နိုင်ငံတော်သမ္မတ ဦးထင်ကျော် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီအား သမ္မတအိမ်တော်တွင် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆို

နေပြည်တော်သို့ ရောက်ရှိလာသော အိန္ဒိယ၀န်ကြီးချုပ် မိုဒီနှင့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်တို့အား သမ္မတအိမ်တော်၌ စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီအား နိုင်ငံတော် သမ္မတအိမ်တော်တွင် စက်တင်ဘာ ၅ ရက် ည ၆ နာရီတွင် ဂုဏ်ပြုအခမ်းအနားဖြင့် ကြို ဆိုခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာ မိုဒီတို့သည် နိုင်ငံတော်သမ္မတ အိမ်တော်၌ပင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ်သည် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ စက်တင်ဘာ ၅ ရက်မှ ၇ ရက်အထိ သုံးရက်ကြာ လာရောက်ခြင်းဖြစ်သည်။

ထို့အတူ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် စက်တင်ဘာ ၆ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကာ ၎င်းတို့နှစ်ဦးရှေ့မှောက်တွင် နှစ်ဖက်တာဝန်ရှိသူများ ပုဂံဒေသရှိ ငလျင်ဒဏ်သင့် ဘုရားပြုပြင်ထိန်းသိမ်းရေး ကိစ္စရပ်အပါအ၀င် နားလည်မှုစာချွန်လွှာ (MoU) များ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်သည် ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံ၌ စက်တင်ဘာ ၆ ရက်ညနေပိုင်းတွင် ပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်မည်ဖြစ်ပြီး  ပုဂံဒေသသို့ သွားရောက်ရန် ရှိကြောင်းလည်း သိရသည်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် အရှေ့အာရှထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် လာရောက်ဖူးသော်လည်း နှစ်နိုင်ငံဆက်ဆံရေး တရားဝင်ခရီးစဉ်အဖြစ် ပထမဆုံးအကြိမ် လာရောက်ခြင်းလည်းဖြစ်သည်။

ထို့အတူ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီ မြန်မာနိုင်ငံသို့ မလာရောက်မီ ကာလအတွင်း အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှုဆိုင်ရာမူဝါဒ အပြောင်းအလဲကြောင့် မြန်မာနိုင်ငံမှ အိန္ဒိယသို့ အဓိက တင်သွင်းနေသည့် ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ စသည့်ပဲများ တင်ပို့မှု ရပ်ဆိုင်းထားရပြီး ပဲများပြန်လည် တင်ပို့နိုင်ရေး လက်ရှိတွင်လည်း နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူများ ဆွေးနွေးနေဆဲဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ၂၀၁၆ ခုနှစ် သြဂုတ် ၂၇ ရက်မှ ၃၀ ရက်အထိ အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး အဆိုပါ ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ သမ္မတ မူကာဂျီး၊ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် မိုဒီတို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ နားလည်မှုစာချွန်လွှာ လေးခုကို လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

အလားတူ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် နာရင်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၇ ရက်မှ ၁၉ ရက်အထိ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ပြီး ခရီးစဉ်မတိုင်မီ အောက်တိုဘာ ၁၆ ရက်တွင် ဂိုအာမြို့၌ ကျင်းပသည့် BRICS-BIMSTEC Outreach Summit သို့ တက်ရောက်ခဲ့သည်။

အဆိုပါ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့ ရှေ့မှောက်တွင် နားလည်မှု စာချွန်လွှာ သုံးခုကို နှစ်နိုင်ငံ တာဝန်ရှိပုဂ္ဂိုလ်များက လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊ လေ) ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌ Admiral Sumil Lanba ၏ဖိတ်ကြားချက်အရ ယခုနှစ် ဇူလိုင် အတွင်းက အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံရာတွင် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေး ကိစ္စရပ်များအား ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။