တရားစီရင်ရေးစနစ်၌ အဂတိလိုက်စားခြင်း

တရားစီရင်ရေးကို ကျင့်သုံးမှုသည် လူပုဂ္ဂိုလ်အသီးသီးတို့၏ ဘ၀များအပေါ် သြဇာ သက်ရောက်မှုကြီးမားပြီး အဂတိလိုက်စားမှုများဖြင့် ညစ်ပေနေသော တရားစီရင်ရေးသည် ဥပဒေစနစ်တစ်ရပ်ကို လူ့အဖွဲ့အစည်းက တရားဝင်အဖြစ် လက်ခံမှုအား အကြီးအကျယ် ထိခိုက်စေလိမ့်မည်ဖြစ်သည်။

အတွေ့ရအများဆုံး တရားစီရင်ရေးဆိုင်ရာ အဂတိလိုက်စားမှုနှစ်မျိုးမှာ နိုင်ငံရေးအရ ၀င်ရောက်စွက်ဖက်ခြင်းနှင့် လာဘ်စားခြင်းတို့ဖြစ်သည်။ နိုင်ငံရေးအရ စွက်ဖက်မှုသည် အုပ်ချုပ်ရေးမဏ္ဍိုင် သို့မဟုတ် ဥပဒေပြုရေးမဏ္ဍိုင်မှ နိုင်ငံရေးသမားများ သို့မဟုတ် အစိုးရအာဏာပိုင်များက တရားစီရင်ရေးကိစ္စ၌ ၀င်ရောက်စွက်ဖက်ပြီး တရားသူကြီးများအား မသမာသည့် အစီအစဉ်များ လုပ်ဆောင်စေရန် ပူးပေါင်းကြံစည်ခြင်းဖြစ်သည်။ နိုင်ငံပေါင်းများစွာတို့တွင် တရားစီရင်ရေးကို နိုင်ငံရေးမှ သီးခြားခွဲထုတ်ထားသော်လည်း တရားသူကြီးများနှင့် အခြားတရားရုံးအရာရှိများသည် တရားဥပဒေနှင့်အညီ မဟုတ်ဘဲ သြဇာကြီးမားသော နိုင်ငံရေးသမားများနှင့် လုပ်ငန်းရှင်သူဌေးကြီးများ အကြိုက်ကိုလိုက်၍ ဆုံးဖြတ်ပေးရန် ဖိအားများကို ရင်ဆိုင်နေရဆဲဖြစ်သည်။ မသမာသော လုပ်ရပ်များကို အကာအကွယ်ပေးရန် သို့မဟုတ် တရားဝင်ဖြစ်စေရန်အတွက် အာဏာရှိသူများက  လိုသလို ဆွဲနိုင် ကျုံ့နိုင်သော မျှော့ကြိုးဥပဒေများကို အသုံးပြုလေ့ရှိသည်။ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ငွေကြေးခ၀ါချခြင်းနှင့် အလွဲသုံးစားလုပ်ခြင်းကဲ့သို့သော ရာဇ၀တ်မှုအမျိုးမျိုးတွင် နိုင်ငံရေးသမားများက တရားသူကြီးများနှင့် ပူးပေါင်းကြံစည်တတ်ကြသည်။

တရားစီရင်ရေးဆိုင်ရာ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ ဒုတိယအတွေ့ရအများဆုံးမှာ လာဘ်စားခြင်းဖြစ်သည်။ တရားသူကြီး သို့မဟုတ် အခြားတရားရေးဝန်ထမ်းများသည် လာဘ်ထိုးသူဘက်သို့လိုက်လျက် ၎င်းတို့၏ သြဇာကိုအသုံးပြုကာ အမှုကိစ္စများကို ဆောင်ရွက်တတ်ကြသည်။ ဥပမာအားဖြင့် တရားသူကြီးတစ်ဦးသည် အမှုများအား ကြန့်ကြာစေနိုင်သကဲ့သို့ မြန်ဆန်အောင်လည်း ပြုလုပ်နိုင်သည်။ အယူခံများကို လက်ခံနိုင်သကဲ့သို့ ပယ်ချခြင်းလည်း ပြုလုပ်နိုင်သည်။ လာဘ်ငွေယူထားခြင်းအတွက် အလဲအလှယ်အဖြစ် လာဘ်ပေးသူကို အကျိုးရှိအောင် အမိန့်ချပေးနိုင်သည်။ အမှုသည်များအနေဖြင့် လာဘ်ထိုးရခြင်း အကြောင်းရင်းများထဲ၌ မိမိဘက်က အသာရရှိသော စီရင်ဆုံးဖြတ်ချက် ဖြစ်ရန်၊ စီရင်ချက်ချမှတ်မှု မြန်ဆန်စေရန်၊ အာမခံရရှိရန်၊ လုပ်ကြံသက်သေခံမှုများ ဖန် တီးရန်နှင့် ကျမ်းကျိန်လွှာနှင့် မှတ်ပုံတင်ခြင်းကဲ့သို့သော အခြားလုပ်ငန်းစဉ်များ၌ အဆင် ပြေစေရန်တို့ ပါဝင်သည်။

တရားစီရင်ရေးစနစ်တစ်ရပ်၏ သမာဓိကို အကဲဖြတ်သည့်အခါ စဉ်းစားရန် အဓိက အချက် နှစ်ချက်ရှိသည်။ ယင်းတို့မှာ လွတ်လပ်မှုရှိခြင်းနှင့် ပြည်သူကို တာဝန်ခံမှုရှိခြင်း ဖြစ်သည်။ တရားစီရင်ရေးဆိုင်ရာ အဂတိလိုက်စားမှုကို ကိုင်တွယ်ရာတွင် ရင်ဆိုင်ရသည့် အခက်အခဲတစ်ခုအဖြစ် တရားစီရင်မှုများသည် တရားစီရင်ရေးနှင့်ပတ်သက်၍ လိုအပ်သော လွတ်လပ်မှုနှင့် နိုင်ငံရေးမဆန်သော ကြီးကြပ်မှုအတိုင်းအတာနှင့် တာဝန်ခံမှုတို့အကြား မျှခြေတစ်ရပ်ကို တည်ဆောက်ရသည်။ ယင်းအတွက် ရဲလုပ်ငန်းစဉ်ဆိုင်ရာ မှန်ကန်ထိရောက်မှုများနှင့် တရားစီရင်ရေးလုပ်ငန်းစဉ်ဆိုင်ရာ ပွင့်လင်းမြင်သာမှုများ အားဖြင့် တရားစီရင်ရေးစနစ်ကို အကောင်အထည်ဖော်ရသည်။

မည်သို့ပင်ဆိုစေကာမူ တရားစီရင်ရေးသည် လူ့အဖွဲ့အစည်းတစ်ရပ်အတွင်းရှိ လူတိုင်း၏ ဘ၀များအပေါ် ကြီးစွာသော သြဇာသက်ရောက်မှုရှိသည်သာမက ဥပဒေစနစ်တစ်ရပ်ကို လူ့အဖွဲ့အစည်းက တရားဝင်လက်ခံထားခြင်းသည် တရားစီရင်ရေး၏ တော်တည့်မှန်ကန်သော သမာဓိကြောင့်သာဖြစ်သောကြောင့် တရားစီရင်ရေး၌ အဂတိလိုက်စားခြင်းသည် လူ့အဖွဲ့အစည်းတစ်ရပ်၏ ကိုယ်ကျင့်တရားဆိုင်ရာ စံတန်ဖိုးများအားလုံးကို ပြိုလဲစေကာ အဆိုပါလူ့အဖွဲ့အစည်းတစ်ရပ်လုံးအား ကျဆုံးမှုဆီသို့ ဦးတည်သွားစေနိုင်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(စက်တင်ဘာ ၁၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

အပြောနှင့် အလုပ်

အသေးငယ်ဆုံး လုပ်ဆောင်မှုသည် အကြီးမားဆုံး ရည်ရွယ်ထားမှုထက် ပို၍ကောင်းသည်။

■ ဂျွန်ဘော်ရို (၁၈၃၇-၁၉၂၁)

အမေရိကန် အက်ဆေးဆရာ

 

တစ်စုံတစ်ရာကို လုပ်ဆောင်မည်ဟု ပြောခြင်းနှင့် တစ်စုံတစ်ရာကို အမှန်တကယ် လုပ်ဆောင်လိုက်ခြင်းတို့အကြား အကြီးအကျယ် ကွဲပြားခြားနားသည်ကို လူတိုင်း သိကြသည်။ မည်သူမဆို “ငါ ဒါကို လုပ်နိုင်တယ်” ဟု ပြောတတ်ကြသည်။ သို့သော် ပြောသည့်အတိုင်း အမှန်တကယ် လုပ်ဆောင်ကြပါ၏လော။

လူပေါင်းများစွာတို့သည် ၎င်းတို့၏ ရည်မှန်းချက်များနှင့် အိပ်မက်များကိုတွင်တွင် ပြောလျှင် ဖြစ်လာလိမ့်မည်ဟု ယုံကြည်တတ်ကြသည်။ ကံမကောင်း အကြောင်းမလှစွာပင် ပြုဖွယ်ဆောင်တာနှင့် အမှန်တကယ် လုပ်ဆောင်မှုတို့အကြား ကွဲပြားခြားနားလျက်ရှိသည်။ မိမိအလိုရှိရာကို ပြောခြင်းမှတစ်ဆင့်သွားခြင်းသည်လည်း မိမိ၏ ရည်မှန်းရာများကို ဆောင်ရွက်နေခြင်းမှနေ၍ ကွဲပြားခြားနားသည်။ အ၀တ်လျှော်၊ မီးပူတိုက်၊ ဈေးဝယ် အစရှိသော ကိစ္စများကဲ့သို့ နေ့စဉ်ပြုဖွယ်ကိစ္စများဖြင့် မအားလပ်အောင် ရှိခြင်းသာမက အလုပ်နှင့် ဆက်နွှယ်နေသော ဖုန်းခေါ်ဆိုမှုများကို ပြန်လည်ဖြေကြားခြင်းနှင့် အစည်းအဝေးထိုင်ခြင်းကဲ့သို့သော အလုပ်များသည်ပင်လျှင် ထုတ်လုပ်မှုရှိသော အလုပ်များနှင့် ကွဲပြားခြားနားသေးသည်။ ထုတ်လုပ်မှုရှိသော အလုပ်များဟူသည် ပိုမိုကြီးမားသော ရည်မှန်းချက်များကို အကောင်အထည်ဖော်ခြင်း သို့မဟုတ် ပို၍ကြီးမားသော အခွင့်အလမ်းများဆီသို့ ဦးတည်စေရန် အထောက်အကူပြုခြင်းတို့နှင့် ပတ်သက်နေသော အလုပ်များ ဖြစ်သည်။

လူများစွာတို့သည် ရည်မှန်းထားသော အလုပ်တစ်ခုကို စတင်ကာစ၌ အလွန်အဆင်ပြေ ကောင်းမွန်တတ်ကြသည်။ ယင်းကို ပြီးပြည့်စုံပြီဟုလည်းကောင်း၊ မိမိကိုယ်မိမိ ကျွမ်းကျင်ပိုင်နိုင်သည်ဟုလည်းကောင်း မမှတ်ယူအပ်ပေ။ ပြီးပြည့်စုံပြီဟု ထင်ခြင်းသည် တိုးတက်မှု၏ ရန်သူဖြစ်ပြီး ကျရှုံးမှုဆီသို့ ဦးတည်သွားစေနိုင်သည်။ တစ်စုံတစ်ရာကို ကျွမ်းကျင်ပိုင်နိုင်ရေးအတွက် အဓိကထားနေမည့်အစား တစ်ဆင့်ပြီးတစ်ဆင့် ရှေ့သို့တိုး၍ တိုး၍ သွားနိုင်ရေးကိုသာ ဦးစားပေးရမည်ဖြစ်သည်။ တစ်စုံတစ်ရာသည် ပြီးပြည့်စုံမှု မရှိပါက ပျင်းရိသွားခြင်း၊ စိတ်မပါတော့ခြင်း မဖြစ်သင့်ပေ။ အစွမ်းအစရှိသူများစွာတို့သည် ရည်မှန်းထားသည့် အလုပ်များစွာတို့ကို စတင်ပြီးနောက် ပျင်းရိသွားခြင်း သို့မဟုတ် စိတ်မပါတော့ခြင်း သို့မဟုတ် အခြားသူများက ဟန့်တားခြင်း အစရှိသည်တို့ကြောင့် စွန့်လွှတ်လိုက်တတ်ကြသည်။ အလွန်နည်းပါးသော သူတို့သည်သာလျှင် အရာရာကို လုပ်ကိုင်သည့်အတိုင်း အဆင်ပြေမည်ဖြစ်သည်။ တစ်စုံတစ်ရာကို အပြီးသတ်နိုင်ရေးကသာ ပို၍ အရေးကြီးပြီး အပြီးသတ်အထိ မရောက်မချင်း အပြစ်အနာအဆာ ရှိတတ်သည်သာ ဖြစ်သည်။ မိမိကိုယ်မိမိ ယုံကြည်မှုလွန်ကဲပြီး အနည်းငယ်သာ အားထုတ်သူများသည်လည်း ပန်းတိုင်နှင့် ဝေးကွာ၍ နေတတ်ကြသည်။ မိမိ၏ ရည်မှန်းချက်များဆီသို့ သွားမည့် ခြေလှမ်းများအား တားဆီးကာကွယ်မည့် အခြေအနေရပ်များက အမြဲတမ်း ရှိနေမည်သာ ဖြစ်သည်။ မိမိအနေဖြင့် တစ်ခါတစ်ရံ ယာယီရပ်နားကာ အချိန်ကောင်းကို စောင့်ရတတ်သည်။ အချိန်တန်သည်နှင့် မိမိအလိုရှိရာကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် လိုအပ်သည်။

မည်သို့ပင်ဆိုစေကာမူ အပြောသည် အလုပ်မဟုတ်ဘဲ အလုပ်တစ်ခုကသာ လုံးဝ ကွဲပြားခြားနားသော တစ်စုံတစ်ရာကို ဆောင်ကြဉ်းပေးနိုင်သောကြောင့် ပထမဆုံးခြေလှမ်းကို ယခုပင် စ၍ လှမ်းလိုက်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(စက်တင်ဘာ ၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)

တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တစ်ဦး၏ အရည်အသွေးများ

တိုင်းပြုပြည်ပြုပုဂ္ဂိုလ် (Statesman) တစ်ဦးသည် နိုင်ငံရေးသမား၊ သံတမန် သို့မဟုတ် လူအများကို ကိုယ်စားပြုသူတစ်ဦးဦး ဖြစ်နိုင်ပြီး နိုင်ငံတွင်း သို့မဟုတ် နိုင်ငံတကာ အဆင့်၌ လေးစားလောက်သည့် ရေရှည်မြှုပ်နှံလုပ်ကိုင်မှု ရှိသူဖြစ်သည်။ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်ဟူသည် နိုင်လိုမင်းထက်ပြုမူသူတစ်ဦး သို့မဟုတ် အာဏာရှင်တစ်ဦး မဟုတ်ပါ။ သူသည် လွတ်လပ်သော ပြည်သူများ၏ လွတ်လပ်သော ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အဓိကအရည်အသွေး လေးရပ် ရှိရသည်။

အခြေခံသဘောတရားခိုင်မာမှု – တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်တစ်ဦးသည် သူ၏ ပလက်ဖောင်းကို ခိုင်မာသော၊ အပြောင်းအလဲမရှိသော၊ အခြေခံကျသော အမှန်တရားများပေါ် ၌ တည်ဆောက်သည်။ ယင်းအမှန်တရားများသည် သူ၏ အဓိကမဏ္ဍိုင်ဖြစ်သော ဆက်စပ်လွှမ်းခြုံထားသော အတွေးအခေါ်အပေါ်၌ သူ ယုံကြည်ထားသည့် အရာများဖြစ်သည်။ ယင်းတို့သည် မုန်တိုင်းတို့၏ ပြင်းထန်စွာ ရိုက်ပုတ်ခြင်းခံရသော အိမ်တစ်လုံး၏ အခြေခံအုတ်မြစ်ကဲ့သို့ပင်ဖြစ်သည်။ အတိုက်အခံပြုမှုများနှင့် စိန်ခေါ်မှုများသည် ပေါ်ပေါက်၍ လာမည်ဖြစ်ပြီး အချိန်များသာ ပြောင်းလဲသွားသော်လည်း အခြေခံအုတ်မြစ်သည် မယိမ်းမယိုင်ဘဲ ကျန်ရစ်မြဲဖြစ်ရသည်။ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တစ်ဦးသည် သူ၏မူဝါဒအသေး စိတ်အချက်များနှင့် ယင်းမူဝါဒများကို ရယူရန် နည်းလမ်းများ ပြောင်းလဲနိုင်သော်လည်း အခြေခံ သဘောတရားများမှာမူ မပြောင်းမလဲ ကျန်ရစ်မြဲသာဖြစ်သည်။

ကိုယ်ကျင့်တရားဆိုင်ရာ အတိုင်းအတာ – စစ်မှန်သော တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တစ်ဦးသည် သူ၏ ကိုယ်ပိုင်ကိုယ်ကျင့်တရားဆိုင်ရာ အတိုင်းအတာဖြင့်သာ ဆုံးဖြတ်ချက်များကို ချမှတ်တတ်သူဖြစ်သည်။ သူသည် မီးစင်ကြည့်ကနေသူတစ်ဦးမဟုတ်ဘဲ လုံးဝမှန်ကန်သည့် အမှန်တရားများကိုသာ ယုံကြည်သူဖြစ်သောကြောင့် သူ၏ ကိုယ်ကျင့်တရားဆိုင်ရာ အတိုင်းအတာသည် ဓမ္မနှင့် အဓမ္မတရားကို သိရှိခြင်းအပေါ်၌သာ အခြေပြုသည်။ တစ်စုံတစ်ရာသည် မှားယွင်းနေပါက သူသည် မှားယွင်းသည်ဟုသာ ရိုးရှင်းစွာဆိုပြီး သူ အင်အားရှိသမျှ အရာရာဖြင့် အဓမ္မတရားကို ဆန့်ကျင်မည်ဖြစ်သည်။ တစ်စုံတစ်ရာသည် မှန်ကန်သည်ဟုဆိုပါက ယင်းဓမ္မတရားကို ထိန်းသိမ်းရေးနှင့် ဖြန့်ချိရေးတို့အတွက် အတိုက်အခံ မှန်သမျှကို ကျော်လွှားရန်ဆန္ဒရှိသူဖြစ်သည်။ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တစ်ဦးသည် ရည်မှန်းချက်ကြီးသူဖြစ်ပြီး အာဏာရှိသည့် အနေအထားတစ်ရပ်ကို ရယူရမည်ဖြစ်သည်။ သို့သော် ၎င်းအနေဖြင့် ထိပ်ပိုင်းသို့ ရောက်ရေးအတွက် လုပ်သင့်သည့်အရာများနှင့် မလုပ်သင့်သည့် အရာများကို ကိုယ်ကျင့်တရားအရ ကွဲကွဲပြားပြား နားလည်သူဖြစ်သည်။ သူသည် သမာဓိရှိသူဖြစ်ပြီး အမှန်တရားကိုသာ ပြောဆို၏။ သူသည် ကိုယ်ကျင့်တရားအရ ရရှိသော အာဏာဖြင့်သာ ဦးဆောင်ပြီး သူ၏ နိုင်ငံသားအားလုံးကို ကိုယ်စားပြုသူဖြစ်သည်။

အမြော်အမြင် – တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တစ်ဦးသည် သူ၏ နိုင်ငံနှင့် သူ၏ ပြည်သူများ ဖြစ်လာနိုင်သည်များနှင့်ပတ်သက်၍ ရှင်းလင်းသော အမြော်အမြင်ရှိသူဖြစ်သည်။ သူ သည် ပြည်သူပြည်သားများကို ခေါ်ဆောင်ပေးလိုသော နေရာနှင့် ယင်းနေရာသို့ ရောက်ရှိရန် လုပ်ဆောင်ရမည့်အရာများကို သိရှိသူဖြစ်သည်။ သူသည် လောက၌ရှိသော ပြဿနာများကို သိမြင်နိုင်စွမ်းရှိသူဖြစ်ပြီး ရေတိုသာမက ရေရှည်အတွက်ပါ ကောင်းမွန်သည့် ဖြေရှင်းမှုများဖြင့် ကျော်လွှားနိုင်စွမ်းရှိသူဖြစ်သည်။ သူသည် ယခုမျက်မှောက်ကာလတစ်ခုတည်းကိုသာ ကြည့်သူမဟုတ်ဘဲ အနာဂတ်မျိုးဆက်များ ဆက်ခံရမည့် လောကကိုပါ ရှုမြင်သူဖြစ်သည်။

အမြော်အမြင်အတိုင်းရယူရန် အများသဘောတူညီချက်တစ်ရပ်ကို တည်ဆောက်နိုင်စွမ်း – နိုင်ငံရေးသမားတစ်ဦးသည် မူဝါဒခိုင်မာမှု၊ ကိုယ်ကျင့်တရား အတိုင်းအတာတစ်ရပ်နှင့် အမြော်အမြင်တစ်ရပ် ရှိနိုင်သည်။ သို့သော် အမြော်အမြင်အတိုင်း ရယူရန် အများသဘောတူညီချက်တစ်ရပ်ကို တည်ဆောက်နိုင်စွမ်း မရှိပါက မူဝါဒများ၊ ဥပဒေများနှင့် သမိုင်း လမ်းကြောင်းများကို ပြောင်းလဲရန် သူ၏ အားထုတ်မှုများသည် အချည်းနှီးသာဖြစ်လိမ့်မည်။ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်တစ်ဦး၏ အောင်မြင်မှုသည် သူ၏ အတွေးအခေါ်နှင့်ပတ် သက်သည့် ကောင်းမွန်မှုကို သူ၏ နိုင်ငံသားများ ယုံကြည်အောင် ပြုလုပ်နိုင်စွမ်းပေါ်၌ မူတည်နေသည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်နိုင်ငံအား တည်ဆောက်ရာတွင် အမှန်တကယ် လိုအပ်သည်မှာ မရေရာသည့် စကားများကိုသာ ပြောတတ်သည့် နိုင်ငံရေးသမားများ မဟုတ်ဘဲ စစ်မှန်သည့် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်များသာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(စက်တင်ဘာ ၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

တာဝန်ယူတာဝန်ခံမှုမရှိလျှင် အစိုးရကောင်းမဖြစ်နိုင်

လူအများကြားတွင် မီဒီယာ လွတ်လပ်ခွင့်၊ လွတ်လပ်စွာဝေဖန်ခွင့်နှင့် လူတစ်ဦးချင်းစီ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့တွင် အစိုးရအနေဖြင့် ဝေဖန် မေးခွန်းထုတ်မှုများ ခံရသည်။ ယခင် စစ်အစိုးရတစ်ပိုင်း အစိုးရဟု ကင်ပွန်းတပ်ခံခဲ့ရသည့် ဦးသိန်းစိန်လက်ထက်ထပ်နှင့်ယှဉ်လျှင် လက်ရှိ NLD အစိုးရလက်ထက်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် မီဒီယာလွတ်လပ်ခွင့်တို့တွင် ကြီးမားသောအဟန့်အတားများနှင့် မမျှော်လင့်ခဲ့သည့် စိတ်ပျက်စရာအခြေအနေများ ပိုမိုကြုံခဲ့ရသည်ဟု မှတ်ချက်ပြုမှုများလည်း ရှိနေသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ပတ်သက်လျှင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) သည် လူအများအကြား ထင်ပေါ်ခဲ့သည့်ပုဒ်မ အစိုးရတာဝန်ရှိသူများအနေဖြင့် ၎င်းတို့ အပေါ်ဝေဖန်မှုများချုပ်ငြိမ်းစေရန် အဓိကအသုံးပြုသည့် ပုဒ်မတစ်ခုအဖြစ် ထင်မြင်ခဲ့ရသည်။

ယခင်အစိုးရလက်ထက်တွင် ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲခဲ့ရသောအမှု အရေအတွက် ၁၁ ခုသာရှိပြီး လက်ရှိအစိုးရလက်ထက်တွင် ဥပဒေမပြင်ဆင်ရသေးခင် တရားစွဲခံရသောအမှု ၉၀ မှုနှင့် ဥပဒေပြင်ဆင်ပြီး ၄၃ မှုတို့ ရှိခဲ့သည်အထိ များပြားကြောင်း စစ်တမ်းများက ဖော်ပြကြသည်။ ယင်းထဲတွင် သတင်းမီဒီယာများအပေါ် ဆက်သွယ်ရေး ဥပဒေဖြင့် တရား စွဲဆိုမှုမှာ ၁၉ မှုနှင့် တရားရင်ဆိုင်နေရသော သတင်းသမား ၂၇ ဦးအထိ ရှိနေသည့် ကိန်းဂဏန်းအချက်အလက်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ လူထုရွေးချယ်လိုက်သော အရပ်သားအစိုးရအတွက် ထောက်ပြစရာဖြစ်နေသည်။ လူထု ပြင်းပြင်းထန်ထန် ဝေဖန်သံများကြောင့် ဆက်သွယ်ရေးဥပဒေတွင် အာမခံရနိုင်သည့် အချက်အပါအ၀င် အချက်အချို့ ပြင်ဆင်လိုက်ပြီးနောက်တွင်လည်း နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် ၁၂၄(က)ကဲ့သို့ ပုဒ်မများဖြင့် တရားစွဲဆိုမှုများ ရှိလာခဲ့ပြန်သည်။ ထိုသို့သော အခြေအနေမျိုးတွင် ပြည်သူများအကြား ဒီမိုကရေစီအစိုးရတစ်ရပ်၏ လက်အောက်၌ရှိသော လူတစ်ဦးချင်းလွတ်လပ်ခွင့်နှင့် ဝေဖန်ပိုင်ခွင့်စသည့် ဒီမိုကရေစီ၏ စံချိန်စံညွှန်းအပေါ် မေးခွန်းထုတ်စရာများ ရှိလာခဲ့သည်။

အစိုးရအပေါ် အပြုသဘောဆောင်ဝေဖန်မှု ပြည်သူတို့၏ လွတ်လပ်စွာထောက်ပြ ဝေဖန်ပိုင်ခွင့်နှင့် အစိုးရဘက်မှ အကြည်ညိုပျက်စေမှုဆိုသည့်အမြင်များကြားတွင် အငြင်းပွားစရာများလည်း ရှိလာသည်။ အစိုးရကို ဝေဖန်ခြင်း၊ တိုက်ခိုက်ခြင်း၊ အကြည်ညိုပျက်စေခြင်းနှင့် အစိုးရ အုပ်ချုပ်သူလူတန်းစားတို့၏ ပွင့်လင်းမြင်သာမှုနှင့်  တာဝန်ယူ၊ တာဝန်ခံမှု အပိုင်းတို့တွင် အပြန်အလှန် ၀ိဝါဒကွဲစရာများရှိလာသည်။ ပြည်သူတို့အနေဖြင့် လွတ်လပ်မှုကို လိုလားခြင်းကြောင့် အာဏာရှင်စနစ်ကို တိုက်ဖျက်ကာ ဒီမိုကရေစီစနစ်ကို ထူထောင်လိုကြခြင်းဖြစ်သည်။ သို့သော် လွတ်လပ်မှုနှင့် ဒီမိုကရေစီက အဓိကတောင်းဆိုသော အကြောင်းအရာသည် တာဝန်ယူမှုပင်ဖြစ်သည်။ ပြည်သူတို့အနေဖြင့် မိမိတို့လိုလားသော စနစ်တစ်ခုအတွက် တာဝန်ယူမှုရှိရန် လိုအပ်သကဲ့သို့ ပြည်သူကရွေးချယ်လိုက်သော အစိုးရသည်လည်း ဒီမိုကရေစီစနစ်နှင့်အညီ တာဝန်ယူ တာဝန်ခံရန် လိုအပ်သည်။

ပြည်သူတို့ဘက်မှ မဟုတ်မမှန် ဝေဖန်သည့်အခါဖြစ်စေ၊ အစိုးရတစ်ရပ် အဖွဲ့အစည်းတစ်ရပ်အပေါ် တိုက်ခိုက်သည်ဟု ယူဆသောအခါတွင်ဖြစ်စေ မိမိတို့အသုံးပြုလိုသော ပုဒ်မအမျိုးမျိုးကိုသုံးစွဲသကဲ့သို့ပင် မိမိတို့အနေဖြင့်လည်း ဒီမိုကရေစီ၏ စံနှုန်းများနှင့်အညီ ရပ်တည်မှု ရှိ၊မရှိ ဆိုသည့်အချက်အပေါ် သက်သေပြနိုင်ရန် လိုအပ်ပေသည်။ သို့မဟုတ်ပါက အာဏာရှိသူနှင့် ပြည်သူအကြား မမျှတမှုမှ ပဋိပက္ခများအထိ ပြဿနာကြီးထွားလာပေလိမ့်မည်။ သို့ဆိုလျှင် ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ်ဖြင့် အစိုးရယန္တရားကို လည်ပတ်ဆောင်ရွက်နိုင်သော အစိုးရတစ်ရပ်သည် လူထုအတွက် အစိုးရကောင်းဖြစ်ရန် လိုပေလိမ့်မည်။ သို့မဟုတ်ဘဲ Good Governance အုပ်ချုပ်မှုကောင်းတစ်ရပ်တွင်  ရှိထိုက်သော၊ လိုက်နာထိုက်သောအချက်များကို လျစ်လျူရှုတတ်သည့် အစိုးရတစ်ရပ် ဖြစ်ပါက လူထုဘက်တွင် မရှိသောအစိုးရ တစ်နည်းအားဖြင့် အစိုးရဆိုးအဖြစ် သတ်မှတ်ကာ ဝေဖန်ထိုးနှက်ခံရမည်မှာ မလွဲပေ။  အစိုးရ၏ အုပ်ချုပ်မှုကောင်းခြင်း၊ ဆိုးခြင်းကို တရားဥပဒေ စိုးမိုးမှု Rule of Law ၊ ပွင့်လင်းမြင်သာမှု Transparency နှင့် တာဝန်ယူတာဝန်ခံမှု Accountability တို့ဖြင့် အကဲဖြတ်နိုင်သည်။ ၎င်းအချက်တို့သည် ဒီမိုကရေစီစနစ်တွင် အရေးပါသော ဒေါက်တိုင်များလည်းဖြစ်သည်။ ဒီမိုကရေစီအစိုးရဟု သတ်မှတ်လိုလျှင် ယင်းစံချိန်စံညွှန်းများကို ဥပေက္ခာပြု၍မရဘဲ သီလစောင့်သကဲ့သို့ ကျင့်သုံးရမည်ဖြစ်သည်။

ပြည်သူများအနေဖြင့် ကောင်းသောအစိုးရကိုသာမက ရိုးသားသောအစိုးရကိုလည်း လိုလားကြသည်။ သို့ဖြစ်ရာ မိမိတို့လိုလားသောအစိုးရတစ်ရပ်ကို ရွေးကောက်တင်မြှောက် ခြင်းအပြင် ၀န်းရံခြင်း၊ ဝေဖန်ထောက်ပြခြင်းသည်လည်း တာဝန်တစ်ရပ်အဖြစ်ခံယူကြသည်။ တစ်နည်းအားဖြင့် အာဏာရှင်စနစ်တွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှုအပေါ် ပြည်သူက ရွေးချယ်ခွင့်မရှိသော်လည်း ဒီမိုကရေစီအစိုးရတစ်ရပ်တွင် ယင်းအခွင့်အရေးကို ပြည်သူက အပြည့်အ၀တောင်းဆိုကြပေလိမ့်မည်။ အဘက်ဘက်မှနိမ့်ကျနေသော နိုင်ငံတွင် အစိုးရ၏ဆောင်ရွက်ချက်များ ပြဋ္ဌာန်းလိုက်သည့်ဥပဒေများ စီးပွားရေးအရ ဖော်ဆောင်ခဲ့သည့်စီမံကိန်းကြီးများသည် ပြည်သူတို့ကို ထိခိုက်နစ်နာမည်ဆိုလျှင် ယင်းသို့ လုပ်ဆောင်မှုများအတွက် တာဝန်ယူ တာဝန်ခံသင့်ပေသည်။ သို့ဖြစ်ရာ ဝေဖန်ထိုးနှက်လာမှုများအပေါ် အစိုးရအနေဖြင့် အကဲဆတ်မည်ဆိုပါက မိမိတို့၏ ရိုးသားမှုနှင့် အစိုးရကောင်းတို့၏ ကျင့်ဝတ် စံပေတံများကို ထိန်းသိမ်းရမည်ဖြစ်ကာ  အစိုးရဆိုး မဖြစ်စေရေးအတွက်  တာဝန်ယူ တာဝန်ခံမှုကို အလေးထားရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(သြဂုတ် ၃၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

ရခိုင်အရေးနှင့် စိန်ခေါ်မှုများ

ရခိုင်ပြည်နယ်အတွင်း ရဲစခန်းများအား ဘင်္ဂါလီအကြမ်းဖက်သမားများက ၀င်ရောက် စီးနင်းတိုက်ခိုက်မှုမှ စတင်ခဲ့သည့် ဒေသတွင်း မတည်ငြိမ်မှုများ သြဂုတ် ၂၅ ရက်တွင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ARSA အစွန်းရောက် အကြမ်းဖက်သမားများက ရဲကင်းစခန်း ၃၀ နှင့် တပ်စခန်းတစ်ခုကို တိုက်ခိုက်လာမှုသည် မြန်မာ့နိုင်ငံရေးကိုပါ အကြီးအကျယ် ဂယက်ရိုက်စေခဲ့သည်။ ကွယ်လွန်သွားပြီဖြစ်သည့် ကိုဖီအာနန်၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ အစီရင်ခံစာ တင်သွင်းသည့် နောက်နေ့တွင်ပင် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ စတင်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း အစွန်းရောက်ဘင်္ဂါလီများ၏အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒေသခံ တိုင်းရင်းသားများအပါအ၀င် ဟိန္ဒူဘာသာဝင်များလည်း အတိဒုက္ခရောက်ခဲ့ရသည်။ သို့သော် နိုင်ငံတကာစာမျက်နှာတွင်မူ ဒေသခံတိုင်းရင်းသားများ၏ဒုက္ခများထက် အကြမ်းဖက်မှုများအပြီး ဘင်္ဂလားဒေ့ရှ်သို့တိမ်းရှောင်သွားသူများ၏ အခက်အခဲမျိုးစုံကိုသာ ပုံစံမျိုးစုံဖြင့် ဖော်ပြခဲ့ကြသည်။ အနောက်နိုင်ငံများ၏ ဘင်္ဂါလီအရေး အာဂျင်ဒါများ နှင့် မီဒီယာအားကို အသုံးပြုကာ တစ်ဖက်သတ်ဆန်သော ကောက်ချက်များနှင့် ရခိုင်အရေးတွင် မြန်မာအပေါ် ဖိအားအမျိုးမျိုး ပေးခဲ့ကြသည်။ ယခုအချိန်ထိလည်း ဘင်္ဂါလီအရေးနှင့် ပတ်သက်လျှင် မြန်မာအာဏာပိုင်များအပေါ် နိုင်ငံတကာ ရာဇ၀တ်တရားရုံးသို့ ပို့ဆောင်နိုင်ရန်အထိ အားထုတ်မှုများရှိနေသည်ကို တွေ့ရသည်။ သြဂုတ် ၂၄ ရက်ကပင် ဘင်္ဂါလီဒုက္ခသည်များအပေါ် ကျူးလွန်ခဲ့မှုနှင့်ပတ်သက်၍ မြန်မာအာဏာပိုင်များကို နိုင်ငံတကာရာဇ ၀တ်တရားရုံး ICC သို့ ပို့ရန် အာဆီယံလွှတ်တော်အမတ်များက ကြေညာချက်ထုတ်ပြန်ခဲ့သေးသည်။ မြန်မာနိုင်ငံအနေဖြင့် ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်သော်လည်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှတစ်ဆင့် ICC သို့ ပို့ပေးရန် တောင်းဆိုမှုများရှိခဲ့ကြသည်။ ရခိုင်ပြည်နယ်ကို အာဆာအကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့သည်မှာ တစ်နှစ်ပြည့်ပြီဖြစ်သော်လည်း နိုင်ငံတကာအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ကြုံတွေ့နေရသော အကြမ်းဖက်အန္တရာယ်အပေါ် လုံလောက်သည့် စိုးရိမ်ပူပန်မှုမျိုးမပြဘဲ ဒုက္ခသည်များအရေးနှင့် ဘင်္ဂါလီအရေးကိုသာ ဦးစားပေး ကြိုးစား တောင်းဆိုမှုများ ရှိနေသည်မှာ မြန်မာ့အနာဂတ်အတွက် စိုးရိမ်စရာပင် ဖြစ်နေသည်။

ရခိုင်အရေးမှာ များစွာ ရှုပ်ထွေးပြီး ဖြေရှင်းရန် ခက်ခဲကျပ်တည်းရခြင်း၏ အကြောင်းခြင်းရာမှာ နိုင်ငံတကာအဖွဲ့အစည်းအချို့နှင့် ရခိုင်ပြည်နယ်ကို မြန်မာ့မြေပေါ်မှ ဖဲ့ထုတ်လိုသည့် အာဂျင်ဒါတစ်ရပ်အဖြစ် ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံမှ လုပ်ဆောင်နေကြသူများကြောင့်ပင်ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။ မြန်မာနိုင်ငံတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား သတ်မှတ်မှုများအတွက် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို တရားဝင်ပြဋ္ဌာန်းထားပြီးသား ဖြစ်သည်။ ယင်းဥပဒေအရပင် နိုင်ငံသားဖြစ်ခွင့်များနှင့်ပတ်သက်သော အဓိပ္ပာယ်ဖွင့်ဆိုချက် သတ်မှတ်ပြဋ္ဌာန်းချက်များလည်း ရှိထားပြီးဖြစ်သည်။ ဘင်္ဂါလီအရေးကိုအကြောင်းပြုကာ ဒေသတွင်း မတည်ငြိမ်မှုနှင့် နိုင်ငံအချုပ်အခြာအာဏာကို ထိပါးလာစေနိုင်သည်အထိ  ဖန်တီးလုပ်ဆောင်နေမှုများကို လက်ခံနိုင်ဖွယ်မရှိပေ။

အကြမ်းဖက်လုပ်ရပ်များ၏ နောက်ဆက်တွဲဆိုးကျိုးများစွာကို ဒေသခံတိုင်းရင်းသားများ၊ မတူညီသောလူ့အဖွဲ့အစည်းအသီးသီးမှ ယခုအချိန်ထိ ခံစားနေကြရသည်မှာ အမှန်ပင်ဖြစ်သည်။ ပညာရေးအပါအ၀င် ကဏ္ဍအသီးသီးတွင် ပုံမှန်ပြန်ဖြစ်ရန် ယင်းဒေသများ၌ အတော်ပင်အချိန်ယူကြရမည်ဖြစ်သည်။ မတူညီသော လူ့အသိုက်အ၀န်းများအတွင်း ကျန်ရှိခဲ့သည့် စိတ်ဒဏ်ရာများကိုလည်း ပြန်လည်ကုစားနိုင်ရန် များစွာအချိန်ယူကြရမည်ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း ဒေသတည်ငြိမ်အေးချမ်းရေး ပြည်သူလူထုအသက် အိုးအိမ်စည်းစိမ် လုံခြုံမှုရှိစေရေးအတွက် အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် အာမခံချက်ပေးနိုင်ရန် ကြိုးစားလုပ်ဆောင်ပေးရန် လိုအပ်နေသည်။ အကြမ်းဖက်တိုက်ခိုက်ခံရမှု တစ်နှစ်ပြည့်မြောက်သွားပြီဖြစ်သော်လည်း ရခိုင်ပြည်နယ်တွင် ရှိနေသော နောက်ဆက်တွဲဂယက်နှင့်မြန်မာနိုင်ငံ၏ အနာဂတ်အခြေအနေတို့အတွက် အမှားယွင်းမခံဘဲ လုပ်ဆောင်ရမည့် အရာများနှင့် စိန်ခေါ်မှုများစွာရှိနေပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(သြဂုတ်လ ၂၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

ဆက်သွယ်ရေးကွန်ရက်ဆိုင်ရာ ခြိမ်းခြောက်အနိုင်ကျင့်မှုက လူ့အဖွဲ့အစည်းကို အန္တရာယ်ပေးနေပြီ

လူတစ်ဦးချင်း မိုဘိုင်းဖုန်းသုံးစွဲမှုနှုန်း မြင့်တက်လာမှုနှင့်အတူ မြန်မာနိုင်ငံ၏ အင်တာနက် အသုံးပြုမှုနှုန်းသည်လည်း ငါးနှစ်တာအတွင်း မြန်ဆန်စွာ တိုးတက်မြင့်မားလာခဲ့သည်။ ဒေသတွင်းနိုင်ငံများ၌ စင်ကာပူပြီးလျှင် အင်တာနက်မြန်ဆန်မှုနှုန်း ဒုတိယလိုက်သည်အထိ နှစ်အနည်းငယ်အတွင်း အပြောင်းအလဲ လျင်လျင်မြန်မြန်ဖြစ်ခဲ့သည်။ ထို့အတူ လူမှုကွန်ရက် Facebook ၊ Google ၊ Youtube စသည့် ဆိုရှယ်မီဒီယာများအပေါ် စိတ်ဝင်စား မှုနှင့် အသုံးပြုမှုနှုန်းသည်လည်း တိုးတက် များပြားလာခဲ့သည်။ နည်းပညာခေတ်တွင် လိုအပ်ချက် အသီးသီးအတွက် ယင်းသို့သော တိုးတက် ဖြစ်ထွန်းလာမှုကို အားပေးရမည်ဖြစ်သော်လည်း အခြားတစ်ဖက်တွင် ဆိုးကျိုးများစွာ ရှိနေသည်ကိုလည်း သတိပြု ဆင်ခြင်ရမည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ ဆိုရှယ်မီဒီယာ သုံးစွဲမှုမြင့်တက်လာခြင်းနှင့်အတူ မြန်မာ လူ့အသိုက်အ၀န်းအတွင်း ဆက်သွယ်ရေး ကွန်ရက်ဆိုင်ရာ ခြိမ်းခြောက်အနိုင်ကျင့်မှု (Cyber Bullying) နှင့် အမုန်းစကားများ လှုံ့ဆော်မှု (Hate Speech)တို့ကို ထိန်းချုပ်နိုင်မှု မရှိခြင်းကြောင့် ကြီးမားသောပြဿနာရပ်များကို နေ့စဉ်ရင်ဆိုင်လာကြရသည်။

အထူးသဖြင့် မြန်မာလူ့အသိုက်အ၀န်းတွင် Facebook ၏ အခန်းကဏ္ဍကြီးထွားလာမှုနှင့်အတူ လူမှုကွန်ရက်ပေါ်မှတစ်ဆင့် Cyber Bullying ဆက်သွယ်ရေးကွန်ရက်ဆိုင်ရာ ခြိမ်းခြောက် အနိုင်ကျင့်မှုသည် တစ်စတစ်စ ဆိုးရွားစွာ ကြုံတွေ့ ခံစားလာခဲ့ကြရသည်။  လူပုဂ္ဂိုလ် တစ်ဦးချင်းစီဖြစ်စေ၊ အစုအဖွဲ့၊ အဖွဲ့အစည်းလိုက်ဖြစ်စေ ယင်းသို့ခြိမ်းခြောက် အနိုင်ကျင့်ခံရမှုဖြစ်စဉ်များမှာ မြန်မာ့လူ့အဖွဲ့အစည်းတွင် ကြောက်စရာကောင်းသည့် အခြေအနေသို့ပင် ရောက်ရှိလာသည်ဟု ဆိုရမည်ဖြစ်သည်။ အချက်အလက်မရှိ၊ တာဝန်ယူ တာဝန်ခံမှုမရှိ၊ မှန်ခြင်းမှားခြင်း ဆင်ခြင် သုံးသပ်နိုင်မှုနှင့် အာမခံချက် မရှိသည့် အကြောင်းအရာများကို လူမှုကွန်ရက်မှတစ်ဆင့် လူ့အဖွဲ့အစည်းအတွင်း စည်းလွတ်ဝါးလွတ် အထိန်းအကွပ်မဲ့ ပျံ့နှံ့စေခြင်းဖြင့် Cyber အနိုင်ကျင့် တိုက်ခိုက်မှုကို လွယ်လင့်တကူ လုပ်ဆောင်နေကြသည်ကို တွေ့ရသည်။

လူသားအချင်းချင်း ချိုးနှိမ်ခြင်း၊ ပုဂ္ဂိုလ်ရေး နှိမ့်ချ တိုက်ခိုက်ခြင်းတို့ကို လွယ်လင့်တကူ လုပ်ဆောင်ခွင့်ရနေခြင်းသည် ယင်းသို့ ကျူးလွန်သူများအနေဖြင့် မိမိတို့၏ အခွင့်အရေးနှင့် အမှန်တရားဟုပင် တလွဲမှတ်ယူသည့် ပုံစံတွေ့နေရသည်မှာ လူ့အသိုက်အ၀န်းအတွက်  အန္တရာယ်ကြီးလှသည်။ ပြဿနာတစ်ရပ်၊ ကိစ္စတစ်ခုနှင့် တိုက်ခိုက်မှုကြုံတွေ့လာရသည့် အခါမျိုးတွင် သားကောင်ဖြစ်ရသူများ အနေဖြင့် သည်းခံခြင်း၊ ပြဿနာ မရှည်လိုခြင်း၊ မေတ္တာထား၍ မသိကျိုးကျွန် လုပ်ဆောင်တတ်လေ့ရှိခြင်းတို့ကြောင့်လည်း ကျူးလွန်သူများကို ၎င်းတို့၏ လုပ်ရပ် မှန်ကန်သယောင်၊ ၎င်းတို့၏ မွေးရာပါ အခွင့်အရေးတစ်ရပ်ဟု ယူဆကာ လက်နက်သဖွယ် အသုံးချခွင့် ရသွားစေသကဲ့သို့ ဖြစ်စေပြန်သည်။ ပညာရေးနိမ့်ကျမှုနှင့် တစ်ဦးချင်းစီ၏ စိတ်ဓာတ်ပိုင်း ပျက်ယွင်းမှု၏ နောက်ဆက်တွဲအဖြစ် ယခုကဲ့သို့ Cyber ခြိမ်းခြောက် အနိုင်ကျင့်မှုများ ပိုမိုဖြစ်ပေါ်လာရသည်ဟု သုံးသပ်ရမည်ဖြစ်သည်။ ကိုယ်ချင်းစာတရား ကင်းမဲ့ကာ မိမိတို့ မကြိုက်သူ၊ မနှစ်သက်သူအပေါ် အပုပ်ချစော်ကားမှု၊ ရိုင်းစိုင်းသော ညစ်ညမ်းစကားများဖြင့် ထိုးနှက်မှု၊ လူတစ်ဦးချင်းစီ၏ ရပ်တည်မှုကို ပျက်ပြားအောင် ချိုးနှိမ်မှုတို့ ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်နေရခြင်းမှာ လူ့အဖွဲ့အစည်းအတွက် စိတ်ပျက်စရာ ကောင်းသည်က အမှန်ပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဆက်သွယ်ရေး ကွန်ရက်အမျိုးမျိုးကို အသုံးပြုနေကြသော လူတစ်ဦးချင်းစီအနေဖြင့် ယင်း၏အကျိုးအပြစ်ကို သိရှိနားလည်စေရန် လိုအပ်မည်ဖြစ်ပြီး ဆက်သွယ်ရေးဆိုင်ရာ ခြိမ်းခြောက်အနိုင်ကျင့်မှုမျိုးကို ကိုယ်တိုင်လုပ်ဆောင်ခြင်းဖြစ်စေ၊ သူတစ်ပါးကို အားပေးအားမြှောက်ပြုသကဲ့သို့ဖြစ်စေ မပြုလုပ်ရန် ထိန်းသိမ်းရှောင်ကြဉ်သင့်ပေသည်။ မြန်မာတို့၏ ခွင့်လွှတ်သည်းခံတတ်သည့် အလေ့အထအပေါ် အခွင့်ကောင်းယူ၍ ဆက်သွယ်ရေးဆိုင်ရာ ခြိမ်းခြောက်အနိုင်ကျင့်မှု လုပ်ဆောင်နေသူများကို လူ့အဖွဲ့အစည်းအတွင်းမှ ၀ိုင်းဝန်းပြစ်တင်ဖယ်ရှားနိုင်ရန် တာဝန်တစ်ခုအဖြစ် မြင်နိုင်ရန် လိုအပ်ပေသည်။ သို့မဟုတ်ပါက လူမှုကွန်ရက်ကို တလွဲအသုံးပြုကာ အနိုင်ကျင့်တိုက်ခိုက်မှုများ၊ တစ်ဖက်သတ် စော်ကားပုတ်ခတ်မှုများ၊ ခြိမ်းခြောက်အသာစီးရယူမှု များနှင့်ပြည့်နှက်နေသော မေတ္တာမဲ့သည့် လူ့အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံရနိုင်ကာ နည်းပညာတိုးတက်မှု၏ ကောင်းမွန်သောအကျိုးဆက်ကို ရရှိနိုင်လိမ့်မည် မဟုတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(သြဂုတ်လ ၂၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

ပေါ့ပေါ့တန်တန် သဘောမထားအပ်သော ငွေကြေးအကျပ်အတည်း

ကမ္ဘာတစ်ဝန်း အတိုင်းအတာများနှင့်ယှဉ်၍ ဒေါ်လာဈေးများ ဆက်လက်မြင့်တက်နေပြီး မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှု ဆက်လက်ဖြစ်ပွားပါက အထွေထွေကျပ်တည်းမှုများ ရှိလာမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အထူးစီးပွားရေးအကြံပေး ရှောင်တာနယ်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။ သြဂုတ် ၁၇ ရက် ညပိုင်းက ရန်ကုန်မြို့ရှိ Novotel ဟိုတယ်တွင် ကျင်းပသည့် Dr.Sean Turnell ၏ “Myanmar’s Economy 2018 Progress, Problems, Possibilities” ဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အထူးစီးပွားရေးအကြံပေး ရှောင်တာနယ်အား The Daily Eleven သတင်းစာ က ဒေါ်လာဈေးအတက်နှင့် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှု ဆက်လက်ဖြစ်ပေါ်ပါက အထွေထွေကျပ်တည်းမှုများ ဖြစ်ပွားနိုင်သလား။ ဖြစ်ပွားမည်ဆိုပါက မည်သည့်အချိန်အထိ ဖြစ်ပွားနိုင်သလဲဟု မေးမြန်းချက်မှုအပေါ် ရှောင်တာနယ်က ပြန်လည်ဖြေကြားခဲ့ ခြင်းဖြစ်သည်။

“လက်ရှိ ဖြစ်ပွားနေတဲ့အခြေအနေတွေက ကမ္ဘာ့တစ်ဝန်းမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေအပေါ် အများကြီးမူတည်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံခြား ငွေလဲလှယ်မှုနှုန်း မြင့်မားခြင်းနဲ့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေတာတွေအပေါ်ကို သက်ရောက်မှုရှိနိုင်တဲ့ အကြောင်းအချက်တွေက များပြားလွန်းလှပါတယ်။ ဥပမာတစ်ခုပေးရရင်တော့ လက်ရှိ တူရကီနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စီးပွားရေးအကျပ်အတည်းတွေက လက်ရှိ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေအပေါ် သက်ရောက်မှုရှိသလို ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့အမေရိကန်ကြားထဲမှာ နားလည်မှုတစ်ခု ရယူနိုင်ခဲ့တာမျိုးရှိခဲ့ရင် အခြေအနေအကောင်းအဖြစ် ပြောင်းလဲတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရေရှည်အကျပ်အတည်းတွေ ဆက်ရှိနေဦးမယ်ဆိုရင် အထွေထွေကုန်ဈေးနှုန်းတွေ တက်လာခြင်းအပါအ၀င် တခြားသော အကျပ်အတည်းတွေလည်း ရှိကိုရှိလာနိုင်တယ်” ဟု ရှောင်တာနယ်က ပြောကြားသည်။

သို့သော် ရွှေလင်ပန်းစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအေးသောင်းက “အကျပ်အတည်းက အခုမှ မဟုတ်ပါဘူး။ အရင်ကတည်းက ဖြစ်နေတာ။ ဒါပေမဲ့ သူ (ရှောင်တာနယ်) ပြောတာက လိုရင်းမရောက်ဘူး ဖြစ်နေတယ်။ အဖြေမပါဘူး။ ဝေ့လည်ကြောင်ပတ်ဖြစ်နေတယ်။ ကျွန်တော်တို့ မြန်မာပြည်က လုပ်ငန်းရှင်တွေ ပြည်သူတွေ လိုချင်တာ ဒီအဖြေမဟုတ်ဘူး။ လက်ရှိ ဘယ်လိုဖြေရှင်းမလဲ။ တစ်ခုခုပေါ့။ တိုးတက်တဲ့နိုင်ငံတွေမှာတော့ Incentive  တွေ ပေးနေပြီ။ ကျွန်တော်တို့ မြန်မာပြည်မှာတော့ Incentive ရထိုက်တဲ့ ကံမပါလာဘူးလား။ ပညာရှင်တွေကို လေးစားပါတယ်။သီအိုရီပိုင်းတော့ အရမ်းမှန်တယ်။ ဒါပေမဲ့ လက်ရှိမြင်တဲ့အတိုင်းပဲ။ လက်တွေ့အခြေအနေပိုင်းမှာဆိုရင် အားလုံးမြင်တဲ့အတိုင်း လှုပ်လှုပ်လှုပ်လှုပ်ဖြစ်နေတယ်။ ဘယ်အချိန်မှာ ထပြီး ပေါက်ကွဲလာမလဲ မသိဘူး။ စီးပွားရေးသမားတွေ ညည်းနေကြပြီ။ သူတို့ရဲ့နောက်ကွယ်မှာ လူတွေ သောင်းချီ ရှိနေကြတယ်။ စီးပွားရေးသမားဆိုတာ အမြတ်အစွန်းရဖို့ လုပ်တယ်ဆိုတာ မှန်ပေမယ့်လည်း သူတို့အကြောက်ဆုံးက လုပ်ငန်းရပ်တန့်သွားမှာကို အကြောက်ဆုံးပဲ။ ရှုံးတာမြတ်တာကို မကြောက်ဘူး။ အလုပ်ရပ်သွားမှာကို ကြောက်တယ်” ဟု ဆိုသည်။

ဘောဂဗေဒပညာရှင် ဒေါက်တာဦးမြင့်ကလည်း အစိုးရတစ်ရပ်ကို ပြုတ်ကျစေနိုင်သော ငွေကြေးအကျပ်အတည်းအား အထင်မသေးရန် သြဂုတ် ၄ ရက်တွင် ကုန်သည်စက်မှုအသင်းချုပ်၌ပြုလုပ်သည့် ‘ငွေကျပ် လဲလှယ်နှုန်း ဘာတွေဖြစ်နေသလဲ’ ဟောပြောပွဲ၌ သတိပေးပြောကြားသည်။ မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသော ကျပ်ငွေတန်ဖိုး ကျဆင်းနေသည့် ငွေကြေးလဲလှယ်နှုန်း အခြေအနေအပေါ် ၁၉၉၇၊ ၁၉၉၈ ခုနှစ် ငွေရေးကြေးရေး အကျပ်အတည်းတွင် အင်ဒိုနီးရှားနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သည့် အခြေအနေ နှင့် နှိုင်းယှဉ်၍ ဒေါက်တာဦးမြင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။ “၁၉၉၇၊ ၁၉၉၈ ခုနှစ် တုန်းက အင်ဒိုနီးရှားမှာ ဘာနဲ့စသလဲဆိုတော့ Currency Problem နဲ့စတာ။ ငွေ ကျပ်တာကနေ စတာ။ ကောင်းကောင်း မလုပ်တတ်တာနဲ့ ဘာဖြစ်သွားလဲဆိုတော့ ငွေရေး ကြေးရေးပြဿနာ (Financial Problem) ဖြစ်သွားတယ်။ ငွေကြေးပြဿနာ (Currency Problem) ကနေ ငွေရေးကြေးရေးပြဿနာ (Financial Problem) ဖြစ်သွားတယ်။ အဲဒီကနေ စီးပွားရေးပြဿနာ (Economic Problem) ဖြစ်လာတယ်။ နောက်တော့ လူမှုရေးပြဿနာ (Social Problem) ဖြစ်လာတယ်။ အဲဒီကနေ နိုင်ငံရေးပြဿနာ (Political Preoblem) ဖြစ်လာတယ်။ နောက်တော့ (Security Problem)  ဖြစ်လာတယ်။ ဆန္ဒပြကြတယ်။ အစိုးရ ပြုတ်ကျသွားတယ်။ စတာကတော့ Currency နဲ့ စတယ်။ နောက် Financial ဖြစ်လာတယ်။ Economic ဖြစ်တယ်။ Social ဖြစ်လာတယ်။ နောက်ပိတ်ဆုံးမှာ အစိုးရ ပြုတ်ကျသွားတယ်။ အင်ဒိုနီးရှားမှာ ဖြစ်ခဲ့တာ။ သတိထားဖို့ Currency ကို သွားပြီး အထင်မသေးပါနဲ့”  ဟု ဒေါက်တာဦးမြင့်က ဆက်လက်ပြောကြားသည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံရေးအကျပ်အတည်းတစ်ရပ်ဆီသို့ ဦးတည်သွားစေနိုင်သည့် ငွေကြေးအကျပ်အတည်းအား အထင်မသေးဘဲ ထိရောက်စွာဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေကြရမည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(သြဂုတ်လ ၁၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးကြီးထွားမှု

နိုင်ငံရေး မတည်ငြိမ်မှုသည် ပဋိပက္ခများ သို့မဟုတ် နိုင်ငံရေးပါတီအမျိုးမျိုးအကြား အလွန်အမင်း ပြိုင်ဆိုင်မှုကြောင့် ဖြစ်ပွားတတ်သည်။ စီးပွားရေးကြီးထွားမှုနှင့် နိုင်ငံရေး တည်ငြိမ်မှုတို့သည် အကြီးအကျယ် ဆက်စပ်ပတ်သက်လျက်ရှိသည်။ အခြားတစ်ဖက်တွင်လည်း မတည်ငြိမ်သော နိုင်ငံရေးဝန်းကျင်တစ်ရပ်နှင့် ယှဉ်တွဲနေသော မရေရာမှုသည် ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးဖွံ့ဖြိုးမှု အရှိန်အဟုန်ကို လျော့ကျစေသည်။ အခြားတစ်ဖက်၌ ညံ့ဖျင်းသော စီးပွားရေးစွမ်းဆောင်ရည်သည် အစိုးရပြိုကျသွားခြင်းနှင့် နိုင်ငံရေး မငြိမ်မသက်မှုများဆီသို့ ဦးတည်သွားစေနိုင်သည်။ သို့သော် နိုင်ငံရေးတည်ငြိမ်မှုကို ဖိနှိပ်ခြင်းဖြင့်လည်းကောင်း၊ ရွေးကောက်ပွဲ၌ ၎င်းအား ယှဉ်ပြိုင်အရွေးခံမည့် အားကောင်းသည့် ပြိုင်ဘက်မရှိသော နိုင်ငံရေးပါတီတစ်ရပ်ရှိခြင်းအားဖြင့်လည်းကောင်း ရယူနိုင်သည်။ ယင်းအနေအထား၌ နိုင်ငံရေးတည်ငြိမ်မှုဟူသည် အသွားနှစ်ဖက်ပါသော ဓားတစ်လက်သာဖြစ်သည်။ နိုင်ငံရေးတည်ငြိမ်မှုက လိုအပ်သော သို့မဟုတ် အလိုရှိသော အနေအထား တစ်ရပ်ကို ပေးနိုင်သည့် ငြိမ်းချမ်းသော ၀န်းကျင်တစ်ရပ်ဖြစ်သည့်တိုင် ယင်းအနေအထား ၌ ပြစ်မှုကျူးလွန်သော်လည်း အရေးယူမခံရခြင်းများနှင့် ခရိုနီဝါဒတို့ အလွယ်တကူ ပေါက်ဖွားလာနိုင်သည်။ ယင်းသည် နိုင်ငံများစွာတို့အနေဖြင့် ပျက်စီးလွယ်သော နိုင်ငံရေးအခင်းအကျင်းတစ်ရပ်ကို ရင်ဆိုင်နေရသည့် အကျပ်အတည်းတစ်ရပ်ဖြစ်သည်။

နိုင်ငံရေးတည်ငြိမ်မှုကို လူသားတို့၏သမိုင်းရှိ ပုံသေသတ်မှတ်ချက်တစ်ရပ်အဖြစ် မည်သည့်နည်းနှင့်မျှ ပြုလုပ်၍မရပါ။ ဒီမိုကရေစီအစိုးရများသည်လည်း အခြားနိုင်ငံရေး အစိုးရများ အားလုံးကဲ့သို့ပင် ပျက်စီးလွယ်သည်သာဖြစ်သည်။ နိုင်ငံရေးစနစ်များနှင့်မဆိုင်ဘဲ နိုင်ငံတစ်နိုင်ငံအနေဖြင့် ပဋိပက္ခများနှင့် အုပ်ချုပ်ရေးစနစ်များ လုံးဝဥဿုံ ပြောင်းလဲသွားမှုများအား စိုးရိမ်ရန်မလိုအပ်ပါက ပြည်သူများအနေဖြင့် အလုပ်လုပ်ခြင်း၊ ငွေကြေးစုဆောင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းတို့အပေါ်၌ အာရုံစိုက်နိုင်လိမ့်မည်ဖြစ်သည်။ မကြာသေးမီက ပြုလုပ်ခဲ့သည့် အဂတိလိုက်စားမှုနှင့်ပတ်သက်သော လက်တွေ့ကျသည့် စာတမ်းများတွင် အဂတိလိုက်စားမှုနှင့် အရေးပါစွာ ဆက်နွှယ်နေသည့် အကြောင်းအချက်ပေါင်း များစွာရှိသည်။ အဂတိလိုက်စားမှုကို လျှော့ချရန် တွေ့ရှိခဲ့သည့် အကြောင်းအချက်များထဲတွင် ဆယ်စုနှစ်ချီကြာ အစဉ်အလာရှိသည့် ဒီမိုကရေစီစနစ်နှင့် နိုင်ငံရေးတည်ငြိမ်မှုတို့ ပါဝင်သည်။ သို့သော် ယနေ့ခေတ်ကမ္ဘာကြီးတွင် နိုင်ငံများစွာတို့သည် ဖော်ပြပါ အချက်နှစ်ချက်ထဲမှ တစ်မျိုးမျိုးနှင့် ပတ်သက်လျက်ရှိသည်။ အချို့သည် နိုင်ငံရေးအရ တည်ငြိမ်သော အာဏာရှင်စနစ် နိုင်ငံများဖြစ်ပြီး အချို့သည် အသစ်ဖွဲ့စည်းဖြစ်ပေါ်လာ ပြီး တည်ငြိမ်မှုမရှိသေးသည့် ဒီမိုကရေစီနိုင်ငံများဖြစ်သည်။

နိုင်ငံရေးတည်ငြိမ်မှုသည် မည်သည့်အပြောင်းအလဲပုံစံကိုမဆို တားဆီးပိတ်ပင်ထားရုံသာမက ပြည်သူများကိုလည်း စိတ်ပျက်အားလျော့စေသည်ဟု အချို့က ရှုမြင်ကြသည်။ သို့သော် ဆန်းသစ်မွမ်းမံခြင်းနှင့် ဆင်ခြင်စဉ်းစားနိုင်သည့် ဦးနှောက်တို့သည် နောက်၌ အရန်သင့် ရှိသည်သာဖြစ်သည်။ ပိုမိုကောင်းမွန်သော အခွင့်အလမ်းများမှ တစ်ဆင့် ပို၍တောက်ပသောအနာဂတ်ကို ရရှိရန်အလို့ငှာ နိုင်ငံအများအပြားသည်  နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု အစရှိသည့် ဘ၀၏ ကဏ္ဍအားလုံးတွင် အပြောင်းအလဲကို ရှာဖွေတတ်ကြသည်။ အမှန်တကယ်၌ မည်သည့်အပြောင်းအလဲမဆို စွန့်စားရသည်သာဖြစ်သည်။ ယင်းသည် လိုအပ်သည့်အရာလည်း ဖြစ်သည်။ နိုင်ငံရေးတည်ငြိမ်မှုသည်  ယှဉ်ပြိုင်မှုများကို ခွင့်မပြုသည့် မိမိဘာသာ အားရကျေနပ်နေမှုပုံစံနှင့် တိုးတက်မှုမရှိဘဲ ငြိမ်သက်နေသည့်ပုံစံမျိုးလည်း ဖြစ်နိုင်သည်။ ယှဉ်ပြိုင်ခြင်းဆိုင်ရာ သဘောတရားများကို စီးပွားရေးတစ်ခုတည်း၌သာ သုံးရသည်မဟုတ်ပေ။ နိုင်ငံရေးစနစ်၊ ပညာရေး၊ ဆန်းသစ်မွမ်းမံရေးနှင့် အနုပညာ အစရှိသည့် အရာရာ၌ သုံးနိုင်သည်။ ဤနေရာ၌ နိုင်ငံရေး တည်ငြိမ်မှုဟူသည် အုပ်စိုးသူ အီလစ်များအား အမှန်တကယ်ပြိုင်ဆိုင်မှုနည်းပါးသည့် အနေအထားကို ရည်ညွှန်းခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဖိနှိပ်မှုများအားဖြင့် သို့မဟုတ် ပြိုင်ဘက်မရှိသော နိုင်ငံရေးအားဖြင့် ရယူထားသော နိုင်ငံရေးတည်ငြိမ်မှုသည် ပြည်သူတို့အား အခြေခံလူ့အခွင့်အရေး များစွာ ဆုံးရှုံးနိုင်စေသည့်အပြင် အာဏာအလွဲသုံးစားမှုများနှင့် အဂတိလိုက်စားမှုမျာိးု မွေးဖွားစေနိုင်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(သြဂုတ်လ ၁၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

ငွေကြေးအကျပ်အတည်းဟူသည် . . .

နိုင်ငံတစ်နိုင်ငံ၏ ငွေကြေး လဲလှယ်နှုန်းကို ပုံသေထိန်းသိမ်းထားရန် ယင်းနိုင်ငံ၏ ဗဟိုဘဏ်၌ နိုင်ငံခြားငွေကြေး အရန်ငွေ အလုံအလောက် ရှိပါ၏လောဟူ၍ ပြင်းထန်သော သံသယတည်ရှိနေသည့် အနေအထားတစ်ရပ်ကို ငွေကြေးအကျပ်အတည်းဟု ခေါ်သည်။ ယင်း အကျပ်အတည်းသည် နိုင်ငံခြားငွေလဲလှယ်မှု ဈေးကွက်၌ ဈေးကစားကာ တိုက်ခိုက်မှုနှင့် ယှဉ်တွဲဖြစ်ပေါ်တတ်သည်။ ငွေကြေး အကျပ်အတည်းတစ်ရပ်သည် ရေရှည်ပေးချေသည့်ငွေမျှခြေ ပျက်ယွင်းခြင်းမှ လာသောကြောင့် ပေးချေသည့်ငွေကြေးဆိုင်ရာ မျှခြေဟုလည်း ခေါ်ဆိုသည်။ ယင်းကဲ့သို့သော အကျပ်အတည်းတစ်ရပ်သည် ငွေကြေးတန်ဖိုး ကျဆင်းခြင်း ရလဒ်ဖြင့် အဆုံးသတ်သည်။

ငွေကြေး အကျပ်အတည်းတစ်ရပ်သည် ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်း အမျိုးအစားတစ်ရပ်ဖြစ်ပြီး စီးပွားရေး အကျပ်အတည်းစစ်စစ်တစ်ရပ်နှင့်အတူ ပူးတွဲဖြစ်ပေါ်တတ်သည်။ ငွေကြေးအကျပ်အတည်းတစ်ရပ်သည် ဘဏ်လုပ်ငန်း အကျပ်အတည်း တစ်ရပ် သို့မဟုတ် အကြွေးအကျပ်အတည်းတစ်ရပ် ဖြစ်ပေါ်နိုင်ခြေကို မြင့်တက်စေသည်။ ငွေကြေးအကျပ်အတည်းတစ်ရပ်အတွင်း ပြည်တွင်းသုံးငွေကြေးတန်ဖိုး ကျဆင်းခြင်းနှင့် ဆက်နွှယ်လျက် နိုင်ငံခြားငွေကြေးဖြင့် သတ်မှတ်ထားသော အကြွေးတန်ဖိုး သိသိသာသာ မြင့်တက်လာလိမ့်မည်ဖြစ်သည်။ ဘဏ္ဍာရေးဆိုင်ရာ အင်စတီကျူးရှင်းများ နှင့် အစိုးရတို့သည် ပေးဆပ်ရန်ရှိသည့် အကြွေးများ ပြည့်မီစေရန် ရုန်းကန်ရမည်ဖြစ်ပြီး စီးပွားရေးအကျပ်အတည်း ဖြစ်ပေါ်လာနိုင်သည်။ အကျိုးတရားတစ်ရပ်သည်လည်း အခြားလမ်းကြောင်းတစ်ရပ်ကို ဖြစ်စေသည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် ဘဏ်လုပ်ငန်း အကျပ်အတည်း သို့မဟုတ် အကြွေးအကျပ်အတည်းတစ်ရပ် ကြုံတွေ့ရသည့်အခါ ငွေကြေး အကျပ်အတည်းတစ်ရပ် ဖြစ်နိုင်ခြေသည် မြင့်တက်၍လာသည်။ ဘဏ်လုပ်ငန်းအကျပ်အတည်း သို့မဟုတ် အကြွေးအကျပ်အတည်းကြောင့် ထိခိုက်ရမှုကို ကာမိစေရန် ဗဟိုဘဏ်သည် ငွေကြေးအာမခံထားမှုကို တိုးမြှင့်ရတတ်သည်။ ယင်းသည် ကန့်သတ်ငွေလဲ နှုန်းဖြစ်ပေါ်သည့် အဆင့်တစ်ဆင့်အထိ အရန်ငွေကြေးကို ကျဆင်းစေနိုင်သည်။ ငွေကြေး အကျပ်အတည်း၊ ဘဏ်လုပ်ငန်းအကျပ်အတည်းနှင့် အကြွေး အကျပ်အတည်းတို့ ပေါင်းဆုံသွားမှုက နှစ်မြွှာပူး အကျပ်အတည်း သို့မဟုတ် သုံးမြွှာပူးအကျပ်အတည်းတို့ ဖြစ်နိုင်ခြေကို မြင့်တက်စေပြီး လူတစ်ဦးချင်းတိုင်း၏ စီးပွားရေးကုန်ကျစရိတ် အကျပ်အတည်းကို ကြီးထွားစေနိုင်သည်။

အစိုးရအဖွဲ့များသည် မိမိနိုင်ငံ၏ ငွေကြေးအရန်ငွေ သို့မဟုတ် နိုင်ငံခြားငွေကြေး အရန်ငွေ (အမေရိကန်ဒေါ်လာ သို့မဟုတ် ယူရိုငွေ သို့မဟုတ် စတာလင်ပေါင်) တို့ကို အသုံးပြုလျက် သက်ဆိုင်ရာ ငွေကြေးတစ်ရပ်အတွက် အပိုဝယ်လိုအားကို ပြည့်မီအောင် ပြုလုပ်ခြင်းဖြင့် ငွေကြေးဈေးကစား တိုက်ခိုက်မှုများကို ကာကွယ်တားဆီးရေး အခန်းကဏ္ဍအား တာဝန်ယူရတတ်သည်။ ငွေကြေးအကျပ်အတည်းများသည် စီးပွားရေးစနစ်တစ်ရပ်အပေါ် ကြီးမားပြီး တိုင်းတာ၍ရသော ထိခိုက်မှုများ ဖြစ်စေနိုင်သော်လည်း အကျပ်အတည်းများ၏ အချိန်ကိုက်မှုနှင့် ပမာဏအား ကြိုတင်တွက်ချက်နိုင်စွမ်းသည် မက်ခရိုစီးပွားရေးအုတ်မြစ်များ၊ ရင်းနှီးမြှုပ်နှံသူတို့၏ မျှော်လင့်ချက်များနှင့် အစိုးရမူဝါဒတို့အကြား ရှုပ်ထွေးသည့် ဆက်နွှယ်ချက်များအား သဘောတရားဆိုင်ရာအရ နားလည်မှုအားဖြင့် အကန့်အသတ်ရှိသည်။ ငွေကြေးအကျပ်အတည်းတစ်ရပ်သည် လက်ရှိအာဏာရယူထားသူများအပေါ် နိုင်ငံရေးဆိုင်ရာ ဂယက်ရိုက်ခတ်မှုများ ရှိသည်။ ငွေကြေး အကျပ်အတည်းတစ်ရပ်၏နောက်၌ အစိုးရအဖွဲ့ ခေါင်းဆောင်အပြောင်းအလဲနှင့်   ဘဏ္ဍာရေး ၀န်ကြီး အပြောင်းအလဲများအပြင် ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး အပြောင်းအလဲများ ဖြစ်ပေါ်နိုင်ခြေရှိသည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးအကျပ်အတည်းတစ်ရပ်သည် အဆိုပါနိုင်ငံ၏ စီးပွားရေးအပေါ်တွင်သာမက နိုင်ငံရေးအပေါ်သို့ပါ ကြီးစွာသောဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်စေနိုင်သည်ကို သတိပြုရန်လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(သြဂုတ်လ ၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

မကျေနပ်ချက်နှင့် ပဋိပက္ခများကို ဖြေရှင်းခြင်း

ဝန်ထမ်းများအကြား ပဋိပက္ခများကို ဖြေရှင်းခြင်းနှင့် အငြင်းပွားမှုများ မဖြစ်ပေါ်ရန် ကာကွယ်ခြင်းတို့အား သိရှိခြင်းသည် စီမံခန့်ခွဲမှုလုပ်ငန်းတစ်ရပ်၌ လွန်စွာအရေးကြီးသည်။ ၀န်ထမ်းများနှင့် ပဋိပက္ခသည် မကျေမချမ်းဖြစ်မှုဆီသို့ ဦးတည်သွားစေနိုင်ပြီး ကျေနပ်မှုမရှိသည့် ၀န်ထမ်းများသည် ၎င်းတို့၏ အလုပ်များကို အကောင်းဆုံး ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပါ။ ၀န်ထမ်းများနှင့် ပြဿနာဖြစ်ပွားနိုင်ခြေကို လျှော့ချရန်အတွက် အကြံပေးမှု ရှစ်ခုရှိသည်။

အစီအစဉ်တစ်ရပ် ဖွံ့ဖြိုးအောင်ပြုလုပ်ခြင်း – ၀န်ထမ်းများအား မိမိက ပြီးမြောက်အောင်ပြုလုပ်စေလိုသည့်  အရာများအား အစီအစဉ်တစ်ရပ်ရေးဆွဲပါ။ စီးပွားရေးစွမ်းဆောင်ရှင်တစ်ဦးသည် မိမိကုမ္ပဏီ၏ ဦးတည်ရာကို သိရှိရမည်ဖြစ်ပြီး ယင်းကို ချရေးနိုင်စွမ်းလည်း ရှိရမည်ဖြစ်သည်။ ထိရောက်သည့် လုပ်ငန်းအစီအစဉ်တစ်ရပ် ဖွံ့ဖြိုးအောင် ပြုလုပ်ခြင်းသည် အချိန်နှင့်ငွေ သက်သာစေသည်။ ယင်းကဲ့သို့ အစီအစဉ်ချထားခြင်းသည်  ကုမ္ပဏီတစ်ရပ်အောင်မြင်ရေးအတွက် အလွန်အရေးပါသည်။

ထိထိရောက်ရောက် ဆက်ဆံဆောင်ရွက်ခြင်း –  နောက်တစ်ဆင့်အနေဖြင့် ချမှတ်ထားသည့် အစီအစဉ်ကို မန်နေဂျာများ၊ အခြားဝန်ထမ်းများထံ မျှဝေရမည်ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်ရန် လိုအပ်သည့်အရာများကို လူတိုင်းအား အသိပေးရမည်ဖြစ်သည်။ စီမံကိန်းမန်နေဂျာများအား ချန်မထားဘဲ အကုန်အစင် ရှင်းပြရမည်ဖြစ်သည်။ အခြားဝန်ထမ်းများကိုလည်း အလားတူ ဆက်ဆံဆောင်ရွက်ရန် လိုသည်။

နားထောင်ခြင်း – ၀န်ထမ်းများက ပြောဆိုသည့်အရာများကို ဂရုစိုက် နားထောင်ရမည်ဖြစ်သည်။ မိမိထံ၌ အဖြေများအားလုံး ရှိသည်ဟု မှတ်ယူခြင်း မပြုပါနှင့်။ ၀န်ထမ်းများ အား မေးခွန်းများမေးရန် အားပေးပြီး ၎င်းတို့ ပြောကြားသည်များကို ဂရုတစိုက် နားထောင်ရမည်ဖြစ်သည်။ အချို့ကိစ္စများ၌ မိမိသည်လည်း မှားယွင်းနိုင်သည်ကို ၀န်ခံရန် ၀န်မလေးပါနှင့်။ မိမိနှင့် သဘောမတူသူများနှင့်  အပြင်းအထန် ငြင်းခုံခြင်းကို ရှောင်ကြဉ်ပါ။

မိမိ၏ အမှားများကို ၀န်ခံခြင်း – စီးပွားရေးစွမ်းဆောင်ရှင်အချို့သည် မိမိတို့သာ အရာရာကို သိရှိသည်ဟု ထင်တတ်ကြပြီး ၀န်ထမ်းများအနေဖြင့် ကုမ္ပဏီ၏ ရည်မှန်းချက်များကို အဓိပ္ပာယ်ရှိစွာ ပါဝင်ဆောင်ရွက်ရန် ကျွမ်းကျင်မှုမရှိဟု ထင်မှတ်တတ်ကြသည်။  မိမိအနေဖြင့် အမြဲတမ်းမမှန်နိုင်သည်ကို သတိပြုရန် လိုသည်။ ၀န်ထမ်းများက မျှတ၊ ရိုးသားပြီး မိမိ၏ အမှားကို ၀န်ခံရန် ဆန္ဒရှိသူများအတွက် အလုပ်လုပ်ပေးရခြင်းကို နှစ်သက်ကြသည်။

မျက်နှာလိုက်မှုကို ရှောင်ကြဉ်ခြင်း – မကျေနပ်ချက်များဖြစ်ပေါ်စေသည့် လမ်းကြောင်းတစ်ရပ်မှာ အချို့ဝန်ထမ်းများကို အခြားဝန်ထမ်းများထက် ပို၍ကောင်းမွန်စွာ ဆက်ဆံခြင်း ဖြစ်သည်။  လူတိုင်းသည် မိမိ၏ အဖွဲ့အစည်းဝင်များဖြစ်သောကြောင့် ၀န်ထမ်းတိုင်းကို မျှတစွာဆက်ဆံပြီး တူညီသည့်အခွင့်အရေးများ အာမခံပေးရန်လိုသည်။ ယင်းကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် ၀န်ထမ်းများအကြား တစ်ဦးနှင့်တစ်ဦး မနာလိုမှုများ ဖြစ်ပေါ်ခြင်းကို ကာကွယ်နိုင်သည်။

ချီးကျူးမှုပြုလုပ်ခြင်း – အလုပ်ကို ကောင်းမွန်စွာ ပြုလုပ်သည့် ၀န်ထမ်းများကို ချီးကျူးမှု ပြုလုပ်ပါ။ ၀န်ထမ်းတိုင်းသည် ချီးကျူးအားပေးခြင်းကို မလိုလားဟု မှတ်ယူခြင်း မပြုပါနှင့်။ အနည်းဆုံး ကျေးဇူးတင်ကြောင်း ရိုးရှင်းစွာ ပြောပါလေ။ ၀န်ထမ်းများအား ကျေနပ်ရရှိစေပြီး ၎င်းတို့၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြုသည်ဟု ခံစားရပါစေ။

ပဋိပက္ခဖြစ်နိုင်ခြေများကို လျှော့ချခြင်း – အရာရာတိုင်းသည် အစဉ်အမြဲ ချောမွေ့တတ်သည် မဟုတ်ပေ။ မိမိဝန်ထမ်းများအကြား ပြဿနာဖြစ်ပွားနိုင်ခြေတစ်ရပ် ပေါ်ထွက်လာပါက ဖြေရှင်းရန် နည်းလမ်းတစ်ရပ်ကို ရှာဖွေရန် ချက်ချင်းကြိုးစားပါ။ ပဋိပက္ခဖြစ်ပွားနိုင်ခြေများအား သီတင်းတစ်ပတ်ပြီးတစ်ပတ်ကြာအောင် အချိန်ဆွဲမထားပါနှင့်။ အငြင်းပွားမှုများကို ကာကွယ်ရန် မိမိ၏ ပြဿနာဖြေရှင်းရေး ကျွမ်းကျင်မှုစွမ်းရည်ကို အသုံးပြုပါ။  စိတ်ကိုဖွင့်ထားလျက် အခြားသူတစ်ဦးထံမှ ပေါ်ထွက်လာနိုင်သည့်အရာကို မြင်တွေ့ရအောင် ကြိုးစားပါ။

ဆွဲဆောင်မှုပြုလုပ်ခြင်း – ကုမ္ပဏီတစ်ခု၌ အချို့သောအလုပ်များသည် ထပ်ကာထပ်ကာ လုပ်ရသည့် သဘောရှိသည်။ ထိုအခါ ၀န်ထမ်းများအား ပျင်းရိငြီးငွေ့သွားစေနိုင်သည်။ ပျင်းရိငြီးငွေ့မှု လျော့ကျစေရန် ၀န်ထမ်းများအား လုပ်ငန်းတာဝန်မျိုးစုံ ပြုလုပ်တတ်အောင်  လေ့ကျင့်ပေးပြီး အလုပ်ကြိုးစားမှုအတွက် အပိုဝင်ငွေရရှိသည့် မက်လုံးပေးသည့် အစီအ စဉ်များ ထားရှိရန် လိုသည်။ အပိုလုပ်ရသည့် အလုပ်များအတွက် အမြဲတမ်း တစ်စုံတစ်ရာ ချီးမြှင့်ရန် လိုသည်။

မည်သို့ပင်ဆိုစေကာမူ စီမံခန့်ခွဲရသည့် လုပ်ငန်းတစ်ရပ်တွင် ၀န်ထမ်းများအကြား ပဋိပက္ခများကို ဖြေရှင်းခြင်းနှင့် အငြင်းပွားမှုများ မဖြစ်ပေါ်ရန် ကာကွယ်ခြင်းတို့သည် လွန်စွာအရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇူလိုင် ၂၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)