ပြင်သစ်သရုပ်ဆောင် Gerard Depardieu လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်အတွက် စစ်ဆေးခံရ

ပြင်သစ်သရုပ်ဆောင် Gerard Depardieu သည် ၎င်းအား မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု လုပ်ဆောင်ခဲ့ကြောင်း အသက် ၂၂ နှစ်အရွယ်ရှိ အမျိုးသမီးသရုပ်ဆောင်တစ်ဦးက တရားစွဲခဲ့သည်ဟု တရားရေး သတင်းရင်းမြစ်များက သြဂုတ် ၃၀ ရက်တွင် ပြောကြားခဲ့သည်။

ယင်းအမျိုးသမီးက သြဂုတ် ၂၇ ရက်တွင် ပြင်သစ်တောင်ပိုင်း Provence ဒေသ၌ စွဲချက်တင်ခဲ့ပြီးနောက် Depardieu ကို ပါရီ အစိုးရရှေ့နေရုံးက အကြိုစစ်ဆေးမေးမြန်းခဲ့သည်ဟု တရားရုံး ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

သြဂုတ် ၇ ရက်နှင့် ၁၃ ရက်တွင် ပြဇာတ်တစ်ခုအတွက် Depardieu ၏ နေအိမ်၌ အစမ်းလေ့ကျင့်နေစဉ်အတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းခံခဲ့ရသည်ဟု ယင်းအမျိုးသမီးက တိုင်ကြားခဲ့ကြောင်း ပါရီသတင်းစာတွင် ဖော်ပြခဲ့သည်။

အသက် ၆၉ နှစ်အရွယ်ရှိ Depardieu က ယင်းစွပ်စွဲချက်များကြောင့် တုန်လှုပ်ခဲ့သည်ဟု ပြောကြားခဲ့ပြီး မည်သည့်မုဒိမ်းမှု၊ တိုက်ခိုက်မှုကိုမျှ ကျူးလွန်ခဲ့ခြင်းမရှိဟု ငြင်းဆိုခဲ့သည်။ ထင်ရှားသည့် ပြင်သစ်သရုပ်ဆောင်တစ်ဦးဖြစ်သည့် Depardieu သည် Green Card၊ The Man in the Iron Mask နှင့် Life of Pi အပါအ၀င် ဇာတ်ကား ၁၇၀ ကျော်တွင် ပါဝင်ခဲ့ပြီး Cyrano de Bergerac ဇာတ်ကားဖြင့် ၁၉၉၁ ခုနှစ်တွင် အော်စကာဆန်ခါတင်စာရင်း၌ ဖော်ပြခံခဲ့ရသည်။ Depardieu သည် Cyrano de Bergerac ဇာတ်ကားဖြင့် ၁၉၉၀ ပြည့်နှစ် ကိန်းရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆု ရရှိခဲ့သည်။

Depardieu သည် သရုပ်ဆောင်အပြင် ပြင်သစ်အခွန် ဥပဒေကို ဝေဖန်ခဲ့မှုအတွက်လည်း ပြီးခဲ့သည့်နှစ်များတွင် ခေါင်းကြီးသတင်းအဖြစ် ဖော်ပြခံခဲ့ရသည်။ ၎င်းသည် အခွန်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် ဘယ်လ်ဂျီယံသို့ ပြောင်းရွှေ့ခဲ့သည်။ ၎င်းသည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့်လည်း ရင်းနှီးသည့် ဆက်ဆံရေးရှိသူလည်းဖြစ်သည်။