ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား လက်ခံမည့် တောင်ပြိုနယ်စပ်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ချစ်ကြည်ရေးတံတားနှင့် ပြန်လည်နေရာချထားမည့် နေရာများသို့ ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E Mr .Taro KONO ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သွားရောက်လေ့လာ

ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E Mr .Taro KONO ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား တောင်ပြိုနယ်စပ်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှတ်တိုင်အနီးတွင် တွေ့ရစဉ်

မြန်မာနိုင်ငံမှ ထွက်ပြေးသွားပြီးနောက် ပြန်လည်ဝင်ရောက်လာသူများအား လက်ခံမည့် တောင်ပြို နယ်စပ်ရှိ  မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ချစ်ကြည်ရေးတံတားနှင့် ပြန်လည်နေရာချထားမည့် နေရာများသို့ ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E Mr .Taro KONO  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇန်န၀ါရီ ၁၃ ရက်က သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E Mr .Taro KONO  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ  လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ မောင်တောနယ်စပ်သို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော် ရဟတ်ယာဉ်ဖြင့် တောင်ပြိုလက်ဝဲမြို့သို့ နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

တောင်ပြိုလက်ဝဲမြို့ရှိ တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့်သူများအား လက်ခံရေးစခန်း တည်ဆောက်မှု အခြေအနေများနှင့် ကုန်းလမ်းဖြင့် ပြန်လည်ဝင်ရောက်လာသူများ ဖြတ်ကျော်ဝင်ရောက်လာမည့် ချစ်ကြည်ရေးတံတားပေါ်သို့  ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့သည် သွားရောက်ကြည့်ရှုခဲ့ကြောင်းနှင့် နယ်စပ်မှတ်တိုင်တွင် အမှတ်တရဓာတ်ပုံများ ရိုက်ကြကာ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် တောင်ပြိုနယ်စပ်မှ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

တောင်ပြိုနယ်စပ်သို့ မသွားရောက်မီ ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E Mr .Taro KONO  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇန်န၀ါရီ ၁၃ ရက် နံနက် ၁၀ နာရီအချိန်က မောင်တောတောင်ပိုင်း ပန်းတောပြင် ဘင်္ဂါလီရွာသစ်ရှိ ပြန်လည်နေရာချထားရန် နေရာကို ကြည့်ရှုပြီးနောက် ပန်းတောပြင် အလယ်ရွာသို့ရောက်ရှိကာ အာရဗီစာသင်ကျောင်းရှိ  စာသင်ကြားနေသည့် အခြေအနေနှင့် ရွာကို လျှပ်စစ်ဖြန့်ဖြူးသည့် မီးစက်နှင့် ရွာအခြေအနေကို လေ့လာခဲ့ကြောင်း သိရသည်။

နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် ပန်းတောပြင်ကျေးရွာမှ ပြန်လည်ထွက်ခွာခဲ့ပြီး မောင်တောကညင်တန်း ရပ်ကွက်သို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုခဲ့ကာ တောင်ပြိုလက်ဝဲမြို့သို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။

ရခိုင်ခရီးစဉ်မလာရောက်မီ ဇန်န၀ါရီ ၁၂ ရက်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး H.E Mr .Taro KONO  နှင့်အဖွဲ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို နေပြည်တော်တွင် သီးခြားစီတွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၂ ရက် နံနက် ၉ နာရီခွဲက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E Mr .Taro KONO  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ နိုင်ငံတည်ဆောက်နိုင်ရေး ကြိုးပမ်းမှုများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များအပေါ် ဂျပန်နိုင်ငံမှ ဆက်လက် အကူအညီပေးအပ်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့် မစ္စတာကိုဖီအာနန် အကြံပေးကော်မရှင်၏ အကြံပြုချက်များဖြစ်သည့် ရေတိုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများတွင် ဂျပန်နိုင်ငံမှ ကူညီပံ့ပိုးရေးကိစ္စများကို အလေးပေးဆွေးနွေးခဲ့ကြကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E Mr .Taro KONO  တို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံ ရေးကောင်းမွန်တိုးတက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအတွက် ဂျပန်နိုင်ငံ၏ ကူညီဆောင်ရွက်ခဲ့မှုများ၊ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရာ၌ ဂျပန်နိုင်ငံ၏ အထောက်အကူပေးမှုများ၊ အာရှဒေသကုန်သွယ်ရေလမ်းကြောင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ဖြစ်စဉ်များနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်နေမှု အခြေအနေများ၊  နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် တပ်မတော်မှ အကာအကွယ်ပေး ဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်အတွက် ဂျပန်နိုင်ငံက အကူအညီပေးမည့်ကိစ္စရပ်များ၊ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။