နျူကလီးယား ဖျက်သိမ်းမှုအတွက် မြောက်ကိုရီးယားကို လုံခြုံရေး အာမခံချက်ပေးသင့်ကြောင်း ပူတင်တိုက်တွန်း

စက်တင်ဘာ ၁၂ ရက်တွင် ဗလာဒီဗိုစတော့၌ Eastern Economic Forum တွင် တရုတ်သမ္မတရှီကျင်ပင်း (ယာ)၊ ရုရှားသမ္မတပူတင် (လယ်) နှင့် ဂျပန်ဝန်ကြီးချုပ် အာဘေး(၀ဲ) တို့ကို တွေ့ရစဉ် (Photo: AFP)

နျူကလီးယား ဖျက်သိမ်းရေး လုပ်ဆောင်ရန်အတွက် မြောက်ကိုရီးယားကို လုံခြုံရေး အာမခံချက်များပေးရမည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

“မြောက်ကိုရီးယားဟာ သူရဲ့နျူကလီးယား ဖျက်သိမ်းရေးအတွက် လုံခြုံရေးအာမခံမှုတွေ ပြန်ရရမယ်။ မြောက်ကိုရီးယားဟာ တုံ့ပြန်အချက်ပြမှုတစ်ခုခုကို စောင့်နေတယ်ဆိုတာ ရှင်းပါတယ်” ဟု ပူတင်က နိုင်ငံအရှေ့ပိုင်း ဗလာဒီဗိုစတော့တွင် ပြုလုပ်ခဲ့သည့် စီးပွားရေးဖိုရမ်အတွင်း ပြောခဲ့သည်။ “ကျွန်တော်တို့ဟာ မြောက်ကိုရီးယားထံကနေ ရနိုင်သမျှအားလုံးကို တောင်းဆိုပြီး သူ့ကိုကျတော့ ဘာမှပြန်မပေးသလို ဖြစ်နေပါတယ်” ဟု ပူတင်က တရုတ်သမ္မတရှီကျင်ပင်း၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ပါ တက်ရောက်သည့် ထိုအခမ်းအနားတွင် ပြောခဲ့သည်။

ဇွန်လက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ကြားတွင် ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီးနောက်ပိုင်း အမေရိကန်၏ ကမ်းလှမ်းမှုများနှင့်အတူ နိုင်ငံတကာ၏ အာမခံချက်များ အတူပါမှသာ သင့်လျော်မည်ဟု ပူတင်က ဆိုသည်။

ဗလာဒီဗိုစတော့တွင် ကျင်းပသည့် စီးပွားရေးဖိုရမ်တွင် မြောက်ကိုရီးယားနျူကလီးယား အရေးကိစ္စမှာ အဓိကအကြောင်းအရာ တစ်ခု ဖြစ်နေခဲ့သည်။ ဂျပန်ဝန်ကြီးချုပ်ရှင်ဇို အာဘေးကလည်း မြောက်ကိုရီးယားအစိုးရသည် ပြန်ပေးဆွဲသွားသော ဂျပန်နိုင်ငံသားများအရေး၊ နျူကလီးယားနှင့် ဒုံးကျည်အရေးတို့ကို ဖြေရှင်းမည်ဆိုပါက မြောက်ကိုရီးယားကို ငွေကြေးအကူအညီများ ပံ့ပိုးရန် အသင့်ဖြစ်နေသည်ဟု စက်တင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။

ရုရှားနှင့် ဂျပန်ကြား၌ ငြိမ်းချမ်းသဘောတူညီချက်တစ်ခု ယခုနှစ်ကုန်တွင် ရရှိနိုင်

ကာလရှည်ကြာ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေခြင်းအား ဖြေရှင်းရန်အတွက် ရုရှားနှင့် ပူတင်တို့သည် ယခုနှစ်ကုန်တွင် ကြိုတင်သတ်မှတ်ချက်မပါဘဲ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခု၌ လက်မှတ်ရေးထိုးနိုင်သည်ဟု ပူတင်က စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ ပူတင်သည် ကူရေးကျွန်းစုအား ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ နှစ်နိုင်ငံကြားမှ ပြဿနာကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ဟု ပြောကြားပြီး နှစ်ရက်အကြာမှာပင် ယခုကဲ့သို့ ဆိုလိုက်ခြင်း ဖြစ်သည်။

“ဒီနယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ပြဿနာကို ကျွန်တော်တို့ ဖြေရှင်းဖို့ ကြိုးစားနေကြတာ နှစ် ၇၀ ရှိနေပါပြီ။ ချဉ်းကပ်ပုံတွေကို ပြောင်းလိုက်ကြစို့၊ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခု အပြီးသတ်ချုပ်လိုက်ကြစို့ ဆိုပြီး ရှင်ဇိုကပြောခဲ့တယ်။ အခုတော့ မဟုတ်ပေမယ့် အခုနှစ်ကုန်လောက်ကျရင် ကြိုတင် သတ်မှတ်ချက်မရှိဘဲ လုပ်ဆောင်နိုင်မှာပါ” ဟု ပူတင်က ပြောကြားခဲ့သည်။

အဆိုပါ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ချုပ်ဆိုပြီးစီးပါက နှစ်နိုင်ငံကြားမှ ကြွေးတင်နေသော ပြဿနာများကို မိတ်ဆွေများကဲ့သို့ ဆက်လက် ဖြေရှင်းနိုင်စေမည်ဟု ပူတင်က ဖြည့်စွက်ပြောကြားခဲ့သည်။ ၀န်ကြီးချုပ်အာဘေးကမူ ၎င်းတို့နှစ်နိုင်ငံသည် အနာဂတ်မျိုးဆက်များအတွက် လုပ်ဆောင်ပေးရန် တာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။

Ref: AFP

နျူကလီးယားဖျက်သိမ်းမှုအား အလျင်အမြန် လုပ်ဆောင်ရမည်ဟု ကင်ဂျုံအွန်က နားလည်ကြောင်း ပွန်ပီယို ပြောကြား

ဇွန် ၁၄ ရက်က ဆိုးလ်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယို (ယာ) က စကားပြောနေစဉ် (Photo: AFP)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် နျူကလီးယား ဖျက်သိမ်းရေးအား အလျင်အမြန် လုပ်ဆောင်ရမည်ကို နားလည်ထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ဇွန် ၁၄ ရက်တွင် ပြောကြားခဲ့ပြီး နျူကလီးယား ဖျက်သိမ်းရေး လုပ်ငန်းစဉ် ပြီးဆုံးသည့် အချိန်အထိ ပြုံယမ်းအား ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ဖြေလျှော့ပေးသွားမည် မဟုတ်ကြောင်း ၎င်းက သတိပေးခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်တို့အကြား ဇွန် ၁၂ ရက်၌ စင်ကာပူ သမိုင်းဝင် ထိပ်သီးအပြီးတွင် မြောက်ကိုရီးယားသည် အပြည့်အ၀နှင့် စိစစ်အတည်ပြုနိုင်ပြီး နောက်ကြောင်းပြန်လှည့်၍ မရနိုင်သော နျူကလီးယားဖျက်သိမ်းမှုကို လုပ်ဆောင်ရမည်ဟု တောင်းဆိုချက်အား ၀ါရှင်တန်က ဆက်လက် ကိုင်စွဲထားမည်ဖြစ်ကြောင်းလည်း ပွန်ပီယိုက ပြောကြားခဲ့သည်။

ထိုထိပ်သီးအပြီး ထရန့်၏ မှတ်ချက်များကြောင့် တိုကျိုနှင့် ဆိုးလ်တို့အား စိုးရိမ်မှုများ ထွက်ပေါ်စေခဲ့ပြီးနောက် ပွန်ပီယိုသည် ဆိုးလ်တွင် တောင်ကိုရီးယား၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံပြီး ထိပ်သီးအကြောင်းကို အသေးစိတ် ရှင်းလင်းခဲ့သည်။ သို့သော် မြောက်ကိုရီးယားနျူက လီးယားဖျက်သိမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရန်အတွက် မဟာမိတ်နိုင်ငံများအကြား မည်သို့လုပ်ဆောင်ရမည်ကို သဘောထားကွဲလွဲမှု မရှိခဲ့ကြောင်း ၎င်းတို့၏ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ပွန်ပီယိုက ပြောကြားခဲ့သည်။ အတိတ်ကာလတွင် မြောက်ကိုရီးယားက နျူကလီးယား လုံးဝဖျက်သိမ်းမှု မလုပ်ဆောင်သေးမီ အမေရိကန်အစိုးရများက စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကူအညီများ ထောက်ပံ့ပေးခဲ့ကြောင်း၊ သို့သော် ယခုအချိန်တွင် ယင်းကဲ့သို့ ဖြစ်လာမည် မဟုတ်ဟု သမ္မတထရန့်က ရှင်းရှင်းလင်းလင်း ပြောကြားထားကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။

ကင်နှင့် ထိပ်သီးအပြီးတွင် ထရန့်က ကုန်ကျစရိတ်မြင့်မားသော အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုများအား ရပ်ဆိုင်းသွားမည်ဟု ကြေညာခဲ့ရာ ဆိုးလ်အပြင် ပင်တဂွန်ကိုပါ အံ့အားသင့်စေခဲ့သည်။ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကန်ယွန်းဝါက ထိုစစ်ရေးလေ့ကျင့်မှုကိစ္စသည် စစ်ဘက်အာဏာပိုင်များက ဆွေးနွေးရမည့် ကိစ္စသာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုကိစ္စတွင် ဂျပန်က တိုက်ရိုက်မပါဝင်သော်လည်း ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် အရှေ့မြောက်အာရှ လုံခြုံရေးအတွက် အရေးပါသောကဏ္ဍမှ ပါဝင်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုက ပြောကြားခဲ့သည်။

စစ်ရေးလေ့ကျင့်မှုများ ရပ်ဆိုင်းမှုသည် ကောင်းမွန်သော ယုံကြည်မှုတွင် အပြုသဘော ဆွေးနွေးမှုများကို မူတည်နေကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မတိုင်မီ မြောက်ကိုရီးယားက လက်နက်များ ဖျက်သိမ်းမှုကို ပြုလုပ်မည်ဟု မျှော်လင့်ကြောင်းလည်း ပွန်ပီယိုက အစောပိုင်းတွင် ပြောကြားခဲ့သည်။

Ref: AFP