ပြည်သူများ၏ အကျိုးအတွက် ဖွံ့ဖြိုးမှု ကွာဟချက်များကို ရင်ဆိုင်ကျော်လွှားရန် အလေးအနက် ဆောင်ရွက်နေကြောင်း အာဆီယံခေါင်းဆောင်များစုဝေးပွဲ၌ နိုင်ငံတော်သမ္မတဦးဝင်းမြင့် ပြောကြား

ပြည်သူများ၏ အကျိုးအတွက် ဖွံ့ဖြိုးမှု ကွာဟချက်များကို ရင်ဆိုင်ကျော်လွှားရန် အလေးအနက် ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အောက်တိုဘာ ၁၁ ရက်တွင် ဘာလီကျွန်း Sofitel Bali Nusa Dua Beach Resort ၌ ကျင်းပသည့် အာဆီယံခေါင်းဆောင်များ စုဝေးပွဲသို့ တက်ရောက် မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသနှင့် တောင်အာရှဒေသအကြား ပထ၀ီအနေအထားအရ မဟာဗျူဟာမြောက်စွာ တည်ရှိနေသည့်အတွက် မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံ လိုအပ်ချက်များကို ပံ့ပိုးဖြည့်ဆည်းပေးနိုင်မည်ဆိုပါက ဒေသတွင်း ပေါင်းစပ်ဆက်သွယ်မှုကို များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွင်ပါရှိသည့် အဓိက ဦးစားပေးကဏ္ဍတစ်ခုဆိုလျှင် မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးမှုနှင့် လူဦးရေများပြားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နောက်ကျကျန်နေသည့် လူမှုရေး၊ စီးပွားရေးနှင့် ရုပ်ဝတ္ထုဆိုင်ရာ ချိတ်ဆက်မှုများ ခိုင်မာအားကောင်းစေရန် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားရန်ဖြစ်ကြောင်း သမ္မတက ပြောကြားသည်။

အင်ဒိုနီးရှားသမ္မတနိုင်ငံသမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒို၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှားသမ္မတနိုင်ငံ ဘာလီကျွန်း၌ ပြုလုပ်မည့် အာဆီယံခေါင်းဆောင်များ စုဝေးပွဲ၏ (ASEAN Leaders’ gathering) သို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အောက်တိုဘာ ၁၁ ရက် နံနက် ၇ နာရီတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ အင်ဒိုနီးရှားသမ္မတနိုင်ငံသို့ ထွက်ခွာခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတ ဦးဆောင်သည့်အဖွဲ့ဝင်များအား ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသမ္မတနိုင်ငံသံအမတ်ကြီး H.E.Porf Dr.Iza Fadri နှင့် ဇနီးနှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်သမ္မတနှင့်အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ အမြဲတမ်းအတွင်းဝန်များဖြစ်ကြသည့် ဦးခင်လတ်၊ ဦးမြင့်သူနှင့် ဦးထွန်းထွန်းနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ ခရီးစဉ်တွင်အဖွဲ့ဝင်အဖြစ် ပါရှိသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်အုပ်စုတို့၏ နှစ်ပတ်လည် အစည်းအဝေးများ တက်ရောက်ရန် အောက်တိုဘာ ၁၀ ရက်က အင်ဒိုနီးရှားနိုင်ငံသို့ ကြိုတင် ထွက်ခွာသွားကြောင်း သိရသည်။