Big Bag @ 369 Concent ကို စက်တင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး လက်မှတ်များ ၀ယ်ယူနိုင်

Big Bag @ 369 Concent ကို စက်တင်ဘာ ၈ ရက်တွင် ရန်ကုန်မြို့ ibis style Yangon stadium hotel ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ဖျော်ဖြေပွဲတွင် Big Bag တီးဝိုင်း၏ ဖျော်ဖြေတင်ဆက်မှုများအား ခံစားနားဆင်နိုင်မည်ဖြစ်ကာ ည ၇ နာရီခွဲမှ ၉နာရီခွဲအထိ နှစ်နာရီကြာ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဖျော်ဖြေပွဲအတွက် လက်မှတ်များကိုလည်း ရောင်းချပေးလျက်ရှိပြီး GA ကျပ် ၂၅၀၀၀၊ VVIP Table ကျပ် ၂၅၀၀၀၀ ဟု သတ်မှတ်ထားကြောင်း သိရသည်။

“Big Bag အဖွဲ့ရဲ့ဖျော်ဖြေပွဲ ရှိပါတယ်။ စက်တင်ဘာ ၈ ရက်မှာ ပြုလုပ်သွားမှာပါ။ ပရိသတ်တွေနဲ့ နွေးနွေးထွေးထွေး တင်ဆက်သွားမယ့်ပွဲလေးဖြစ်မှာပါ။ မိုးရာသီမှာ Big Bag သီချင်းတွေနဲ့အတူ ဖြတ်သန်းချင်သူတွေအတွက် စီစဉ်ထားတဲ့ပွဲပါ။ သီချင်းကတော့ ၂ နာရီစာအတွင်း အပြည့်အ၀ တင်ဆက်သွားပါမယ်။ ပရိသတ်တွေနဲ့ အပေးအယူမျှမျှ တင်ဆက်နိုင်ဖို့ ပြင်ဆင်မှုတွေလည်း လုပ်သွားမှာပါ။ ကြိုတင်လက်မှတ်တွေလည်း ရောင်းနေပါတယ်။ အဲဒီနေ့ညမှာ Big Bag အဖွဲ့နဲ့အတူ ဖြတ်သန်းနိုင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု ဖျော်ဖြေပွဲအားစီစဉ်သူတစ်ဦးက ပြောကြားသည်။

369 Bar တွင် တေးသံရှင်များ၏ ဖျော်ဖြေပွဲများအား စီစဉ်လေ့ရှိရာတွင် ယခုတစ်ကြိမ်၌ Big Bag အဖွဲ့၏ ဖျော်ဖြေပွဲပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ Big Bag အဖွဲ့သည် မိုးရာသီကာလအတွင်းတွင် ဖျော်ဖြေပွဲများ အတန်ငယ် ရပ်နားထားရာမှ ယခုဖျော်ဖြေပွဲပြုလုပ်ရန် လက်ခံထားခြင်းဖြစ်သည်။ Big Bag အဖွဲ့သည် မကြာမီက One Band Show ကို သံစုံတီးဝိုင်းနှင့် တွဲဖက်တင်ဆက်ခဲ့ရာတွင် ပရိသတ် အားပေးမှုများပြားခဲ့သည်။ Big Bag အဖွဲ့နှင့် တေးသံရှင်ကျားပေါက်တို့သည် ကမ္ဘာ့ထိပ်တန်းဂီတအဖွဲ့ The Queen ၏ မန်နေဂျာဖြစ်သူ Jim Beach ၏ကမ်းလှမ်းမှုဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ တစ်နိုင်ငံလျှင် အနုပညာရှင်တစ်ဦး ပါဝင် သီဆိုခွင့်ရသည့် New York City တေးသီချင်းတွင် ပါဝင်သီဆိုခွင့်ရခဲ့သူဖြစ်သည်။ ယင်းတေးသီချင်းအားလည်း ဖြန့်ချိထားပြီး ဖြစ်ကြောင်း သိရသည်။ Big Bag အဖွဲ့၏ Weapons of Choice အယ်လ်ဘမ်သစ်ကိုလည်း ယခုနှစ်တွင် စတင်ရန် စီစဉ်မည်ဖြစ်ကာ Starry Night tour များကိုလည်း မြို့ကြီးများတွင် လှည့်လည်တင်ဆက်ရန် စီစဉ်ထားကြောင်း သိရသည်။

မိုးတွင်းကာလဖြစ်သော်လည်း ဖျော်ဖြေပွဲများ ကျဲပါးသွားခြင်းမရှိဘဲ ပုံမှန်အတိုင်း ဆက်လက်ကျင်းပလျက်ရှိကာ bar များတွင်လည်း ဖျော်ဖြေပွဲများ ကျင်းပနေခြင်းဖြစ်သည်။

ဇူလိုင် ၁ ရက်တွင်ကျင်းပမည့် Big Bag အဖွဲ့၏ Unplugged Show အတွက် ဂီတကဗျာသံစုံတီးဝိုင်းနှင့် သီချင်းတိုက်လေ့ကျင့်မှုများ ပြုလုပ်

ဇူလိုင် ၁ ရက်တွင်ကျင်းပမည့် Big Bag အဖွဲ့၏ Unplugged Show အတွက် ဂီတကဗျာသံစုံတီးဝိုင်းနှင့် သီချင်းတိုက် လေ့ကျင့်မှုများ အားပြုလုပ်လျက်ရှိကြောင်း သိရသည်။ Big Bag အဖွဲ့၏ Unplugged Show တွင် တင်ဆက်သွားမည့် ဖျော်ဖြေမှုများအတွက် အကယ်ဒမီ ဓိရာမိုရ်ဦးဆောင်သည့် ဂီတကဗျာသံစုံတီးဝိုင်းနှင့် သီချင်းတိုက် ပြင်ဆင်မှုများအားပြုလုပ်နေခြင်း ဖြစ်သည်။ Big Bag အဖွဲ့သည် A Road to Starry Night ဟု အမည်ပေးထားသည့် Unplugged Show ကို ဇူလိုင် ၁ ရက်တွင် ရန်ကုန်မြို့ Myanmar Event Park ၌ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

“ကျွန်တော်တို့အတွက်က ဒီပွဲက milestone လိုမျိုးဖြစ်နေတာပေါ့။ ၂၀၀၈ တုန်းကတစ်ခါလောက် စီစဉ်ခဲ့ဖူးပေမယ့် organizer က တစ်ပတ်လောက်အလိုမှ cancle လုပ်ခဲ့ဖူးတယ်။ အဓိကအခက်အခဲကတော့ အခုဒီပွဲမှာ ကျွန်တော်တို့ သီချင်းတွေမှာ distortion အသံတွေ မသုံးရဘူး။ distortion အသံတွေ အများကြီးသုံးတဲ့ band တစ်ခု အတွက်တော့ အဓိက chanllange ပေါ့။ ပြီးတော့ orchestra ပါမယ်။ အဆိုးဆုံးက စင်ပေါ်မှာ အရင်လို လုပ်ချင်တိုင်း free style လျှောက်လုပ်လို့မရဘူး။ ကိုယ့်အချင်းချင်းက အရမ်းကြီးညှိစရာမလိုဘူး။ စင်ပေါ်မှာလွတ်လွတ်လပ်လပ် ဆိုရုံပဲ။ orchestra နဲ့ကျတော့ notes အတိအကျ၊ bar အရေအတွက် အတိအကျနဲ့ လုပ်ရတာ။ ကိုယ်တိုက်ထားတဲ့အတိုင်း အတိအကျလုပ်ရမှာလေ။ ဖန်တီးမှုအပိုင်းမှာတော့ orchestra နဲ့ပေါင်းပြီး တီးခတ်ခြင်းအားဖြင့် limit မရှိတော့ဘူး။ သီချင်းအများစုက အခွေထဲကပုံစံတွေကို မေ့လိုက်ပြီး ပုံစံသစ်တစ်ခု ဖန်တီးကြမယ်။ orchestra အတွက် နေရာတွေပေးချင်လာကြတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး ပရိသတ်တွေကိုပေးချင်တဲ့ taste ကတော့ အများအားဖြင့် ကျွန်တော်တို့ကို ပရိသတ်က noise ဖြစ်တာနဲ့ အဲဒီလိုတွေမြင်ထားတာဆိုတော့ အခုမှာတော့ fully arranged ပေါ့။ ရှေ့မှာမုဒ်တွေဝင်ပြီး လုပ်ချင်တိုင်းလုပ်ထားတဲ့ ဖန်တီးမှုတွေကို အခုကတော့ serious arrangement တစ်ခုအောက်မှာ စလုပ်တာပေါ့။ ဒီပွဲနဲ့ပတ်သက်လို့ကတော့ ကျွန်တော်တို့ဒီပွဲအတွက် အများကြီး ပြင်ဆင်ထားသလိုပဲ ပရိသတ်တွေကလည်း ကျွန်တော်တို့ ဘာတွေလုပ်ပြထားမလဲ ဆိုတဲ့စိတ်နဲ့ လာကြည့်ရင်တော့ပိုကောင်းမယ်ထင်ပါတယ်။ အဲဒီလိုဖြစ်မယ်လို့လည်း ထင်ပါတယ်။ တကယ်တော့ ကျွန်တော်တို့က Starry Night Tour လုပ်မယ်ဆိုပြီးစတည်တာ။ အဲဒီအတွက် ဒီ Theme နဲ့ပဲဆက်သွားမယ်ဆိုတာကို အသိပေးတဲ့သဘောနဲ့ ဒီပွဲကိုစလုပ်တာ။ ဒါကြောင့်လည်း Road to Starry Night ဆိုပြီး နာမည်ပေးဖြစ်တာပါ။ ကျွန်တော်ကတော့ ဒီပွဲနဲ့ပတ်သက်ပြီး  လက်မှတ်ဝယ်ရတဲ့ပိုက်ဆံတစ်ပြား မကျန်တန်မယ်လို့ ထင်ပါတယ်” ဟု ကျားပေါက်က ဆိုသည်။