ဗီဇာဖြေလျှော့မှုများ ပေးထားသည့်အတွက် မန္တလေးတိုင်းအတွင်း ကိုရီးယားနှင့် ဂျပန်ခရီးသွားများ ပိုမိုဝင်ရောက်လာမည်ဟု မျှော်လင့်

သြဂုတ် ၂၇ ရက်ညက မန္တလေး​လေဆိပ်​သို့ တရုတ်​ခရီးသွားများ ၀င်​​ရောက်​လာသည်ကို တွေ့ရစဉ်

မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံတကာခရီးသွားများ ပိုမိုဝင်ရောက် လာစေရေးအတွက် လာမည့် အောက်တိုဘာ ၁ ရက်​မှစ၍ ဂျ​ပန်၊ေ​တာင်​ကိုရီးယား ခရီးသွားများ​​အတွက်​ ဗီဇာကင်းလွတ်​ခွင့်​ပေးပြီး တရုတ်​ခရီးသွားများကို ဆိုက်​​ရောက်​ဗီဇာ ​ဆောင်ရွက်ပေးထားသည့်အတွက် လာမည့်ခရီးသွားရာသီတွင် မန္တလေးတိုင်းအတွင်းသို့ ကိုရီးယားနှင့် ဂျပန်ခရီးသွားများ ယခင်နှစ်ထက် ပိုမိုဝင်ရောက်လာမည်ဟု မျှော်လင့်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။

ယခုနှစ် နှစ်စ ဇန်န၀ါရီမှ ဇွန်အထိ မန္တလေးတိုင်းဒေသကြီး အတွင်းသို့ ပြည်ပခရီးသွား ၀င်ရောက်မှုအနေဖြင့် တရုတ်နိုင်ငံမှ အများဆုံးဖြစ်ပြီး ဒုတိယအနေဖြင့် ပြင်သစ်နိုင်ငံ၊ တတိယအနေဖြင့် ထိုင်းနိုင်ငံမှ ၀င်ရောက်မှု အများဆုံးဖြစ်ပြီး ဥရောပနိုင်ငံများမှ ခရီးသွားဝင်ရောက်မှု ကျဆင်းသွားကြောင်း၊ လက်ရှိတွင် ကိုရီးယားနှင့် ဂျပန်ခရီးသွားများအား ဗီဇာကင်းလွတ်ခွင့် ပေးထားသည့်အတွက် ယခင်နှစ်များထက် ပိုမိုဝင်ရောက် လာသည်ဟု မျှော်လင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ကိုရီးယားနဲ့ ဂျပန်ကို ဗီဇာကင်းလွတ်ခွင့် ပေးပါတယ်။ တရုတ်ခရီးသွား ဧည့်သည်ကိုတော့ ဆိုက်ရောက်ဗီဇာ ပေးထားပါတယ်။ လက်ရှိမှာက တရုတ်ခရီးသွား ဧည့်သည်တွေ တိုးတက်လာပြီး မန္တ​လေးတိုင်းကလည်း တရုတ်ပြည်နဲ့ နီးစပ်တဲ့အတွက် စီးပွား​ရေး လုပ်ငန်းနဲ့လည်း လာတာဆိုတော့ တရုတ်​ခရီးသွား ဧည့်သည်က တိုးတက်လာတယ်။ ကျန်တဲ့ ခရီးသွားဧည့်သည်တွေကိုလည်း တိုးတက်လာမယ်လို့ မျှော်မှန်းပါတယ်။ လက်ရှိမှာလည်း ဗီဇာကင်းလွတ်ခွင့်လုပ်တဲ့ နိုင်ငံတွေက ယခင်ထက်စရင် တိုးတက်လာတယ်။ လာမယ့်နှစ်တွေမှာ ဂျပန်ခရီးသွားဧည့်သည်နဲ့ ကိုရီးယား ခရီးသွား ဧည့်သည်ကတော့ ပိုမိုတိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းသို့ လာရောက်လည်ပတ်မည့် ပြည်ပခရီးသွားများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် Information Center များကို တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနတွင် လည်းကောင်း၊ မန္တလေး ဘူတာကြီးတွင် လည်းကောင်း၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လည်းကောင်း ဖွင့်လှစ်ထားရှိပြီးဖြစ်ပြီး ကျန်နေရာများတွင်လည်း ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

“ကျွန်တော်တို့ ဘက်ကလည်း ကြိုတင်ပြင်ဆင်မူ အပိုင်းတွေလည်း ရှိပါတယ်။ ခရီးသွားကဏ္ဍထဲမှာ ပါဝင်တဲ့ အဖွဲ့တွေကိုလည်း အသိပေးပြီးတော့ ကြိုတင်ဆောင်ရွက်ထားတာ ရှိပါတယ်။ ဥပမာဆိုရင် တရုတ်ခရီးသွား ဧည့်သည်ဆိုရင် တရုတ်ခရီးသွားနဲ့ လျော်ညီစွာပဲ သူတို့သွားတဲ့ နေရာတွေ၊ စား​သောက်​ဆိုင်​တွေကိုလည်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းနဲ့ ညှိနိုင်းဆောင်ရွက်ရတာရှိတယ်။ နောက်ခရီးသွား လုပ်ငန်းက စကားပြန်တွေကိုလည်း တရုတ်စကားပြန်ရရှိရေး ဆောင်ရွက်ရတာရှိတယ်။ ယခင်ကလည်း ကြိုတင်ဆောင်ရွက်သလို အခုလည်း ဆက်လက် ဆောက်ရွက်နေတယ်။ နောင်လည်း ဆက်လက် ဆောက်ရွက်သွားမယ်။ ဆောင်ရွက်တဲ့အခါမှာ ဘာကို အဓိကထားသလဲဆို ခရီးသွားလုပ်ငန်းကို အစဉ်ဖွံ့ဖြိုးတဲ့ လုပ်ငန်းကို ဆောင်ရွက်ရတယ်” ဟု မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။

လက်ရှိတွင် မန္တလေးမြို့သို့ ခရီးသွား ၀င်ရောက်မှုမှာ ပြည်ပခရီးသွားများ သာမက ပြည်တွင်းခရီးသွားများလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုဝင်ရောက်မှု များနေကြောင်းနှင့် အဆိုပါဌာန၏ မှတ်တမ်းများအရ ၂၀၁၆ ခုနှစ်တွင် ပြည်ပခရီးသွား ၃၈၅၀၃၁ ဦးနှင့် ပြည်တွင်းခရီးသွား ၅၁၇၂၉၀ ဦး၊ ၂၀၁၇ ခုနှစ်တွင် ပြည်ပခရီးသွား ၄၈၃၇၈၄ ဦးနှင့် ပြည်တွင်းခရီးသွား ၅၈၉၃၇၄ ဦး ၀င်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ် လက်ရှိ ခြောက်လတာ စာရင်းများအရ ပြည်ပခရီးသွား ၂၃၁၀၀၂ ဦး နှင့် ပြည်တွင်းခရီးသွား ၃၂၉၅၆၇ ဦး ၀င်ရောက်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မေလကုန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွား ၁ ဒသမ ၅ သန်းခန့် လာရောက်ပြီး ယခင်နှစ် ကာလတူထက် ခရီးသွားဝင်ရောက်မှု နှစ်ရာခိုင်နှုန်းကျဆင်း

ရန်ကုန်မြို့သို့ ရောက်ရှိလည်ပတ်နေသော နိုင်ငံခြားသား ခရီးသွားများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

၂၀၁၈ ခုနှစ် မေလကုန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွား ၁ ဒသမ ၅ သန်းခန့် လာရောက် လည်ပတ်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ခရီးသွားဝင်ရောက်မှု နှစ်ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

၂၀၁၈ ခုနှစ် မေလအထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွား ၀င်ရောက်မှုများတွင် လေကြောင်းဖြင့် လာရောက်သူများမှာ ၅၆၅၁၀၃ ဦး၊ ရေကြောင်းဖြင့် လာရောက်သူ များမှာ ၆၈၃၃ ဦး၊ နယ်စပ်ဝင်ပေါက်မှ အတွင်းပိုင်းအထိ လာရောက်သူများမှာ ၂၁၂၃၅ ဦး၊ စုစုပေါင်းဗီဇာဖြင့် လာရောက်သူပေါင်း ၅၉၃၁၇၁ ဦးရှိခဲ့သည်။ ၂၀၁၇ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက လေကြောင်းဖြင့် လာရောက်သူများတွင် တစ်ရာခိုင်နှုန်း၊ ရေကြောင်းဖြင့် လာရောက်သူများတွင် ၇၅ ရာခိုင်နှုန်း၊ နယ်စပ်ဝင်ပေါက်မှ အတွင်းပိုင်းအထိ လာရောက်သူများတွင် ၁၈ ရာခိုင်နှုန်း ပိုမိုများပြားခဲ့သည်။

၂၀၁၇ ခုနှစ် မေလအထိနှင့် ၂၀၁၈ ခုနှစ် မေလအထိ ဗီဇာဖြင့်လာရောက်သူဦးရေကို နှိုင်းယှဉ်ပါက ၉၂၆၉ ဦး (နှစ်ရာခိုင်နှုန်း) ပိုမိုဝင်ရောက်ခဲ့သည်။ ၂၀၁၈ ခုနှစ် မေလကုန်ထိ နယ်စပ်တွင်ဝင်ရောက်သူများမှာ ၈၉၅၇၉၉ ဦးရှိခဲ့ပြီး ၂၀၁၇ ခုနှစ်ကာလတူတွင် ၉၃၂၈၃၉ ဦးဝင်ရောက်ခဲ့ခြင်းကြောင့် ၃၇၀၄၀ ဦး (လေး ရာခိုင်နှုန်း) လျော့နည်းခဲ့သည်။ ထို့ကြောင့် ၂၀၁၈ ခုနှစ် မေလအထိ စုစုပေါင်း နိုင်ငံခြားသားခရီးသွား ၀င်ရောက်မှုမှာ ၁၄၈၈၉၇၀ ဦး ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်ကာလတူတွင် ၁၅၁၆၇၄၁ ဦးဝင်ရောက်ခဲ့သည့်အတွက် ၂၇၇၇၁ ဦး (နှစ်ရာခိုင်နှုန်း) လျော့နည်းခဲ့ကြောင်း သိရသည်။

ယခုနှစ်များအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေများကြောင့် ဥရောပနှင့် မြောက်အမေရိက နိုင်ငံများမှ ခရီးသွားများ လျော့ကျလာသော်လည်း တရုတ်၊ ထိုင်းနှင့် အာရှနိုင်ငံအချို့မှ ခရီးသွားများ တိုးတက်ခဲ့သည်။ ၂၀၁၈ ခုနှစ် မေလအထိ ကောက်ယူထားသော ခရီးသွားဝင်ရောက်မှု စာရင်းများအရ မြောက်အမေရိကမှ ၃၅၉၀၄ ဦး၊ အခြားအမေရိကမှ ၅၃၁၂ ဦး၊ အနောက်ဥရောပမှ ၈၆၄၉၀ ဦး၊ အရှေ့ဥရောပမှ ၈၉၃၂ ဦး၊ အာဖ ရိကမှ ၁၇၅၉ ဦး၊ အရှေ့အလယ်ပိုင်းမှ ၂၃၀၆ ဦး၊ အာရှမှ ၄၃၈၄၁၆ ဦး၊ သမုဒ္ဒရာနိုင်ငံများမှ ၁၄၀၅၂ ဦး ၀င်ရောက်ခဲ့သည်။

၂၀၁၇ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက မြောက်အမေရိကမှ ၅၉၅၇ ဦး၊ အခြားအမေရိကမှ ၁၀၁၃ ဦး၊ အနောက်ဥရောပမှ ၃၀၄၆၀ ဦး၊ အရှေ့ဥရောပမှ ၈၃၃ ဦး၊ အာဖရိကမှ ၃၃၂ ဦး၊ အရှေ့အလယ်ပိုင်းမှ ၇၀၀၊ သမုဒ္ဒရာနိုင်ငံများမှ ၂၇၃၀ ခရီးသွားဝင်ရောက်မှု လျော့နည်းခဲ့သော်လည်း အာရှနိုင်ငံများမှ ခရီးသွား ၅၁၃၅၄ ဦးဝင်ရောက်မှု တိုးတက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ဗီဇာဖြင့် လာရောက်လည်ပတ်သူ နိုင်ငံခြားသား ခရီးသွားများ စာရင်းတွင် (၂၀၁၈ ခုနှစ် မေလအထိ) ထိပ်ဆုံး၌ ရပ်တည်နေသော နိုင်ငံများမှာ ထိုင်း ၁၃၃၁၈၁ ဦး၊ တရုတ် ၁၁၂၁၅၈ ဦး၊ ဂျပန် ၄၂၃၀၁ ဦး၊ အမေရိက ၃၀၂၄၀ ဦး၊ ကိုရီးယား၂၈၀၈၈ ဦး၊ စင်ကာပူ ၂၃၃၉၇ ဦး၊ ဗီယက်နမ် ၂၃၃၂၃ ဦး၊ ပြင်သစ် ၂၂၃၇၇ ဦးတို့ဖြစ်ပြီး ယခင်နှစ်ကထက် ထိုင်းခရီးသွား ၁၉ ရာခိုင်နှုန်း၊ တရုတ် ခရီးသွား ၃၂ ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သည် နိုင်ငံခြားသားခရီးသွား ၀င်ရောက်မှု အများဆုံး ဒေသများဖြစ်ပြီး ၂၀၁၈ ခုနှစ် မေလကုန်အထိ နိုင်ငံခြားသားခရီးသွား ၁ ဒသမ ၅ သန်းကျော် ၀င်ရောက်ခဲ့ကာ ယခင်နှစ်ကာလတူထက် နှစ်ရာခိုင်နှုန်း လျော့ကျလျက်ရှိသည်။ ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံခြားသားခရီးသွား ၃ ဒသမ ၄၄ သန်းဝင်ရောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ၂ ဒသမ ၉၁ သန်း၊ ၂၀၁၅ ခုနှစ်တွင် ၄ ဒသမ ၆ သန်း ၀င်ရောက်ခဲ့သည်။

 

လေးလအတွင်း ရခိုင်ပြည်နယ် စစ်တွေခရိုင်သို့ နိုင်ငံခြားခရီးသွား ၂၅၀၀ ကျော် ၀င်ရောက်

၂၀၁၈ ခုနှစ် လေးလအတွင်း ရခိုင်ပြည်နယ် စစ်တွေခရိုင်သို့ ဗီဇာဖြင့် လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွား ၂၅၀၀ ကျော်ရှိပြီး ခရီးသွားများ တည်းခိုမှုအဆင်ပြေစေရန် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၁၁ လုံး ခွင့်ပြုထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန (စစ်တွေ) မှ သိရသည်။

စစ်တွေခရိုင်သို့ လာရောက်လည်ပတ်သည့် ပြည်တွင်းပြည်ပ ခရီးသွားများ တည်းခိုမှုအဆင်ပြေစေရန် ဟိုတယ်ငါးလုံး၊ တည်းခိုရိပ်သာ ခြောက်လုံးနှင့် အခန်းပေါင်း ၂၇၂ ခန်းတို့ကို ဖွင့်လှစ်ခွင့်ပြုပေးထားသည်။

ထို့ပြင် မြို့မဈေးနှင့် ငပလီအပါအ၀င် ရခိုင်ပြည်နယ် စစ်တွေခရိုင်ရှိ ခရီးစဉ်ဒေသများသို့ ဗီဇာဖြင့် လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွားဦးရေမှာ ၂၀၁၆ ခုနှစ်တွင် ၈၂၇၂ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၈၂၉၇ ဦးနှင့် ၂၀၁၈ ခုနှစ် ဧပြီလကုန်အထိ ၂၅၀၇ ဦးတို့ လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ မြောက်ဦးဒေသကိုလည်း ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ရန် ကမ္ဘာ့အမွေအနှစ် အဆိုပြုစာတွဲ မူကြမ်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်တွင် တင်သွင်းနိုင်မည်ဖြစ်သည်။ မြောက်ဦးဒေသ၏ တန်ဖိုးမဖြစ်နိုင်သည့် ရှေးဟောင်းယဉ်ကျေးမှု အလှအပများနှင့် လူနေမှုပုံစံများကို အသားပေး၍ UNESCO World Heritage Site စာရင်းဝင်နိုင်ရန် ရည်ရွယ်ရိုက်ကူးထားသည့် My Hidden City ရုပ်ရှင်ဇာတ်လမ်းတိုကို နိုင်ငံတကာရုပ်ရှင်ပွဲတော်များ၊ ခရီးသွားလုပ်ငန်းပြပွဲများတွင် ပြသနိုင်ပါက ခရီးသွားလုပ်ငန်း တိုးတက်လာမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။

ငဖဲမြို့နယ်ရှိ နတ်ရေကန်တောင်ဒေသတွင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းတစ်ခု ဖော်ဆောင်သွားမည်ဟုဆို

(ဓာတ်ပုံ -ဟိုတယ်/ခရီး)

နိုင်ငံခြားခရီးသွားများ လာရောက်လည်ပတ်နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်ရှိ နတ်ရေကန်တောင်ဒေသတွင် လူထုအခြေပြု ခရီးသွားလုပ်ငန်းတစ်ခုကို ဖော်ဆောင်မည်ဖြစ်ကြောင်း မကွေးတိုင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းအား ငဖဲမြို့နယ်မြေလတ်ရွာကို အခြေပြုပြီး ဘုံးဘော၊ စွန်တက်၊ ဂုတ်ကြီး စသည့်ကျေးရွာများတွင် ဖော်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

“၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းနှစ်ခု ဖော်ဆောင်ဖို့ စီစဉ်ထားပါတယ်။ တစ်ခုက ထီးလင်းမြို့နယ်ကပါ။ နောက်တစ်ခုက ငဖဲမြို့နယ် နတ်ရေကန်တောင်ဒေသမှာပါ။ လက်ရှိမှာတော့ ထီးလင်းမြို့နယ်က လုပ်ငန်းက ဖွင့်လှစ်နိုင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ အနေအထားမှာရှိနေပါပြီ။ နတ်ရေကန်တောင် ဒေသကတော့လည်း လုပ်နေပါပြီ။ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းက ရပ်ရွာလူထုကပဲ ဦးဆောင်ပြီး လုပ်ရတဲ့လုပ်ငန်းတစ်ခုပါ။ ဒီလုပ်ငန်းရဲ့ အကျိုးအမြတ်ကိုလဲ သူတို့ပဲရကြမှာပါ” ဟု မကွေးတိုင်းဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးမှူး ဦးမြင့်စိန်က ပြောကြားသည်။

ငဖဲမြို့နယ် နတ်ရေကန်တောင်ဒေသသည် တောင်ပေါ်ဒေသတစ်ခုဖြစ်ပြီး အမြင့်ပေ သုံးထောင်ကျော်ရှိသော ဒေသဖြစ်ကာ ချင်းတိုင်းရင်းသားများ အများစုနေထိုင်သော ဒေသဖြစ်၍ ချင်းရိုးရာယဉ်ကျေးမှုများ သဘာဝအလှအပများကိုလည်း ခံစားနိုင်သော ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းတွင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းမျာကို မြိုင်မြို့နယ်အတွင်းနှင့် စလေမြို့နယ်များတွင် အကောင်အထည်ဖော်ပြီးဖြစ်ကာ မြိုင်မြို့နယ် ခရီးသွားလုပ်ငန်းမှာ တစ်နှစ်ပျမ်းမျှ ကမ္ဘာလှည့်ခရီးသွားဦးရေ ၈၀၀ ခန့်အထိ လာရောက်လည်ပတ်မှုများ ရှိနေကြောင်း သိရသည်။

ရန်ကုန်မြို့တွင် အဆင့်မြင့်ဟိုတယ်အခန်း ၄၅၀၀ ၀န်းကျင်ရှိလာပြီး အရေအတွက် တိုးလာသော်လည်း အခန်းခများ ယခင်နှစ်ကာလတူထက် ၂၆ ရာခိုင်နှုန်းကျဆင်းကာ ပျမ်းမျှခရီးသွားဝင်ရောက်မှု ၄၃ ရာခိုင်နှုန်းသာရှိ

ရန်ကုန်မြို့လယ်ရှိ Pan Pacific Hotel ဖွင့်လှစ်ထားသည့် Junction City အဆောက်အအုံကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)

ရန်ကုန်မြို့တွင် အဆင့်မြင့်ဟိုတယ်အခန်း ၄၅၀၀ ၀န်းကျင်ရှိလာပြီး အရေအတွက် တိုးလာသော်လည်း အခန်းခများ ယခင်နှစ်ကာလတူထက် ၂၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဟိုတယ်များတွင် တည်းခိုနေထိုင်သည့် ပျမ်းမျှခရီးသွားဝင်ရောက်မှုနှုန်းမှာ ၄၃ ရာခိုင်နှုန်းသာရှိကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေ၀န်ဆောင်မှုနှင့် အကြံပေးလုပ်ငန်း Colliers International (Myanmar) ၏ ၂၀၁၇ ခုနှစ် စတုတ္ထသုံးလပတ်ဈေးကွက် အစီရင်ခံစာအရ သိရသည်။

လက်ရှိရန်ကုန်မြို့၏ အဆင့်မြင့်ဟိုတယ်ဈေးကွက်တွင် ငွေသုံးများသောခရီးသွားဦးရေ ကျဆင်းလာသည့်အတွက် ပြိုင်ဆိုင်မှုပြင်းထန်လာပြီး ခေတ်မီအသုံးအဆောင်များ ထည့်သွင်းထားသည့် အလယ်အလတ် ဟိုတယ်အခန်းများ ပိုမိုဈေးကွက်အားသာနေသည်။ ၂၀၁၈ ခုနှစ်အတွင်း အဆင့်မြင့်ဟိုတယ်အခန်းများ ဈေးကွက်အတွင်း ထပ်မံဝင်ရောက်လာဦးမည်ဖြစ်ပြီး အခန်းပေါင်း ၁၄၀၀ ၀န်းကျင်ရှိမည်ဟု မျှော်မှန်းထားသည်။ ဟိုတယ်သစ်များ ထပ်မံထွက်ရှိမှုနှင့်အတူ ပျမ်းမျှခရီးသည်ဝင်ရောက်မှုနှုန်းသည် ၄၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး ပြီးခဲ့သည့် တတိယသုံးလပတ်နှင့် နှိုင်းယှဉ်ပါက သုံးရာခိုင်နှုန်း ဆက်လက်ကျဆင်းခဲ့သည်။ ထို့အတူ အခန်းငှားရမ်းခနှုန်းများလည်း ကျဆင်းလာပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၂၆ ရာခိုင်နှုန်းအထိ လျော့ကျခဲ့သည်။

ရန်ကုန်မြို့ရှိ အဆင့်မြင့်ဟိုတယ် အခန်းအရေအတွက်သည် ၂၀၁၇ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း အခန်းပေါင်း ၃၄၀ ခန့်တိုးတက်ခဲ့ပြီး ရွှေတောင်အုပ်စု၏ အသစ်ဖွင့်လှစ်ခဲ့သည့် Pan Pacific Hotel ကြောင့်ဖြစ်ကာ ယခင်သုံးလပတ်ထက် အခန်းအရေအတွက် ခုနစ်ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ လာမည့်သုံးနှစ်အတွင်း အဆင့်မြင့်ဟိုတယ်စီမံကိန်း ၁၆ ခု ဈေးကွက်ဝင်နိုင်မည်ဖြစ်ပြီး အခန်းပေါင်း ၃၃၀၀ ထွက်ရှိမည်ဟု မျှော်မှန်းထားကာ ၎င်းစီမံကိန်းများတွင် Pullman Hotel၊ Sheraton၊ Wyndham၊ Kempinski၊ Peninsula စသည့်ဟိုတယ်များ ပါဝင်သည်။

လက်ရှိခရီးသွားဝင်ရောက်မှု ကျဆင်းပြီး ယှဉ်ပြိုင်မှုပြင်းထန်စဉ်ကာလအတွင်း ဟိုတယ်များအနေဖြင့် နိုင်ငံတကာအဆင့် အပြင်အဆင်များနှင့် သင့်တော်သည့်ဈေးနှုန်း၊ အဆင့်မြင့်အသုံးအဆောင်များနှင့် လျော်ညီသည့်ဈေးနှုန်းတို့ဖြင့် ခရီးသွားများကို ဆွဲဆောင်သွားရမည်ဖြစ်ပြီး အရေအတွက်တိုးတက်လာသည့် လူငယ်ခရီးသွားနှင့် တစ်ဦးချင်းခရီးသွားများကို ခေတ်ပေါ်ဝန်ဆောင်မှုများဖြင့် ပစ်မှတ်ထားရန် Colliers က အကြံပြုထားသည်။

လာမည့်ဟိုတယ်သစ်များအတွက် တည်ဆောက်မှုအရည်အသွေး၊ အခန်းဖွဲ့စည်းမှု ဒီဇိုင်းအရည်အသွေး၊ ၀န်ဆောင်မှုအရည်အသွေးများ ပိုမိုအရေးပါလာမည်ဖြစ်ပြီး ဟိုတယ်အဟောင်းများသည် အခြားဟိုတယ်များထက် ဈေးနှုန်းကျဆင်းမှု ပိုများလာမည်ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ အဆင့်မြင့်ဟိုတယ်များ ပျမ်းမျှဈေးနှုန်းသည် ၂၀၁၇ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၁၁၂ ဒေါ်လာအထိ ကျဆင်းနေပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၂၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ပျမ်းမျှခရီးသွားဝင်ရောက်မှုနှုန်းလည်း ယခင်နှစ်ကာလတူထက် ကိုးရာခိုင်နှုန်းလျော့နည်းခဲ့သည်။ ဟိုတယ်များအနေဖြင့် စီးပွားရေးခရီးသွားများ၊ ခရီးသွားအေဂျင်စီဖြင့် လာရောက်သည့်ခရီးသွားများ၊ ငွေသုံးနိုင်သည့် တစ်ဦးချင်းခရီးသွားများကို အဓိကဦးတည်ပြီး ကောင်းမွန်သောဝန်ဆောင်မှုများဖြင့် ဆွဲဆောင်ရန် Colliers က ဈေးကွက်သုံးသပ်ထားသည်။

ကရင်ပြည်နယ်သို့ ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံခြားသားခရီးသွား ယမန်နှစ်ထက် နှစ်သိန်းကျော် ပိုမိုဝင်ရောက်

ကျောက်ကလပ်စေတီအား ဖူးတွေ့ရစဉ်

ကရင်ပြည်နယ်အတွင်း ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ၂၀၁၇ ခုနှစ်အတွင်း ဧပြီမှ ဒီဇင်ဘာ ၃၁ ရက်အထိ ၃၅၂၃၁၁ ဦးရှိပြီး ယမန်နှစ်ထက် ဦးရေနှစ်သိန်းကျော် ပိုမိုဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ကရင်ပြည်နယ်အတွင်း ပြည်ပနိုင်ငံပေါင်း ၆၉ နိုင်ငံမှ ခရီးသွားဧည့်သည်များ ၀င်ရောက်ခဲ့ပြီး ပြင်သစ်နိုင်ငံမှ အများဆုံးလာရောက်လည်ပတ်ခြင်းဖြစ်ကာ ဂျာမနီ၊ တရုတ်နိုင်ငံတို့မှလည်း အများအပြားလာရောက်ခဲ့ကြောင်း သိရသည်။

“၂၀၁၆ ခုနှစ်အတွင်းမှာ ပြည်ပခရီးသွားဧည့်သည်ဦးရေ ၁၅၃၇၄၉ ၀င်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်းမှာ ပြည်ပခရီးသွားဧည့်သည်ဦးရေ ၃၅၂၃၁၁ ၀င်ရောက်လာတာ တွေ့ရပါတယ်။ ပြည်တွင်းခရီးသွားဧည့်သည်အနေနဲ့ ၆၀၄၄၂၉ ၀င်ရောက်လာတဲ့အတွက် ကရင်ပြည်နယ်အတွင်း ပြည်တွင်းပြည်ပ ဧည့်သည်ဝင်ရောက်မှုဟာ ၂၀၁၇ ခုနှစ်အတွင်း အတော်လေးမြင့်တက်လာတဲ့ သဘောရှိပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဘားအံရုံးခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်ကျော်က ပြောကြားသည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ်အတွင်း သစ်တော၊ စိမ့်စမ်း၊ ရေတံခွန်တို့မှာ သဘာဝအတိုင်း မပျက်မယွင်းတည်ရှိနေသည့်အပြင် ရှေးဟောင်းဂူ၊ ဘုရားများမှာလည်း ရှေးမူမပျက် တည်ရှိမှုများပြားသည့်အလျောက် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များအနေဖြင့် သဘာဝအခြေခံမှုအပေါ်မူတည်ကာ လာရောက်လည်ပတ်မှုရှိကြောင်း ပြင်သစ်ဝါရင့်ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ဦးသိုက်ဦးက ပြောကြားသည်။

“ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေအနေနဲ့ သဘာဝအခြေခံကောင်းမွန်တဲ့ ကရင်ပြည်နယ်ဒေသကို အထူးတလည်စိတ်ဝင်စားမှု မြင့်တက်လာတာ တွေ့ရပါတယ်။ ပြင်သစ်နိုင်ငံသားအများစုက ကျွန်တော်တို့ကုမ္ပဏီကို ရောက်လာရင် ကရင်ပြည်နယ်ဒေသကိုပဲ သွားလိုကြောင်း ပြောသူများပါတယ်။ အထူးသဖြင့် ကရင်ပြည်နယ်ဒေသက ကရင်လူမျိုးဓလေ့ယဉ်ကျေးမှု၊ ရှေ့ဟောင်းဂူဘုရားနဲ့ တောတောင်စိမ့်စမ်း ရေတံခွန်တို့ကို သွားရောက်ကြတာများပါတယ်” ဟု ဦးသိုက်ဦးက ထပ်မံပြောကြားသည်။

ပြည်တွင်းပြည်ပ ခရီးသည်များအနေဖြင့် ကရင်ပြည်နယ်အတွင်း ဘားကပ်လင်းနို့ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ကော့ကသောင်ဂူ၊ ဘုရင့်ညီဂူ၊ ဆဒ္ဒန်ဂူ၊ ဇွဲကပင်တောင်၊ ရေတံခွန်၊ ကျောက်ကလပ်၊ ဗုဒ္ဓဂယာ၊ ချစ်သူမြိုင်သို့ သွားရောက်မှု များပြားလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း လိုင်စင်ရဟိုတယ် ၁၁ လုံး၊ တည်းခိုခန်း ခုနစ်လုံး၊ အခန်းပေါင်း ၆၁၆ ခန်း၊ မြ၀တီမြို့နယ်တွင် ဟိုတယ်ခြောက်လုံး၊ အခန်းပေါင်း ၂၅၁ ခန်း၊ သံတောင်ကြီးမြို့နယ်တွင် B & B ခုနစ်လုံး၊ အခန်းပေါင်း ၃၈ ခန်းနှင့် ဆောက်လုပ်ဆဲဟိုတယ် ၁၀ လုံးရှိသော်လည်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်မားမှုရှိလာခြင်းကြောင့် ဟိုတယ်၊ တည်းခိုခန်းတို့အား တိုးချဲ့တည်ဆောက်သင့်ကြောင်း ၀ါရင့်ဧည့်လမ်းညွှန်တစ်ဦးက ဆိုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လုပ်ငန်းလိုင်စင်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများ ခွဲဝေပေးခြင်းပါဝင်သည့် မြန်မာနိုင်ငံခရီးသွားလာရေးလုပ်ငန်း ဥပဒေကြမ်း အမျိုးသားလွှတ်တော်သို့ တင်သွင်း

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ လုပ်ငန်းလိုင်စင်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများ ခွဲဝေပေးခြင်းပါဝင်သည့် မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်း ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်သို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဇန်န၀ါရီ ၂၃ ရက်က တင်သွင်းသည်။

ပြည်ထောင်စုဝန်ကြီးက “ခရီးသွားလာရေးလုပ်ငန်း ဆောင်ရွက်သူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ အယူခံခြင်းနဲ့ ပြည်ထောင်စုနယ်မြေ အပါအ၀င် တိုင်းဒေသကြီးနဲ့ ပြည်နယ်များသို့ လုပ်ငန်းလိုင်စင်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများကို ခွဲဝေပေးခြင်းစသည်တို့ ပိုမိုပြည့်စုံစွာပါရှိလာတဲ့အတွက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လုပ်ငန်းဆောင်ရွက်ခွင့်များ ခွဲဝေပေးနိုင်မည်ဖြစ်ပြီး လုပ်ငန်းများ ပိုမိုလွယ်ကူလျင်မြန် ချောမွေ့အဆင်ပြေလာမှာ ဖြစ်ပါတယ်” ဟုပြောကြားသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် တည်ဆဲမြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေးဥပဒေ ၁၉၉၃ ကို လိုက်နာဆောင်ရွက်လျက်ရှိနေရာမှ ယနေ့ခေတ် စီမံအုပ်ချုပ်မှုအခြေအနေနှင့် ခရီးသွားလာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် လိုက်လျောညီထွေရှိစေမည့် ဥပဒေသစ်တစ်ရပ် ထွက်ပေါ်လာရေးအတွက် ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းကစပြီး ရေးဆွဲခြင်းများပြုလုပ်ခဲ့ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်း ဥပဒေကြမ်းကို ရေးဆွဲပြုစုပြီးဖြစ်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်း ဥပဒေကြမ်းကိုရေးဆွဲနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ၊ ဥပဒေလေ့လာသူများကို ဖိတ်ခေါ်ပြီး ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ညှိနှိုင်းအစည်းအဝေးများကို ပြုလုပ်ခဲ့ပြီး သဘောထားမှတ်ချက်များတောင်းခံ၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်များနှင့်အညီ ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်း ဥပဒေကြမ်းတွင် အခန်းပေါင်း ၁၈ ခန်းနှင့် ပုဒ်မ ၄၄ ခုပါရှိကြောင်း၊ မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်း ဥပဒေကြမ်းကို ရေးဆွဲပြဋ္ဌာန်းခြင်းအားဖြင့် (က) မြန်မာနိုင်ငံကို ခရီးစဉ်ဒေသတစ်ခုအဖြစ် ပေါ်ထွက်လာစေရေးအတွက် ထိရောက်သော ပြည်တွင်း၊ ပြည်ပဈေးကွက်မြှင့်တင်မှုများ ဆောင်ရွက်ခြင်းကို အထောက်အကူပြုစေနိုင်ခြင်း၊ (ခ) ခရီးသွားလာရေးလုပ်ငန်း ဆောင်ရွက်သူနှင့် ခရီးသည်တို့၏အခွင့်အရေးကို ကာကွယ်ပေးရန်နှင့် ယင်းတို့၏တာဝန်ဝတ္တရားများကို သိရှိလေ့လာနိုင်စေခြင်း၊ (ဂ) ခရီးသွားလာရေးလုပ်ငန်း ၀န်ဆောင်မှုများ၏ အရည်အသွေးနှင့် ပြည့်စုံခိုင်မာမှုကို အာမခံနိုင်မည်ဖြစ်ခြင်း၊ (ဃ) ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားနိုင်မည်ဖြစ်ခြင်း၊ (င) ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ ပညာရပ်များ တိုးတက်ထွန်းကားစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် လူသားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေနိုင်ခြင်း၊ (စ) သဘာဝအခြေခံ ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံတော်၏ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူဖြစ်စေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားသည်။

မြန်မာနိုင်ငံခရီးသွားလာရေးလုပ်ငန်း ဥပဒေကြမ်းတွင် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဖွဲ့စည်းခြင်း၊ ခရီးသွားလာရေး အာဏာပိုင်အဖွဲ့များဖြင့် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များသတ်မှတ်ခြင်း၊ ခရီးသွားလာရေးလုပ်ငန်း ဆောင်ရွက်သူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းနှင့် အယူခံခြင်းနှင့် ပြည်ထောင်စုနယ်မြေအပါအ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လုပ်ငန်းလိုင်စင်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများကို ခွဲဝေပေးခြင်း စသည်တို့ ပိုမိုပြည့်စုံစွာပါရှိလာသဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လုပ်ငန်းဆောင်ရွက်ခွင့်များ ခွဲဝေပေးနိုင်မည်ဖြစ်ပြီး လုပ်ငန်းများ ပိုမိုလွယ်ကူလျင်မြန် ချောမွေ့အဆင်ပြေလာမှာဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့် ခရီးသွားလုပ်ငန်းကဏ္ဍများ စနစ်တကျဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်း ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှ ဆွေးနွေးစဉ်းစား ဆောင်ရွက်ပေးနိုင်ပါရန် အဆိုတင်သွင်းရခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်း ဥပဒေကြမ်းနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက လက်ရှိလုပ်ငန်းဆောင်ရွက်နေသော ခရီးသွားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊ နိုင်ငံတစ်ဝန်း ခရီးသွားဒေသသစ်များဖော်ထုတ်၍ ခရီးသွားလုပ်ငန်းတိုးတက်စေရန် စီမံဆောင်ရွက်ခြင်း၊ ခရီးသွားလုပ်ငန်း ဆောင်ရွက်သူများက လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများကို တင်ပြလာပါက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခြင်း စသည့်အချက်များကို အသစ်ဖြည့်စွက်သင့်ကြောင်း အစီရင်ခံစာတင်သွင်းသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မြောက်ဦးဒေသ ခရီးသွားလုပ်ငန်း ထိခိုက်နိုင်ကြောင်း ဧည့်လမ်းညွှန်များ သုံးသပ်

မြောက်ဦးဒေသရှိ ရှေးဟောင်းစေတီပုထိုးများကို ဖူးတွေ့ရစဉ်

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်း ဖြစ်ပွားနေသော အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မြောက်ဦးဒေသ ခရီးသွားလုပ်ငန်း ထိခိုက်နိုင်ကြောင်း ဧည့်လမ်းညွှန်များ သုံးသပ်မှုများ ရှိနေသော်လည်း မြောက်ဦးဒေသ အတွင်း တည်ငြိမ်အေးချမ်းနေသည့်အတွက် ခရီးသွားများ လာရောက်မည် ဆိုပါက လာရောက်နိုင်ကြောင်း ပြောကြားသည်။

“ခရီးသွားရာသီက စတော့မယ်ဆိုပေမဲ့ တစ်ယောက်စ နှစ်ယောက်စလောက်သာ ရောက်တယ်။ ရခိုင်ပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကြောင့် မြောက်ဦးခရီးသွားလုပ်ငန်း ကျဆင်းနိုင်ခြေ ရှိပါတယ်။ ပုံမှန် တစ်နှစ်ကို လေးငါးထောင် ရောက်တဲ့အခြေအနေကနေ လုံးဝကျဆင်းသွားနိုင်ပြီး လာတဲ့သူ မရှိသလောက် နည်းသွားနိုင်တယ်လို့ သုံးသပ်မိတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရဘက်က ထုတ်ပြန်တဲ့ စာရွက်တွေမှာလည်း အနီရောင်တွေ ပြသထားတဲ့အတွက် နိုင်ငံခြားခရီးသွားတွေကတော့ လာမှာမဟုတ်တော့ဘူးလို့ ထင်တယ်။ သူတို့ထင်တာကတော့ အသေခံဗုံးခွဲမှုတွေအထိ ဖြစ်နိုင်တဲ့ဒေသလို့ ယူဆတဲ့အတွက် မလာကြတာဖြစ်တယ်။ ဒါကြောင့် ဒီနှစ်တွေထဲမှာ ခရီးသွားလုပ်ငန်းဟာ မျှော်လင့်ချက်မရှိဘူးလို့ ဆိုရမယ်” ဟု မြောက်ဦးမြို့မှ ဧည့်လမ်းညွှန် တစ်ဦးဖြစ်သူ ကိုထွန်းနေ၀င်းက ပြောကြားသည်။

မြောက်ဦးရှေးဟောင်း အမွေအနှစ် ဒေသသည် ရခိုင်ပြည်နယ်အတွင်း ခရီးသွားများ လာရောက်မှုနှင့် စိတ်ဝင်စားမှုအများဆုံး ဒေသဖြစ်သည့်အတွက် တစ်နှစ်လျှင် ခရီးသွား ဧည့်သည် ၄၀၀၀ မှ ၅၀၀၀ ကြားအထိ လာရောက်လည်ပတ် လေ့လာကြလေ့ ရှိသော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်မှုများသည် ခရီးသွားလုပ်ငန်းအတွက် များစွာထိခိုက်နိုင်ကြောင်း သိရသည်။

“ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေတွေကြောင့် ခရီးသွားလုပ်ငန်းတွေ ကျဆင်းသွားနိုင်ပေမဲ့ တကယ်တမ်းကျတော့ မြောက်ဦးနဲ့ စစ်တွေလမ်းကြောင်း တစ်လျှောက်မှာဆိုရင် တည်ငြိမ်အေးချမ်းနေတဲ့ အတွက် ခရီးသွားတွေအတွက်တော့ အနှောင့်အယှက် ဖြစ်တာမျိုးတော့ မရှိပါဘူး။ ခရီးသွားတွေ လာမယ်ဆိုရင်တော့ မြောက်ဦးနဲ့စစ်တွေလို နေရာမျိုးတွေကိုတော့ လာရောက်နိုင်ပါတယ်။ ခရီးသွားလုပ်ငန်းတွေ လုပ်ကိုင်ကြသူတွေ အနေနဲ့လည်း လှိုက်လှဲစွာနဲ့ လိုက်ပါပို့ဆောင် ပေးနေတာတွေ ရှိပါတယ်။ အခုလည်း အနည်းအကျဉ်းတော့ လာကြတာ ရှိပါတယ်” ဟုလည်း ၀ါရင့်ဧည့်လမ်းညွှန် တစ်ဦးဖြစ်သူ ဦးဇော်မြင့်က ပြောကြားသည်။

ရခိုင်ပြည်နယ် ခရီးသွားလုပ်ငန်းတွင် စစ်တွေသို့ လေကြောင်းလိုင်းဖြင့် လာရောက်ပြီး စစ်တွေမှတစ်ဆင့် ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် မြောက်ဦးသို့ သွားရောက်ကြလေ့ရှိသည့်အပြင် မြောက်ဦးဒေသအတွင်း ရှေးဟောင်းနယ်မြေနှင့် လေးမြို့ချောင်း သဘာဝအလှအပများကို ခံစားကြည့်ရှုနိုင်ကြောင်းနှင့် ချင်းရွာများသို့လည်း သွားရောက်လည်ပတ် လေ့လာမှုများ ရှိနေကြောင်း သိရသည်။

 

စက်တင်ဘာ ပထမပတ်အထိ မန္တလေးတောင်သို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွား ၆၆၀၀၀ ကျော်ရှိ

မန္တလေးတောင်ပေါ်သို့ လာရောက်လည်ပတ်သော နိုင်ငံခြားခရီးသွားများအား တွေ့ရစဉ် (ဓာတ်ပုံ-မင်းလတ်)

၂၀၁၇ ခုနှစ် ဇန်န၀ါရီမှ စက်တင်ဘာပထမပတ်အထိ ရှစ်လတာကာလအတွင်း မန္တလေးတောင်တော်သို့ နိုင်ငံခြားခရီးသွား ၆၆၀၀၀ ကျော် ၀င်ရောက်ခဲ့ပြီး လာရောက် လည်ပတ်သည့် နိုင်ငံခြား ခရီးသွားများတွင် အာရှနိုင်ငံများမှ ၀င်ရောက်မှုမှာ အများဆုံးဖြစ်ပြီး ဥရောပနိုင်ငံများမှ ၀င်ရောက်မှုမှာ နည်းပါးကြောင်း မန္တလေးတောင်တော် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောကြားသည်။

မန္တလေးတောင်တော်သို့ လာရောက်လည်ပတ်သည့်  နိုင်ငံခြား ခရီးသွားများတွင် အာရှနိုင်ငံအနေဖြင့် ထိုင်းလူမျိုး အများဆုံးဖြစ်ပြီး ဥရောပနိုင်ငံအနေဖြင့် စပိန်လူမျိုးနှင့် ပြင်သစ်လူမျိုး အများဆုံး ၀င်ရောက်လျက်ရှိကြောင်း၊ မန္တလေးတောင် ဆုတောင်းပြည့် ရင်ပြင်တော်ပေါ်တွင် နိုင်ငံခြားခရီးသွားများ နေ၀င်ချိန်၊ နေထွက်ချိန် ကြည့်ရှုရာတွင် အဆင်ပြေစေရန် ၀န်ဆောင်မှုများ ပေးလျက်ရှိပြီး နိုင်ငံခြားတစ်ဦးလျှင် ကျပ် ၁၀၀၀ ကောက်ခံကြောင်း မန္တလေးတောင်တော် ဂေါပကအဖွဲ့မှ သိရသည်။

“ပြည်တွင်းခရီးသွားတွေတော့ မယူပါဘူး။ နိုင်ငံခြားသားဧည့်သည်တွေပဲ ကောက်ခံတာပါ။ ကျွန်တော်တို့အနေနဲ့ သူတို့အတွက် ကျန်းမာရေး၊ သွားရလာရ လွယ်ကူစေရေးနဲ့ လုံခြုံရေးကို ဂရုတစိုက် ဆောင်ရွက်ပေးနေပါတယ်” ဟု ဦးသိန်းထွန်းက ပြောကြားသည်။

မန္တလေးတောင်ပေါ်သို့ လာရောက်လည်ပတ်သည့် နိုင်ငံခြား ခရီးသွားစာရင်းမှာ တောင်ပေါ်ဆု တောင်းပြည့်ရင်ပြင်ပေါ်အထိ တက်ရောက်သည့် စာရင်းဖြစ်ကြောင်း၊ အချို့နိုင်ငံခြား ခရီးသွားများမှာ စောင်းတန်းများမှတစ်ဆင့် တက်ရောက်ကြပြီး ဆုတောင်းပြည့်ရင်ပြင်ပေါ်အထိ တက်ရောက်ခြင်းမရှိဘဲ လှည့်ပြန်သွားသူများလည်း ရှိကြောင်း၊ ထိုသူများကို စာရင်းမကောက်သလို ၀င်ကြေးလည်း မကောက်ခံကြောင်း မန္တလေးတောင်တော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းထွန်းက ဆက်လက် ရှင်းပြသည်။

ဇန်န၀ါရီမှ ဇူလိုင်လအထိ မန္တလေးတိုင်းဒေသကြီးသို့ လာရောက် လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွား ၂၆၀၀၀၀ ကျော်ရှိခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်းသို့ နိုင်ငံခြားခရီးသွား ၀င်ရောက်မှုမှာ ၂၀၁၄ ခုနှစ်တွင် ၂၄၂၅၆၆ ဦး၊ ၂၀၁၅ ခုနှစ်တွင်  ၃၀၆၄၃၂ ဦးနှင့် ၂၀၁၆ ခုနှစ်တွင် ၃၈၅၀၃၁ ဦး ၀င်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီး သွားလာရေး ၀န်ကြီးဌာန၏ စာရင်းများအရ သိရသည်။

 

၂၀၁၇ ခုနှစ် ဇန်န၀ါရီမှ ဇူလိုင်အထိ နိုင်ငံခြားခရီးသွား နှစ်သန်းကျော် ၀င်ရောက်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ၂၂ ရာခိုင်နှုန်း တိုးတက်

ကယားပြည်နယ်သို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွား အချို့အား တွေ့ရစဉ်

၂၀၁၇ ခုနှစ် ဇန်န၀ါရီမှ ဇူလိုင်လအထိ နိုင်ငံခြားခရီးသွား နှစ်သန်းကျော် ၀င်ရောက်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ၂၂ ရာခိုင်နှုန်း တိုးတက်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားသည်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သော လုပ်ငန်းစဉ်များ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က “ခရီးသွား ဧည့်သည်များအတွက် ပြည်ဝင်ဗီဇာ အလွယ်တကူ ရရှိစေရေး ဆောင်ရွက်ခြင်း၊ လေကြောင်းလိုင်း ပျံသန်းမှုများ လွယ်ကူချောမွေ့စေခြင်းတို့ဖြင့် ခရီးသွားဧည့်သည် တိုးမြှင့်ရောက်ရှိရေးကို ဆောင်ရွက်လျက်ရှိရာ ဇန်န၀ါရီလမှ ဇူလိုင်လအထိ ခရီးသွားဧည့်သည် ရောက်ရှိမှုမှာ၂၀၁၉၇၄၉ ဦး ဖြစ်ပြီး ယခင်နှစ်ကထက် ၂၂ ရာခိုင်နှုန်း တိုးတက်ရောက်ရှိနေကြောင်း” ပြောကြားသည်။

အဆိုပါ အစည်းအဝေးတွင် လုပ်ငန်းစဉ်သုံးခုကို အဓိကထား ဆွေးနွေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ၀င်ပေါက်များမှ ၀င်ရောက်လာမည့် ပြည်ပဧည့်သည်များကို ဆိုက်ရောက်ဗီဇာများ လုပ်ထုံးလုပ်နည်းနှင့်အညီ ရရှိရေး၊ ပုဂံ-ညောင်ဦး လေဆိပ်မှာ ပြည်ပလေယာဉ်များ တိုက်ရိုက်ဆင်းသက် ၀င်ရောက်ခွင့်အတွက် ဌာနဆိုင်ရာ စုပေါင်းပါဝင်သည့် သီးသန့်လုပ်ငန်း (Customs, Immigration Quarantine-CIQ) လေဆိပ်အဖြစ် ဆောင်ရွက်ရေးနှင့် အပြည်ပြည်ဆိုင်ရာ ၀င်ပေါက်များမှ ၀င်ရောက်လာသည့် ပြည်ပဧည့်သည်များထံမှ (Tourism Development Fund) ကောက်ခံရေးဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်အတွင်း ပြည်ပ ဧည့်သည် ၀င်ရောက်မှုတွင် မြန်မာနိုင်ငံ၏ နှုန်းထားမှာ အာဆီယံနိုင်ငံများအတွင်း အဆင့် ၉ တွင်သာ ရပ်တည်ခဲ့သဖြင့် လာရောက်သည့် ခရီးသွားဧည့်သည် နည်းပါးနေကြောင်း၊ နိုင်ငံ၏ စီးပွားဖွံ့ဖြိုးမှု တိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းမှ ဆင့်ပွားအကျိုးခံစားခွင့် ရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး၊ လူနေမှုအဆင့်အတန်း မြင့်မားရေး၊ ခရီးသွားဈေးကွက်ရရှိနိုင်ရန် အိမ်နီးချင်း နိုင်ငံများတွင် ကျင့်သုံးနေသည့် ခရီးသွားလုပ်ငန်း နည်းလမ်းများကို ကျင့်သုံးဆောင်ရွက်သင့်ကြောင်း၊ မိမိနိုင်ငံနှင့် ကိုက်ညီအောင် တီထွင်ဖန်တီး ဆောင်ရွက်သွားလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားသည်။