၂၀၁၈ ခုနှစ် ဧပြီမှ ဇူလိုင်လအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈၂၉ သန်းကျော်ခွင့်ပြုခဲ့ပြီး ကုန်ထုတ်လုပ်မှုနှင့် ဆက်သွယ်ရေးကဏ္ဍသို့ အများဆုံးဝင်ရောက်

၂၀၁၈ ခုနှစ် ဧပြီမှ ဇူလိုင်လအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈၂၉ သန်း ကျော်ခွင့်ပြုခဲ့ပြီး ကုန်ထုတ်လုပ်မှုနှင့် ဆက်သွယ်ရေးကဏ္ဍသို့ အများဆုံးဝင်ရောက်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၁၂ ခုအနက် ကဏ္ဍခုနစ်ခုသို့ လေးလအတွင်း လုပ်ငန်း ၅၃ ခုဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် လုပ်ငန်း ၃၉ ခု၊ အိမ်ခြံမြေဖွံ့ဖြိုး ရေးကဏ္ဍတွင် လုပ်ငန်း နှစ်ခု၊ စိုက်ပျိုးရေးက ဏ္ဍတွင် လုပ်ငန်းနှစ်ခု၊ ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်းတွင် လုပ်ငန်းတစ်ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် လုပ်ငန်း တစ်ခု၊ စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် လုပ်ငန်းတစ်ခု၊ အခြားဝန်ဆောင်မှုလုပ်ငန်း များတွင် လုပ်ငန်းခုနစ်ခုရင်းနှီးမြှုပ်နှံထား ခြင်းဖြစ်သည်။

လေးလအတွင်း ကဏ္ဍအလိုက်ရင်းနှီးမြှုပ်နှံမှုများမှာ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၃၈၃ ဒသမ ၀၆၇ သန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၄၀ ဒသမ ၀၄၈ သန်း၊ အခြားဝန်ဆောင် မှုလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၂၁၀ ဒသမ ၃၅၆ သန်း၊ စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ဒေါ်လာ ၃၄ ဒသမ  ၄၈၁ သန်း၊ အိမ်ခြံမြေဖွံဖြိုးရေး ကဏ္ဍတွင် ဒေါ်လာ ၂၅ ဒသမ ၃၈၀ သန်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ဒေါ်လာ ၁၀ ဒသမ ၆၅၀ သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ၁၀ ဒသမ ၅၁၄ သန်း၊ ဟိုတယ် နှင့် ခရီးသွားလာရေးကဏ္ဍတွင် ဒေါ်လာ ၉ ဒသမ ၂၆၅ သန်း၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် ဒေါ်လာ ခြောက်သန်းဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

လေးလအတွင်း နိုင်ငံအလိုက်ဝင်ရောက်ခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအရေအတွက်မှာ တရုတ်က လုပ်ငန်း ၂၁ ခု၊ စင်ကာပူက လုပ်ငန်း ခုနစ်ခု၊ တောင်ကိုရီးယားက လုပ်ငန်း ခုနစ်ခု၊ ဟောင်ကောင်က လုပ်ငန်း လေးခု၊ အိန္ဒိယက လုပ်ငန်း လေးခု၊ ဂျပန်က လုပ်ငန်းသုံးခု၊ ဗီယက်နမ်က လုပ်ငန်း နှစ်ခု၊ ထိုင်းက လုပ်ငန်း တစ်ခု၊ အမေရိကန်က လုပ်ငန်းတစ်ခု၊ ထိုင်ဝမ်က လုပ်ငန်း တစ်ခု၊ ဆေးရှဲက လုပ်ငန်းတစ်ခု၊ ကမ္ဘောဒီးယားက လုပ်ငန်းတစ်ခုဖြစ်သည်။

နိုင်ငံအလိုက်ဝင်ရောက်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ စင်ကာပူက ဒေါ်လာ ၃၁၅ ဒသမ ၀၅၄ သန်း၊ တရုတ်က  ဒေါ်လာ ၁၁၂ ဒသမ ၂၉၉ သန်း၊ ဂျပန်က ၈၅ ဒသမ ၃၅၇ သန်း၊ အမေရိကန်က ဒေါ်လာ ၅၅ ဒသမ ၉၀၀ သန်း၊ ဟောင်ကောင်က ဒေါ်လာ ၅၅ ဒသမ ၁၉၇ သန်း၊ တောင်ကိုရီးယားက ၄၄ ဒသမ ၂၀၂ သန်း၊  ထိုင်းက ၄၃ ဒသမ ၅၁၄ သန်း၊ ဆာမိုအာက ဒေါ်လာ ၄၂ ဒသမ ၀၄၀ သန်း၊ ကမ္ဘောဒီးယားက ၂၂ ဒသမ ၅၀၀ သန်း၊ အိန္ဒိယက ဒေါ်လာ ၁၉ ဒသမ ၉၂၅ သန်း၊ ဗြိတိန်က ၁၀ ဒသမ ၆၀၀ သန်း၊ ထိုင်ဝမ်က ဒေါ်လာ ၇ ဒသမ ၆၅၈ သန်း၊ ဗီယက်နမ်က ဒေါ်လာ ၆ ဒသမ ၂၄၅ သန်း၊ ဆေးရှဲက ဒေါ်လာ ၄ ဒသမ ၀၅၀ သန်း၊ ဘရူနိုင်းက ဒေါ်လာ ၃ ဒသမ ၃၅၅ သန်း၊ သြစတြီးယားက ဒေါ်လာ ၁ ဒသမ ၈၆၅ သန်းဖြစ်ပြီး လေးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈၂၉ ဒသမ ၇၆၁ သန်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် ဇူလိုင်လကုန်အထိ မြန် မာနိုင်ငံအတွင်း ခွင့်ပြုထားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၅၂၃ ခုရှိပြီး ရင်းနှီး မြှုပ်နှံမှုပမာဏ ဒေါ်လာ ၇၆၈၅၀ ဒသမ ၄၀၀ သန်းရှိသည်။

လက်ရှိတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၁၃၇ ဘီလျံကျော် ၀င်ရောက်ထားသော်လည်း ယခင်နှစ်ကာလတူ ၀င်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုထက် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော် လျော့နည်း

သီလ၀ါ အထူးစီးပွားရေးဇုန်အတွင်း လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသော နိုင်ငံခြားကုမ္ပဏီတစ်ခုအား တွေ့ရစဉ်

လက်ရှိအချိန်ထိ မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၁၃၇ ဘီလျံကျော်အထိ ၀င်ရောက်ထားသော်လည်း ယခင်နှစ်ကာလတူတွင် ၀င်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုထက် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော် လျော့နည်းနေကြောင်း သြဂုတ် ၁၄ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားမှ သိရသည်။

“၂၀၁၈ ခုနှစ် ဧပြီကနေ သြဂုတ်လအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြုပေးခဲ့မှုမှာ လုပ်ငန်း ၆၁ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅၃၅ ဒသမ ၅၂၅ သန်း ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအ၀င် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၉၆၆ ဒသမ ၅၇၅ သန်း ဖြစ်ပါတယ်။ အထူးစီးပွားရေးဇုန် ဥပဒေအရ သြဂုတ်လအထိ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၇၁ ဒသမ ၁၀၀ သန်း ဖြစ်ပါတယ်။ စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁,၁၃၇ ဒသမ ၆၇၅ သန်း (၁ ဒသမ ၁၃၇ ဘီလျံ) ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့မှုမှာ ၂၀၁၇ ခုနှစ် သြဂုတ်လဆန်းအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၁၂ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၉၅၂ ဒသမ ၇၉၇ သန်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအ၀င် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၄၈၇ ဒသမ ၇၃၂ သန်း စီးဝင်ခြင်းဖြစ်သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အထူးစီးပွားရေးဇုန် ဥပဒေအရ သီလ၀ါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၈၉ ဒသမ ၆၀၀ သန်း ခွင့်ပြုခဲ့ခြင်းဖြစ်သဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၆၇၇ ဒသမ ၃၃၂ သန်း စီးဝင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၉/၂၀၁၇) အရ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေး အမှတ်စဉ် (၁၂/၂၀၁၈) ကို သြဂုတ် ၁၀ ရက်က ကျင်းပခဲ့ရာ အဆိုပါ အစည်းအဝေး အမှတ်စဉ် (၁၂/၂၀၁၈)အပါအ၀င် ရက်သတ္တပတ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်းငါးခု၊ အတည်ပြု လုပ်ငန်းသုံးခုနှင့် စုစုပေါင်းလုပ်ငန်းရှစ်ခု ခွင့်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းများအနက် အဆိုပြုလုပ်ငန်း ငါးခုနှင့် အတည်ပြုလုပ်ငန်းတစ်ခုတို့အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက အတည်ပြုလုပ်ငန်း တစ်ခု၊ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက အတည်ပြုလုပ်ငန်း တစ်ခု ဖြစ်သဖြင့် အဆိုပါ အစည်းအဝေးကာလအတွင်း စုစုပေါင်း လုပ်ငန်းရှစ်ခုက ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၂ ဒသမ ၈၁၆ သန်းကို ခွင့်ပြု အတည်ပြုပေးခဲ့သည်။

အဆိုပါ လုပ်ငန်းများက ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၅၆၅ ဦးကို ဖန်တီးပေးမည်ဖြစ်ပြီး ယခင်ခွင့်ပြုပြီး လုပ်ငန်းများမှ ပြည်တွင်းလုပ်သားအင်အား တိုးမြှင့်မှုမှာ ၁၃၂ ဦးဖြစ်သဖြင့် စုစုပေါင်း ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၆၉၇ ဦးဖြစ်သည်။

အဆိုပါ ခွင့်ပြု၊ အတည်ပြုလုပ်ငန်းရှစ်ခုမှာ စက်မှုကဏ္ဍခြောက်ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍမှတစ်ခုနှင့် ဟိုတယ်ကဏ္ဍမှ တစ်ခုဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေးတွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊ အမျိုးသားဝင်ငွေနှင့် အခွန်တိုးတက် ရရှိနိုင်မှု၊ ပြည်တွင်းပြည်ပ ဈေးကွက်အခြေအနေ၊ ပြည်တွင်းစားသုံးရန် လိုအပ်ချက်၊ နည်းပညာဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာ လွှဲပြောင်းရရှိမှု၊ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုရေးထိခိုက်မှု ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်မှုအစီအမံများ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဖြစ်ခြင်းနှင့် တည်ဆဲဥပဒေများကို လိုက်နာခြင်း စသည့်အချက်များကို အခြေခံ၍ စိစစ်ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် ပထမသုံးလအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၃၉၀ ကျော်သာ ၀င်ရောက်ခဲ့ပြီး ယခင်နှစ်ကာလတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုထက် ဒေါ်လာတစ်ဘီလျံကျော် လျော့ကျ

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် ကုန်ထုတ်စက်ရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

၂၀၁၈ ခုနှစ် ပထမသုံးလအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၃၉၀ ကျော်သာ ၀င်ရောက်ခဲ့သဖြင့် ယခင်နှစ် ကာလတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှုထက် ဒေါ်လာတစ်ဘီလျံကျော် လျော့ကျခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီ၊ မေနှင့် ဇွန်လတို့တွင် စိုက်ပျိုးရေးကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၅ ဒသမ ၆၅၀ သန်း၊ ဟိုတယ်နှင့်ခရီးသွား ကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၉ ဒသမ ၂၆၅ သန်း၊ အိမ်ရာအဆောက်အအုံကဏ္ဍသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၂ ဒသမ ၈၈၀ သန်း၊ စက်မှုဇုန်တည်ဆောက်မှု ကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆ ဒသမ ၄၈၁ သန်း၊ ကုန်ထုတ်လုပ်ငန်းကဏ္ဍသို့ ဒေါ်လာ ၂၇၅ ဒသမ ၆၆၃ သန်း၊ သတ္တုကဏ္ဍသို့ ဒေါ်လာခြောက်သန်း၊ အခြားဝန်ဆောင်မှုကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၈၈ ဒသမ ၉၃၃ သန်း၊ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၉၄ ဒသမ ၈၇၂ သန်း ၀င်ရောက်ခဲ့သည်။

၂၀၁၈ ခုနှစ် ပထမသုံးလအတွင်း ၀င်ရောက်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၃၉၄ ဒသမ ၈၇၂ သန်းရှိပြီး ၂၀၁၇ ခုနှစ် ဧပြီ၊ မေ၊ ဇွန်သုံးလအတွင်း ၀င်ရောက်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၁၉၆၀ ဒသမ ၈၂၁ သန်းဖြစ်သဖြင့် ၂၀၁၈ ခုနှစ်သုံးလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှုပမာဏမှာ ၂၀၁၇ ခုနှစ် ပထမသုံးလ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏထက် ဒေါ်လာ ၁၅၆၅ ဒသမ ၉၄၉ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ ခုနှစ် ဇွန်လအထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခွင့်ပြုထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်းမှာ ဒေါ်လာ ၇၆၄၁၅ ဒသမ ၇၇၃ သန်းရှိကြောင်း သိရသည်။

၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ ခုနှစ် ဇွန်လအထိ ခွင့်ပြုပေးခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၇၆ ဘီလျံကျော်တွင် တရုတ်နိုင်ငံက ပမာဏအများဆုံး ရင်းနှီးမြှုပ်နှံထားပြီး စင်ကာပူက ဒုတိယ အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အများဆုံးဖြစ်ပြီး စွမ်းအင်ကဏ္ဍတွင် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံကြကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ ဆောင်ရွက်မည့် အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် တွန်းအားပေး၍ ပို့ကုန်မြှင့်တင်ရေး၊ ပုဂ္ဂလိကကဏ္ဍမြှင့်တင်ရေး၊ ဒေသဖွံ့ဖြိုးရေး စီမံချက်များအား စီးပွားဖြစ် ပူးပေါင်းဆောင်ရွက်မှုအဖြစ်သို့ ကူးပြောင်းစေရေး၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအား ပြည်သူများအကျိုးကျေးဇူး ဖြစ်ထွန်းစေရန်အတွက် ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်ရန်အတွက် ကန့်သတ်နေသည့် ပြဋ္ဌာန်းချက်များကို ပြန်လည် စိစစ်နိုင်ရေး၊ လုပ်ငန်းထူထောင်ရာတွင် ကုန်ကျစရိတ် များပြားစေသော မြေယာဈေးနှုန်းနှင့် လုပ်ငန်းလည်ပတ်မှု အခက်အခဲများ လျှော့ချနိုင်ရေး၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ဆက်စပ်လုပ်ငန်းများနှင့် ဈေးကွက် သုတေသနဆိုင်ရာ အချက်အလက်များ အထောက်အပံ့ နည်းပါးခြင်း၊ နိုင်ငံတော်၏ စာရင်းဇယား အချက်အလက်များကို ခိုင်မာစွာ ထုတ်ပြန်ပေးနိုင်ရေး၊ တန်ဖိုးမြှင့် ကုန်ထုတ်စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စက်မှုဖွံ့ဖြိုးမှု မူဝါဒများလိုအပ်ခြင်း၊ အခြေခံလိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အားရရှိနိုင်မှု၊ ပို့ဆောင်ရေး အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်ခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွင် ဖော်ပြထားသည်။

ထို့ပြင် ပြည်တွင်းဘဏ္ဍာရေးစနစ် တိုးတက်လာအောင် ဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာနှင့် ချိတ်ဆက်ချိတ်ဆက် လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ခြင်း၊ ငွေကြေးမူဝါဒများ ခိုင်မာအားကောင်းစေရေး၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖော်ထုတ်ပေးခြင်း၊ နိုင်ငံပိုင်လုပ်ငန်းများကို ဖက်စပ်လုပ်ကိုင်ခွင့်ပေးခြင်း (JV)၊ စီးပွားရေး ကတိစာချုပ်များဖြင့် ခွင့်ပေးခြင်း (BCC)၊ တည်ဆောက်လုပ်ကိုင်လွှဲပြောင်း (BOT) လုပ်ငန်းများကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းလုပ်ကိုင်ခြင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခွင့်ပေးခြင်း စသည့် နည်းလမ်းအမျိုးမျိုးဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာစေရန် ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။

ယခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှု တာထွက်မကောင်းသဖြင့် လက်ရှိနှုန်းအတိုင်း ဆက်သွားပါက ခြောက်လတာကာလလျာထားချက် ဒေါ်လာသုံးဘီလျံပြည့်မီရန် အခက်အခဲ ရှိနေဟုဆို

၂၀၁၈ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ခြောက်လတာကာလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးလျက်ရှိရာ ယခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှု တာထွက်မကောင်းသဖြင့် လက်ရှိနှုန်းအတိုင်း ဆက်သွားပါက ခြောက်လတာကာလ လျာထားချက်ဖြစ်သည့် ဒေါ်လာသုံးဘီလျံပြည့်မီရန် အခက်အခဲရှိနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

“ရင်းနှီးမြှုပ်နှံမှု မူလလျာထားချက်က ခြောက်လ သုံးဘီလျံပေါ့။ အခုသုံးလနီးနီးမှာ သန်း ၅၀၀ကျော်ပဲဆိုတော့ လက်ရှိအနေအထားမှာ သုံးဘီလျံပြည့်မီဖို့ လက်ရှိအနေအထားက အစမှာမကောင်းဘူးပေါ့။ နည်းနည်းလေး အားထည့်ပြီး ထပ်လုပ်ရမယ့် အနေအထား ဖြစ်ပါတယ်။ ဒီနှစ်က အခြေအနေအကြောင်း အမျိုးမျိုးကြောင့် တာထွက်သိပ်မကောင်းလှဘူး။ အခု သန်း ၅၀၀ ကျော် ၆၀၀ နီးနီးမှာ သုံးလလောက်အတွင်းမှာ နောက်ထပ် ၁ ဒသမ ၅ ဘီလျံလောက်ထပ်ရဖို့ဆိုတာ နည်းနည်းတော့ အခက်အခဲ ရှိပါတယ်” ဟု MIC အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ဆိုသည်။

“သို့သော် အချို့ဝန်ကြီးဌာနတွေမှာ ဆက်ပြီးတော့မှ စီမံကိန်း အကြီးကြီးတွေ ရှိပါတယ်။ အဲဒါတွေက ဒီသုံးလအတွင်းမှာ ပြတ်သွားရင်တော့ Target ကျော်သွားလိမ့်မယ်၊ ဥပမာ-LNG နဲ့မီးပေးမယ့်ကိစ္စတွေ ဒါမျိုးတွေပေါ့။ ဒါတွေက လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဌာနနဲ့ညှိနေတယ်။ ဒီသုံးလအတွင်းမှာ ပြီးသွားနိုင်ရင်တော့ ဒါတွေကဘီလျံနဲ့ချီပြီးရှိတော့ ပြည့်သွားနိုင်မှာပါ။ လက်ရှိသွားနေတဲ့ နှုန်းနဲ့ကတော့ လျာထားချက်ပြည့်ဖို့ အခက်အခဲရှိမယ် ထင်ပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

၂၀၁၈ ခုနှစ် ဧပြီ၊ မေနှင့်ဇွန် သုံးလနီးပါးအတွင်း သီလ၀ါအထူးစီးပွားရေးဇုန် အပါအ၀င် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅၃၄ သန်းကျော်သာ ၀င်ရောက်ထားပြီး ယခင်နှစ်ကာလတူက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှုပမာဏ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော် လျော့ကျနေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ သိရသည်။

မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှုနှင့်ပတ်သက်၍ အမှန်စာရင်းများ ရရှိရေး IMF ၏ နည်းပညာ အကူအညီဖြင့် FDI Survey များပြုလုပ်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား စိစစ်ခွင့်ပြုရုံသာမက အမှန်ဝင်ရောက်မှုနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် ခွင့်ပြုထားသော လုပ်ငန်းများ၏ သုံးလတစ်ကြိမ် အစီရင်ခံစာတင်ပြသည့် အစီရင်ခံစာများအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမှန်စာရင်းများ ပြုစုလျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ဒေါ်လာ ၄၃၃၄ ဒသမ ၇၇၉ သန်း သို့မဟုတ် ၄ ဒသမ ၃ ဘီလျံ ၀င်ရောက်ခဲ့ကြောင်း သိရသည်။

အခြားတစ်ဖက်တွင်လည်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရရှိရေးသည် တိုင်းပြည်၏ GDP တိုးတက်မှုနှုန်း၊ စီးပွားရေး တိုးတက်မှုနှုန်း၊ ပြည်ပငွေပေးငွေယူရှင်းတမ်းများ တွက်ချက်ရာတွင် ထည့်သွင်းအသုံးပြုရန် အရေးကြီး လိုအပ်ချက်ဖြစ်သဖြင့် နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပြုစုနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

၂၀၁၈ ခုနှစ် ဧပြီတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၇ သန်းကျော်သာဝင်ရောက်ခဲ့ပြီး စက်မှုကဏ္ဍတွင် ဒေါ်လာ ၂၁ သန်းကျော်ဖြင့် အများဆုံးမြှုပ်နှံထား

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံတစ်ရုံအား တွေ့ရစဉ်(ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

၂၀၁၈ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၇ သန်း ကျော်သာ ၀င်ရောက်ခဲ့ပြီး စက်မှုကဏ္ဍတွင် ဒေါ်လာ ၂၁ သန်းကျော်ဖြင့် အများဆုံးရင်း နှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဆိုင်ရာစာရင်းများအရ သိရသည်။ ၂၀၁၇ ခုနှစ် ဧပြီလတွင်မူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၆၅၀ ကျော်ဝင်ရောက်ခဲ့ သဖြင့် ၂၀၁၈ ခုနှစ် ဧပြီလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင် ရောက်မှုပမာဏမှာ ယခင်နှစ်ထက်ပမာဏ  များစွာလျော့ကျခဲ့ကြောင်း သိရသည်။

ဧပြီလတွင် စက်မှုကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၁ ဒသမ ၅၃၉ သန်း၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၀ ဒသမ ၃ သန်း၊ အိမ်ရာအဆောက်အအုံကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၂ ဒသမ ၈၈၀ သန်း၊  စက်မှုဇုန်တည်ဆောက်မှုကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅ ဒသမ ၃၃၀ သန်း၊ အခြားဝန်ဆောင်မှုကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၇ ဒသမ ၀၅၀ သန်း၊ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၇ ဒသမ ၀၉၉ သန်း ၀င်ရောက်ခဲ့သည်။

၂၀၁၇ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာသန်း ၆၅၀ ကျော်ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာရင်းများအရ သိရသည်။

၂၀၁၇ ခုနှစ် မတ်လအထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခွင့်ပြုထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်းမှာ ဒေါ်လာ ၇၀၃၅၀ ဒသမ ၈၉၅ သန်းရှိပြီး ဧပြီလကုန်တွင် မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏစုစုပေါင်းမှာ ဒေါ်လာ ၇၁၀၀၇ ဒသမ ၁၇၂ သန်းရှိသဖြင့် ဧပြီလတစ်လတည်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆၅၆ ဒသမ ၂၇၇ သန်း ၀င်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ ခုနှစ် ဧပြီလအထိ ခွင့်ပြုပေးခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၇၆ ဘီလျံကျော် တွင် တရုတ်နိုင်ငံက ပမာဏအများဆုံးရင်းနှီးမြှုပ်နှံထားပြီး စင်ကာပူက ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ ကဏ္ဍအလိုက်ရင်းနှီးမြှုပ်နှံမှုတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အများဆုံးဖြစ်ပြီး စွမ်းအင်ကဏ္ဍတွင် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံကြကြောင်း သိရသည်။

ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်များကို လက်ဦးမှုရယူထားပြီး ဆင်တူယိုးမှား မှတ်ပုံတင်ထားခြင်းများမှာ မလုပ်သင့်သော လုပ်ရပ်များဖြစ်ကာ တရားရင်ဆိုင်ပါကလည်း ရှုံးနိမ့်နိုင်သည့်အပြင် မြန်မာ့ပုံရိပ်ပါ ထိခိုက်နိုင်

WIPO (World Intellectual Property Organization) အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ဥာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်များကို လိုက်နာရသည့် မြန်မာနိုင်ငံတွင် ကမ္ဘာကျော်ကုန် အမှတ်တံဆိပ်များကို လက်ဦးမှုရယူထားပြီး ဆင်တူယိုးမှား မှတ်ပုံတင်ထားခြင်းများမှာ မလုပ်သင့်သော လုပ်ရပ်များဖြစ်နေပြီး တရားရင်ဆိုင်ပါကလည်း ရှုံးနိမ့်နိုင်သည့်အပြင် မြန်မာနိုင်ငံ၏ ပုံရိပ်ကိုပါ ထိခိုက်နိုင်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်ပြောကြားသည်။

ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်သည့် အမေရိကန်အခြေစိုက် နာမည်ကျော် Starbucks Coffee မြန်မာဈေးကွက်သို့ စတင်ဝင်ရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ မေ ၁၂ ရက်တွင် ပြုလုပ်သော အစည်းအဝေးတွင် အတည်ပြုမိန့်ရရှိခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် ဆိုင်ခွဲပေါင်း ၂၇၀၀၀ ခန့်ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံတွင် ဒေါ်လာခြောက်သန်းမြှုပ်နှံကာ ဆိုင်ခွဲပေါင်း ၂၀ ခန့်ဖွင့်လှစ်ရန် ၀င်ရောက်လာချိန်တွင် အဆိုပါ “STAR BUCKS” COFFEE ဆိုကာ Starbucks Coffee အမည်ကို တိုက်ရိုက်ကူးချပြီး Starbucks Coffee ၏ Logo ကိုပါ ဆင်တူယိုးမှားပြုလုပ်၍ မန္တလေးမြို့ စာချုပ်စာတမ်းမှတ်ပုံတင် ဌာနမှူးရုံးတွင် မူပိုင်ခွင့်တင်ထားမှု ရှိနေသည်။ ထိုသို့ မူပိုင်ခွင့်တင်ထားပြီး မြန်မာတစ်နိုင်ငံလုံးတွင် ဖြန့်ချိရောင်းချနေသဖြင့် “STAR BUCKS” COFFEE အမည်ရှိ “ကော်ဖီအမျိုးမျိုးနှင့် စားသောက်ကုန်အမျိုးမျိုး” ကုန်အမှတ်တံဆိပ်၏ တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပုံသဏ္ဌာန်တူအောင် တုပခြင်းမပြုလုပ်ရန် သတိပေးကြေညာလိုက်ပြီး ဆင်တူယိုးမှား တုပသုံးစွဲပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်မှု ရှိလာသည်။

“ဒါက လွန်ခဲ့တဲ့သုံးနှစ်လောက်ကတည်းက ၂၀၁၅ မှာ အမှုသည်က လွှဲအပ်ညွှန်ကြားတာကြောင့် ကြေညာထားတာပေါ့။ ဒီအမှုသည်တောင် အခုဘယ်ရောက်နေမှန်း ကျွန်တော်တို့ သိတောင်မသိတော့ပါဘူး။ ဒီအမှတ်တံဆိပ် မှတ်ပုံတင်ခြင်းကို သူ့ရဲ့လွှဲအပ်ညွှန်ကြားချက်ကြောင့် ကျွန်တော်တို့က ဥပဒေနဲ့အညီတင်ပေးလိုက်တာပါ။ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကလည်း ဥပဒေနဲ့အညီ မှတ်ပုံတင်ပေးလိုက်တာပါ။ ကျန်တဲ့ကိစ္စကတော့ တရားစွဲလို့ အမှုဖြစ်တာ မဖြစ်တာ၊ တရားစွဲတာ၊ မစွဲတာ၊ ဆုံးဖြတ်တာတွေကတော့ ကျွန်တော်တို့နဲ့မဆိုင်ဘူး။ ဒါက ကာယကံရှင်တွေနဲ့ ဆိုင်တာပေါ့။ မြန်မာ STAR BUCKS နဲ့ နိုင်ငံခြား Starbucks နဲ့ ပိုင်ရှင်တွေက ဒီဘက်က STAR BUCKS မှတ်ပုံတင်ထားသူတွေကို တရားစွဲမလား။ ဒီဘက်က အမှတ်တံဆိပ်က စွဲမလား။ သူတို့နဲ့ ဆိုင်မှာပေါ့လေ။ ကျွန်တော်တို့ဆီမှာက မူပိုင်ခွင့်ဥပဒေနဲ့ ပတ်သက်ပြီး အားနည်းချက်လေးတွေရှိတယ်။ ဒါကကျတော့ ကျွန်တော်တို့ အနေနဲ့ ပြောရမယ်ဆိုရင် သူ့ဥပဒေရှိထားတဲ့အတိုင်းပဲ အမှုသည်က လွှဲအပ်ညွှန်ကြားတဲ့အတိုင်းပဲ ကျွန်တော်တို့က တင်ပေးလိုက်တာပေါ့။ အခု အမှုသည်တောင် ဘယ်မှာရှိနေမှန်းတောင် ကျွန်တော်တို့တောင် မသိပါဘူး။ ဒါက ပွင့်ပွင့်လင်းလင်း ပြောပြတာပါ။ ရှုံးခြင်း နိုင်ခြင်းဆိုတာထက် ဥပဒေပြဿနာဖြစ်ပွားလာပြီဆိုရင် တရားရုံးက အဓိကရှင်းပါလိမ့်မယ်” ဟု “STAR BUCKS” COFFEE အမည်ဖြင့် မန္တလေးမြို့ စာချုပ်စာတမ်း မှတ်ပုံတင်ဌာနမှူးရုံးတွင် မူပိုင်ခွင့်တင်ပြီးနောက် အမှုသည်၏ လွှဲအပ်ညွှန်ကြားချက်အရ ကုန်အမှတ်တံဆိပ် သတိပေးကြေညာချက် ထုတ်ပြန်ရာတွင် ပါဝင်ခဲ့သည့် အထက်တန်းရှေ့နေ ဦးဥာဏ်ဝင်းအောင်က မေ ၁၇ ရက်တွင် ပြောကြားသည်။

“STAR BUCKS” COFFEE ကို မန္တလေးမြို့ စာချုပ်စာတမ်းရုံးတွင် မှတ်ပုံတင်ထားသူကပင် ထိုင်းနိုင်ငံ၏ နာမည်ကျော် အမှတ်တံဆိပ်တစ်ခုဖြစ်သော 7 Eleven ကိုပါ မူပိုင်ခွင့်တင်ထားသည်။ မြန်မာနိုင်ငံတွင် ထိုသို့ ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်များကို လက်ဦးမှုရယူ မှတ်ပုံတင်ထားသည့် ကုမ္ပဏီများ၊ အရောင်းဆိုင်များ အများအပြား ရှိနေသည်။ မြန်မာနိုင်ငံကဲ့သို့ ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်များကို လက်ဦးမှုရယူပြီး မူရင်းကုမ္ပဏီမှ ၀င်ရောက်လာပါက တရားစွဲဆိုခြင်း၊ လျော်ကြေးတောင်းခံခြင်း ကဲ့သို့ဖြစ်စဉ်များတွင် တရုတ်နိုင်ငံမှာ နာမည်ကျော်သည်။ ဥပမာအားဖြင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများစု၌ အသုံးပြုနေသည့် Facebook အမှတ်တံဆိပ်ကို တရုတ်အခြေစိုက်ကုမ္ပဏီ တစ်ခုက ၂၀၁၄ ခုနှစ်တွင် Face Book ဟု မှတ်ပုံတင်ထားမှုကြောင့် မူပိုင်ခွင့်ကိစ္စ အငြင်းပွားမှုများ ရှိခဲ့သည်။ သို့သော် တရုတ်တရားရုံးက အမေရိကန် Facebook ကို အသာပေးခဲ့ပြီး တရုတ်ကုမ္ပဏီ၏ ကျင့်ဝတ်ပိုင်း အခြေခံစောင့်ထိန်းမှုများကို ပျက်ကွက်ကြောင်း ရှုတ်ချခဲ့သည့်အပြင် လူသိထင်ရှားအမှတ်တံဆိပ်တစ်ခုကို ခုတုံးလုပ်ကာ ကိုယ်ကျိုးရှာအမြတ်ထုတ်ရန် ကြံစည်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် WIPO၊ WTO အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ဥာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်များကို လိုက်နာရသော်လည်း လက်ရှိအချိန်အထိ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေအပါအ၀င် မူပိုင်ခွင့်ဥပဒေများနှင့် နည်းဥပဒေများကို အတည်ပြုပြဋ္ဌာန်းနိုင်မှု မရှိဖြစ်နေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံသို့ ၀င်ရောက်မြှုပ်နှံရန် စုံစမ်းမေးမြန်းရာတွင်လည်း ထိုသို့ Intellectual Property ဥပဒေများ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားမှု မရှိသည့်အတွက် အကာအကွယ်မရရှိနိုင်သဖြင့် ၀င်ရောက်လိုမှု နည်းပါးကြသည်။ ထိုသို့ဝင်ရောက်လိုမှု နည်းပါးနေချိန်တွင် မြန်မာနိုင်ငံမှ ကုမ္ပဏီအချို့က ကမ္ဘာကျော် အမှတ်တံဆိပ်များကို တုပ၍ မူပိုင်ခွင့်တင်၊ လက်ဦးမှုရယူထားသည်များမှာ မြန်မာ့ပုံရိပ်ကို ကျဆင်းစေကြောင်း ဥပဒေပညာရှင်များက သုံးသပ်သည်။

“နိုင်ဖို့ရာ လမ်းမရှိဘူး။ ဒါက Focus ပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ Squatting လုပ်တဲ့ကိစ္စမျိုးက အကြောင်းအရာတွေက ဥပဒေမှာ အရေးကြီးတာက Good Faith လား၊ Bad Faith လားဆိုတာ အရေးကြီးတယ်။ တမင်သက်သက် လုပ်တဲ့ဟာမျိုးတွေကျရင် Bad Faith လို့ပဲ ကျွန်တော်တို့က ယေဘုယျသုံးသပ်တာပေါ့။ သို့သော် အမှုနိုင်ခြင်း မနိုင်ခြင်းဆိုတာကတော့ အမှုအခင်းဖြစ်တဲ့အချိန်မှာ ရုံးတော်ကို စာရွက်စာတမ်း တင်သွင်းတဲ့အခါကျတော့ အထောက်အထားတွေ၊ သက်သေခံချက်တွေအပေါ်မှာ တရားသူကြီးက ဆုံးဖြတ်တာကိုး။ လျော်ကြေးပေးခြင်း၊ ညှိနှိုင်းခြင်း၊ မညှိနှိုင်းခြင်းဆိုတာ သက်ဆိုင်ရာကုမ္ပဏီရဲ့ သူ့ရဲ့ရည်ရွယ်ချက်နဲ့ဆိုင်တယ်။ မြန်မြန်ပြီးချင်တယ်။ ရော့ တစ်သိန်း ယူလိုက်။ တစ်သောင်းယူလိုက် ပေးတာကတော့ သူ့ကုမ္ပဏီရဲ့ အကြောင်းခြင်းရာနဲ့ဆိုင်တယ်။ A ပဲဖြစ်ဖြစ် B ပဲဖြစ်ဖြစ်။ ဘယ်ကုမ္ပဏီရယ်လို့ ကျွန်တော်မဆိုလိုဘူး။ အဲဒီလိုမျိုး လျော်ကြေးပေးပြီး ပြန်ပြီးတော့ ၀ယ်လိုက်ပြုလိုက်တာမျိုး။ မှတ်ပုံတင်ထားတာကို ပယ်ဖျက်ခြင်းက နိုင်တယ်ရှုံးတယ် သတ်မှတ်လို့မရဘူး။ နိုင်ခြင်းရှုံးခြင်းဆိုတာ ဥပဒေမှာပြဋ္ဌာန်းချက်တွေ၊ တရားရုံးရောက်ပြီး ဆုံးဖြတ်ချက်အရ အနိုင်အရှုံးကိုပဲ ဥပဒေပါ ပြဋ္ဌာန်းချက်အရ အနိုင်အရှုံးလို့ သတ်မှတ်တယ်။ ကြားဝင်ဖျန်ဖြေတာနဲ့ ညှိနှိုင်းတာတွေကို အနိုင်အရှုံးလို့ မသတ်မှတ်ဘူး။ တရားခွင်ရောက်မယ်ဆိုရင် ရှုံးမှာက ရာခိုင်နှုန်း ၉၀ သေချာတယ်။ ဘာကြောင့်လဲဆိုတော့ တစ်အချက် ကျွန်တော်တို့ဆီမှာ တိတိကျကျသတ်မှတ်တဲ့ ကုန်အမှတ်တံဆိပ်ဥပဒေဆိုတာ မရှိသေးဘူး။ နှစ်အချက် ဒါမျိုးပြဿနာတွေဆိုတာ ရှိနေဦးမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ တိကျတဲ့ ကုန်အမှတ်တံဆိပ်ဥပဒေမရှိတော့ ကုန်အမှတ်တံဆိပ်နဲ့အညီ မှတ်ပုံတင်တာကို လက်ခံတဲ့အချိန်မှာ တူတာ မတူတာကို စတဲ့ Proper Magnism မရှိတော့ ဒါမျိုးတွေက ဖြစ်နေဦးမှာပဲ။ ဒုတိယတစ်ပိုင်းကျတော့ ကျွန်တော်တို့က WTO အဖွဲ့ဝင်နိုင်ငံဖြစ်တယ်။ ဒီလိုဖြစ်တော့ ကျွန်တော်ဆိုခဲ့သလိုပဲ Trade- Related Intellectual Property Right Agreement ဆိုတာ ရှိတယ်။ အဲဒီ Agreement မှာ ပြဋ္ဌာန်းချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ရတာပေါ့။ လိုက်နာဆောင်ရွက်တဲ့နေရာမှာ Trade Agreement အောက်မှာ National Treatment ဆိုတာရှိတယ်။ WTO အဖွဲ့ဝင်နိုင်ငံတိုင်းသည် National Treatment ပေးရတယ်။ အဲဒီ Treatment ပေးတဲ့အခါမှာ နိုင်ငံခြားမို့လို့ ပြည်တွင်းမို့လို့ဆိုပြီး ခွဲခြားပြီး ဆက်ဆံလို့မရဘူး။ ဒါက National Treatment ရဲ့ အဓိကကျတဲ့တစ်ခုပေါ့။ မြန်မာမို့လို့ အမျိုးသားရေးတို့ဆိုတာတွေက လက်ရှိအခြေအနေတွေနဲ့ မသက်ဆိုင်ပါဘူး။ ဒါက International Convention တွေ Treaty တွေရဲ့ အနေအထားပေါ့။ နောက်တစ်ခုက ကျွန်တော်တို့က Asean Framework Agreement on Intellectual Property Right ကို လက်မှတ်ထိုးထားရတဲ့ အာဆီယံနိုင်ငံဖြစ်ပြီး အာဆီယံစီးပွားရေး အသိုက်အ၀န်းမှာဆိုရင်လည်း ဥာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ကို အကာအကွယ်ပေးမှ ရင်းနှီးမြှုပ်နှံမှုတွေ လွယ်ကူစွာစီးဆင်းမြှုပ်နှံနိုင်မှာ။ ဒါက နိုင်ငံတကာအမြင်ပေါ့။ ပြည်တွင်းအခြေအနေနဲ့ ပြန်ကြည့်ရင်လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေတို့ ဘာတို့ အားလုံးမှာ ကုန်အမှတ်တံဆိပ်တို့၊ လိုင်စင်တို့ Patent တို့ စသဖြင့် အားလုံးကို Capital အနေနဲ့ သတ်မှတ်ပေးထားတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလာဖို့ဆိုရင် Intellectual Property Right ကို အကာအကွယ်မပေးဘဲ လာမှာမဟုတ်ဘူး။ နောက်ပြီး ရင်းနှီးမြှုပ်နှံမှုဥပဒေတွေမှာလည်း တိတိကျကျ အကာအကွယ်ပေးထားတော့ သူတို့နေရာဦးချင်ဦး၊ ခုံဦးချင်ဦး။ တရားခွင်မှာ တင်ပြချက်တွေသည် ပြည့်စုံမှန်ကန်မယ်ဆိုရင် ဦးထားတဲ့ဟာတွေသည် အရှုံးတရားနဲ့ ရင်ဆိုင်ရမှာပဲ။ ဒါက လက်တွေ့ဆန်ဆန် ကျွန်တော်ပြောတာ။ ဘာလုပ်မှာလဲ။ အချိန်လဲကုန်တယ်။ ငွေလဲကုန်တယ်။ ဒါမျိုးတွေ မလုပ်သင့်ဘူး။ ကျွန်တော်တို့ကြည့်ရမှာက Micro ပိုင်းနဲ့မကြည့်ဘဲ Macro ပိုင်းနဲ့ကြည့်ရမှာ။ ဂုဏ်ရှိတဲ့ တိုင်းပြည်။ ဂုဏ်ရှိတဲ့နိုင်ငံအဖြစ် တည်ဆောက်ရမှာ။ ရှက်ဖို့ကောင်းတာပေါ့” ဟု South-East Asia IPR SME Help Desk မှ Myanmar Expert ဦးမင်းတေဇညွန့်တင်က သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကမ္ဘာကျော် အမှတ်တံဆိပ်များကို တုပအသုံးပြုမှုကြောင့် ဂျပန်နိုင်ငံရှိ Family Mart Head Office မှ Notice ပေးပို့ခဲ့သည့် ဖြစ်စဉ်များရှိနေသည်။ ထို့ပြင် ထိုင်းနိုင်ငံမှ ကုမ္ပဏီများကလည်း မြန်မာနိုင်ငံ၌ ယင်းတို့၏ အမှတ်တံဆိပ်ကို တုပထားသည့် မြန်မာလုပ်ငန်းများထံသို့ ကန့်ကွက်မှုများရှိခဲ့ကြောင်း Intellectual Property Right လုပ်ဆောင်သည့် ဥပဒေပညာရှင်များထံမှ စုံစမ်းသိရသည်။ လက်ရှိမြန်မာနိုင်ငံတွင် ကမ္ဘာကျော်အမှတ်တံဆိပ်များကို မူပိုင်ခွင့်တင်ထားသည့် အခြေအနေများအတွက် မန္တလေးမြို့ စာချုပ်စာတမ်း မှတ်ပုံတင်ဌာနမှူးရုံး အပါအ၀င် “STAR BUCKS” COFFEE နှင့် 7 Eleven မှတ်ပုံတင်ခဲ့သူနှင့် စာချုပ်စာတမ်း မှတ်ပုံတင်နိုင်သည့် ကြေးတိုင်နှင့် မြေစာရင်း ရုံးများသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ကနဦးဆက်သွယ်ရရှိခြင်းမရှိဘဲ ယင်းကိစ္စနှင့် ပတ်သက်၍ အချက်အလက်များ ထပ်မံရရှိခဲ့ပါက ဖော်ပြပေးမည်ဖြစ်သည်။

“မူပိုင်ခွင့်ဥပဒေတွေက အခုမှ ရေးဆွဲနေတုန်းပဲ ရှိသေးတယ်။ တကယ်တမ်းပြောရရင် ဥာဏပစ္စည်းမူပိုင်ခွင့်အောက်မှာ ခုနစ်ခုရှိတယ်။ Trademark, Patent, Geographic Design, Trade Secret တို့ အများကြီးပဲ။ အခုဟာက တကယ်တမ်းဆို မှတ်ပုံတင်ထားမျိုး ပြည်တွင်းက မလုပ်သင့်ဘူး။ ကျွန်တော်တို့နိုင်ငံကလည်း WIPO အဖွဲ့ဝင်နိုင်ငံပဲ။ ကမ္ဘာကျော်အမှတ်တံဆိပ်တွေက သူ့နိုင်ငံမှာ မှတ်ပုံတင်ထားတယ်။ သူတို့နိုင်ငံတွေကလည်း WIPO အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တယ်။ ကျွန်တော်တို့ဆီမှာက IP Law တွေက ထွက်တောင်မထွက်သေးဘူးဆိုတော့ ခိုင်ခိုင်မာမာမရှိတဲ့အတွက် ပြည်တွင်းက မူပိုင်ခွင့်တင်ထားတာတွေက မလွယ်ဘူး။ ရှုံးနိုင်တယ်။ ကျွန်တော်တို့ကလည်း WIPO အဖွဲ့ဝင်၊ IP Law တွေက လွှတ်တော်တင်ထားဆဲဖြစ်တယ်။ အခုဟာက စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်ကြတာ။ အဲဒီရုံးတွေက မြေယာနဲ့ပတ်သက်ပြီး အဓိကကိုင်ကြတာ။ Law Scope က အဲဒီလောက်ပဲရှိတယ်။ IP Law တွေ ထွက်လာမှပဲ မှတ်ပုံတင်လို့ရမယ်။ မှတ်ပုံတင်ရင်လည်း ကမ္ဘာမှာရှိနေတဲ့ အမှတ်တံဆိပ်တွေဆို မရဘူးပေါ့။ သူများ မှတ်ပုံတင်ထားပြီးတွေ” ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းက ပြောကြားသည်။

ရင်းနှီးမြှုပ်နှံသူတွေ အခက်တွေ့နေဆဲ အချက်တွေက ဘာတွေဖြစ်မလဲ

ကျောက်ဖြူမြို့ရှိ ကဏန်းပျော့လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

ပြီးခဲ့သည့်ဘဏ္ဍာနှစ်က မြန်မာနိုင်ငံအတွင်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်ခဲ့မှုကို လေ့လာကြည့်ပါက စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာခြောက်ဘီလျံကျော်၊ ကဏ္ဍအလိုက် ၀င်ရောက်မှုတွင် စက်မှုကဏ္ဍက အများဆုံးဖြစ်ပြီး နိုင်ငံအလိုက် ၀င်ရောက်မြှုပ်နှံမှုတွင် စင်ကာပူက အများဆုံးဝင်ရောက်မြှုပ်နှံထားသည်။

သို့သော် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၆ ဒသမ ၁၁ ဘီလျံရှိပြီး အမှန်ဝင်ရောက်မှုမှာ ၄ ဒသမ ၃၄ ဘီလျံဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လိုက်သည်။

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံအတွင်း တာဝန်ယူမှုရှိပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုမည်ဟုဆိုကာ နိုင်ငံတော်အစိုးရ၏ စီးပွားရေးမူဝါဒ ၁၂ ရပ်ကို အထောက်အကူပြုစေမည့် ရင်းနှီးမြှုပ်နှံမှုမူဝါဒကို ထုတ်ပြန်ထားခဲ့သည်။

ယခင်နှစ်များက သဘာဝအရင်းအမြစ်များပေါ်တွင် အခြေခံသည့် ရင်းနှီးမြှုပ်နှံမှုများသာ အများဆုံးဝင်ရောက်နေခဲ့ရာက အစိုးရသစ်လက်ထက်တွင် စက်မှုကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ၀န်ဆောင်မှုလုပ်ငန်းများအပေါ်တွင် ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာခဲ့သည်။

ဥပဒေသစ်အရ ဦးစားပေးဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုများ

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၀/၂၀၁၆ ဖြင့် ပြဋ္ဌာန်းပေးခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနည်းဥပဒေကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှ အတည်ပြုပေးခဲ့သည့်အတွက် ၂၀၁၇ ခုနှစ် မတ် ၃၀ ရက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမိန့်ကြော်ငြာစာအမှတ် ၃၅/၂၀၁၇ ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဦးစားပေးဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုများကို ထုတ်ပြန်ခဲ့ရာ လယ်ယာကဏ္ဍစိုက်ပျိုးထုတ်လုပ်မှု၊ ၀န်ဆောင်မှုနှင့် စိုက်ပျိုးရေးအခြေခံ တန်ဖိုးမြှင့်ကုန်ထုတ်လုပ်ငန်းများ၊ တိရစ္ဆာန်မွေးမြူထုတ်လုပ်ခြင်းနှင့် ရေထွက်ပစ္စည်းမွေးမြူထုတ်လုပ်ခြင်း လုပ်ငန်းများ၊ ပို့ကုန်မြှင့်တင်နိုင်မည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန်အစားထိုးကုန်ထုတ် လုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားပေးရေးကဏ္ဍဆိုင်ရာ လုပ်ငန်းများ၊ ထောက်ပံ့ပို့ဆောင်မှုဆိုင်ရာ လုပ်ငန်းများ၊ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများ၊ တန်ဖိုးနည်းအိမ်ယာ တည်ဆောက်ခြင်းလုပ်ငန်းများ၊ စက်မှုမြို့တော် တည်ဆောက်မှုလုပ်ငန်းများ ပါဝင်ခဲ့သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကဏ္ဍများတွင် စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အဆိုပြုလွှာများ တင်ပြလာပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ ပံ့ပိုးကူညီပေးမည်ဟု ထုတ်ပြန်ကာ လုပ်ငန်းရှင်များအား ဖိတ်ခေါ်ခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်းက ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးရာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တစ်ခုတည်း မဟုတ်ဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီများ ဖွဲ့စည်းခဲ့သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရင်းနှီးမြှုပ်နှံမှုကော်မတီများက ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာငါးသန်း သို့မဟုတ် ကျပ်သန်း ၆၀၀၀ အထိရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးလျက်ရှိသည်။ လက်ရှိအချိန်၌ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တစ်နည်းအားဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရုံးများကို ဖွင့်လှစ်ထားပြီဖြစ်သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ၀င်ရောက်မှုအခြေအနေ

ပြည်နယ်နှင့်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီများမှ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ စိစစ်ခွင့်ပြုပေးလျက်ရှိသော်လည်း ယခုဘဏ္ဍာနှစ်အတွင်း ရှမ်း၊ ချင်း၊ ကယား၊ ကရင်နှင့် ချင်းပြည်နယ်တို့သို့ ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်ခြင်းမရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ရင်းနှီးမြှုပ်နှံမှုကော်မတီများက အတည်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများကို လေ့လာကြည့်ပါက ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်း ၃၈ ခုတွင် ဒေါ်လာ ၅၄ သန်းကျော်ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း လုပ်ငန်းတစ်ခုမှ ဒေါ်လာ ၃ ဒသမ ၆၈၅ သန်းကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း လုပ်ငန်းတစ်ခုမှ ဒေါ်လာ သုည ဒသမ ၆ သန်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း လုပ်ငန်းခြောက်ခုမှ ဒေါ်လာ ၁၆ ဒသမ ၃၅၄ သန်းကိုလည်းကောင်း၊ မွန်ပြည်နယ်တွင် လုပ်ငန်းတစ်ခုမှ ဒေါ်လာတစ်သန်းခွဲကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် လုပ်ငန်းလေးခုမှ ဒေါ်လာ ၁၀ သန်းနီးပါးကိုလည်းကောင်း၊ နေပြည်တော်တွင် လုပ်ငန်းတစ်ခုမှ ဒေါ်လာ သုည ဒသမ ၄၄၉ သန်းကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လုပ်ငန်းတစ်ခုမှ ဒေါ်လာ ၁ ဒသမ ၃ သန်းကိုလည်းကောင်း အသီးသီးခွင့်ပြုပေးခဲ့သည်။

အလားတူ ပြည်နယ်နှင့်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီများက အတည်ပြုပေးခဲ့သည့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုကို လေ့လာကြည့်ပါက မကွေးတိုင်းဒေသကြီးတွင် လုပ်ငန်းခြောက်ခုမှ ကျပ် ၁၅၇၂ ဒသမ ၇၀ သန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် လုပ်ငန်းရှစ်ခုမှ ကျပ် ၉၀၀၀ ဒသမ ၉၈ သန်းကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် လုပ်ငန်းခြောက်ခုမှ ကျပ် ၂၀၃၉၄ ဒသမ ၂၆၀ သန်းကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် လုပ်ငန်းကိုးခုမှ ကျပ် ၂၃၀၆၀ ဒသမ ၆၀ သန်းကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် လုပ်ငန်းသုံးခုမှ ကျပ် ၁၉၇၀ ဒသမ ၁၁ သန်းကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် လုပ်ငန်းနှစ်ခုမှ ကျပ်သန်း ၈၀၀ ကျော်ကိုလည်းကောင်း၊ ကချင်ပြည်နယ်တွင် လုပ်ငန်းတစ်ခုမှ ကျပ် ၁၆၈၈ သန်းကျော်ကိုလည်းကောင်း၊ မွန်ပြည်နယ်တွင် လုပ်ငန်းနှစ်ခုမှ ကျပ်သန်း ၈၃၀၀ ကျော်ကိုလည်းကောင်း အသီးသီးခွင့်ပြုပေးခဲ့သည်။

သို့သော်လည်း ချင်း၊ ရှမ်း၊ ကယား၊ ကရင် စသည့်ပြည်နယ်များတွင် ၀င်ရောက်ခြင်းမရှိခဲ့သော်လည်း လက်ရှိအချိန်တွင် အဆိုပါပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံရန် အဆိုပြုလွှာများ လက်ခံရရှိထားပြီးဖြစ်ကြောင်းလည်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုအများစုသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌သာ မြှုပ်နှံနေကြသဖြင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွန်ကင်းလွတ် သက်သာခွင့်များရရှိနိုင်မည့် ဖွံ့ဖြိုးမှုဇုန်များသတ်မှတ်ကာ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ခဲ့သည်။ ယခင်က ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် ရရှိသည့်အခွန်သက်သာခွင့်များကို ပြန်လည်သုံးသပ်ကာ ဖွံ့ဖြိုးမှုဇုန်များသတ်မှတ်ပြီး အခွန်သက်သာခွင့်ပေးရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအချက်သည် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ မြင့်တက်စေရန် ဆွဲဆောင်ခဲ့ခြင်းဖြစ်သည်။

ယခင်အစိုးရလက်ထက် MIC ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများမှ ပို့ကုန်တင်ပို့မှုအခြေအနေ

ငါးနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပပို့ကုန်အားလုံး၏ ၅၈ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများမှ တင်ပို့နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး၏ ပြောကြားချက်အရ သိရသည်။

ယခင်အစိုးရလက်ထက်ဖြစ်သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ MIC ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများမှ ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်မှုအနေအထားမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်အားလုံး၏ ၅၄ ရာခိုင်နှုန်းမှာ MIC ခွင့်ပြုသည့်လုပ်ငန်းများက တင်ပို့ခြင်းဖြစ်ကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ရာခိုင်နှုန်း ၆၀၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၆၃ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၆၇ ရာခိုင်နှုန်းနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၄၆ ရာခိုင်နှုန်းအထိ တင်ပို့ထားကြောင်း သိရသည်။

MIC ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများမှ ထုတ်ကုန်များ၏ ပြည်ပပို့ကုန်တန်ဖိုးတွင် ပါဝင်မှုအနေအထားကို လေ့လာကြည့်ပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ခြောက်ဘီလျံကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ရှစ်ဘီလျံကျော်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ခုနှစ်ဘီလျံကျော်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ခြောက်ဘီလျံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

“ကမ္ဘာပေါ်မှာ ရင်းနှီးမြှုပ်နှံမှုလို့ပြောရင် ကုန်ထုတ်လုပ်မှုရယ် ၀န်ဆောင်မှုရယ် နယ်ပယ်အဓိကနှစ်ခုရှိပါတယ်။ ၀န်ဆောင်မှုရဲ့ အခန်းကဏ္ဍသည် တစ်ကမ္ဘာလုံး ခြုံကြည့်ရင် ၇၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုလို့ပြောတိုင်း ကုန်ထုတ်လုပ်မှုတက်တာ မဟုတ်ပါဘူး။ ၀န်ဆောင်မှုလည်း အကျုံးဝင်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်ပြီး ဝေဖန်မှုအမျိုးမျိုးရှိခဲ့ရာ MIC က ခွင့်ပြုလိုက်သည့် လုပ်ငန်းများသည် ကိန်းဂဏန်းများအရသာ မြင့်တက်နေခြင်းဖြစ်ပြီး အမှန်တကယ်တွင် တိုးတက်လာခြင်းမရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာသော်လည်း တိုင်းပြည်၏ ပို့ကုန်ကဏ္ဍ တက်မလာကြောင်း စသည်ဖြင့် ဝေဖန်မှုများရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်သည့်စက်ပစ္စည်း၊ ယန္တရား စသည့်လုပ်ငန်းသုံးပစ္စည်းများ တင်သွင်းလာခြင်းသည်လည်း ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်ကာ မြန်မာနိုင်ငံအတွင်း လိုအပ်သလိုအသုံးပြုနိုင်ရန် သွင်းလာသည့် ငွေသားသည်လည်း ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ပြောကြားသည်။

အခွန်ကင်းလွတ်ခွင့်ရရှိမည့် ဖွံ့ဖြိုးမှုဇုန်သတ်မှတ်ချက်များ

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လိုအပ်ချက်အပေါ်မူတည်၍ ၀င်ငွေခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်ရရှိမည့် ဖွံ့ဖြိုးတိုးတက်မှုဇုန် အမျိုးအစားသတ်မှတ်ချက်များကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ ၁၀၀ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ယင်းဥပဒေပုဒ်မ ၇၅ (က) ပါ ၀င်ငွေခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်တို့ ခွင့်ပြုရန်အလို့ငှာ ဖွံ့ဖြိုးမှုနည်းပါးသော ဒေသများကို ဇုန် (၁) အဖြစ်လည်းကောင်း၊ ဖွံ့ဖြိုးမှု အသင့်အတင့်ရှိသော ဒေသများကို ဇုန် (၂) အဖြစ်လည်းကောင်း၊ ဖွံ့ဖြိုးမှုရှိသော ဒေသများကို ဇုန် (၃) အဖြစ်လည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အမိန့်ကြော်ငြာစာအမှတ် ၁၀/၂၀၁၇ အရ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်အရ ဖွံ့ဖြိုးမှုနည်းပါးသောဒေသများတွင် ကချင်ပြည်နယ်မှ ချီဖွေမြို့နယ်၊ မန်စီမြို့နယ်တို့အပါအ၀င် မြို့နယ် ၁၄ ခု၊ ကယားပြည်နယ်မှ မြို့နယ်ခုနစ်ခု၊ ကရင်ပြည်နယ်မှ မြို့နယ်ခုနစ်ခု၊ ချင်းပြည်နယ်မှ မြို့နယ်ကိုးခု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ မြို့နယ် ၃၅ ခု၊ တနင်္သာရီတိုင်းဒေသကြီးမှ မြို့နယ်လေးခု၊ ပဲခူးတိုင်းဒေသကြီးမှ မြို့နယ်ငါးခု၊ မကွေးတိုင်းဒေသကြီးမှ မြို့နယ် ၁၃ ခု၊ မန္တလေးတိုင်းဒေသကြီးမှ မြို့နယ်နှစ်ခု၊ မွန်ပြည်နယ်မှ မြို့နယ်နှစ်ခု၊ ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ ခု၊ ရှမ်းပြည်နယ်မှ မြို့နယ် ၄၂ ခု၊ ဧရာဝတီတိုင်းဒေသကြီးမှ မြို့နယ် ၁၀ ခု ပါဝင်ခဲ့ရာ ရှမ်းပြည်နယ်မှ အများဆုံးဖြစ်သည်။

အလားတူ ဖွံ့ဖြိုးမှုအသင့်အတင့်ရှိသော ဒေသများမှ ကချင်ပြည်နယ်မှ မြို့နယ် လေးခု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ မြို့နယ် သုံးခု၊ တနင်္သာရီတိုင်းဒေသကြီးမှ မြို့နယ် ခုနစ်ခု၊ ပဲခူးတိုင်းဒေသကြီးမှ မြို့နယ် ၂၃ ခု၊ မကွေးတိုင်းဒေသကြီးမှ မြို့နယ် ၁၂ ခု၊ မန္တလေးတိုင်းဒေသကြီးမှ မြို့နယ် ၁၃ ခု၊ မွန်ပြည်နယ်မှ မြို့နယ် ရှစ်ခု၊ ရန်ကုန်တိုင်းဒေသကြီးမှ မြို့နယ် ၁၃ ခု၊ ရှမ်းပြည်နယ်မှ မြို့နယ် ၁၄ ခု၊ ဧရာဝတီတိုင်းဒေသကြီးမှ မြို့နယ် ၁၇ ခုနှင့် နေပြည်တော်ပြည်ထောင်စုနယ်မြေမှ မြို့နယ် ရှစ်ခုတို့ ပါဝင်သည်။

ဖွံ့ဖြိုးမှုရှိသောဒေသများမှ မန္တလေးတိုင်းဒေသကြီးမှ ၁၄ မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးမှ မြို့နယ် ၃၂ ခုဖြင့် အများဆုံးပါဝင်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်အရ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်မည့် ဇုန် -၁၊ ဇုန်-၂ နှင့် ဇုန်-၃ သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို အခြေမခံဘဲ မြို့နယ်များကိုအခြေခံကာ ဦးစားပေးမြှင့်တင်သွားမည် ဖြစ်သည်။

ဇုန် (၁) အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ် စတင်သောနှစ်အပါအ၀င် တစ်ဆက်တည်း ခုနစ်နှစ်အထိလည်းကောင်း၊ ဇုန် (၂) အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ်စတင်သောနှစ်အပါအ၀င် တစ်ဆက်တည်း ငါးနှစ်အထိလည်းကောင်း၊ ဇုန် (၃) အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ် စတင်သောနှစ်အပါအ၀င် တစ်ဆက်တည်း သုံးနှစ်အထိလည်းကောင်း ၀င်ငွေခွန်ကင်းလွတ်ခွင့် ပြုနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သည် အပိုဒ် (၁) ပါ ဇုန်အမျိုးအစားများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လိုအပ်ချက်အပေါ်မူတည်၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် လိုအပ်သလို ပြောင်းလဲသတ်မှတ်မည်ဟု သိရသည်။

ရင်းနှီးမြှုပ်နှံသူများ ရင်ဆိုင်နေရဆဲ အခက်အခဲ

ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြင့်လာနေခြင်းသည် နည်းဗျူဟာအရ အချက်အခြာကျလှသည့် နိုင်ငံ၏တည်နေရာ၊ နိုင်ငံတကာနှင့် ထိတွေ့မှုမရှိသေးသည့် ကြီးမားသော ပြည်တွင်းဈေးကွက်နှင့် များပြားလှသော သဘာဝသယံဇာတများ စသည့် မြန်မာနိုင်ငံ၏ အားသာချက်များကြောင့်ဖြစ်ပြီး စီးပွားရေးအခြေအနေအရ စိန်ခေါ်မှုများ တည်ရှိနေသော်လည်း ရင်းနှီးမြှုပ်နှံသူများကြားတွင် စိတ်ဝင်စားမှု ဆက်လက်မြင့်မားနေဆဲဖြစ်သည်ဟု Oxford Business Group ၏ အယ်ဒီတာချုပ် Oliver Cornock မှ ပြောကြားခဲ့သည်။

“အစိုးရဘက်ကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်ချင်လာအောင် အခွန်သက်သာခွင့် ပေးတာမျိုးဖြစ်ဖြစ် ဆွဲဆောင်ထားတာ တွေ့ရပါတယ်။ ဌာနဆိုင်ရာတွေနဲ့ ဆွေးနွေးမှုအပိုင်းတွေမှာ အရင်ကထက် ပိုအဆင်ပြေလာတယ်။ ရင်းနှီးမြှုပ်နှံသူအများစုက ရန်ကုန်ဝန်းကျင်ကိုပဲ စိတ်ဝင်စားတယ်၊ တခြားနယ်တွေကို သိပ်စိတ်မ၀င်စားဘူး။ ဥပမာ- ချင်းပြည်နယ်ဆိုပါတော့၊ ခရီးသွားလုပ်ငန်းတွေလုပ်ဖို့ လုပ်ငန်းရှင်တွေ စိတ်ဝင်စားကြတယ်။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ရေ၊ မီး စသဖြင့်ပေါ့ တခြားအခက်အခဲတွေ ရှိသေးတယ်။ ဒီနေရာမှာရင်းရင် Return of Investment ပေါ့နော်၊ ဒါက အချိန်ဘယ်လောက်ကြာနိုင်မလဲ။ အခုသွားပြီး မြှုပ်နှံဖို့ အချိန်မတန်သေးဘူးပေါ့၊ ချင်းဘက်ကို သွားမယ့်အစား ရှိပြီးသားလုပ်ငန်းမှာ Investment တိုးတာမျိုးကိုပဲ ဆက်လုပ်ထားသေးတဲ့ သဘောတွေလည်း တွေ့ရပါတယ်” ဟု ရန်ကုန်မြို့ရှိ နိုင်ငံခြားကုမ္ပဏီမှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

“နိုင်ငံတကာ ကုန်စည်ဈေးနှုန်းတွေ ကျလာတာကို သတိပြုစရာဖြစ်လာပေမယ့် မြန်မာနိုင်ငံအနေနဲ့ ဥပဒေပြဋ္ဌာန်းမှုတွေကို အတည်တကျဖြစ်ပေါ်လာအောင် အာရုံစိုက်လုပ်ဆောင်နေပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ထိရောက်မှုပိုမိုမြင့်မားလာအောင် ဆောင်ရွက်ရင်း စီးပွားရေးအခြေအနေ ပိုမိုကောင်းမွန်လာအောင် တစိုက်မတ်မတ် လုပ်ကိုင်နေပါတယ်။ ဒီထက်ပိုပြီး လုပ်စရာတွေရှိနေသေးပေမယ့် မြန်မာနိုင်ငံက သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းကို သက်သေပြပြီးဖြစ်သလို နိုင်ငံရဲ့ဈေးကွက် အားသာချက်တွေလည်း ရှိတာကြောင့် စီးပွားရေးခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံကို သတိထားမိမှာ အသေအချာပါပဲ” ဟု Oxford Business Group ၏ အယ်ဒီတာချုပ် Oliver Cornock က ပြောကြားသည်။

ADB ကထုတ်ပြန်သည့် ထုတ်ပြန်သည့် Asia Development Outlook 2018 တွင် Foreign Direct Investment Regulatory Restrictiveness Index 2016 အရ မြန်မာနိုင်ငံသည် အခြားအရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို၊ မလေးရှား၊ အင်ဒိုနီးရှားတို့ထက် စည်းကမ်းပိုင်းဆိုင်ရာ ကန့်သတ်ချက် များနေသေးကြောင်း ဖော်ပြထားသည်။

OBG ၏ အာရှတိုက်အတွက် ဒေသဆိုင်ရာ အယ်ဒီတာဖြစ်သူ Patrick Cooke မှ ဆက်လက်ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုများနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်မှုတို့သည် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေမည့်အပြင် စီမံကိန်းများ လုပ်ဆောင်ရာတွင် တစ်ဖက်တစ်လမ်း ပါဝင်လုပ်ကိုင်လိုသည့် ရင်းနှီးမြှုပ်နှံသူများအတွက် သိသိသာသာ ကောင်းမွန်သော အခွင့်အလမ်းများအား ဖြစ်ပေါ်လာစေမည်ဟု သုံးသပ်ထားသည်။

ကွန်ဒိုမီနီယံဥပဒေ ထွက်ရှိလာခြင်းနှင့် နိုင်ငံတော်မှ ဖော်ဆောင်မည့် အိမ်ရာစီမံကိန်းများကြောင့် ယခုနှစ်အတွင်း အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ယခင်နှစ်ထက် ပိုမိုဝင်ရောက်နိုင်ကြောင်း သုံးသပ်

ရန်ကုန်မြို့ရှိ အိမ်ရာအဆောက်အအုံများကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)

ကွန်ဒိုမီနီယံဥပဒေ ထွက်ရှိလာခြင်းကြောင့် ဥပဒေပိုင်းဆိုင်ရာ အားကောင်းလာမှုနှင့်အတူ နိုင်ငံတော်မှ ဖော်ဆောင်မည့် အိမ်ရာစီမံကိန်းများကြောင့် ယခုနှစ်အတွင်း အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ယခင်နှစ်ကထက် ပိုမိုဝင်ရောက်နိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက သုံးသပ်ပြောကြားသည်။

“အိမ်ခြံမြေကဏ္ဍက မနှစ်ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ ကောင်းတယ်။ ဒီနှစ်လည်း ကောင်းမယ်လို့မြင်တယ်။ ကောင်းမယ်လို့ မြင်တာကတော့ အကြောင်းမျိုးစုံ ရှိတာပေါ့။ ပထမတစ်ချက်က ကွန်ဒိုမီနီယံနဲ့ ပတ်သက်တဲ့ နည်းဥပဒေတွေထွက်တယ်။ အဲဒီအတွက် နိုင်ငံခြားသားတွေက ကွန်ဒိုမီနီယံမှာ ၀ယ်လို့ရသွားတဲ့ အနေအထားမျိုး ပေါ်လာတယ်။ ကွန်ဒိုမီနီယံဥပဒေပေါ်လာတဲ့ အတွက်ကြောင့် ဘာပဲပြောပြော ဥပဒေပိုင်းဆိုင်ရာမှာ အားကောင်းလာတယ်။ အဲဒီအတွက်ကြောင့်မို့ ဒါက Real Estate ကဏ္ဍကြီးတစ်ခုလုံးကို ပိုပြီးအထောက်အကူပြုတာပေါ့” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

“နှစ်အချက်က ရန်ကုန်တိုင်းအစိုးရက အကောင်အထည်ဖော်မယ့်လုပ်ငန်းတွေရှိတယ်။ ရှိတဲ့အတွက်ကြောင့် ဒီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးဝင်လာမယ်။ နောက်တစ်ချက်ကတော့ နိုင်ငံဝန်ထမ်းတွေအတွက် အိမ်ရာစီမံကိန်းတွေလုပ်မယ်ဆိုတာတွေ ရှိလာတဲ့အတွက် ဒီကဏ္ဍက မနှစ်ကထက်စာရင် ဒီနှစ်ပိုကောင်းလာမယ်လို့ သုံးသပ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အတွင်း အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခုမှ ပမာဏဒေါ်လာ ၁၂၆၁ ဒသမ ၉၇၇ သန်း ၀င်ရောက်ထားပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၂ ရာခိုင်နှုန်းကျော်အထိ ၀င်ရောက်ထားသည်။

အဆိုပါ ကာလအတွင်း အိမ်ခြံမြေကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကိုးခုမှ ကျပ် ၁၅၃၆ ဘီလျံအထိရှိပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၃၈ ရာခိုင်နှုန်းနီးပါးအထိ ၀င်ရောက်မြှုပ်နှံထားကြကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ ဆက်လက်ဝင်ရောက်လာမှုနှင့် ရှိနှင့်ပြီး ပြည်တွင်းပြည်ပလုပ်ငန်းအချို့၏ လုပ်ငန်းတိုးချဲ့မှုများကြောင့် ရုံးခန်းနေရာ လိုအပ်ချက် မြင့်မားသော်လည်း ငှားရမ်းမှုနှုန်းများ လျော့ကျလျက်ရှိသည်။ ဈေးကွက်ဝင်ပြီး ရုံးခန်းအဆောက်အအုံနေရာများ၏ ၆၈ ရာခိုင်နှုန်း ငှားရမ်းမှုရှိပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စတုတ္ထသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ကျဆင်းခဲ့ပြီး ငှားရမ်းခများလည်း ဆက်လက်လျော့နည်းလာခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ပထမသုံးလပတ်အထိ ရန်ကုန်မြို့တွင် အဆင့်မြင့် ရုံးခန်းအဆောက်အအုံနေရာ စတုရန်းမီတာ ၃၅၀,၀၀၀ ကျော် ရှိလာပြီး ငှားရမ်းမှုနှုန်း ဆက်လက်လျော့နည်းလာရာ ယခင်နှစ်ကာလတူထက် ငှားရမ်းခ ဈေးနှုန်း ၃ ဒသမ ၅ ရာခိုင်နှုန်း ၀န်းကျင် ကျဆင်းခဲ့ကြောင်း အမေရိကန်အခြေစိုက် နိုင်ငံတကာ အိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်း Colliers International (Myanmar) က ဈေးကွက် သုံးသပ်ထားသည်။

မြန်မာနိုင်ငံ ကွန်ဒိုမီနီယံနည်းဥပဒေ ထွက်ရှိလာပြီး နိုင်ငံခြားသားများ အဓိက ပါဝင်လာခြင်းနှင့် ၀ယ်ယူလာနိုင်ပါက ပြည်တွင်း အိမ်ရာစီမံကိန်းလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ယခင်ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိုဝင်ဘာ ၁၉ ရက်က ရန်ကုန်မြို့ရှိ ရတနာနှင်းဆီအဆင့်မြင့်အိမ်ရာ/ အိမ်ခန်းသော့ အပ်နှံပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

ပြည်တွင်းရှိ အလွှာပေါင်းစုံ၊ ကဏ္ဍအသီးသီးမှ နိုင်ငံသားများအတွက် အိမ်ရာစီမံကိန်းများ ဆောင်ရွက်နေရသကဲသို့ မြန်မာနိုင်ငံတွင် စီးပွားရေးလာရောက်လုပ်ကိုင်မည့် နိုင်ငံခြားသားမျာ၊ စက်ရုံအလုပ်ရုံ လာရောက် တည်ထောင်မည့် နိုင်ငံခြားသားများအတွက် နေထိုင်မှု အဆင်ပြေစေနိုင်မည့် အိမ်ရာစီမံကိန်းများလည်း လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဦးစားပေးကဏ္ဍများဖြင့် ဖိတ်ခေါ်ခဲ့သည့်အတွက် စက်မှုကဏ္ဍ၊ အိမ်ရာအဆောက်အအုံနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်မှု လုပ်ငန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသီဟဇော်)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်အထိ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရန် ဦးစားပေး ကဏ္ဍများဖြင့် ဖိတ်ခေါ်ခဲ့သည့်အတွက် စက်မှုကဏ္ဍ၊ အိမ်ရာအဆောက်အအုံနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ထား ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဧပြီ ၁၀ ရက်က သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများကို လေ့လာကြည့်ပါက စက်မှုကဏ္ဍတွင် လုပ်ငန်း ၁၃၉ ခုတွင် ဒေါ် လာ ၁၇၇၁ ဒသမ ၃၈၅ သန်းအထိ ၀င်ရောက်ထားပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏  ၃၀ ဒသမ ၉၈ ရာခိုင်နှုန်းအထိ ၀င်ရောက်ထားသည်။ အဆိုပါပမာဏသည် ယခုနှစ်အတွင်း ၀င်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံသည့် ကဏ္ဍများအနက် အများဆုံးဖြစ်ကြောင်း သိရသည်။

ဒုတိယအများဆုံးကဏ္ဍမှာ အိမ်ယာအဆောက်အအုံ တည်ဆောက်ရေးကဏ္ဍဖြစ်ပြီး လုပ်ငန်း ၁၀ ခုမှ ဒေါ်လာ ၁၂၆၁ ဒသမ ၉၇၇ သန်းအထိရှိကာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၂ ဒသမ ၀၇ ရာခိုင်နှုန်း ရှိသည်။

တတိယအများဆုံးကဏ္ဍမှာ အခြားဝန်ဆောင်မှုကဏ္ဍတွင် လုပ်ငန်း ၄၀ မှ ဒေါ်လာ ၁၀၀၅ ဒသမ ၂၅၉ သန်းအထိရှိကာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၇ ဒသမ ၅၈ ရာခိုင်နှုန်းအထိ ရှိနေသည်။

ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် လုပ်ငန်းရှစ်ခုမှ ဒေါ်လာ ၉၀၁ ဒသမ ၆၃၉ သန်းရှိကာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၅ ဒသမ ၇၇ ရာခိုင်နှုန်း ရှိနေသည်။

လျှပ်စစ်ကဏ္ဍတွင် လုပ်ငန်းငါးခုမှ ဒေါ်လာ ၄၀၅ ဒသမ ၇၇၄ သန်းအထိရှိကာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၇ ဒသမ ၁၁ ရာခိုင်နှုန်းရှိနေကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍတွင် လုပ်ငန်းငါးခုမှ ဒေါ်လာ ၁၇၆ ဒသမ ၇၆၇ သန်းအထိရှိကာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၃ ဒသမ ၀၉ ရာခိုင်နှုန်းရှိနေကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၆ ဒသမ ၁၁၅ ဘီလျံ ကျော်ဝင်ရောက်ထားပြီး ယခုဘဏ္ဍာနှစ်၏ လျာထားချက်ထက် ဒေါ်လာ ၁၁၅ သန်းကျော် အထိ ပိုမိုဝင်ရောက်ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မတ်လအကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၂၂၂ ခုကို ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏ ဒေါ်လာ ၄ ဒသမ ၇၇၆ ဘီလျံကျော်နှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအ၀င် စုစုပေါင်းပမာဏ ဒေါ်လာ ၅ ဒသမ ၇၁၇ ဘီလျံကျော်အထိ ၀င်ရောက်ထားသည်။

ထို့ပြင် အထူးစီးရေးဇုန် ဥပဒေအရ သီလ၀ါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၄၀၀ ခန့်ခွင့်ပြုပေးခဲ့သည့်အတွက် ယခုဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၆ ဒသမ ၁၁၅ ဘီလျံကျော်အထိ ခွင့်ပြုပေးထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေးတွက် ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊ အမျိုးသားဝင်ငွေနှင့် အခွန်တိုးတက် ရရှိနိုင်မှု၊ ပြည်တွင်းပြည်ပဈေးကွက်အခြေအနေ၊ ပြည်တွင်းစားသုံးရန်လိုအပ်ချက်၊ နည်းပညာဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာလွှဲပြောင်းရရှိမှုစသည့် အချက်များကို အခြေခံ၍ စိစစ်ခြင်းဖြစ်ကြောင်း သိရသည်။

ဂျီဒီပီ တိုးတက်အောင်ဆောင်ရွက်ရာတွင် သဘာဝသယံဇာတမှထုတ်ယူကာ ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်ခြင်းက နိုင်ငံအတွက်အန္တရာယ်ရှိဟုဆို

နိုင်ငံ့စီးပွားရေး ဂျီဒီပီ တိုးတက်အောင် ဆောင်ရွက်ရာတွင် သဘာဝသယံဇာတမှထုတ်ယူကာ ထုတ်ကုန်တိုးမြှင့် ထုတ်လုပ်ခြင်းက နိုင်ငံ့အတွက်အန္တရာယ်ရှိကြောင်း ဧပြီ ၈ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် ‘မျက်မှောက် မြန်မာ့စီးပွားရေး အလားအလာသုံးသပ်ခြင်း’ အခမ်းအနားမှ သိရသည်။

“သဘာဝသယံဇာတပစ္စည်းတွေကို ထုတ်ပြီးတော့ စီးပွားရေးတိုးတက်အောင် လုပ်တာကတော့ အန္တရာယ်ရှိပါတယ်” ဟု အဆိုပါအခမ်းအနားတွင် ပါဝင်ဆွေးနွေးသူ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဘောဂဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာသီတာကြူက ပြောကြားသည်။

လာမည့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီရှစ်ရာခိုင်နှုန်းအထိ တိုးတက်လာအောင်မည်ကဲ့သို့ ဆောင်ရွက်သင့်လဲဆိုသည့် ဆွေးနွေးမှုအပေါ် ဒေါက်တာသီတာကြူက ပြန်လည်သုံးသပ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဂျီဒီပီတိုးတက်မှု အခြေခံသဘောတရား လေးမျိုးရှိကြောင်း၊ ယင်းလေးမျိုးမှာ အရင်းအနှီးဖြစ်သည့် ရင်းနှီးမြှုပ်နှံမှု၊ လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာတိုးတက်မှုနှင့် သဘာဝသယံဇာတမှ ထုတ်ယူသုံးစွဲခြင်းများကြောင့် ဂျီဒီပီတိုးတက်လာနိုင်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။

အဆိုပါအခြေခံအချက်လေးချက်အနက် ပြည်တွင်းကုန်ထုတ်လုပ်မှုများ မြင့်တက်စေမည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာနိုင်အောင် ဆွဲဆောင်သင့်ကြောင်း ဒေါက်တာသီတာကြူက ပြောကြားသည်။

“ကိုယ့်နိုင်ငံက စီးပွားရေးကို ရှစ်ရာခိုင်နှုန်းလောက် တိုးတက်အောင်လုပ်မယ်ဆိုရင်တော့ အကောင်းဆုံးနည်းလမ်းကတော့ ထုတ်ကုန်တွေမြှင့်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာအောင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသာမက ပြည်တွင်းကသူတွေရဲ့ ရင်းနှီးမြှုပ်နှံမှုကိုပါ စွမ်းဆောင်နိုင်မယ့် ပတ်ဝန်းကျင်တွေ လုပ်ဆောင်ပေးဖို့လိုပါတယ်” ဟု ၎င်းက ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၁၅ ဘီလျံကျော် ၀င်ရောက်ထားကြောင်း မတ်လ ၂၂ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မတ်လအကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၂၂၂ ခုကို ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏ ဒေါ်လာ ၄ ဒသမ ၇၇၆ ဘီလျံကျော်နှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအ၀င် စုစုပေါင်းပမာဏ ဒေါ်လာ ၅ ဒသမ ၇၁၇ ဘီလျံကျော်အထိ ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အထူးစီးပွားရေးဇုန်ဥပဒေအရ သီလ၀ါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၄၀၀ ခန့်ခွင့်ပြုပေးခဲ့သည့်အတွက် ယခုဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းဒေါ်လာ ၆ ဒသမ ၁၁၅ ဘီလျံကျော်အထိ ခွင့်ပြုပေးထားပြီးဖြစ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးရာတွင် လုပ်ငန်း၏စီးပွားရေးတွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊ အမျိုးသားဝင်ငွေနှင့် အခွန်တိုးတက်ရရှိနိုင်မှု၊ ပြည်တွင်းပြည်ပ ဈေးကွက်အခြေအနေ၊ ပြည်တွင်းစားသုံးရန်လိုအပ်ချက်၊ နည်းပညာဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာလွှဲပြောင်းရရှိမှု၊ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုရေးထိခိုက်မှု ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်မှုအစီအမံများ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဖြစ်ခြင်းနှင့် တည်ဆဲဥပဒေများကို လိုက်နာခြင်းစသည့် အချက်များကိုအခြေခံ၍ စိစစ်ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၃၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံတွင်းသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ဒေါ်လာသန်းထောင်ပေါင်း ၁၄၀ အထိရရှိရန် ရည်မှန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာဖို့အတွက် ရည်ရွယ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအနေနဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ရဲ့အကူအညီနဲ့ ကာလရှည်နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာစီမံကိန်း ရေးဆွဲရာမှာ ၂၀၁၄ ခုနှစ်ကနေ ၂၀၃၀ ပြည့်နှစ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာသန်းထောင်ပေါင်း ၁၄၀ ရရှိရန် ရည်မှန်းထားတယ်ဆိုတာ သုံးသပ်တွေ့ရှိရပါတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။