသည်ကို ပေါ်ပေါက်ခဲ့ ကြောင်း၊ ထိုသို့ အိတ်ခ်ျအိုင်ဗွီပိုးမရှိဘဲ ရှိသည်ဟုဆိုကာ မှားယွင်းဖော်ပြခဲ့သလို အဆိုပါပိုး ရှိသည်ဆိုသဖြင့် သောက်သုံးခဲ့ရသည့်ဆေး များကြောင့် အကြားအာရုံချို့တဲ့ခဲ့ရကြောင်း၊ သို့ဖြစ်ပါ၍ ဆေးကုသရာတွင် တိကျသေချာ စွာမရှိမှုကြောင့် လူနာမှာ ရပ်ရွာတွင် အရှက်ရ ခြင်းတို့အတွက် နစ်နာကြေးရလိုမှုဖြင့် တရား စွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။

ကျပ်သိန်း ၃၀၀ ရလိုကြောင်း နစ်နာခဲ့ သူ ဦးဝင်းတင်က တရားလိုပြုလုပ်ကာ မြို့တော်ဆေးရုံကိုယ်စား တာဝန်ခံရုံးအုပ်ကြီး ဒေါ်နွယ်နွယ်ဝင်းကို ၂၀၁၆ ခုနှစ် အောက်တိုဘာမှ စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လူနာရှင်အား နစ်နာကြေး ကျပ်သိန်း ၃၀၀ ပေးလျော်စေရန် အမိန့်ချခဲ့သောဖြစ်ရပ်သည်  ပုဂ္ဂလိကဆေးရုံ၏ အမှားကြောင့် ပထမဆုံး နစ်နာကြေးပေးရမှု ဖြစ်ဖွယ်ရှိကြောင်း သိရသည်။