မန္တလေးမြို့သို့ တရုတ်ခရီးသွား ၀င်ရောက်မှု အများဆုံးဖြစ်ပြီး ယခုနှစ်တွင် တရုတ်ခရီးသွား ၀င်ရောက်မှု ရာခိုင်နှုန်း ၃၀ မြင့်တက်

မန္တလေးမဟာမုနိဘုရားသို့ လာရောက်ဖူးမြော် လေ့လာနေသော နိုင်ငံခြားသား ခရီးသွားများအား တွေ့ရစဉ်

မန္တလေးမြို့သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၀င်ရောက်မှုတွင် တရုတ်ခရီးသွား ဧည့်သည်ဝင်ရောက်မှုမှာ အများဆုံးဖြစ်ပြီး ယခုနှစ်တွင် ယခင်နှစ် ၀င်ရောက်မှုထက် ရာခိုင်နှုန်း ၃၀ မြင့်တက်လျက်ရှိကြောင်း အထက်မြန်မာပြည် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ဌာနမှ ကောက်ယူခဲ့သည့် စာရင်းများအရ ယခုနှစ် ခြောက်လတာ ကာလအတွင်း မန္တလေးမြို့သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၀င်ရောက်မှုတွင် တရုတ်နိုင်ငံမှ အများဆုံးဖြစ်ပြီး ၈၉၀၉၆ ဦးဝင်ရောက်ခဲ့ကာ ပြင်သစ် ၁၄၄၇၇ ဦး၊ ထိုင်း ၁၃၄၄ ဦး၊ အမေရိကန် ၈၄၀၈ ဦး၊ ဂျာမနီ ၈၃၃၃ ဦး၊ ဂျပန် ၆၈၇၅ ဦး၊ အီတလီ ၅၆၃၅ ဦး၊ ယူကေ ၅၁၄၂ ဦး၊ ကိုရီးယား၄၇၅၃ ဦး၊ အိန္ဒိယ ၄၂၁၃ ဦးနှင့် အခြား မှ ၇၀၆၂၆ ဦးရှိခဲ့ကြောင်း သိရသည်။

“တရုတ်ခရီးသွားက အခုနောက်ပိုင်းမှာ တခြားနိုင်ငံတွေကိုလည်း ၀င်ရောက်မှု မြင့်နေတယ်။ မန္တလေးမှာကတော့ အရင်ကတည်းက နယ်နိမိတ်ချင်း ထိဆက်နေတဲ့ အခြေအနေကြောင့်လား မသိဘူး တရုတ်ခရီးသွား အ၀င်က ထိပ်ဆုံးမှာရှိတယ်။ ဒုတိယအနေနဲ့က ထိုင်းခရီးသွား ၀င်ရောက်မှုများတယ်။ ဒီနှစ်ပိုင်းမှာ ဥရောပဘက်က ခရီးသွားအ၀င်က နည်းနည်းလေး ကျသွားတယ်။ လာမယ့်ခရီးသွား အ၀င်များမယ့် ကာလမှာ တရုတ်နဲ့ ကိုရီးယား၊ ဂျပန်နိုင်ငံတွေကို ဗီဇာစနစ် ပြောင်းလဲမှု လုပ်ထားတယ်” ဟု အထက်မြန်မာပြည် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။

နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှု အပြောင်းအလဲအရ လက်ရှိတွင် မန္တလေးမြို့သို့ တရုတ်ခရီးသွားဧည့်သည် ၀င်ရောက်မှုမှာ အမြင့်ဆုံးဖြစ်ပြီး လာမယ့် ခရီးသွားရာသီတွင် ဗီဇာစနစ် အပြောင်းအလဲများကြောင့် တရုတ်၊ ကိုရီးယားနှင့် ဂျပန်တို့မှ ခရီးသွားဧည့်သည် အများအပြား ၀င်ရောက်လာနိုင်ကာ လာရောက်သည့် ခရီးသွား ဧည့်သည်များအတွက် ၀န်ဆောင်မှုများ ပေးနိုင်ရန် ခရီးသွားကဏ္ဍ အနေဖြင့် ကြိုတင်ပြင်ဆင်မှုများကို ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်သည့် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဧပြီ ၁ ရက်မှ မေ ၁၇ ရက်အထိ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ တာချီလိတ် နယ်စပ်ဝင်ပေါက်မှ ဗီဇာဖြင့် လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားဦးရေ ၁၀၀၀ ကျော်ရှိပြီး တည်းခိုမှုအဆင်ပြေစေရန် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၅၇ လုံး လုပ်ကိုင်ခွင့်ပြုထား

ဧပြီ ၁ ရက်မှ မေ ၁၇ ရက်အထိ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ တာချီလိတ် နယ်စပ်ဝင်ပေါက်မှ ဗီဇာဖြင့် လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားဦးရေ ၁၀၀၀ ကျော်ရှိပြီး တည်းခိုမှုအဆင်ပြေစေရန် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၅၇ လုံးနှင့် အခန်းပေါင်း ၂၅၄၁ ခန်းကို လုပ်ကိုင်ခွင့်ပြုထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

တာချီလိတ်၊ ကျိုင်းတုံအပါအ၀င် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ဒေသများသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားမှာ ဧပြီ ၁ ရက်မှ မေ ၁၇ ရက်အထိ ဗီဇာဖြင့် တာချီလိတ်မှတစ်ဆင့် လေယာဉ်ခရီးစဉ်ဖြင့် ပြည်တွင်းသို့ ၀င်ရောက်လည်ပတ်သည့် ခရီးသွား ၁၀၄၀ ဦးရှိကြောင်း သိရသည်။

ထို့ပြင် နေ့ချင်းပြန်ခရီးစဉ်အနေဖြင့် ခရီးသွားဦးရေ ၁၀၄၄၃၇ ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်အနေဖြင့် ခရီးသွားဦးရေ ၁၄၀၉ ဦး လာရောက်လည်ပတ်ထားကြောင်း သိရသည်။ ခရီးသွားကုမ္ပဏီအနေဖြင့်လည်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ခရီးသွားကုမ္ပဏီ ၁၆ လုံးကို လုပ်ကိုင်ခွင့်ပေးထားကြောင်း သိရသည်။

နေ့ချင်းပြန်ခရီးစဉ်ဖြင့် လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွား အများစုသည် တာချီလိတ်မြို့တွင်းရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိဘုရားကြီး၊ ရွှေတိဂုံစေတီတော်၊ တိုင်းရင်းသားကျေးရွာ၊ အာခါဈေးနှင့် တရုတ်ဘုံကျောင်းများသို့ သွားရောက်လည်ပတ်လေ့ရှိကြသည်။

ထို့ပြင် ညအိပ်ခရီးစဉ်အနေဖြင့် နိုင်ငံခြားသားခရီးသွားများ အနေဖြင့်လည်း မိုင်းဖြတ်မြို့ရှိ ဈေးတန်းကြီးဘုရား၊ မြတ်စွာဘုရားစေတီတော်၊ ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခိုကျောင်း၊ ၀တ်အင်းကျောင်း၊ စွန်တော်စေတီ၊ ဓာတ်ကျမ်းစေတီ၊ ရှမ်းထုန်းကျောင်း၊ ပါထန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်နှင့် ကမ္ဘာအေးစေတီ စသည့် အထင်ကရနေရာများသို့လည်း သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံသို့ နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် နိုင်ငံခြားသားခရီးသွား ၀င်ရောက်မှုဦးရေမှာ သုည ဒသမ ၇၂ သန်းနှင့် နိုင်ငံတကာဝင်ပေါက် (ကုန်းကြောင်း၊ လေကြောင်း) မှတစ်ဆင့် ၀င်ရောက်မှုဦးရေမှာ သုည ဒသမ ၅၀ သန်း ၀င်ရောက်ထားသောကြောင့် စုစုပေါင်း နိုင်ငံခြားသားခရီးသွား ဦးရေမှာ ၁ ဒသမ ၂၂ သန်း ၀င်ရောက်ထားကြောင်း သိရသည်။

စစ်ကိုင်းမြို့သို့ ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှု ယခင်ဘဏ္ဍာနှစ်ထက် ယခုဘဏ္ဍာနှစ်အတွင်း ပိုမိုများပြားလာ

စစ်ကိုင်းတောင်သို့ လာရောက်လေ့လာနေသော ကမ္ဘာလှည့်ခရီးသွားများအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်

ယခင်ဘဏ္ဍာနှစ်များထက် ယခုဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းမြို့သို့ ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှု ပိုများလာကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ခွင့်ပြုထားသည့်နေရာများမှ ရရှိထားသည့်စာရင်းများအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် နှိုင်းယှဉ်ပါက ၃၀ ဒသမ ၉၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်စ ဧပြီမှ နိုဝင်ဘာအထိနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်စ ဧပြီမှ နိုဝင်ဘာလအထိ နှိုင်းယှဉ်သည့်အခါ ၁၄ ဒသမ ၉၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။

“၂၀၁၆-၂၀၁၇ နဲ့ ၂၀၁၇-၂၀၁၈ ဧပြီမှ ဒီဇင်ဘာချင်းယှဉ်မယ်ဆို စစ်ကိုင်းက အပေါင်း ၄၄ ဒသမ ၄ ရာခိုင်နှုန်းတက်လာတယ်။ ယခင်နှစ်တွေထက်စာရင် အများကြီးကွာခြားသွားတယ်။ အရင်နှစ်တွေ အနုတ်ပြတယ်။ စစ်ကိုင်းမှာ ပြည်တွင်းပြည်ပခရီးသွားတွေ အများကြီးတည်းလာပြီဆိုတဲ့ လက်တွေ့ကျကျစာရင်းပါ။ စစ်ကိုင်းမြို့ရဲ့ ခရီးသွားလုပ်ငန်း အောင်မြင်လာတယ်လို့ ပြောလို့ရပါတယ်။ နောက်ဘဏ္ဍာနှစ် ၂၀၁၈-၂၀၁၉ မှာ ရာခိုင်နှုန်း ၅၀ တိုးတက်လာမယ်လို့ မှန်းထားပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးအောင်သူဦးက ပြောကြားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းမြို့သို့ ပြည်တွင်းပြည်ပခရီးသွား ၆၆၇၁ ဦး ၀င်ရောက်တည်းခိုခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းပြည်ပခရီးသွား ၉၆၄၈ ဦး ၀င်ရောက်တည်းခိုခဲ့ကြောင်း ဟိုတယ်နှင့်ခရီးမှတ်တမ်းများအရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပုဂ္ဂလိကကဏ္ဍနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကလေး၊ ကသာ၊ ခန္တီးမြို့တွင် ခရီးသွားဇုန်ခြောက်ဇုန်ကို သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းခရီးသွားဇုန် ခြောက်ဇုန်တွင် ခရီးစဉ်အလိုက် တန်ခိုးကြီးဘုရား၊ ပုထိုး၊ စေတီများ၊ ရှေးဟောင်းအဆောက်အအုံများ၊ စိတ်ဝင်စားဖွယ် လေ့လာနိုင်သည့်နေရာများ၊ အမှတ်တရဒေသထွက် ပစ္စည်းများပါဝင်ကြောင်း သိရသည်။

မန္တလေးတောင်တော်သို့ နေ့စဉ် နိုင်ငံခြားသားခရီးသွား ၃၀၀ နီးပါးလာရောက်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း နိုင်ငံခြားသား လေ့လာခွင့်မှ သိန်း ၈၀ ကျော်ရရှိ

မန္တလေးတောင်တော်ပေါ်တွင် နိုင်ငံခြားသားများ လေ့လာနေစဉ်

နိုင်ငံခြားသား ခရီးဧည့်သည်အ၀င်များသည့် ကာလအတွင်း မန္တလေးတောင်တော်သို့ နေ့စဉ် နိုင်ငံခြားသားခရီးသွားဧည့်သည် ဦးရေ ၃၀၀ ကျော်လာရောက်ကာ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း နိုင်ငံခြားသားဧည့်သည် လေ့လာခွင့်မှ သိန်း ၈၀ ကျော်ရရှိခဲ့ကြောင်း တောင်တော်ဂေါပကအဖွဲ့ထံမှ စုံစမ်းသိရှိ ရသည်။

မန္တလေးတောင်တော်ဂေါပကအဖွဲ့မှ မန္တလေးတောင်ပေါ်သို့ လာရောက်လေ့လာ လည်ပတ်ကြသော နိုင်ငံခြားသားဧည့်သည်များအား တစ်ဦးလျှင် တစ်ထောင်ကျပ်နှုန်း ကောက်ခံခြင်းဖြစ်ပြီး ယင်းကောက်ခံရရှိငွေများအား တောင်တော်ဘဏ္ဍာငွေအဖြစ် ထိန်းသိမ်းကာ ပြုပြင်ရေးလုပ်ငန်းများအတွက် ပြန်လည်သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

“မန္တလေးတောင်တော်ကို နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှုက တစ်နှစ်ထက်တစ်နှစ် များပြားလာပါတယ်။ လက်ရှိဆိုရင် အနည်းဆုံး တစ်ရက်ကို ဦးရေ ၃၀၀ ကျော်လောက်ဝင်ပြီး များတဲ့ရက်ဆိုရင် ဦးရေ ၅၀၀ နဲ့ ၇၀၀ ကြားဝင်တယ်။ ပြီးခဲ့တဲ့လမှာ အများဆုံးအနေနဲ့ ဦးရေ ၇၀၀ ကျော်ဝင်ခဲ့တယ်။ တောင်တော်ဝင်ငွေမှာလည်း နိုင်ငံခြားသား ဧည့်အ၀င်ကောက်ခံရရှိမှုဝင်ငွေက အများဆုံးထဲမှာပါတယ်” ဟု မန္တလေးတောင်တော် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောကြားသည်။

နိုင်ငံခြားသား ခရီးသွားဧည့်သည်များအနေဖြင့် မန္တလေးတောင်တော်သို့ ညနေ နေ၀င်ချိန်ကြည့်ရှုရန် အများဆုံး လာရောက်ကြခြင်းဖြစ်သည့်အတွက် ညနေပိုင်းတွင် နေ၀င်ချိန်ကြည်ရှုရန် နေရာများဖန်တီးပေးခြင်းနှင့် ယာဉ်ရပ်နားစခန်းများ ပြုပြင်တည်ဆောက်ခြင်း အပါအ၀င် သွားလာမှုအဆင်ပြေစေရန်အတွက် ဆောင်ရွက်ပေးထားကြောင်း သိရသည်။

မန္တလေးမြို့သို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားဧည့်သည်များအနေဖြင့် မန္တလေးတောင်နှင့် ဦးပိန်တံတားတို့တွင် ညနေ နေ၀င်ချိန်ကြည့်ရှုခြင်းများပြားကြောင်း၊ ထို့အတူ အချို့ဧည့်သည်များမှာ စစ်ကိုင်းတောင်ရိုးနှင့် ဧရာဝတီမြစ်အတွင်း နေ၀င်ချိန်အလှ ကြည့်ရှုခြင်းများ ဆောင်ရွက်လေ့ရှိပြီး ပြီးခဲ့သည့်နှစ် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ မန္တလေးသို့ နိုင်ငံခြားသားဧည့်သည်အ၀င်မှာ ဦးရေသုံးသိန်းကျော် ၀င်ရောက်ခဲ့ပြီး ၀င်ရောက်ခဲ့ရာ လူမျိုးအလိုက် စာရင်းများအရ တရုတ်လူမျိုးဧည့်သည် ၀င်ရောက်မှု ၄၆ ရာခိုင်နှုန်း၊ ပြင်သစ် ၁၃ ရာခိုင်နှုန်း၊ ထိုင်းရှစ်ရာခိုင်နှုန်း၊ ဂျာမနီ ခုနစ်ရာခိုင်နှုန်း ၀င်ရောက်ခဲ့ကာ နှစ်စဉ်ဝင်ရောက်မှု အများဆုံးမှာ တရုတ်လူမျိုးဖြစ်ကြောင်း သိရသည်။