ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၄ ပွိုင့်အောက်ကျပြီး နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၆၁၀ အထိ ပြန်လည်ကျဆင်း

ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ရေး ကောင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

စက်တင်ဘာ ၂၁ ရက်တွင် ကမ္ဘာ့ဒေါ် လာဈေးအညွှန်းကိန်း ၉၃ ဒသမ ၇၉ ပွိုင့်ဖြင့် တစ်ပတ်တာဈေးပိတ်ခဲ့ပြီး စက်တင်ဘာ ၂၂ ရက်၌ ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေ လဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၆၁၀ အထိပြန်လည် ကျဆင်းခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

မြန်မာကျပ်ငွေတန်ဖိုးသည်  ဒေါ်လာဈေး မြင့်တက်မှုနှင့်အတူ ထိုင်းဘတ်၊ တရုတ်ယွမ်နှင့် စင်ကာပူဒေါ်လာ စသည့်ငွေကြေးများနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ဆက်လက် အားပျော့နေသည်။

ပြီးခဲ့သည့် ငါးလအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာဈေးအညွှန်း ကိန်းများမှာ မတ်တွင် ၉၀ ဒသမ ၃၇ ပွိုင့်၊ ဧပြီတွင်  ၉၁ ဒသမ ၇၁ ပွိုင့်၊ မေတွင် ၉၄ ဒသ မ ၈၃ ပွိုင့်၊ ဇွန်တွင် ၉၅ ဒသမ ၂၁ ပွိုင့်ဖြစ်ပြီး ဇူလိုင်တွင် ၉၅ ဒသမ ၃၉ ပွိုင့်၊ သြဂုတ်တွင် ၉၆ ဒသမ ၈၅ ပွိုင့်ဝန်းကျင် ဖြစ်ပေါ်ခဲ့ကာ စက်တင်ဘာ ၁၇ ရက်တွင် ၉၅ ပွိုင့်အောက်၊ စက်တင်ဘာ ၂၁ ရက်တွင် ၉၄ ပွိုင့်အောက် ကျဆင်းခဲ့သည်။

ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ဇွန်လမှစတင်ကာ သိသိသာသာမြင့် တက်ခဲ့ရာ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ် စံချိန်ကို ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀  ဖြင့် ချိုးခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀  ဖြင့် စံချိန်တင်ထားကာ စက်တင်ဘာ ၁၈ ရက်တွင် ၁၅၈၅ ကျပ်၊ စက်တင်ဘာ ၁၉ ရက် တွင်  ၁၆၂၂ ကျပ်၊ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ ဖြင့် အမြင့်ဆုံးစံချိန်ထပ်တင် ခဲ့သည်။ ဒေါ်လာဈေးသည် သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၄၈၀ အထိကျဆင်းခဲ့သော် လည်း သြဂုတ် ၂၈ ရက် တွင် ကျပ် ၁၅၆၀၊ စက်တင်ဘာ ၁၂ ရက်တွင် ကျပ် ၁၅၇၀၊ ကျပ်၊ စက်တင်ဘာ ၁၉ ရက်တွင် ၁၆၂၂ကျပ်၊ စက် တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ အထိ ဆက်တက်ခဲ့ပြီး စက်တင်ဘာ ၂၂ ရက်တွင် ကျပ် ၁၆၁၀ အထိကျဆင်းခဲ့သည်။ ၂၀၁၈ ခုနှစ် ဇွန် ၁၁ ရက်တွင် ဖြစ်ပေါ်သော တစ် ဒေါ်လာ ၁၃၄၆ ကျပ်နှင့် စက်တင်ဘာ ၂၀ ရက်တွင်ဖြစ်ပေါ်သော တစ်ဒေါ်လာ  ကျပ် ၁၆၅၀ နှင့်နှိုင်းယှဉ်ပါက သုံးလကျော် အတွင်း ၃၀၄ ကျပ်၊ ၂၂ ရာခိုင်နှုန်းကျော် ကျပ်ငွေ တန်ဖိုး ကျဆင်းခဲ့သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး  ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက် ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံး နှုန်းများမှာ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇၊ ဇူလိုင်တွင် ၁၃၈၄-၁၄၄၃၊ သြ ဂုတ်တွင် ၁၄၄၂-၁၅၇၀ တို့ဖြစ်ပြီး သြဂုတ် လတွင် ကွာဟချက်အများဆုံးဖြစ်ခဲ့သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၁  ရက်တွင် ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းမှာ တစ်ဒေါ် လာ ကျပ် ၁၅၉၇ ဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်ဈေးနှုန်းထက် ၁၉ ကျပ် မြှင့်တင်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်အတွင်း စက်တင် ဘာ ၂၂ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြား ငွေကြေးများ၏ လဲလှယ်မှု နှုန်းထားများမှာ ယူရို ၁၈၉၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၁၉၀ ကျပ်၊ မလေးရှားရင်းဂစ် ၃၉၀ ကျပ်၊ ထိုင်း ဘတ် ၅၀ ဒသမ ၅၀ ကျပ်၊ တရုတ်ယွမ် ၂၃၄ ကျပ်၊ ဂျပန်ယန်း ၁၄ ဒသမ ၃၀ ကျပ်၊ တောင်ကိုရီးယား ၀မ် ၁ ဒသမ ၅၀ ကျပ်ဖြစ်ကြောင်း သိရသည်။

 

ပို့ကုန်ရငွေ၏ ရာခိုင်နှုန်း ၄၀ ခန့်မှာ မြန်မာ့ဘဏ်များဆီသို့ အမှန်တကယ် ၀င်ရောက်လာမှု နည်းနေခြင်း အပါအ၀င် အချိန်တိုအတွင်း ငွေလဲလှယ်နှုန်း အတက်ကြမ်း၊ အကျကြမ်း ဖြစ်ပေါ်နေမှုကို ဖြေရှင်းပေးရန် အချက် ၁၂ ချက်တင်ပြ

ပို့ကုန်ရငွေ၏ ရာခိုင်နှုန်း ၄၀ ခန့်မှာ မြန်မာ့ဘဏ်များဆီသို့ အမှန်တကယ် ၀င်ရောက်လာမှု နည်းပါးနေခြင်း အပါအ၀င် အချိန်တိုအတွင်း ငွေလဲလှယ်နှုန်း အတက်ကြမ်း၊ အကျကြမ်း ဖြစ်ပေါ်နေမှုကို ဖြေရှင်းပေးရန် အချက် ၁၂ ချက်ကို  ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသို့ ကုန်သည်စက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က တင်ပြထားကြောင်း သြဂုတ် ၂၅ ရက်တွင် သိရသည်။

အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေအကြား အချိန်တိုအတွင်း အတက်ကြမ်း၊ အကျကြမ်း ဖြစ်ပေါ်နေမှုကို စနစ်တကျ ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် အများပြည်သူနှင့် လုပ်ငန်းရှင်များအကြား စိုးရိမ်ပူပန်စိတ်များ လျော့နည်းပပျောက်စေရန် အစိုးရနှင့် ဗဟိုဘဏ်က ဆောင်ရွက်ပေးသင့်သည့် အချက်များကို ငွေလဲနှုန်း တည်ငြိမ်စေရေးအတွက် ဦးရဲမင်းအောင်က တင်ပြခဲ့ခြင်းဖြစ်ပြီး အဓိက အချက်များအဖြစ် ပြည်တွင်း၌ ထုတ်လုပ်နေသော ကုန်ပစ္စည်းများအား ပြည်ပမှ တင်သွင်းမှုအပေါ် Quota, Tariff Rate Quota, Minium Access, Standards, Specifications၊ အခွန်နှင့် အကောက်ခွန်စနစ်တို့ဖြင့် ထိန်းကွပ်ဆောင်ရွက်ရန် တင်ပြခဲ့သည်။

ထို့ပြင် နိုင်ငံခြားဘဏ်များ၏ Trade Financing လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး စီစဉ်ပေးရန်၊ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုအတွက် ယွမ်ငွေကို သုံးခြင်းနှင့် ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုအတွက် ဘတ်ငွေကိုသုံးခြင်း စသည့် အဓိက ကုန်သွယ်ဖက်နိုင်ငံများနှင့် Bilateral Currency Swap အစီအစဉ်ကို ညှိနှိုင်းဆောင်ရွက်ရန်၊ Interbank Currency Market ကို ယခုထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဘဏ်က ကြီးမှူးဖော်ဆောင်ပေးရန်နှင့် ပြည်တွင်းပြည်ပ ရှယ်ယာရှင်များ ပါဝင်မှုဖြင့် ပို့ကုန်သွင်းကုန်ဘဏ်ကို အများပိုင် ဘဏ်အဖြစ် အမြန်ဆုံး ဖွဲ့စည်းတည်ထောင်နိုင်ရေး လုပ်ငန်းအဖွဲ့ ဖွဲ့၍ ဆောင်ရွက်ပေးရန် စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ပို့ကုန်မြှင့်တင်ရေး ပိုမိုထိရောက်စွာ အားပေးဆောင်ရွက်ရေးအတွက် ပို့ကုန်လုပ်ငန်းများအား အခွန်ဆိုင်ရာ သက်သာခွင့်၊ ဦးစားပေး အစီအစဉ်များဖြင့် ဆောင်ရွက်ပေးရန်၊ National Export Promotion ဖွဲ့စည်းပြီး နိုင်ငံတကာဈေးကွက် ထိုးဖောက်ရောင်းချခြင်းနှင့် ရလဒ်ထွက်သည့် ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှုများကို ဆောင်ရွက်ပေးရန်နှင့် ပို့ကုန်ရငွေ၏ ရာခိုင်နှုန်း ၄၀ ခန့်မှာ မြန်မာ့ဘဏ်များဆီသို့ အမှန်တကယ် ၀င်ရောက်လာမှု နည်းပါးနေသောကြောင့် တရားဝင်ကုန်သွယ်မှု ဖြစ်စေရေးအတွက် သက်ဆိုင်ရာ ကုန်သွယ်ဖက် နိုင်ငံများနှင့် ဦးစားပေးညှိနှိုင်း ဆောင်ရွက်ကာ နယ်စပ်ကုန်သွယ်မှုများတွင် ဘဏ်များကို တွင်ကျယ်စွာ အသုံးပြုလာရေး ညှိနှိုင်းပေးရန်၊ ပြည်တွင်းတွင် ဒေါ်လာအလွန်အကျွံအသုံးပြုမှု မဖြစ်ပေါ်စေရေးအတွက် ဒေါ်လာဖြင့် ပေးချေမှုများအပေါ် တားမြစ်သည့် ညွှန်ကြားချက်များ ထပ်မံထုတ်ပြန်ပြီး ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပါက ဒဏ်ကြေး၊ ပြစ်မှု၊ ပြစ်ဒဏ်များပါ ထည့်သွင်းဖော်ပြကာ ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း တင်ပြခဲ့သည်။

ထို့ပြင် နိုင်ငံခြားရောက် ငွေကြေးများ ပြည်တွင်းသို့ ပြန်လည်စီးဝင်လာနိုင်ရန်နှင့် ပြည်ပရောက် မြန်မာလုပ်သားများ၏ လုပ်ခလစာငွေများ ပြည်တွင်းသို့ လွယ်ကူစွာ အလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက် နိုင်ရေးအတွက် ပုဂ္ဂလိက နိုင်ငံခြား ငွေလွှဲလုပ်ငန်းများကို ပိုမိုတိုးချဲ့ လုပ်ကိုင်ခွင့် ခွင့်ပြုပေးရန်၊ ရင်းနှီးမြှုပ်နှံမှုအတွက် Capital Brough – in အမှန်တကယ် အလုံးအရင်းဖြင့် ၀င်ရောက်စေရေးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ကူညီအားပေးရန်နှင့် ရင်းနှီးမြှုပ်နှံမှုကို MIC, DICA တို့က လွယ်ကူစွာ ခွင့်ပြုဆောင်ရွက် ပေးထားသော်လည်း လက်တွေ့မြေပြင်တွင် အကောင်အထည်ဖော်ရာ၌ မြေသုံးစွဲမှု အပါအ၀င် အခက်အခဲများစွာ ကြုံတွေ့ရသဖြင့် စီးပွားရေးရပ်ဝန်း လွယ်ကူလျင်မြန်စေရေး ဆောင်ရွက်ပေးရန်၊ ပြည်ပတင်ပို့ကုန် လုပ်ငန်းများအတွက် အကောက်ခွန် ဦးစီးဌာန၏ ၀န်ထမ်းအင်အား တိုးချဲ့ပေးပြီး ၂၄ နာရီ ခုနစ်ရက် ပိတ်ရက်မရှိ ၀န်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် အသေးစား ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၏ ပြည်ပမှ ချေးငွေများ၊ ရင်းနှီးမြှုပ်နှံမှုရယူမှု၊ စီးဝင်မှုများကို ဗဟိုဘဏ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနတို့မှ လျင်မြန်စွာ စိစစ်ပေးရန် လိုအပ်ကြောင်း ဦးရဲမင်းအောင်က တင်ပြခဲ့သည်။

လက်ရှိအခြေအနေတွင် ငွေကြေးတည်ငြိမ်မှုမရှိဘဲ ကျပ်ငွေတန်ဖိုး ကျဆင်းစေမှုမှာ ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်မည့် စိုးရိမ်စရာ အခြေအနေ ဖြစ်ပေါ်နေပြီး ထိုသို့ဖြစ်ပေါ်နေမှုများအတွက် ငွေကြေးလဲလှယ်နှုန်း တည်ငြိမ်ရေး အပါအ၀င် အကြံပြုချက်များ ဆောင်ရွက်ရန် ကုန်သည်စက်မှု အသင်းချုပ် အနေဖြင့် ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်နေကြောင်း ကုန်သည်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြတဲ့ အခါမှာလည်း ဒီငွေလဲနှုန်းကိစ္စကိုပဲ ဆွေးနွေးမယ်။ ဒီလိုဆွေးနွေးတဲ့ အခါမှာ စီးပွားရေးတက်မယ်။ ကျမယ်မပြောဘူး။ စီးပွားရေးကို ရှေ့ဆက်ပြီး ဘယ်လိုကောင်းအောင် လုပ်မယ်ဆိုတဲ့ အဓိက အချက်တွေပဲ တင်ပြမယ်” ဟု ဦးဇော်မင်းဝင်းက ပြောကြားသည်။

လက်ရှိတွင် ပြည်တွင်း၌ နိုင်ငံခြားငွေ အလွန်အကျွံသုံးစွဲမှု မဖြစ်စေရေးအတွက် ဗဟိုဘဏ်က နိုင်ငံခြားငွေအစား ကျပ်ငွေသာ သုံးစွဲရန် တတိယအကြိမ်မြောက် ညွှန်ကြားစာ ထုတ်ပြန်ထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ရေးသားထားသည်။

 

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၄၈၀ အထိ ကျဆင်းသော်လည်း မွန်းလွဲပိုင်းတွင် ၁၅၀၅ ကျပ်အထိ ပြန်တက်

သြဂုတ် ၂၀ ရက်တွင် ကမ္ဘာ့ဒေါ်လာ ဈေးအညွှန်းကိန်း ၉၆ ပွိုင့်အထက်ဆက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၄၈၀ အထိ ကျဆင်းသော်လည်း မွန်းလွဲပိုင်းတွင် ၁၅၀၅ ကျပ်အထိ ပြန်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ငါးလအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းများမှာ ဇွန်တွင် ၉၅ ဒသမ ၂၁ ပွိုင့်ဖြစ်ပြီး ဇူလိုင်တွင် ၉၅ ဒသမ ၃၉ ပွိုင့်ဝန်းကျင် ဖြစ်ပေါ်ခဲ့ကာ သြဂုတ် ၂၀ ရက်တွင် ၉၆ ဒသမ ၁၁ ပွိုင့်ဝန်းကျင် ဖြစ်ခဲ့သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇန်န၀ါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်တွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇၊ ဇူလိုင်တွင် ၁၃၈၄-၁၄၄၃ တို့ဖြစ်ပြီး ဇွန်လတွင် ကွာဟချက် အများဆုံး ဖြစ်ခဲ့သည်။

ပြည်တွင်းဈေးကွက်အတွင်း သြဂုတ် ၁၈ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၆၉၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၀၉၅ ကျပ်၊ မလေးရှားရင်းဂစ် ၃၆၅ ကျပ်၊ ထိုင်းဘတ် ၄၆ ကျပ်၊ တရုတ်ယွမ် ၂၁၇ ကျပ်၊ ဂျပန် ယန်း ၁၃ ဒသမ ၅၀ ကျပ်ဖြစ်သည်။

ဗဟိုဘဏ်ရဲ့ ချိန်သားကိုက်ဖြေလျှော့မှုနဲ့ ကျပ်ငွေတန်ဖိုး ကျဆင်းအောင် ဈေးကစားခံရမှုမှာ ပျောက်ရှသွားတဲ့ ပြည်သူ့ငွေတွေ ပြန်ပေးပါ

တစ်စစကျပ်တည်းလာသော နေ့စဉ်ဘ၀ရပ်တည်မှုတွင် သဲထမ်း၊ ကျောက်ထမ်းဖြင့် ရုန်းကန်နေရသော အလုပ်သမားများအား တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)

တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် တစ်ကမ္ဘာလုံးက ငွေကြေးတန်ဖိုးတွေ ကျဆင်းနေချိန်မှာ အားလုံးထက်ပိုပြီး ကျဆင်းနေတဲ့ နိုင်ငံသုံးငွေကြေးက မြန်မာကျပ်ငွေပါ။

ဘာတစ်ခုမှ ကောင်းကွက်မရှိတဲ့အပြင် အစိုးရ စာရွက်တွေပေါ်မှာပဲ စီးပွားရေး တိုးတက်နေတဲ့ မြန်မာနိုင်ငံဟာ ကုန်သွယ်ရေးစစ်ပွဲ အလှုပ်အခတ်မှာ တခြားနိုင်ငံတွေနည်းတူ အထိနာတာပဲလို့ အကြောင်းပြမယ် ဆိုရင်တောင် အခြားနိုင်ငံတွေထက် ငွေကြေးတန်ဖိုးက ဆိုးဆိုးရွားရွား ထိုးကျခဲ့တာပါ။

အမေရိကန်နဲ့ တိုက်ရိုက် Trade War ဖြစ်နေလို့ သူ့နိုင်ငံထုတ်ကုန်တွေ ဈေးမကြီးအောင် ယွမ်ဈေးဆွဲချနေတဲ့ တရုတ်တောင်မှ ငွေတန်ဖိုး ကိုးရာခိုင်နှုန်းလောက်ပဲ တန်ဖိုးကျချိန်မှာ မြန်မာကျပ်ငွေ တန်ဖိုးက ၁၃ ရာခိုင်နှုန်းလောက် ကျနေတာပါ။ တခြားနိုင်ငံတွေမှာ ငွေကြေးတန်ဖိုး ကျဆင်းမှုက ပျမ်းမျှခြောက်ရာခိုင်နှုန်း လောက်ပဲရှိပြီး ဇူလိုင် ၁ ရက်ကနေ တွက်ချက်မှုအရ ထိုင်းဘတ်ကျဆင်းမှုက တစ်ရာခိုင်နှုန်း မပြည့်ချိန်၊ စင်ကာပူဒေါ်လာ တန်ဖိုးကျဆင်းမှုက ၀ ဒသမ ၇၂ ရာခိုင်နှုန်းပဲရှိချိန်၊ မလေးရှားရင်းဂစ်တန်ဖိုး ကျဆင်းမှုက နှစ်ရာခိုင်နှုန်းလောက်ပဲ ရှိချိန်တွေမှာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုက ဆိုးဆိုးရွားရွား ဖြစ်နေခဲ့တာပါ။

ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲရဲ့ ရိုက်ခတ်မှုဒဏ်ကို ငါတို့လည်း ခံစားနေရတာပဲလို့ တွေးမယ်ဆိုရင်တောင် မြန်မာနိုင်ငံမှာက တွေးလို့မရတဲ့ အခြေအနေတွေအဖြစ် ဗဟိုဘဏ်နဲ့ အစိုးရ တာဝန်ရှိသူတွေရဲ့ ပျက်ကွက်မှုများစွာ ရှိခဲ့ပါတယ်။

မြန်မာကျပ်ငွေတန်ဖိုး လိုတာထက် ပိုကျဆင်းမှု မဖြစ်အောင်လုပ်ဖို့ အစိုးရနဲ့ ဗဟိုဘဏ်က ဘာတွေ ပျက်ကွက်ခဲ့သလဲ မေးမယ်ဆိုရင် ပြင်ပဈေးကစားမှုတွေ ထိန်းကျောင်းမှုမရှိတာက စရမှာပါ။ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ဒေါ်လာဈေး မြင့်တက်လာချိန်တိုင်းမှာ အစိုးရတာဝန်ရှိသူတွေက ဆွေးနွေးပြီး ငွေဈေးကစားသူတွေ အရေးယူမယ် အသံပေးလိုက်တာနဲ့ နောက်တစ်နေ့မှာ ဈေးကစားတာ ပျောက်သွားတဲ့ အသံပေးမှုမျိုး လုပ်ဆောင်ဖို့တောင် NLD အစိုးရက ပျက်ကွက်ခဲ့တာကို တွေ့ရမှာပါ။ ဒါ့အပြင် ဈေးကစားတဲ့ ဘဏ်တွေ၊ ငွေလဲကောင်တာတွေကို အရေးမယူတာတွေ၊ အရေးမယူတဲ့အပြင် ဘဏ်တွေကို ထင်သလို ဈေးကစားလို့ မရအောင် ကန့်သတ်ထားတဲ့ စည်းဘောင် Plus or Minus ကို အခြေအနေ အချိန်အခါ မကြည့်ဘဲ ပယ်ဖျက်လိုက်တာတွေ၊ အစိုးရ တာဝန်ရှိသူတွေနဲ့ ဗဟိုဘဏ်ပူးပေါင်းပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုကို တည်ငြိမ်အောင် လုပ်ဆောင်ရမယ့် အချိန်အခါမှာ နှစ်ဖက်စလုံးက တိတ်ဆိတ်နေတာတွေကြောင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုက ဆိုးရွားသထက် ဆိုးရွားလာပြီး ကျပ် ၁၅၆၀ အထိ ဈေးနှုန်းမြင့်တက် သွားတာပါ။ ဒီလိုဈေးကစားခံရမှုမှာ ဆုံးရှုံးနစ်နာခဲ့တာကတော့ ပြည်သူပါပဲ။

 

အသိအမြင်ရှိသော ကြိုတင်ပြင်ဆင်မှု နတ္ထိ

တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ စတင်တော့မယ် ဆိုတာ မီဒီယာတွေမှာ ရေးသားဖော်ပြနေတာက ၂၀၁၇ ခုနှစ်လောက် ကတည်းကပါ။ ၂၀၁၆ ခုနှစ်လောက် ကတည်းက မီဒီယာတွေမှာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြား အရန်ငွေဟာ ပို့ကုန်ရဲ့ သုံးလစာလောက်ပဲ ရှိတော့တာလို့ ဖန်တစ်ရာတေနေအောင် ပါနေခဲ့ပြီးသားပါ။ တစ်ဖက်မှာလည်း အစိုးရက တောင်းခံသုံးစွဲနေတဲ့ ဘတ်ဂျက်တွေက ဘဏ္ဍာနှစ် တစ်နှစ်ကို ဘီလျံ ၅၀၀၀၊ ၆၀၀၀ တောင်းခံနေပေမဲ့ ၀န်ကြီးဌာနတွေက အမှန်တကယ် စီမံကိန်းတွေ ပြီးမြောက်အောင် သုံးစွဲနိုင်စွမ်း မရှိတာကြောင့်မို့လို့ အစိုးရဘက်က စိစစ်ဖို့ လိုအပ်သလို လွှတ်တော်ဘက်ကလည်း နှစ်စဉ်ကျပ်ဘီလျံ ထောင်နဲ့ချီပြီး မသုံးဘဲ ပြန်အပ်နေတဲ့ ဘတ်ဂျက်တွေကို ထိထိရောက်ရောက် ဖြတ်တောက်ဖို့ ရေးသားခဲ့တာ မကြာခဏပါ။

ဒီလို အခြေအနေမျိုးတွေဟာ အသိအမြင်ကြီးတဲ့၊ နိုင်ငံတကာရဲ့ အရိပ်အခြည်ကို နားလည်တဲ့၊ အရည်အချင်းရှိတဲ့၊ ပြည်တွင်း ပြည်ပ အခြေအနေကို မှန်မှန်ကန်ကန် အကဲဖြတ်ပြီး ကြိုတင်မဟာဗျုဟာ ချမှတ်ထားနိုင်တဲ့ အသိအမြင်ကြီးတဲ့ ခေါင်းဆောင်မျိုးသာ ဦးဆောင်နေမယ်ဆိုရင် ကုန်သွယ်ရေးစစ်ပွဲမှာ ငါတို့နိုင်ငံအထိ မနာအောင် ဘယ်လိုဦးဆောင်မယ် ဆိုတာကို ကြိုတင်မဟာ ဗျုဟာချမှတ်နိုင်မှာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ မီဒီယာဘယ်လိုပြောပြော အစိုးရက အဖတ်မလုပ်ပါဘူး။ ကြိုတင်ပြင်ဆင်မှု နတ္ထိပါ။

တစ်ဖက်မှာလည်း ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ဒေါ်လာဈေး ဆွဲတင်ချိန်မှာတောင် အစိုးရနဲ့ လုပ်ငန်းရှင်တွေကို ကြိုတင်အသိပေး ဆွေးနွေးလို့ လုပ်ငန်းရှင်အချို့က တစ်ဒေါ်လာ ၁၂၀၀ အထိ ဆွဲတင်တော့မှာကိုသိပြီး ကြိုတင်ဝယ်စုနိုင်လို့ ပိုချမ်းသာမှုကို ဖြစ်စေတဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် ကိုပဲ NLD အစိုးရက ဆက်ခန့်ခဲ့ပါတယ်။ ဗဟိုဘဏ်ရဲ့ တာဝန်တွေနဲ့ ဥပဒေတွေအရ ပြည်တွင်းဈေးနှုန်း တည်ငြိမ်အောင် မလုပ်နိုင်ရင် တာဝန်ရှိသူတွေကို စွပ်စွဲပြစ်တင် ဖြုတ်ချဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ ဒါပေမဲ့ ပြည်တွင်းဈေးနှုန်း တည်ငြိမ်အောင် လုပ်ပြနိုင်စွမ်းမရှိတဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌကိုပဲ ဆက်ပြီး တာဝန်ပေးခဲ့တဲ့ NLD အစိုးရရဲ့ လုပ်ရပ်ဟာ ရည်ရွယ်ချက် တစ်စုံတစ်ရာ ပါနေသလား မေးခွန်းထုတ်စရာပါ။

NLD အစိုးရက ဆက်ပြီး တာဝန်ပေးခဲ့တဲ့ ဦးကျော်ကျော်မောင် စတင်တာဝန်ယူချိန် ၂၀၁၃ သြဂုတ် ၁ ရက်မှာ တစ်ဒေါ်လာ ၉၇၅ ကျပ်ပဲ ရှိပါတယ်။ USDP အစိုးရနဲ့ NLD အစိုးရနှစ်ကြိမ်ဆက် တာဝန်ယူမှု ငါးနှစ်ကျော် ကာလအတွင်းမှာ မြန်မာကျပ်ငွေတန်ဖိုးက ၂၀၁၈ ခုနှစ် သြဂုတ် ၁၇ ရက်မှာ ၁၄၉၈ ကျပ်ပါ။ ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းမှာ တင် ၅၂၃ ကျပ် တိတိတန်ဖိုး ကျဆင်းခဲ့ပါတယ်။ ဦးကျော်ကျော်မောင် လက်ထက် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုဟာ ရာခိုင်နှုန်း ၆၀ နီးပါး ရှိနေပါတယ်။ ပြည်သူလူထုရဲ့ ပိုင်ဆိုင်မှု ထက်ဝက်ကျော်ကို ဦးကျော်ကျော်မောင်ရဲ့ ပြည်တွင်းဈေးနှုန်း တည်ငြိမ်အောင် မစွမ်းဆောင်မှုနဲ့ ဖြုန်းတီးလိုက်တဲ့ သဘောဖြစ်ပြီး ကုန်ဈေးနှုန်း မြင့်တက်မှု၊ ငွေဖောင်းပွမှု စတဲ့ဒဏ်တွေကို ပြည်သူလူထု ပိုပိုပြီး ခံစားနေရတဲ့ အခြေအနေမျိုးတွေရဲ့ အဓိကတရားခံဟာ ဗဟိုဘဏ်လို့တောင် ဆိုနိုင်တဲ့ အခြေအနေမျိုးပါ။ ကမ္ဘာ့အသက်ကြီးဆုံး စာရင်းဝင် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်ရဲ့ ငါးနှစ်ကျော်ကာလအတွင်း စွမ်းဆောင်ရည်ဟာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု ရာခိုင်နှုန်း ၆၀ နီးပါးဖြစ်တာမို့ ဗဟိုဘဏ်တစ်ခုရဲ့ ဥက္ကဋ္ဌ တာဝန်ယူခဲ့သူတွေရဲ့ သမိုင်းတွေထဲမှာလည်း ပြည်တွင်းဈေးနှုန်း တည်ငြိမ်အောင် မစွမ်းဆောင်နိုင်တာတဲ့ ငွေကြေးတန်ဖိုး အများဆုံး ကျဆင်းစေတဲ့ ဥက္ကဋ္ဌအဖြစ်တောင် မှတ်တမ်းဝင်နိုင်ပါတယ်။ ဘာကြောင့် ငွေရေးကြေးရေးစနစ် တည်ငြိမ်ခိုင်မာမှုကို ကြီးကြပ်ထိန်းကွပ်နိုင်စွမ်း မရှိသူကို ဆက်ပြီးတော့ တာဝန်ပေးခဲ့တယ် ဆိုတာကတော့ NLD အစိုးရတာဝန်ရှိသူတွေပဲ ဖြေနိုင်မှာ ဖြစ်ပါတယ်။

ဘယ်အရာတွေက ကျပ်ငွေတန်ဖိုး ကျဆင်းစေသလဲ

ဘယ်အရာတွေက ကျပ်ငွေတန်ဖိုး ကျဆင်းစေသလဲ မေးမယ်ဆိုရင် NLD အစိုးရလက်ထက်မှာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခဲ့တဲ့ ကာလတွေကို ပြန်ကြည့်ရပါလိမ့်မယ်။

NLD အစိုးရ စတင်တာဝန်ယူစ ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ စင်ကာပူအခြေစိုက် UOB (United Oversea Bank) က ၂၀၁၆ ခုနှစ် ခုနစ်လတာ ကာလအတွင်းမှာ မြန်မာကျပ်ငွေဟာ အာဆီယံဒေသတွင်းမှာ ၁၀ ဒသမ ၇ ရာခိုင်နှုန်း တန်ဖိုးမြင့်တက်ပြီး စွမ်းဆောင်ရည် အကောင်းဆုံး ငွေကြေးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်  ဒီဇင်ဘာမှာ ၁၄၃၈ ကျပ်အထိ ပြင်ပဈေးမြင့်တက်ခဲ့ပေမဲ့ ပြန်ကျပြီးနောက်ပိုင်း ၂၀၁၈ ခုနှစ် ဇွန်လမတိုင်ခင်အထိ တစ်ဒေါ်လာ ကျပ် ၁၃၅၀ ပတ်ချာလည်မှာ တစ်နှစ်ကျော် တည်ငြိမ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အဲဒီကာလတွေမှာလည်း သဘာဝဘေး ရေကြီးရေလျှံ၊ သီးနှံပျက်စီး၊ ကုန်သွယ်မှုလို ငွေမြင့်တက်၊ ဘတ်ဂျက်လိုငွေများ၊ နိုင်ငံခြား ခရီးသွားကျ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကျဆင်း၊ ပြည်တွင်း လုပ်ငန်းရှင်တွေ ညည်းတွားနေတဲ့ အခြေအနေမျိုးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို အခြေအနေမျိုးမှာလည်း ဗဟိုဘဏ်က ပြည်တွင်းဘဏ်တွေကို ဒေါ်လာထုတ်ရောင်း စရာမလိုဘဲ တည်ငြိမ်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်လာဈေးနှုန်း မြင့်တက်ပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းချိန်မှာ အကြောင်းပြချက်က တစ်ခုတည်းပါ။ အဲဒါကတော့ ကုန်သွယ်ရေးစစ်ပွဲဆိုတဲ့ အကြောင်းအရာ တစ်ခုပါပဲ။ ဒီနေရာမှာ အစိုးရတာဝန် ယူထားပြီး ဒေါ်လာဈေးကိုကြည့်ပြီး တက်လည်းတက်တဲ့အလျောက်၊ ကျလည်းကျတဲ့အလျောက် စီးပွားရေး လုပ်နိုင်သူကမှ စီးပွားရေးသမားလို့ စီးပွားရေးပညာရှင် ဖြစ်ခဲ့တဲ့ ရန်ကုန်မြို့တော်ဝန် ဒေါက်တာမောင်မောင်စိုးရဲ့ ရေးသားချက်မျိုးဟာ ပညာရှင်မဆန်သလို ဒေါ်လာဈေးမြင့်တက်လာပြီး ကျပ်ငွေတန်ဖိုး ကျဆင်းတာကြောင့် လက်ထဲမှာ ကိုင်ထားတဲ့ငွေက အလကားနေရင်း တန်ဖိုးကျနေတဲ့အပြင် ကုန်ဈေးနှုန်း မြင့်တက်လာလို့ ခက်ခက်ခဲခဲ ရှာဖွေစားသောက်နေရတဲ့ ပြည်သူသန်း ၅၀ ကျော်ကို မစာနာရာ ကျလွန်းပါတယ်။ သေချာတာကတော့ မြန်မာနိုင်ငံရဲ့ အနိမ့်ဆုံး လုပ်ခလစာဟာ တစ်ရက်မှ ကျပ် ၄၈၀၀ ပဲ ရတာဖြစ်ပြီး ဒေါက်တာမောင်မောင်စိုးတို့လို ပြည်သူပေးတဲ့လစာ သိန်းဆယ်ဂဏန်း မရသလို ပြည်သူ့ငွေနဲ့လည်း အဆောင်အယောင်တွေ ရရှိခံစားခွင့် မရပါဘူး။ နိုင်ငံ့တာဝန်ကြီးကြီးကို ယူထားပြီဆိုရင် ပြည်သူ့ခံစားချက် သေးသေးလေးတောင် သိမြင်ခံစားတတ်ဖို့ လိုအပ်ပါတယ်။ စားဝတ်နေရေး ကျပ်တည်းလို့ ပြည်သူတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်ဆိုတဲ့ ဖြစ်စဉ်တွေ ခဏခဏကြားနေရချိန်မျိုး၊ တိုင်းပြည်စီးပွားရေး ကျပ်တည်းနေချိန်မျိုး၊ မြန်မာကျပ်ငွေ တန်ဖိုး ၁၃ ရာခိုင်နှုန်းလောက် ကျဆင်းသွားချိန်မျိုးမှာ ပိုပြီးတော့ လက်လွတ်စပယ် စကားမျိုး မပြောသင့်တာ သတိချပ်ဖို့ လိုအပ်ပါတယ်။

ကျပ်ငွေတန်ဖိုး ကျဆင်းမှုတွေကို ပြန်ပြီးတော့ ကြည့်မယ်ဆိုရင် ပို့ကုန်ရငွေတွေကို ခြောက်လအတွင်း နိုင်ငံခြား သုံးငွေတွေနဲ့ ပြည်တွင်းက ကိုယ့်ငွေဘဏ်စာရင်းမှာ လွှဲပြောင်းထည့်သွင်းဖို့ ပြဋ္ဌာန်းထားသလို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှာလည်း ဗဟိုဘဏ်က ပြည်တွင်းဘဏ်တွေကို ညွှန်ကြားခဲ့ပြီး ဖြစ်ပါတယ်။

ဒီလို ညွှန်ကြားထားမှုတွေကို ပြန်စိစစ် မစစ် မသိရပေမဲ့ လက်ရှိနိုင်ငံခြားငွေတန်ဖိုး မြင့်တက်ပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းချိန်ကျမှ ပို့ကုန်ရငွေတွေ အကုန်လုံးက ပြည်တွင်း ပြန်မ၀င်ဘူးဆိုတဲ့အသံ တစ်ခါပြန်ထွက်လာပါတယ်။ ဘာကြောင့် အကျပ်အတည်းကျမှ ပို့ကုန်လုပ်ငန်းရှင်တွေက ပို့ကုန်ရငွေတွေ ပြန်မသွင်းဘူးလားဆိုတဲ့ အသံပြန်ထွက်လာပါသလဲဆိုတာ ဗဟိုဘဏ်တာဝန်ရှိသူတွေပဲ ဖြေနိုင်ပါလိမ့်မယ်။

ဒုတိယအချက်အနေနဲ့ ဗဟိုဘဏ်ဟာ ပြည်တွင်းမှာ ဟိုတယ်တွေ နဲ့ ခရီးသွားလုပ်ငန်းတွေမှာ ဒေါ်လာအစား ကျပ်ငွေသုံးဖို့ အမိန့်စာထုတ်ပါတယ်။ ညွှန်ကြားချက်သာ နှစ်ကြိမ်သုံးကြိမ်လောက် ထုတ်ပေမဲ့ ဘယ်သူကမှတော့ လိုက်နာတာ မမြင်ရပါဘူး။ ဗဟိုဘဏ်ကလည်း Dedollarization Country ဖြစ်အောင် လုပ်ဆောင်မယ် ကြွေးကြော်ပေမဲ့ တကယ်တမ်းမှာတော့ ကိုယ့်ညွှန်ကြားချက်ကိုယ်တောင် ကွပ်ကဲနိုင်စွမ်း မရှိပါဘူး။ အခုဆိုရင် ပြည်တွင်း၊ ပြည်ပက လာရောက်စစ်ဆေးတဲ့ စာမေးပွဲတွေတောင် စာမေးပွဲကြေးကို ဒေါ်လာနဲ့ သွင်းရပါတယ်။ ဒီလိုမျိုး မြန်မာကျပ်ငွေကို ပြည်တွင်းမှာ ဗဟိုဘဏ် ညွှန်ကြားချက်အတိုင်း မသုံးကြတဲ့ ပြဿနာကိုလည်း ဗဟိုဘဏ်ကိုပဲ ပြောရမှာပါ။

ဒါ့အပြင် ဒေါ်လာဈေး မြင့်တက်တဲ့အခါတိုင်း ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ပြည်တွင်းက တရားမ၀င် ဈေးကွက်ကို စစ်ဆေးအရေးယူမယ် ဆိုတာမျိုး ဟန့်တားသလို ပြည်တွင်းဘဏ်တွေကိုလည်း ဈေးကစားမှုမှာ ပါဝင်ပတ်သက်ရင် တည်ဆဲဥပဒေအရ အရေးယူမယ်ဖြစ်ကြောင်း ဗဟိုဘဏ်က ထွက်ပြောတာမျိုးတွေ လုပ်ဆောင်လေ့ ရှိပါတယ်။ ဒီလိုမျိုး လုပ်ဆောင်မှုဟာ ဈေးကွက်စီးပွားရေး စနစ်အရပဲ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ၊ ယှဉ်ပြိုင်မှုဥပဒေ၊ လက်ဝါးကြီးအုပ်မှု ကာကွယ်ရေးဥပဒေစတဲ့ ဈေးကွက်ကို ထိန်းကျောင်းတဲ့ ဥပဒေတွေနဲ့အညီ လုပ်ဆောင်ကြတာလည်းဖြစ်ပြီး တည်ဆဲငွေရေးကြေးရေး ဥပဒေတွေကို ချိုးဖောက်ရင် အရေးယူမယ်ဆိုတာ ပြောကို ပြောသင့်တဲ့ အခြေအနေပါ။ ဒါပေမဲ့ လက်ရှိအစိုးရ လက်ထက်မှာတော့ ဗဟိုဘဏ်ဘက်ကရော အစိုးရတာဝန်ရှိသူတွေကပါ မြန်မာကျပ်ငွေတန်ဖိုး တခြားနိုင်ငံတွေထက် ဆိုးဆိုးရွားရွား ကျဆင်းနေတာကို လက်ပိုက်ကြည့်နေခဲ့ပြီး လုံးဝကို အသံမထွက်ခဲ့တာ တွေ့ရပါတယ်။ တစ်ဒေါ်လာ ကျပ် ၁၅၆၀ အထိ ခုန်တက်ခဲ့ချိန်ကျမှ အစိုးရဘက်ကနေ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ တွေ့မယ်ဆိုတာမျိုး အသံထွက်လာ ခဲ့ပါတယ်။ ဒီလို ထွက်လာတာနဲ့ တစ်ပြိုင်နက် ဒေါ်လာဈေးက တစ်ဒေါ်လာ ၁၅၆၀ ကနေ ၁၅၃၀ အထိ ဆင်းသွားခဲ့ပြီး သြဂုတ် ၁၈ ရက်မှာ ၁၄၉၅ ကျပ်လောက်နဲ့ပဲ အရောင်းအ၀ယ် ဖြစ်နေပါတယ်။ အဲဒီအချိန်ကျမှပဲ ဗဟိုဘဏ်ဘက်ကလည်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုက နိုင်ငံတကာနဲ့ယှဉ်ရင် အဆိုးဆုံး ၁၃ ရာခိုင် နှုန်းလောက်ကျတယ် ဆိုတာမျိုး ထွက်ပြောလာပါတယ်။

ဒီနေရာမှာ မြန်မာကျပ်ငွေဟာ တခြားနိုင်ငံတွေလိုပဲ နှစ်ရာခိုင်နှုန်းလောက်ပဲ တန်ဖိုးကျမယ်ဆိုရင် ၂၀၁၈ ခုနှစ် မေလမှာ အမြင့်ဆုံးဖြစ်တဲ့ တစ်ဒေါ်လာ (ပြင်ပဈေး) ၁၃၅၁ ကျပ်နဲ့တွက်ဦး တစ်ဒေါ်လာ ၁၃၈၀ လောက်ပဲ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု ဖြစ်နိုင်တာ တွေ့ရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ပျှမ်းမျှတန်ဖိုး ကျသလိုမျိုး ခြောက်ရာခိုင်နှုန်း တန်ဖိုးကျမှုနဲ့ တွက်မယ်ဆိုရင် တစ်ဒေါ်လာ ၁၄၃၂ ကျပ်လောက်ပဲ ရှိသင့်တာ တွေ့ရမှာပါ။ ဒါပေမဲ့ တစ်ဒေါ်လာ ၁၅၆၀ လောက်အထိ မြင့်တက်အောင် ဗဟိုဘဏ်နဲ့ အစိုးရက ဘာကြောင့် စောင့်နေတာလဲဆိုတာ မေးစရာ ဖြစ်လာခဲ့သလို တစ်ဒေါ်လာကို ၁၅၀၀ ဖြစ်မှ စီးပွားရေး တိုးတက်မယ်ထင်လို့ ကျပ် ငွေတန်ဖိုး စံချိန်တင်ကျပြီးရင်း ကျနေတာကို စောင့်ကြည့်နေတာလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပြီး ဒီလိုစံချိန်တင် ကျပ်ငွေတန်ဖိုး ကျဆင်းမှုမှာ နစ်နာခဲ့တဲ့ ပြည်သူတွေအတွက် အစိုးရနဲ့ ဗဟိုဘဏ်က ဘယ်လိုကုစားမလဲဆိုတာ သိချင်မိပါတယ်။

ဒေါ်လာဈေးနှုန်း ကျဆင်းမှုတွေထဲမှာ အဆိုးရွားဆုံး ဖြစ်စဉ်တွေလည်း ရှိနေနိုင်ပါသေးတယ်။ ဥပမာအားဖြင့် တယ်လီကွန်း ကုမ္ပဏီတွေပါ။ အမြတ်ပမာဏကို ကုမ္ပဏီတွေက ထုတ်ပြန်မထားပေမဲ့ သူတို့ရဲ့ ဖုန်းဘီကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမှုကိုတော့ ပြည်သူသိအောင် ထုတ်ပြန်ထားတာ ရှိပါတယ်။

မြန်မာ့ဆက်သွယ်ရေးဟာ ဂျပန်နဲ့ပေါင်းပြီး တယ်လီနောဟာ နော်ဝေးနိုင်ငံက လာရောက်မြှုပ်နှံပါတယ်။ အော်ရီဒူးက ကာတာနိုင်ငံ မြှုပ်နှံမှုပါ။ ၂၀၁၈ ခုနှစ်အတွင်းမှာ စတင်လာတဲ့ Mytel ကတော့ ဗီယက်နမ်နဲ့ ပေါင်းထားပါတယ်။

MPT၊ တယ်လီနောနဲ့ အူရီဒူးတို့ သုံးခုဟာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်းမှာ ဖုန်းဘီလ်အခွန် ၈၇ ဘီလျံကျော် အခွန်ဆောင်ခဲ့ပါတယ်။ MPT က ကျပ် ၄၄ ဘီလျံကျော်ဖြစ်ပြီး တယ်လီနောနဲ့ အူရီဒူးကတော့ ကျပ် ၄၃ ဘီလျံလောက် ဖုန်းဘီလ်အခွန်ကို ပေးခဲ့တာ တွေ့ရပါတယ်။

ပြည်တွင်းလုပ်ငန်းစုကပါတဲ့ MPT ကို ဘေးဖယ်ပြီး တယ်လီနောနဲ့ အူရီဒူးရဲ့ ဖုန်းဘေလ်ကုန်သွယ် လုပ်ငန်းခွန် ကျပ် ၄၃ ဘီလျံကို ၂၀ နဲ့ မြှောက်မယ်ဆိုရင် သူတို့နှစ်ခုရဲ့ ရောင်းအားဟာ ကျပ်ဘီလျံ ၈၆၀ လောက်ရှိမယ်လို့ အကြမ်းဖျဉ်း ယူဆရမှာ ဖြစ်ပါတယ်။

ဒီရောင်းအား ကျပ် ၈၆၀ ဘီလျံ ကို ဒီကုမ္ပဏီနှစ်ခုက ဒီအတိုင်းထား မှာမဟုတ်ဘဲ နိုင်ငံခြားငွေတွေကို နေ့စဉ်ပေါက်ဈေးအတိုင်း ၀ယ်ပြီး သူတို့မိခင်နိုင်ငံတွေက လုပ်ငန်းစုတွေဆီ ပြန်လွှဲနေမယ်ဆိုရင် ကျပ် ၈၆၀ ဘီလျံဟာ တစ်ဒေါ်လာ ၁၅၀၀ နဲ့ တွက်မယ်ဆိုရင် တောင် ဒေါ်လာ ၅၇၃၃ သိန်းလောက်ဖြစ် ပါတယ်။ နေ့စဉ် ငွေဖြည့်ကတ်ရောင်းရသမျှ မြန်မာငွေတွေကို ပေါက်ဈေး အတိုင်း ဒေါ်လာဝယ်ပြီး သူတို့နိုင်ငံဆီလွှဲနေမယ်ဆိုရင် ပြီးခဲ့တဲ့  ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တစ်နှစ်တည်းတင် ဒေါ်လာ ၅၇၃၃ သိန်းလောက် စီးထွက်ခဲ့တာကို တွေ့ရမှာဖြစ်ပါ တယ်။  ဒီလို တယ်လီကွန်းကုမ္ပဏီ တွေဟာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ် က စခဲ့တာဖြစ်လို့ ဘဏ္ဍာနှစ်လေး နှစ်၊ ငါးနှစ်စာလောက် ပြည်ပကို ဒေါ်လာတွေ ပြန်ပို့နေတဲ့အခြေအနေမျိုးပါ။ ဒီလိုအခြေအနေမျိုးသာ တကယ်ဖြစ်နေမယ်ဆိုရင် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး ပြည်တွင်း မှာ ဒေါ်လာရှားပါးမှုပြဿနာက အများကြီး လိုက်ကြည့်စရာ မလိုတော့တဲ့အခြေ အနေပါ။ ဒီလိုအခြေအနေမျိုးသာ တကယ်ဖြစ်နေရင် အခုလို မြန်မာ ကျပ်ငွေတန်ဖိုးကျဆင်းနေချိန်မျိုး မှာ ဒီလို တယ်လီကွန်းကုမ္ပဏီတွေကနေ ပြည်ပဆီငွေလွှဲပို့မှုတွေကို အချိန်ကာလတစ်ခုအထိ ရပ်တန့်ဖို့၊ ပြည်တွင်းဘဏ်ထဲမှာ Statement ပြပြီး ကာလတစ်ခုထားဖို့ ဗဟိုဘဏ်အနေနဲ့ လုပ်ဆောင်သင့်ပါတယ်။

နိုင်ငံခြားငွေစီးထွက်မှုတစ်ခုကို ပြောရမယ်ဆိုရင် Facebook ပါ။ မြန်မာနိုင်ငံရဲ့ အင်တာနက် အသုံးစရိတ်ဟာ တစ်လကို ဒေါ် လာသန်း ၃၀၀ လောက်ရှိတယ်လို့ ရန်ကုန်တိုင်းဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။ Facebook ဟာ သူ့ဝင်ငွေရဲ့ ရာခိုင်နှုန်း ၉၀ ကျော်ကို ကြော်ငြာတွေကနေ အဓိက ရသလို Facebook သုံးစွဲတဲ့ နိုင်ငံတွေကိုလည်း အခွန်ပေးဆောင်ရမှုက ၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်မှာဆို ဒေါ်လာ သန်း ၁၅၉၂၀ ကျော် ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း Facebook ကို လူဦးရေသန်း ၂၀ လောက်က သုံးနေပြီး နေ့စဉ် Page များစွာက Facebook ကို ဒေါ်လာတွေပေးပြီး ကြော်ငြာထည့်ရပါတယ်။ အင်တာနက်အသုံးစရိတ် ဒေါ်လာသန်း ၃၀၀ ရှိတဲ့အထဲမှာ Facebook ကို ဒေါ်လာသန်း ၁၀၀ ပဲစီးတယ် ဆိုရင်တော့ ၀င်ငွေခွန်ကောက်ခံနိုင်ရင် တစ်လကို ဒေါ်လာ ၂၅ သန်းရမှာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်က ပြည်တွင်းကို ၀င်လာခဲ့တဲ့ Facebook ဟာ အခွန်အခပေးဖို့ တာဝန်ရှိပေမဲ့ အခွန်ထမ်းဆောင်မှု မရှိပါဘူး။ ဒီလို အခွန်ပေးဆောင်မှု မရှိတဲ့အပြင် ပြည်ပကို နိုင်ငံခြားငွေ စီးထွက်စေတဲ့ အဓိကပြဿနာထဲက တစ်ခုလည်း ဖြစ်နေတဲ့အတွက် NLD အစိုးရအနေနဲ့ Facebook သုံးစွဲသူတွေကို စောင့်ကြည့်ဖို့ ကျပ်သန်း ၆၄၀၀ လောက် သုံးစွဲနေမယ့်အစား Facebook က အခွန်ဆောင်လာဖို့၊ Facebook က အခွန်မဆောင်ခဲ့တဲ့ ကာလတွေအတွက် ရသင့်ရထိုက်တဲ့ အခွန်အခတွေ ရလာဖို့ နည်းလမ်းရှာရမှာ ဖြစ်ပါတယ်။

ဒေါ်လာဈေးကွက်ကို ပြန်ကြည့်မယ်ဆိုရင် တရားမ၀င် ဒေါ်လာဈေးကွက်ဟာ တစ်နှစ်ကို ငါးဘီလျံလောက် စီးဆင်းပါတယ်။ ဒီလိုစီးဆင်းနေတဲ့ ဈေးကွက်ကနေပဲ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုလိုငွေတွေကို ဖြည့်နေတဲ့ သဘော ဖြစ်နေတယ်လို့ ဘဏ်ပညာရှင်တွေက သုံးသပ်ကြပါတယ်။ ဒီလိုဖြစ်နေတဲ့ ဖြစ်စဉ်ကို ပြန်ကြည့်မယ်ဆိုရင် ဒေါ်လာ ပြင်ပဈေးကို သတ်မှတ်တာက ရွှေဘုံသာလမ်းက မှောင်ခိုတွေက သတ်မှတ်တာပါ။ နေ့စဉ်တစ်နာရီလောက်မှာ ရွှေဘုံသာလမ်းက သတ်မှတ်တဲ့ ပြင်ပဈေးထွက်လာမှ ကျန်တဲ့ပို့ကုန်သမားတွေက ဆက်ပြီးအလုပ်လုပ်တဲ့ အခြေအနေပါ။ ဒီနေရာမှာ ကမ္ဘာ့ပေါက်ဈေးအတိုင်း အတက်အကျ ဖြစ်နေတယ်ဆိုတဲ့ ရွှေဈေးကို ပြန်ကြည့်မယ်ဆိုရင် ဇွန် ၁၃ ရက်မှာ ကမ္ဘာ့ရွှေဈေးဟာ ၁၂၇၄ ဒေါ်လာ ဖြစ်ပြီး ပြည်တွင်း ရွှေဈေးက ကျပ် ၉၃၆၀၀၀ ကျော်ပါ။ အဲဒီနေ့မှာ ဒေါ် လာက ၁၃၆၆ ကျပ်ဖြစ်ပါတယ်။ ဇွန်လ ၁၃ ရက်နောက်ပိုင်းမှာ ကမ္ဘာ့ ရွှေဈေးက ပြုတ်ကျပြီး သြဂုတ် ၁၈ ရက်မှာ ၁၁၈၅ ဒေါ်လာ ပဲ ရှိပါတယ်။ ဒါပေမဲ့ ပြည်တွင်းရွှေဈေးက ကျပ် ၉၅၀၀၀၀ ကျော် ဖြစ်နေပါတယ်။ ကမ္ဘာ့ ရွှေဈေးပေါက်ဈေးအတိုင်း သာ အတက်အကျ ဖြစ်နေမယ်ဆိုရင် ဇွန် ၁၃ ရက်နဲ့ သြဂုတ် ၁၈ ရက် ခြား နားချက်က ကမ္ဘာ့ရွှေဈေး ၈၉ ဒေါ် လာ ကျဆင်းသွားတာ တွေ့ရမှာပါ။ ဒီလိုကျဆင်းသွားတာကြောင့် ရွှေ ဈေးဟာ လက်ရှိ အခြေအနေမှာ တစ်ကျပ်သားကို ကျပ် ၈၂၀၀၀၀ လောက်အထိ ကျဆင်းသင့်နေတာ ကို တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရွှေဈေးက ကမ္ဘာ့ဈေးကျနေလည်း ပြည်တွင်းမှာ ဒေါ်လာဈေးက မာ နေချိန်မှာ လုံးဝကျမလာဘဲ ကျပ် ၉၅၀၀၀၀ ပတ်လည်မှာ တင်းခံနေ တာကို တွေ့ရပါတယ် ။ တရားမ၀င် မှောင်ခိုဈေးကွက်က ပြင်ပဈေး သတ်မှတ်မှ ပြည်တွင်းတရားဝင်ပို့ ကုန်လုပ်ငန်းတွေက လည်ပတ်လို့ ရတယ်ဆိုတဲ့ အခြေအနေက အကြီး အကျယ်မှားနေတာပါ။ ပိုဆိုးတာက ရွှေနဲ့ဒေါ်လာချိတ်ပြီး ကမ္ဘာ့ရွှေဈေး ကျဆင်းနေတာတောင် ပြည်တွင်း ရွှေဈေးက ဈေးကစားနေလို့ မြင့်နေတဲ့ ဒေါ်လာဈေးကိုမှီပြီး ငြိမ်နေတဲ့ အခြေအနေမျိုးကို အဖြေရှာဖို့ လိုအပ်ပါတယ်။

ဒီလို အခြေအနေမျိုးတွေဟာ ပြည်တွင်း ဒေါ်လာဈေး မတည်မငြိမ် ဖြစ်စေမှုတွေကို အမြန်ဆုံးထိန်း ကျောင်းလို့ရတဲ့ အဖြေရှာလို့ လွယ် ကူတဲ့ဖြစ်စဉ်တွေပါ။ ဗဟိုဘဏ်ရဲ့ ပြည်တွင်းဈေးနှုန်းတည်ငြိမ်အောင် လုပ်ဆောင်ဖို့တာဝန်၊ စားသုံးသူအ ကာအကွယ်ပေးရေး ဥပဒေ၊ ယှဉ် ပြိုင်မှုဥပဒေ စတဲ့ ဥပဒေတွေနဲ့ ငွေ ရေးကြေးရေးဥပဒေတွေ ကိုင်တွယ် ပြီး ဘက်ပေါင်းစုံနဲ့ ကျပ်ငွေတန်ဖိုး တည်ငြိမ်အောင် အဖြေရှာဖို့ လိုအပ် ပါတယ်။ တိုင်းသူပြည်သားတွေရဲ့ ငွေကြေးအကျပ်အတည်းဟာ အစိုးရ တစ်ရပ်ကို ပြုတ်ကျအောင် စွမ်း ဆောင်နိုင်တယ်ဆိုတာ ကမ္ဘာမှာရော မြန်မာမှာပါ သက်သေရှိပြီး သားပါ။ ကိုယ့်လက်ထဲမှာ ရှိနေတဲ့ နိုင်ငံခြားငွေလဲနှုန်း တည်ငြိမ်အောင် လုပ်ဆောင်ခွင့်ကို မထီမဲ့မြင်လုပ်ပြီး ဖြစ်သင့်တာထက် ပိုတန်ဖိုးကျနေ တာတွေကို လက်ပိုက်ကြည့်နေမယ် ဆို ၁၉၈၈ ခုနှစ်တုန်း ကလို၊ ၂၀၀၇ ခုနှစ် အကျပ်အတည်းလိုမျိုး ဖြစ်ရပ် တွေ ဖြစ်မလာနိုင်ပါဘူးလို့ ဘယ်သူမှ အာမခံနိုင်မှာ မဟုတ်ပါဘူး။

ဒေါ်လာဈေးဆွဲတင်မှုကြောင့် ပျောက်ရှသွားတဲ့ ပြည်သူ့ငွေတွေ ပြန်ပေးပါ

သြဂုတ် ၁၆ ရက်က အကုန်သိ မီဒီယာရဲ့ Facebook Page မှာ Poll တစ်ခု ကောက်ခဲ့တာ တွေ့ရပါတယ်။ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းပြီး ဒေါ်လာတန်ဖိုး တရိပ်ရိပ်တက်နေတာကို အစိုးရက (၁) တမင်လွှတ်ပေး ထားသလား၊ (၂) ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေသလားဆိုတဲ့ စစ်တမ်းပါ။ ဒီလူထုစစ်တမ်းကို ဆန္ဒပြုသူ ၄၀၀၀ ရှိခဲ့ပြီးတော့ အစိုးရက “တမင်လွှတ်ပေးထားတာလို့ ဖြေဆိုသူ ရာခိုင်နှုန်း ၇၀” အထိ ရှိခဲ့တာကို တွေ့ရပါတယ်။ အစိုးရက ထိန်းဖို့ ကြိုးစားနေတယ်လို့ ဖြေဆိုသူက ၁၂၀၀ ပဲ ရှိခဲ့ပြီး ရာခိုင်နှုန်း ၃၀ ကပဲ မဲပေးခဲ့တာ တွေ့ရပါတယ်။

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းပြီး ဒေါ်လာတန်ဖိုး တရိပ်ရိပ်တက်နေတာကို အစိုးရက တမင်လွှတ်ပေး ထားတယ်လို့ Facebook သုံးစွဲသူတွေက ဘာကြောင့်ထင်ခဲ့တာလဲလို့ မေးမယ်ဆိုရင် တစ်ဒေါ်လာ ကျပ် ၁၅၀၀ ဖြစ်အောင် ဆွဲတင်နေတယ်ဆိုတဲ့ စကားမျိုးကို ဘဏ်လုပ်ငန်းရှင် အသင်းက ခရိုနီတစ်ဦးက တင်ပြဖူးတာ၊ ပုဂ္ဂလိက ဘဏ်တချို့ရဲ့ ဗဟိုဘဏ်သတ်မှတ် စည်းမျဉ်းကျော်ပြီး ဒေါ်လာဈေး တင်ရောင်းချမှုကို ဗဟိုဘဏ်က အရေးယူဖို့ ပျက်ကွက်ရုံတင်မက ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေ ဈေးမကစားနိုင်အောင် စည်းဘောင် ကန့်သတ်ချက်ဖြစ်တဲ့  Plus or Minus ကို ကျပ်ငွေတန်ဖိုး ကျဆင်းအောင် ချိန်သားကိုက် ဖြေလျှော့ပေးပြီး ပြည်တွင်းဘဏ်တွေ ဒေါ်လာဈေး ရောင်းချင်သလို ရောင်းဖို့ တမင်သက်သက် လုပ်ဆောင်လိုက်တာ၊ တခြားနိုင်ငံတွေမှာ တစ်ရာခိုင်နှုန်း မပြည့်တဲ့ ငွေကြေးကျဆင်းမှုနဲ့ သူ့ငွေကြေး သူ့ဘာသာချလို့ ကျနေတဲ့ တရုတ်တောင် ကိုးရာခိုင်နှုန်းလောက်ပဲ ငွေကြေးတန်ဖိုး ကျဆင်းနေချိန်မှာ မြန်မာ့ငွေကြေးတန်ဖိုး ၁၃ ရာခိုင်နှုန်းလောက် ကျတာကို ဗဟိုဘဏ်က လက်ပိုက်ကြည့်နေခဲ့တာနဲ့ ၁၅၆၀ အထက်ကို တက်နေပြီဆိုမှ ဗဟိုဘဏ်နဲ့ အစိုးရက ရှေ့ထွက်လာခဲ့တာဆိုတဲ့ အခြေအနေတွေက ဒေါ်လာဈေး ကျပ် ၁၅၀၀ အထက်ရောက်အောင် လွှတ်ပေးထားတယ်လို့ ပြည်သူ့ထင်မြင်မှုကို ဖြစ်စေပါတယ်။

အနှစ် ၅၀ ကျော် ပျက်စီးခဲ့လို့၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကျလို့၊ ခရီးသွားတွေမလာလို့၊ သဘာဝဘေးဖြစ်လို့၊ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ဖြစ်လို့ ကျသင့်သလောက် ကျသွားတာကို ပြည်သူတွေက လက်သင့်ခံနိုင်ပေမဲ့ ဈေးကစားတာကြောင့် ကျသင့်တာထက်ပိုပြီး မြန်မာကျပ်ငွေတန်ဖိုး ကျတာနဲ့ ဗဟိုဘဏ်နဲ့ အစိုးရ တာဝန်ရှိသူတွေက လက်ပိုက်ကြည့်နေလို့ ကျသင့်တာထက်ပိုပြီး မြန်မာကျပ်ငွေတန်ဖိုး ကျတာမျိုးကိုတော့ ပြည်သူတွေက လက်သင့်ခံနိုင်မှာ မဟုတ်ပါဘူး။

အထူးသဖြင့် မြန်မာ့ငွေကြေးတန်ဖိုး ကျဆင်းမှုဟာ ပြဿနာအကြီးကြီး မဟုတ်ပါဘူးလို့ ပြောပြီးကာမှ ဒေါ်လာဈေး ဆက်တက်နေပြီး ကျပ်ငွေတန်ဖိုး ကျဆင်းမယ်ဆိုရင် အထွေထွေ ကျပ်တည်းမှုတွေ ရှိလာမယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးစီးပွားရေး အကြံပေးပုဂ္ဂိုလ် ရှောင်တာနယ်ရဲ့ ရှေ့နောက်မညီ ထင်ရာပြောကြားမှုမျိုးဟာ စီးပွားရေး အဆင်မပြေတာကြောင့် ပိုပိုပြီး ကျပ်တည်းလာနေတဲ့ ပြည်သူတွေကို ပြက်ရယ်ပြုရာ ကျပါတယ်။

ပြည်သူတွေ မြင်ချင်တာက ကျပ်ငွေတန်ဖိုး ကျဆင်းမှုဟာ ဖြစ်သင့်ရှိသင့်တဲ့ အခြေအနေမှာ တည်ငြိမ်နေဖို့ပါ။ တရုတ်-အမေရိကန် ကုန်သွယ်ရေး စစ်ပွဲဟာ ဘာဆက်ဖြစ်လာမလဲဆိုတာ မသိရသေးခင်မှာ မြန်မာနိုင်ငံက ပြိုလဲသွားလို့ မရသေးပါဘူး။ ဒီကုန်သွယ်ရေး စစ်ပွဲဟာ အစပဲ ဖြစ်နိုင်သေးသလို အဆုံးသတ်ကာနီးလည်း ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ အမေရိကန်ဟာ သူသာပထမဆိုတဲ့ အခြေအနေကို သူဖန်တီးပြခဲ့ပါပြီ။ ရှေ့မှာ သူအာဏာရှိနေသရွေ့ ဒီလိုမျိုးစစ်ပွဲတွေကို ဆက်ပြီးဖန်တီး နေဦးမယ်၊ မြန်မာနိုင်ငံကလည်း ဈေးကစားသူတွေနဲ့ နိုင်ငံခြားငွေယိုပေါက်တွေ မထိန်းနိုင်ဘဲ ဆက်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းနေဦးမယ်ဆိုရင် ဈေးကစားမှုနဲ့ တာဝန်ရှိသူတွေရဲ့ ကြိုတင်မြော်မြင်မှု နည်းပါးတဲ့ဒဏ်ကို မြန်မာပြည်သူတွေကပဲ ဆက်ပြီး ခံစားရဦးမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ဒေါ်လာဈေးဟာ ၁၄၉၅ ကျပ်လောက်အထိ ကျရိပ်ပြနေပါပြီ။ အပေါ်မှာ တွက်ပြခဲ့သလိုမျိုး တခြားနိုင်ငံတွေလို နှစ်ရာခိုင်နှုန်းပဲ တန်ဖိုးကျရင် အလွန်ဆုံးမှ တစ်ဒေါ်လာ ၁၃၈၀၊ ခြောက်ရာခိုင်နှုန်း တန်ဖိုးကျရင် ၁၄၃၂ ကျပ်ဆိုတဲ့ အခြေအနေမျိုးအထိ ထိန်းကျောင်းသွားပြီး ဗဟိုဘဏ်ရဲ့ ချိန်သားကိုက် ဖြေလျှော့မှုနဲ့ ကျပ်ငွေတန်ဖိုး ကျဆင်းအောင် ဈေးကစားခံရမှုမှာ ပျောက်ရှသွားတဲ့ ပြည်သူ့ငွေတွေရအောင် ပြန်လုပ်ပေးနိုင်မလား ဆိုတာနဲ့ ဈေးကွက်စီးပွားရေးဆိုပြီး မျက်စိမှိတ် လွှတ်ထားပေးတာကြောင့် အစိုးရတစ်ရပ်ကို ပြုတ်ကျအောင် လုပ်နိုင်တဲ့ ငွေကြေး အကျပ်အတည်းကပဲ တိုင်းပြည်ကို ဆွဲချသွားမလားဆိုတာ စောင့်ကြည့်ရင်း ဖြစ်သင့်တဲ့ ကျပ်ငွေတန်ဖိုး တည်ငြိမ်မှုကို ရရှိအောင် လုပ်ပေးပါလို့ပဲ တောင်းဆိုလိုက်ပါတယ်။

 

နိုင်ငံခြားငွေလဲနှုန်း အတက်ကြမ်းခြင်းကြောင့် သကြားနှင့်စက်သုံးဆီအား Re – export စနစ်ဖြင့် တင်ပို့ခွင့်လိုင်စင်ထုတ်ပေးခြင်းအား သြဂုတ် ၁၇ ရက်မှ စတင်ရပ်ဆိုင်း

ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ – ကြည်နိုင်)

နိုင်ငံခြားငွေလဲနှုန်း အတက်ကြမ်းခြင်းကြောင့် သကြားနှင့်စက်သုံးဆီအား Re – export စနစ်ဖြင့်  တင်ပို့ခွင့်လိုင်စင်ထုတ်ပေးခြင်းအား သြဂုတ် ၁၇ ရက်မှ စတင်ရပ်ဆိုင်းလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“Re – export ပိတ်လိုက်ပါတယ်။ သကြား၊ ဒီဇယ်ကြောင့်မို့ ငွေဈေးတက်တယ်ဆိုပြီး ပြောကြတယ်။ သုံးသပ်ကြတယ်။ အဲဒီအတွက် Re – export လိုင်စင်ထုတ်ပေးတာကို ပိတ်ခိုင်းတယ်။ ဒါတွေကို ပို့ကုန်သွင်းကုန်လိုင်စင်ဌာနမှာ တရားဝင်ကြေညာထားပြီ ဖြစ်ပါတယ်။ ဒီနေ့ (သြဂုတ်၁၇) ကစပြီး Re – export လိုင်စင်ထုတ်ပေးခြင်း မပြုဘူး။ အရင်ထုတ်ပေးပြီးသား ဥစ္စာတွေကတော့ သူ့ Process အတိုင်း ဆောင်ရွက်ခွင့်ရှိတယ်။ အသစ်သာ မပေးတော့တာ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ယင်းကဲ့သို့ Re – export တင်ပို့ခြင်းကို ၂၀၁၅ ခုနှစ် သြဂုတ်မှစတင်ကာ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကာ Re – export စနစ်ဖြင့် တင်ပို့နိုင်ရန် သကြား၊ ကွမ်းသီး၊ နှမ်း၊ ၀ါဂွမ်းတို့ကို ခွင့်ပြုပေးထားကြောင်း သိရသည်။

“လောလောဆယ်မှာ သကြားနဲ့ဒီဇယ်နဲ့ကို ပိတ်လိုက်တယ်။ အများဆုံးဖြစ်တဲ့အမည်တွေကို ပိတ်လိုက်တယ်” ဟု ညွှန်ကြားရေးမှူး ချုပ်ဦးရန်နိုင်ထွန်းက ဆိုသည်။

“Re – export လုပ်ကိစ္စကို ကန့်သတ်တယ်လို့ ကျွန်တော်တို့ ကြားပါတယ်။ စက်သုံးဆီရယ် သကြားရယ် နှစ်ခုပေါ့နော်။ အဲဒီနှစ်ခု  Re – export လုပ်တဲ့ကိစ္စကို ကန့်သတ်တယ်လို့ ကြားတာပါ” ဟု မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အဓိကကတော့ နိုင်ငံခြားငွေသုံးစွဲမှုတွေ များတယ်ဆိုပြီးပိတ်တယ်လို့ ယူဆတယ်၊ အဲတော့ Re – export သွားတဲ့အခါမှာ ငွေကြေးသုံးစွဲရတာရှိတာပေါ့။ ငွေကြေးသုံးစွဲတယ်ဆိုတာ နိုင်ငံခြားက၀ယ်တယ်။ ၀ယ်ပြီးတော့မှ Re – export ပြန်လုပ်ရတာပေါ့နော်။ အဲဒီကြားထဲမှာ ငွေကြေးလည်ပတ်မှုတစ်ခုတော့ သွားရတာပေါ့။ သွားတဲ့အခါ သုံးရတဲ့ ငွေကြေးနဲ့ ကျွန်တော်တို့နိုင်ငံက ပြန်ရတဲ့ကိစ္စရှိတာပေါ့နော်။ သုံးရတဲ့ ငွေကြေးပမာဏက ဘယ်လောက်ရှိလဲ။ ကျွန်တော်တို့နိုင်ငံက အလကား ဒါကြီးကလုပ်နေတာ မဟုတ်ဘူးလေ။ အားလုံးနိုင်ငံခြားက တင်သွင်းပြီဆိုတာနဲ့  မော်တော်ကားမောင်းတဲ့သူတွေ တင်သွင်းတဲ့သူတွေက ပထမဦးဆုံး အကျိုးအမြတ် အထိုက်အလျောက်ရတာပေါ့လေ။ ပြီးရင် အလုပ်သမားတွေ အလုပ်ရတာပေါ့လေ။ နိုင်ငံတော်ကလည်း အကျိုးအမြတ်ရပါတယ်။ အခုတော့ ငွေကြေးဈေးတက်တယ်ဆိုတာဒါကြောင့်ဆိုပြီးပြောတာ ဟုတ်မ ဟုတ်ဆိုတာတော့ သေသေချာချာပြန်ပြီး စိစစ်ဖို့လိုလိမ့်မယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယခုဘဏ္ဍာနှစ်ကြားကာလ နှစ်လခွဲအတွင်း ပြည်ပမှ စက်သုံးဆီတင်သွင်းမှုသည် ယခင်နှစ်ကာလတူထက် တန်ချိန်ကိုးသောင်းကျော် ပိုမိုတင်သွင်းထားကာ အမေရိကန်ဒေါ်လာသန်း ၂၅၀ ကျော် တန်ဖိုးအထိ ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ် ဇွန် ၁၅ ရက်အထိ ပြည်ပမှ စက်သုံးဆီတင်သွင်းမှုသည် တန်ဖိုးငွေ အမေရိကန်ဒေါ်လာ  ၈၈၅  ဒသမ ၃၁၀ သန်းအထိ တင်သွင်းထားပြီး ယခင်နှင့်ကာလတူက တန်ဖိုးငွေအမေရိကန်ဒေါ်လာ  ၆၂၉ ဒသမ ၅၃၀ သန်းသာတင်သွင်းထားသည့်အတွက် ယခုဘဏ္ဍာနှစ်ကြားကာလ နှစ်လခွဲအတွင်း စက်သုံးဆီတင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၂၅၅ ဒသမ ၇၈၀ သန်းအထိ ပိုမိုတင်သွင်းထားခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ် ဇွန် ၁၅ ရက်အထိ ဓာတ် ဆီတန်ချိန် ၄၂၀,၇၉၈ ဒသမ ၆၀၈ အထိ တင်သွင်းထားပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၂၉၄ ဒသမ ၃၀၇ သန်းအထိရှိပြီး ယခင် နှစ်ကာလတူက တန်ချိန် ၃၉၆,၀၆၂ အထိ သာ တင်သွင်းထားကာ တန်ဖိုးအမေရိကန်ဒေါ်လာ ၂၁၈ ဒသမ ၆၈၉ သန်းအထိသာရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ် ဇွန် ၁၅ ရက်အထိ ဒီဇယ် ၄၉၀ ဒသမ ၉၂၀ သန်းအထိတင်သွင်းထားပြီး ယခင်နှစ်ကာလတူတွင်မှု တန်ဖိုးအမေရိကန်ဒေါ်လာ ၃၃၅ ဒသမ ၉၆၃ သန်းအထိ သာတင်သွင်းထားပြီး ယခုဘဏ္ဍာနှစ်ကြား ကာလနှစ်ခွဲတွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၁၅၅ သန်းနီးပါးအထိ ပိုမိုတင်သွင်းထားကြောင်း သိရသည်။

ဒေါ်လာဈေး အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ ယခုလအတွင်း တွေ့ဆုံရန် စီစဉ်

ဒေါ်လာဈေး အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ ယခုလအတွင်း တွေ့ဆုံရန် စီစဉ်နေကြောင်း သိရသည်။

သြဂုတ် ၁၆ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ သတင်းစာရှင်းလင်းပွဲ အပြီးတွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အဲဒါကို အတိုင်ပင်ခံပုဂ္ဂိုလ်ရယ်၊ ဗဟိုဘဏ်ဥက္ကဋ္ဌနဲ့ တာဝန်ရှိတဲ့ သူတွေ။ နောက် စီးပွားရေးဝန်ကြီးဌာနက လူတွေနဲ့ အမြဲမပြတ် ဆွေးနွေးနေပါတယ်။ နောက် ဒီလာမယ့် ဒီလနှောင်းပိုင်းမှာလည်း ကျွန်တော်တို့ စီးပွားရေးနယ်ပယ်မှာရှိတဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံးနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တွေ့ဖို့ ရှိပါတယ်။ အဲဒါလည်း ကျွန်တော်တို့ စီစဉ်နေတယ်။ ဆိုလိုတာက အစိုးရပိုင်းက ပေါ်လစီတွေကို ထိန်းညှိတဲ့အပိုင်း၊ လုပ်ငန်းရှင်တွေအပိုင်းက စီးပွားရေးနဲ့ ပတ်သက်လို့ လူးသာ လွန့်သာပေါ့၊ ဖြစ်အောင် လုပ်ရမယ့်အပိုင်း။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဆီလည်း စီးပွားရေးနဲ့ ပတ်သက်တဲ့ ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေကနေ အကြံဉာဏ်တွေ၊ ပေးပို့ချက်တွေလည်း ရနေပါတယ်။ ဒါကိုတော့ ပြောရရင်တော့ အတိုင်ပင်ခံပုဂ္ဂိုလ်ရော၊ ကျွန်တော်တို့ သမ္မတကြီးရော နောက် စီးပွားရေးဆိုင်ရာ တာဝန်ရှိတဲ့သူတွေရော အကောင်းဆုံးတော့ ညှိနှိုင်းပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်”ဟု ဦးဇော်ဌေးက ပြောကြားသည်။

ဆက်လက်၍ “အဓိက,က ကျွန်တော်တို့ နိုင်ငံရဲ့ Foreign Result က နိုင်ငံခြား အရန်ငွေပမာဏက ဘယ်လောက်ထိန်းမလဲပေါ့။ ဒီ Local မှာရှိနေတဲ့ Supply , Demand ။ ဒီ ဈေးကွက်ကြီးကို ထိန်းချုပ်နိုင်လောက်အောင် ကျွန်တော်တို့က ဘယ်လောက်အထိ ထိန်းနိုင်မလဲ။ တစ်နေ့ကို ဥပမာ ဒေါ်လာတစ်သန်း ထည့်မယ်ဆိုရင် ၀ယ်တဲ့သူကိုလည်း ကျွန်တော်တို့ သတ်မှတ်တဲ့ဈေးနဲ့ ရောင်းပေးရမယ်။ ရောင်းတဲ့သူကိုလည်း ကျွန်တော်တို့က ၀ယ်ပေးနိုင်ရမယ်။ ဗဟိုဘဏ်က ဒီအနေအထားမှာ ကျွန်တော်တို့ ခုကတော့ ဗဟိုဘဏ်က သူ့ဘာသူ ချိန်ညှိပြီးတော့ လုပ်တာတွေ ဒီ Float လုပ်ထားတာကို ဖြုတ်လိုက်တယ်ပေါ့နော်။ ဖြုတ်လိုက်တယ်။ ဒီ Free Float ပုံစံမျိုး ထားထားတယ်။ အရင်တုန်းက Manage Float ပေါ့နော်။ အဲဒီပုံစံမျိုးကနေပြီးတော့ အထူးသဖြင့် လူတွေက ဒီထက်ပိုပြီး ဈေးတက်လာမှာ စိုးရိမ်တဲ့အတွက် ကြိုပြီးတော့ ၀ယ်ကြတာတွေ ရှိတယ်။ အဲဒါတွေလည်း လန့်ပြီးတော့ စိုးရိမ်ပြီးတော့ ငွေတွေပိုပြီးတော့ စုထားတယ်။ အစိမ်းတွေ ၀ယ်ပြီးတော့ စုဆောင်းတဲ့အခါမှာ ဈေးကွက်ထဲမှာ ၀ယ်လိုအားက ပိုများသွားတယ်။ ဒါပေမဲ့ ဒီနေ့ပဲ ကြည့်လိုက်ရင် နည်းနည်းလေး ပြန်ကျလာတယ်။ မနက်ပိုင်းမှာ ၁၅၆၀ လောက်အထိ ဖြစ်သွားပြီး အခု ၂၀ ကျော်လောက် ပြန်ကျသွားတယ်လို့ သိရတယ်”ဟု ၎င်းက ဆိုသည်။

ပြည်တွင်းမှာ ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေလဲလှယ်နှုန်း နိမ့်ကျသွားရန်နှင့် မြင့်မားသွားရန် မလိုအပ်ဘဲ တန်ဖိုးတစ်ခုတွင် တည်ငြိမ်နေရန် လိုအပ်ကြောင်းလည်း ဦးဇော်ဌေးက ပြောကြားသည်။

ဦးဇော်ဌေးက “အခုက ကျွန်တော်တို့က အရမ်းအပြောင်းအလဲက မြန်နေတော့ ဒီအနေအထားလေးကိုတော့ ဒီရက်ပိုင်းမှာတော့ မကြာခင်မှာတော့ ငြိမ်သွားမယ်လို့ ကျွန်တော်တို့က မျှော်လင့်တယ်” ဟု ပြောကြားသည်။

ဗဟိုဘဏ်က လေလံဈေးကွက်မှတစ်ဆင့် ဒေါ်လာလေးသန်း ထုတ်ရောင်းပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၅၆၀ အထိ စံချိန်တင် ဆက်တက်ခဲ့သော်လည်း မွန်းလွဲပိုင်းတွင် ကျပ် ၁၅၃၀ သို့ ပြန်လည်ကျဆင်း

ရန်ကုန်မြို့ရှိ ငွေလွှဲကောင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ် ၁၆ ရက်တွင် လေလံဈေးကွက်မှတစ်ဆင့် ဒေါ်လာလေးသန်း ထုတ်ရောင်းခဲ့ပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၅၆၀ အထိ စံချိန်တင် ဆက်လက်မြင့်တက်ခဲ့သော်လည်း မွန်းလွဲပိုင်းတွင် ကျပ် ၁၅၃၀ သို့ ပြန်လည်ကျဆင်းခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို သြဂုတ် ၁၆ ရက်တွင် ၁၄၉၈ ကျပ်အထိ မြှင့်တင်ခဲ့ပြီး သြဂုတ် ၁၅ ရက် နှုန်းထက် ၂၃ ကျပ် ပိုမိုများပြားသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း တစ်ရက်လျှင် ဒေါ်လာတစ်သိန်းသာ ထုတ်ရောင်းလျက်ရှိရာမှ နိုင်ငံခြားငွေရောင်းဝယ်ရာတွင် ဗဟိုဘဏ်၏ သတ်မှတ်ချက်ဘောင် ပယ်ဖျက်ပြီးနောက် သြဂုတ် ၁၅ ရက်တွင် ဒေါ်လာ ၁ ဒသမ ၆၅ သန်း၊ သြဂုတ် ၁၆ ရက်တွင် ဒေါ်လာ လေးသန်းအထိ လေလံဈေးကွက်၌ ထုတ်ရောင်းခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲ တင်းမာမှုများအတွက် တရုတ်နှင့် အမေရိကန်အစိုးရ ညှိနှိုင်းမှုများ ပြုလုပ်မည်ဆိုသော သတင်းကြောင့် ဒေါ်လာဆက်တိုက်မြင့်တက်နေရာမှ အားပြန်လျော့လာကာ ဆွေးနွေးမှု အဆင်ပြေပါက ထွန်းသစ်စနိုင်ငံများ၏ ငွေကြေးတန်ဖိုး ကျဆင်းမှုများအတွက် အသက်ရှူပေါက် ရနိုင်မည်ဖြစ်သည်။ သြဂုတ် ၆ ရက် မွန်းလွဲပိုင်းအထိ တူရကီငွေကြေးအကျပ်အတည်းနှင့် တရုတ်စီးပွားရေးကျဆင်းမှုတို့အပေါ် ဈေးကွက်စိုးရိမ်မှုများ ဆက်ရှိနေမှုနှင့်အတူ ဒေါ်လာညွှန်းကိန်းမှာလည်း ၉၆ ပွိုင့်အကျော် အမြင့်တန်းတွင် ဆက်ရှိနေသည်။ တရုတ်ယွမ်ငွေမှာ သြဂုတ် ၁၆ ရက်တွင် ဒေါ်လာနှင့်ယှဉ်လျှင် တစ်ဒေါ်လာ ၆ ဒသမ ၉၁ ယွမ်ဝန်းကျင် ဖြစ်နေကာ ကျပ် ၁၀၀ လျှင် ၀ ဒသမ ၄၆ ယွမ်ဝန်းကျင် ဖြစ်သည်။

ပြီးခဲ့သည့် ငါးလအတွင်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်းများမှာ ဖေဖော်ဝါရီတွင် ၉၀ ဒသမ ၄၃ ပွိုင့်၊ မတ်တွင် ၉၀ ဒသမ ၃၇ ပွိုင့်၊ ဧပြီတွင် ၉၁ ဒသမ ၇၁ ပွိုင့်၊ မေတွင် ၉၄ ဒသမ ၈၃ ပွိုင့်၊ ဇွန်တွင် ၉၅ ဒသမ ၂၁ ပွိုင့်ဖြစ်ပြီး ဇူလိုင်တွင် ၉၅ ဒသမ ၃၉ ပွိုင့်ဝန်းကျင် ဖြစ်ပေါ်ခဲ့ကာ သြဂုတ် ၁၅ ရက်တွင် ၉၆ ဒသမ ၆၆ ပွိုင့်ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံချိန်ကို ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့် ချိုးခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် ၁၄၄၃ ကျပ်၊ သြဂုတ် ၁ ရက်တွင် ၁၄၄၇ ကျပ်၊ သြဂုတ် ၂ ရက်တွင် ၁၄၅၁ ကျပ်၊ သြဂုတ် ၃ ရက်တွင် ၁၄၆၅ ကျပ်၊ သြဂုတ် ၇ ရက်တွင် ၁၄၇၅ ကျပ်၊ သြဂုတ် ၁၄ ရက်တွင် ၁၄၈၈ ကျပ်၊ သြဂုတ် ၁၅ ရက်တွင် ၁၅၂၇ ကျပ်၊ သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၆၀ အထိ စံချိန်တင် ဆက်လက်မြင့်တက်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဇွန် ၁၁ ရက်တွင် ဖြစ်ပေါ်သော တစ်ဒေါ်လာ ၁၃၄၆ ကျပ်နှင့် သြဂုတ် ၁၆ ရက်တွင် ဖြစ်ပေါ်သော တစ်ဒေါ်လာ ကျပ် ၁၅၆၀ နှင့် နှိုင်းယှဉ်ပါက နှစ်လကျော်အတွင်း ၂၁၄ ကျပ်၊ ၁၆ ရာခိုင်နှုန်းခန့်အထိ ကျပ်ငွေတန်ဖိုး ကျဆင်းခဲ့သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇန်န၀ါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်တွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇၊ ဇူလိုင်တွင် ၁၃၈၄-၁၄၄၃ တို့ဖြစ်ပြီး ဇွန်လတွင် ကွာဟချက် အများဆုံးဖြစ်ခဲ့သည်။

ပြည်တွင်းဈေးကွက်အတွင်း သြဂုတ် ၁၆ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၇၁၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၁၀၀ ကျပ်၊ မလေးရှားရင်းဂစ် ၃၆၅ ကျပ်၊ ထိုင်းဘတ် ၄၇ ကျပ်၊ တရုတ်ယွမ် ၂၁၈ ကျပ်၊ ဂျပန် ယန်း ၁၃ ဒသမ ၅၀ ကျပ်၊ တောင်ကိုရီးယား ၀မ် ၁ ဒသမ ၄၀ ကျပ်ဖြစ်သည်။

နိုင်ငံခြားငွေ ရောင်းဝယ်ရာတွင် လိုက်နာရမည့် သတ်မှတ်ချက်ဘောင်ကို ဗဟိုဘဏ်က ပယ်ဖျက်ခဲ့ပြီးနောက် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၈၈ ကျပ်အထိ စံချိန်တင် ဆက်လက်မြင့်တက်

ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ရေး ကောင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

နိုင်ငံခြားငွေ ရောင်းဝယ်ရာတွင် လိုက်နာရမည့် သတ်မှတ်ချက်ဘောင်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပယ်ဖျက်ခဲ့ပြီးနောက် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၈၈ ကျပ်အထိ စံချိန်တင် ဆက်လက် မြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

နိုင်ငံခြားငွေ ရောင်းဝယ်ရာတွင် ဗဟိုဘဏ်၏ သတ်မှတ်ချက် (ဗဟိုဘဏ် ရည်ညွှန်း ငွေလဲလှယ်နှုန်း + ၀ ဒသမ ၈ ရာခိုင်နှုန်း) ဘောင်အတွင်း ဆောင်ရွက်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်း ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး ယခုဗဟိုဘဏ်က သြဂုတ် ၁၃ ရက်တွင် အမှာစာဖြင့် ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ညွှန်ကြားချက်မှာ နိုင်ငံခြားရသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorized Dealer License – A.D) ရ ဘဏ်များအားလုံး၊ နိုင်ငံခြားငွေများ ၀ယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင် (Money Changer License – M.C) ရရှိသူများအားလုံး အကျုံးဝင်သည်။

“ဗဟိုဘဏ်က ရည်ညွှန်းသတ်မှတ်ဈေးနဲ့ အပြင်ဈေးနှုန်း သိပ်မကွာအောင်၊ ပြင်ပပေါက်ဈေးနဲ့ ဘဏ်ကောင်တာဈေးနှုန်း မကွာအောင် လုပ်တဲ့သဘောပါ။ ဒီလိုလုပ်တဲ့အတွက် ဘဏ်တွေနဲ့ တရားဝင ငွေလဲကောင်တာတွေ အပြင်ပေါက်ဈေးအတိုင်း တရားဝင် အရောင်းအ၀ယ်လုပ်လို့ ကောင်းလာမှာပါ။ ငွေကြေးဈေးကွက်အတွက် ကောင်းတဲ့အပြောင်းအလဲလို့ ယူဆပေမယ့် သာမန်လူတွေအတွက် သိပ်နားမလည်တော့ ဈေးကွက်တော့ အလှုပ်အခတ် ဖြစ်သွားတယ်။ ဒီကိစ္စ ပြေလည်သွားရင် ကမ္ဘာ့ဒေါ်လာဈေး ကျတာနဲ့ ပြန်ကျလာမှာပါ။ ဒီနေ့တောင် ကမ္ဘာ့ဈေးကွက်မှာ ဒေါ်လာဆက်မတက်ဘူး။ ဒီမှာသာ တက်သွားတာပါ” ဟု နိုင်ငံခြားငွေကြေး လဲလှယ်ရောင်းဝယ်ရေး ကောင်တာပိုင်ရှင် တစ်ဦးက ပြောကြားသည်။

သြဂုတ် ၁၃ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၁၃ လအတွင်း အမြင့်ဆုံးနှုန်းအဖြစ် ၉၆ ဒသမ ၃၅ ပွိုင့်ဝန်းကျင်ရောက်ပြီး သြဂုတ် ၁၄ ရက်တွင် ၉၆ ဒသမ ၀၃ ပွိုင့်ဝန်းကျင်သို့ ပြန်ကျခဲ့သည်။ ဒေါ်လာသည် အမြင့်ဆုံးတန်းမှ ပြန်ကျပြီး ယွမ်ငွေတန်ဖိုး အကျရပ်သွားသော်လည်း ပြည်တွင်းဈေးကွက်တွင် ငါးရက်အတွင်း ကျပ် ၃၀ ကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံချိန်ကို ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့် ချိုးခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် ၁၄၄၃ ကျပ်၊ သြဂုတ် ၁ ရက်တွင် ၁၄၄၇ ကျပ်၊ သြဂုတ် ၂ ရက်တွင် ၁၄၅၁ ကျပ်၊ သြဂုတ် ၃ ရက်တွင် ၁၄၆၅ ကျပ်၊ သြဂုတ် ၇ ရက်တွင် ၁၄၇၅ ကျပ်အထိ စံချိန်တင် ဆက်လက်မြင့်တက်ခဲ့သည်။ သြဂုတ် ၁၀  တွင် ၁၄၅၅ ကျပ်အထိ ကျဆင်းခဲ့သော်လည်း သြဂုတ် ၁၄ ရက်တွင် ၁၄၈၈ ကျပ်အထိ စံချိန်တင် ဆက်လက်မြင့်တက်ခဲ့သည်။

ဈေးကွက်အတွင်း ဒေါ်လာဈေး မြင့်တက်မှုကြောင့် နိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်းဘဏ်များ လေလံဈေးကွက်မှတစ်ဆင့် နေ့စဉ် ဒေါ်လာတစ်သိန်း ထုတ်ရောင်းလျက်ရှိပြီး ပုဂ္ဂလိကဘဏ်များကို ဒေါ်လာများ ထုတ်ချေးရန်နှင့် သွင်းကုန်လုပ်ငန်းရှင်များကို ဒေါ်လာထုတ်ရောင်းရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ သြဂုတ် ၁၄ ရက်အတွက် သတ်မှတ်ထားသော ဗဟိုဘဏ်ရည်ညွှန်း ငွေလဲနှုန်းမှာ ကျပ် ၁၄၆၀ ဖြစ်သည်။

ပြီးခဲ့သည့် ငါးလအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းများမှာ ဖေဖော်ဝါရီတွင် ၉၀ ဒသမ ၄၃ ပွိုင့်၊ မတ်တွင် ၉၀ ဒသမ ၃၇ ပွိုင့်၊ ဧပြီတွင် ၉၁ ဒသမ ၇၁ ပွိုင့်၊ မေတွင် ၉၄ ဒသမ ၈၃ ပွိုင့်၊ ဇွန်တွင် ၉၅ ဒသမ ၂၁ ပွိုင့်ဖြစ်ပြီး ဇူလိုင်တွင် ၉၅ ဒသမ ၃၉ ပွိုင့်ဝန်းကျင် ဖြစ်ပေါ်ခဲ့ကာ သြဂုတ် ၁၄ ရက်တွင် ၉၆ ပွိုင့်ကျော် ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက် ခဲ့ခြင်းဖြစ်ပြီး  ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇန်န၀ါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်တွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇၊ ဇူလိုင်တွင် ၁၃၈၄-၁၄၄၃ တို့ဖြစ်ပြီး ဇွန်လတွင် ကွာဟချက် အများဆုံးဖြစ်ခဲ့သည်။

ပြည်တွင်းဈေးကွက်အတွင်း သြဂုတ် ၁၄ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှု နှုန်းထားများမှာ ယူရို ၁၆၇၅ ကျပ်၊ စင်ကာပူဒေါ်လာ ၁၀၇၂ ကျပ်၊ မလေးရှားရင်းဂစ် ၃၅၈ ကျပ်၊ ထိုင်းဘတ် ၄၄ ဒသမ ၅၀ ကျပ်၊ တရုတ်ယွမ် ၂၁၄  ကျပ်၊ ဂျပန် ယန်း ၁၃ ဒသမ ၂၀ ကျပ်၊ တောင်ကိုရီးယားဝမ် ၁ ဒသမ ၄၀ ကျပ်ဖြစ်သည်။

 

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၅ ပွိုင့်အထက်ပြန်ရောက်ပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၆၃ ကျပ်အထိ ကျဆင်း

သြဂုတ် ၉ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၅ ပွိုင့်အထက် ပြန်ရောက်ပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၆၃ ကျပ်အထိ ကျဆင်းခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံချိန်ကို ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့်ချိုးခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် ၁၄၄၃ ကျပ်၊ သြဂုတ် ၁ ရက်တွင် ၁၄၄၇ ကျပ်၊ သြဂုတ် ၂ ရက်တွင် ၁၄၅၁ ကျပ်၊ သြဂုတ် ၃ ရက်တွင် ၁၄၆၅ ကျပ်၊ သြဂုတ် ၇ ရက်တွင် ၁၄၇၅ ကျပ်အထိ စံချိန်တင် ဆက်လက်မြင့်တက်ခဲ့ကာ သြဂုတ် ၉ ရက်တွင် ၁၄၆၃ ကျပ်အထိ ပြန်ကျလာခဲ့သည်။

ပြည်တွင်းဈေးကွက်တွင် ဇွန်လလယ်မှစ၍ ဒေါ်လာဈေး သိသိသာသာ စတင်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဇွန် ၁၁ ရက်တွင် ၁၃၄၆ ကျပ်ဝန်းကျင် ဖြစ်ပေါ်နေသော ဒေါ်လာဈေးသည် ဇွန် ၂၈ ရက်တွင် ၁၄၀၇ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။ ဇူလိုင် ၁ ရက်တွင် ၁၃၈၄ ကျပ်အထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ကျပ် ၁၄၀၀၊ ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀၊ ဇူလိုင် ၃၁ ရက်တွင် ၁၄၄၄ ကျပ်၊ သြဂုတ် ၁ ရက်တွင် ၁၄၄၇ ကျပ်၊ သြဂုတ် ၂ ရက်တွင် ၁၄၅၁ ကျပ်၊ သြဂုတ် ၃ ရက်တွင် ၁၄၆၅ ကျပ်၊ သြဂုတ် ၇ ရက်တွင် ၁၄၇၅ ကျပ်အထိ မြင့်တက်ခဲ့သည်။ သြဂုတ် ၉ ရက်တွင် သတ်မှတ်ထားသော ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းမှာ ၁၄၄၂ ကျပ်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်အတွင်း သြဂုတ် ၉ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၆၉၅ ကျပ်၊ စင်ကာပူဒေါ်လာ ၁၀၇၅ ကျပ်၊ မလေးရှားရင်းဂစ် ၃၆၀ ကျပ်၊ ထိုင်းဘတ် ၄၄ ဒသမ ၄၅ ကျပ်၊ တရုတ်ယွမ် ၂၁၄ ကျပ်ဖြစ်သည်။

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၇၅ ကျပ်အထိ စံချိန်တင်ဆက်လက်မြင့်တက်ပြီး ပို့ကုန်ရငွေ ၁၄၇၈ ကျပ်၊ စင်ကာပူဘဏ်စာရင်းဈေး ၁၄၈၄ ကျပ်အထိ ရောက်လာ

ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲလှယ် ရောင်းဝယ်ရေးကောင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

သြဂုတ် ၇ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၇၅ ကျပ်အထိ စံချိန်တင် ဆက်လက်မြင့်တက်ခဲ့ပြီး ပို့ကုန်ရငွေ ၁၄၇၈ ကျပ်၊ စင်ကာပူဘဏ်စာရင်းဈေး (Away) ကျပ် ၁၄၈၄ အထိ ရောက်ရှိလာကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

အမေရိကန်တွင် အတိုးနှုန်း ဆက်လက်တိုးမြှင့်မည့်အခြေအနေနှင့် အမေရိကန်-တရုတ်အကြား ဖြစ်ပေါ်နေသည့် ကုန်သွယ်ရေး စစ်ပွဲအခြေအနေ အရှိန်မြင့်တက်မှုတို့က ဒေါ်လာကို ဆက်လက်အားကောင်းစေလျက်ရှိပြီး တရုတ်ယွမ်ငွေမှာ ဒေါ်လာနှင့်ယှဉ်ပါက ဆက်လက်ကျဆင်းနေသည်။ တရုတ်ယွမ်ငွေမှာ သြဂုတ် ၇ ရက်တွင် ဒေါ်လာနှင့် ယှဉ်လျှင် တစ်ဒေါ်လာ ၆ ဒသမ ၉၅ ယွမ်ဝန်းကျင်ဖြစ်နေကာ ကျပ် ၁၀၀ လျှင်  ၀ ဒသမ ၄၇ ယွမ်ဝန်းကျင် ဖြစ်သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံချိန်ကို ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀  ဖြင့် ချိုးခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် ၁၄၄၃ ကျပ်၊ သြဂုတ် ၁ ရက်တွင် ၁၄၄၇ ကျပ်၊ သြဂုတ် ၂ ရက်တွင် ၁၄၅၁ ကျပ်၊ သြဂုတ် ၃ ရက်တွင် ၁၄၆၅ ကျပ်၊ သြဂုတ် ၇ ရက်တွင် ၁၄၇၅ ကျပ်အထိ စံချိန်တင် ဆက်လက်မြင့်တက်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဇွန်လဒုတိယပတ်မှ စတင်ကာ ဒေါ်လာဈေးများ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ဇွန် ၁၁ ရက်မှ သြဂုတ် ၇ ရက်အထိ တစ်ဒေါ်လာ ၁၂၉  ကျပ် အထိမြင့်တက်ခဲ့ကာ ယင်းကာလအတွင်း မြန်မာကျပ်ငွေ တန်ဖိုး ၉ ဒသမ ၅၈ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

ပြီးခဲ့သည့် ငါးလအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်းများမှာ ဖေဖော်ဝါရီတွင် ၉၀ ဒသမ ၄၃ ပွိုင့်၊ မတ်တွင် ၉၀ ဒသမ ၃၇ ပွိုင့်၊ ဧပြီတွင်  ၉၁ ဒသမ ၇၁ ပွိုင့်၊ မေတွင် ၉၄ ဒသမ ၈၃ ပွိုင့်၊ ဇွန်တွင် ၉၅ ဒသမ ၂၁ ပွိုင့်ဖြစ်ပြီး ဇူလိုင်တွင် ၉၅ ဒသမ ၃၉ ပွိုင့်ဝန်းကျင်ဖြစ်ပေါ်ခဲ့ကာ သြဂုတ် ၇ ရက်မွန်းလွဲပိုင်းအထိ ၉၅ ပွိုင့်အထက်၌ ရှိနေဆဲဖြစ်သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး  ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇန်န၀ါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်တွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇၊ ဇူလိုင်တွင် ၁၃၈၄-၁၄၄၃ တို့ဖြစ်ပြီး ဇွန်လတွင် ကွာဟချက်အများဆုံး ဖြစ်ခဲ့သည်။

ပြည်တွင်းဈေးကွက်တွင် ဇွန်လလယ်မှစ၍ ဒေါ်လာဈေးသိသိသာသာ စတင်လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ဇွန် ၁၁ ရက်တွင် ၁၃၄၆ ကျပ်ဝန်းကျင် ဖြစ်ပေါ်နေသော ဒေါ်လာဈေးသည် ဇွန်၂၈ ရက်တွင် ၁၄၀၇ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။ ဇူလိုင် ၁ ရက်တွင် ၁၃၈၄ ကျပ်အထိ ကျဆင်းခဲ့ပြီး ဇူလိုင်  ၁၀ ရက်တွင် ကျပ် ၁၄၀၀၊ ဇူလိုင် ၁၂ ရက်တွင် ကျပ် ၁၄၁၀၊ ဇူလိုင် ၁၈ ရက်တွင် ၁၄၂၆ ကျပ်၊ ဇူလိုင် ၂၄ ရက်တွင် ၁၄၃၂ ကျပ်၊ ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀၊ ဇူလိုင် ၃၁ ရက်တွင် ၁၄၄၄ ကျပ်၊ သြဂုတ် ၁ ရက်တွင် ၁၄၄၇ ကျပ်၊ သြဂုတ် ၂ ရက်တွင် ၁၄၅၁  ကျပ်၊ သြဂုတ် ၃ ရက်တွင် ၁၄၆၅ ကျပ်၊ သြဂုတ် ၇ ရက်တွင် ၁၄၇၅ ကျပ်အထိ မြင့်တက်ခဲ့သည်။ သြဂုတ် ၇ ရက်တွင် သတ်မှတ်ထားသော ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းမှာ ၁၄၃၈ ကျပ်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်အတွင်း သြဂုတ် ၇ ရက်တွင်ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၆၈၅ ကျပ်၊ စင်ကာပူဒေါ်လာ ၁၀၇၀ ကျပ်၊ မလေးရှားရင်းဂစ် ၃၅၆ ကျပ်၊ ထိုင်းဘတ် ၄၄ ဒသမ ၂၅ ကျပ်၊ တရုတ်ယွမ် ၂၁၂ ကျပ်၊ ဂျပန် ယန်း ၁၃ ကျပ်၊ တောင်ကိုရီးယားဝမ် ၁ ဒသမ ၄၀ ကျပ် ဖြစ်သည်။