ရေစကြိုမြို့ အမှတ် (၁) ရပ်ကွက်တွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ ထည့်သွင်းကျင်းပခဲ့ပြီး အသင်း ၁၂ သင်း ၀င်ရောက်ယှဉ်ပြိုင်

ရေစကြိုမြို့ အမှတ်(၁)ရပ်ကွက်က ဦးဆောင်ကျင်းသည့် ရိုးရာလှေလှော်ပြိုင်ပွဲတွင် ယှဉ်ပြိုင်လှော်ခတ်ပြိုင်ပွဲဝင်နေစဉ်

ပခုက္ကူခရိုင်၊ ရေစကြိုမြို့ အမှတ်(၁) ရပ်ကွက်တွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် တက်ငါးတက်ရိုးရာ လှေလှော်ပြိုင်ပွဲ ထည့်သွင်းကျင်းပခဲ့ပြီး အသင်း ၁၂ သင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ပွဲစီစဉ်သူများ၏ ပြောကြားချက်အရ သိရသည်။

ရေစကြိုမြို့တွင် လှေပြိုင်ပွဲထည့်သွင်း မကျင်းပနိုင်သည်မှာ နှစ်ပေါင်း ၂၀ ကြာမြင့်ပြီဖြစ်သည့်အပြင် ဒေသဆိုင်ရာဘုရားပွဲများတွင် ရိုးရာလောင်းလှေအလှပြပွဲများသာ ပါဝင်ပြီး လှေလှော်ပြိုင်ပွဲမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေကြောင်း သိရသည်။

“၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်နဲ့ ထည့်သွင်းကျင်းပတာ ဖြစ်တယ်။ နောက်ပြီး တိမ်မြုပ်နေတဲ့ မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကို ခုခေတ်လူငယ်တွေမသိ တော့တဲ့အထိဖြစ်နေတာကြောင့် ရိုးရာလှေပြိုင်ပွဲကို ပြန်လည်ဖော်ဆောင်ဖို့နဲ့ မြန်မာ့အားကစားလှေပြိုင်ပွဲကို ပြန်လည်ဖော်ဆောင်ပေးတာ ဖြစ်တယ်” ဟု ရေစကြိုမြို့ အမှတ်(၁) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းက ပြောကြားသည်။

ရေစကြိုမြို့ အမှတ်(၁)ရပ်ကွက်တွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ထည့်သွင်းကျင်းပခဲ့သည့် မြန်မာ့ရိုးရာလှေလှော် ပြိုင်ပွဲတွင် ယခုလ ၁၀ ရက်တွင် အုပ်စုပွဲနှင့် ရှုံးထွက်ပွဲများ ကျင်းပခဲ့ပြီး ၁၁ ရက်တွင် အကြိုဗိုလ်လုပွဲနှင့် နောက်ဆုံးဗိုလ်လုပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရိုးရာလှေလှော်ပြိုင်ပွဲ ရှားပါးလာမှုနှင့်ပတ်သက်၍ “ကျွန်တော်တို့ ကလေးဘ၀တုန်းကတော့ လူကြီးတွေပြိုင်တာ မြင်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့ လူလားမြောက်လာတဲ့ အခါမှာတော့ ပြိုင်ပွဲတွေ မရှိတော့ပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကတော့ ဘုရားပွဲမှာ အလှလှော်ပွဲလုပ်ဖူးတယ်။ ဒါလောက်ပါပဲ။ ဒီလိုလှေပြိုင်ပွဲတွေ ရှိစေချင်တယ်။ ပျော်ပွဲရွှင်ပွဲအနေနဲ့ရော အားကစားအတွက် ပါရှိစေချင်တာပါ” ဟု လှေလှော်ပြိုင်ပွဲတွင် ယှဉ်ပြိုင်သည့် ကိုမောင်ခိုင်က ပြောကြားသည်။

ရေစကြိုမြို့ အမှတ်(၁)ရပ်ကွက်တွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် လှေပြိုင်ပွဲတွင် အနိုင်ရရှိသည့်အသင်းအား ဆုဖလား၊ ဆုငွေနှင့်ဝတ်စုံများ၊ ဒုတိယနှင့် တတိယရရှိသည့် အသင်းများအား ဆုငွေနှင့်ဝတ်စုံများ ဆုချီးမြှင့်မည်ဖြစ်ပြီး အဆိုပါ ဆုများအတွက် ဒေသခံများက ၀ိုင်းဝန်းကူညီခြင်းဖြစ်ကြောင်း သိရသည်။

ပခုက္ကူနှင့် ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းနှင့် ဧရာဝတီမြစ်ရေ၀င်ဒေသများမှ ကျေးရွာများတွင် နှစ်သက်တမ်းရာနှင့်ချီပြီဖြစ်သည့် ရိုးရာလောင်းလှေအများအပြား ပိုင်ဆိုင်ကြပြီး ယခုအခါ လှေလှော်ပြိုင်ပွဲများ မရှိတော့သည့်အတွက် ရေတက်ချိန်တွင် မိမိတို့အစီအစဉ်ဖြင့်သာ အလှပြလှော်ခတ်ရကြောင်း  သိရသည်။

လှေပြိုင်ပွဲများမရှိသလောက် နည်းပါးနေခြင်းကြောင့် အချို့သောကျေးရွာများတွင် ရှေးဟောင်းလောင်းလှေများအား ထိန်းသိမ်းရန် အခက်အခဲများကြုံတွေ့ရသည့်အပြင် ရိုးရာလှေလှော်သီချင်းများမှာ ပျောက်ကွယ်လုနီးပါး ကြုံတွေ့နေကြောင်း သိရသည်။