ရန်ကုန်မြို့ပတ်လမ်းပိုင်းရှိ ကားနှင့်ရထား ဖြတ်ကူးသည့် နေရာများတွင် မြန်ဆန်စွာ ဖြတ်ကူးနိုင်မည့် Level Crossing များ ပြုလုပ်မည်ဟုဆို

ရန်ကုန်မြို့တွင်း မီးရထားလမ်းပိုင်းများကို JICA မှ အဆင့်မြှင့်တင်နေစဉ်

ရန်ကုန်မြို့ပတ်ရှိ ကားနှင့်ရထား ဖြတ်ကူးသည့်နေရာ ရှစ်ခုတွင် ပိုမိုမြန်ဆန်စွာ ဖြတ်ကူးနိုင်မည့် Level Crossing များကို ယခုနှစ်အတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

“ရထားလမ်းပေါ်ကို ကားလမ်းတွေ ဖြတ်သွားတဲ့အခါ မြန်မြန်ဖြတ်နိုင်ဖို့ လိုပါတယ်။ မြန်မြန်ဖြတ်နိုင်ဖို့ အတွက်ဆိုရင် လမ်းချောမွေ့ဖို့ လိုပါတယ်။ ဒါကြောင့် လမ်းပိုင်းအဆင်ပြေဖို့ လုပ်တဲ့အခါ နည်းပညာမြင့်မြင့်နဲ့ သွားပါတယ်။ ကားလမ်းပေါ် ရထားလမ်း ဖြတ်တဲ့နေရာတွေ၊ ရထားလမ်းနဲ့ ကားလမ်း ဆုံနဲ့နေရာတွေမှာ ကားတွေ အမြန်ဆုံးဖြတ်နိုင်ဖို့၊ ကားတွေကို ရထားဖြတ်သန်းခါနီးမှာ အလိုအလျောက်ဂိတ်တွေ တပ်ခြင်းအားဖြင့် အကြာကြီး ရပ်စောင့်စရာ မလိုတော့ဘဲ ကြာမြင့်ချိန် လျှော့ချနိုင်မယ်။ အထူးသဖြင့် ကားလမ်းကူးနေရာကြီး ရှစ်ခုမှာရှိတဲ့ Level Crossing တွေကို ပြုလုပ်ဖို့ စတင်နေပြီ” ဟု မြန်မာ့မီးရထား (အောက်မြန်မာပြည်) အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောကြားသည်။

အဆိုပါ ပြုလုပ်မည့် Level Crossing များကို JICA ၏အကူအညီဖြင့် ပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အင်ဂျင်နီယာများ၊ မြန်မာ့မီးရထားမှ အင်ဂျင်နီယာများ ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်း၏ ပြောကြားချက်အရ သိရသည်။

Level Crossing ပြုလုပ်သွားမည့် နေရာများမှာ အင်းစိန်၊ အောင်ဆန်း၊ ကြို့ကုန်း၊ အုတ်ကျင်း၊ သမိုင်းမြို့သစ်၊ ပါရမီ၊ ကမာရွတ်နှင့် ရွာမကျောင်းလမ်း စသည့်နေရာ ရှစ်ခုတွင် ကနဦး ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့မီးရထား အနေဖြင့် တရားမ၀င် ရထားလမ်းနှင့် ကားလမ်းကူးနေရာများကို ပိတ်သိမ်းရန် အတွက်လည်း သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။

တစ်နိုင်ငံလုံးတွင် ရထားလမ်းနှင့် ကားလမ်းကူးနေရာ တရားဝင်ဂိတ် စုစုပေါင်း ၁ç၆၆၇ ခုရှိပြီး တရားမ၀င်ဂိတ် စုစုပေါင်း ၄ç၁၅၂ ခုရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ရန်ကုန်မြို့ပတ် ရထားလမ်းအား နေ့စဉ်ရထားတွဲဆိုင်းကြီး ၂၅ ဆိုင်း၊ နေ့စဉ် ခေါက်ရေ ၂၂၀ ပြေးဆွဲပေးနေပြီး ခရီးသည်အားဖြင့်နေ့စဉ် ကိုးသောင်းအထက် လိုက်ပါစီးနင်း လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် မီးရထားလမ်းများကို အဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မီးရထား ပြေးဆွဲမှုများကို ရန်ကုန်မီးရထားရုံးချုပ်မှ ထိန်းချုပ်နိုင်သည့် စနစ်ကိုလည်း ယခုလ အတွင်းက စတင်အကောင်အထည် ဖော်ခဲ့ပြီး ပုဇွန်တောင်ဘူတာ အပါအ၀င် ဘူတာနှစ်ခုတွင် စမ်းသပ်လုပ်ကိုင် လျက်ရှိသည်။

 

ရန်ကုန်မြို့တွင်း ရထားပြေးဆွဲမှု အားလုံးကို ဗဟိုမှထိန်းချုပ်မည့်စနစ် တရားဝင်အသုံးပြုမှုစတင်

ရန်ကုန်မြို့ ဘုရားလမ်းဘူတာသို့ ဆိုက်ရောက်လာသော မြို့ပတ်ရထားတစ်စင်းကိုတွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ရန်ကုန်ဘူတာကြီးတွင် ၀င်ထွက်သွား လာနေသည့် ရထားပြေးဆွဲမှု အားလုံးကို ထိန်းချုပ်နိုင်မည့် ဗဟိုဌာနမှ ထိန်းချုပ်နိုင်သည့်စနစ်ကို ရန်ကုန်ဘူတာကြီးတွင် တရားဝင် စတင်အသုံးပြုနေပြီဖြစ်ကြောင်း ဇွန် ၁၆ ရက်က ရန်ကုန်ဘူတာကြီးတွင် ပြုလုပ်သော “ရထားပြေးဆွဲမှုကို ဗဟိုဌာနမှ ထိန်းချုပ်သည့်စနစ်နှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ပစ္စည်းကိရိယာများ တပ်ဆင်အသုံးပြုခြင်း စီမံကိန်း၏ Electronic Interlocking System အသစ်တပ်ဆင်ပြီးနောက် တရားဝင် စတင်အသုံးပြုခြင်း အခမ်းအနား” တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

၁၉၅၄ ခုနှစ် ဇွန် ၅ ရက်မှစ၍ ရန်ကုန်ဘူတာကြီးကို စတင်ဖွင့်လှစ်ခဲ့ပြီး ဘူတာကြီး၏ သွားလာရေးစနစ်များ၊ အချက်ပြစနစ်များကို အသုံးပြုခဲ့သည်မှာ နှစ်ပေါင်း ၆၄ နှစ် ကြာမြင့်နေပြီ ဖြစ်သည့်အတွက် ချို့ယွင်းမှုများ ရှိလာသောကြောင့် ဗဟိုဌာနမှ ထိန်းချုပ်သည့် Electronic Interlocking System အသစ်ကို တပ်ဆင်အသုံးပြုခြင်း ဖြစ်ကြောင်း သိရသည်။

“၁၉၅၄ မှာ Electron Mechanical Analogue System ကို သုံးခဲ့တယ်။ အဲဒီတုန်းက အင်္ဂလန်နိုင်ငံက စက်တွေကို သုံးခဲ့တာ။ လူအားနဲ့ ထိန်းချုပ်ခန်းမှာ Mechanicaling မောင်းတံတွေကို ဆွဲရတာ။ အချက်ပြကျတော့ လျှပ်မီးနဲ့ အချက်ပြရတာ။ အဲလိုနည်းနဲ့လုပ်ခဲ့တာ။ ၁၉၅၄ ကနေ နှစ်ပေါင်း ၆၄ နှစ်ရှိသွားပြီ” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ထိန်းချုပ်သည့်စနစ်ကို အသုံးပြုခြင်းဖြင့် ရထားများ အချိန်မှန် သွားလာနိုင်ခြင်း၊ ဗဟိုမှ ထိန်းချုပ်သည့်စနစ် ဖြစ်သည့်အတွက် တစ်နေရာတည်းမှ ထိန်းချုပ်နိုင်ခြင်းကြောင့် ရထားလမ်းကြောင်းများ မှားယွင်းမှု လျော့ချနိုင်ခြင်း၊ ပြည်သူများအတွက် လုံခြုံစိတ်ချမှုရှိသည့် စသည့်အားသာချက်များ ရရှိလာမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါစနစ် အသုံးပြုခြင်းကို ဂျပန်နိုင်ငံအစိုးရမှ ကူညီပံ့ပိုးပေးထားကြောင်း သိရသည်။

မြန်မာ့မီးရထားတိုင်း(၇)မှ သွားလာရေးမန်နေဂျာ ဦးဇော်လွင်က “နှစ်ပေါင်း ၆၀ ကျော်ကြာလာပြီ ဖြစ်တဲ့အတွက် အဲဒီအချက်ပြတွေက ကြာလာတဲ့အခါ အချက်ပြမီးနီတာတွေ၊ ချို့ယွင်းမှုတွေ ဖြစ်တာပေါ့။ ဖြစ်တဲ့အခါမှာ ရထားတွေက မကြာခဏ ရပ်စောင့်ရတာတို့တွေ ဖြစ်လာတယ်။ အရင်တုန်းကတော့ ပွိုင့်တွေနဲ့ ပတ်သက်ရင် ရန်ကုန်ဘူတာကြီး တာဝါကနေပဲ မောင်းလေ့ရှိတယ်။ အလံချိုးတဲ့ ခလုတ်တွေ သုံးတယ်။ အလံချိုးတဲ့ ခလုတ်တွေကို ကျွန်တော်တို့က ဥပမာ- နံပါတ် (၁) လမ်းကို ရထားတစ်စီး သွင်းမယ်ဆိုရင် (၁) လမ်းနဲ့ ဆက်နွယ်နေတဲ့ လမ်းတွေအားလုံးကို ခလုတ်တွေ၊ မောင်းတံတွေ လိုက်ဆွဲရတာ။ (၁)လမ်းကို သွင်းမယ့်လမ်းမှာ ပွိုင့်က လေးခုလောက် ဖြတ်ရမယ်ဆိုရင် လေးခုကို လိုက်ဆွဲရတယ်။ အခုစနစ်ကျတော့ ကွန်ပျူတာစနစ်ကို ပြောင်းလိုက်တာ ဖြစ်တဲ့အတွက် (၁) လမ်းကို သွင်းမယ်လို့ အချက်ပြလိုက်ရင် သူ့လမ်းတွေက အကုန်လုံး (၁) လမ်းကို ဆင်းပြီးသား ဖြစ်သွားတယ်။ အရင်က ထက်စာရင် လုပ်ရကိုင်ရတာ လွယ်ကူလာတယ်။ ကွန်ပျူတာစနစ်တဲ့ ထိန်းချုပ်ထားတာ ဖြစ်တဲ့အတွက် လုံခြုံမှုကလည်း အရင်ကထက် အားကောင်းလာတယ်။ ဒါက အားသာချက်ပေါ့” ဟု ၎င်းက ပြောကြားသည်။

အချက်ပြမီးပွိုင်းများ တပ်ဆင်ပြီးစီးမှုမှာ ရန်ကုန်-ပုဇွန်တောင် လမ်းပိုင်းတွင်သာ ပြီးစီးသေးကြောင်း ရန်ကုန်-ပုဇွန်တောင် လမ်းပိုင်းတွင် အချက်ပြမီးပွိုင့် ၈၁ ခု ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ပတ် ရထားလမ်းအား နေ့စဉ်ရထားတွဲဆိုင်းကြီး ၂၅ ဆိုင်း နေ့စဉ်ခေါက်ရေ ၂၂၀ ပြေးဆွဲပေးနေပြီး ခရီးသည်အားဖြင့် နေ့စဉ်ကိုးသောင်းအထက် လိုက်ပါစီးနင်း လျက်ရှိကြောင်း သိရသည်။

 

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းရှိ ရထားလူကူးခုံးကျော်တံတား ၃၅ စင်းအား တည်ဆောက်သွားမည်

ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းရှိ ရထားလူကူးခုံးကျော်တံတား ၃၅ စင်းအား လာမည့်ဘဏ္ဍာနှစ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းအား ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် စတင်ဆောင်ရွက်နေပြီဖြစ်ကာ စီမံကိန်းကာလအတွင်း ခရီးသွားလာမှု အဆင်မပြေခြင်းများရှိပါက နားလည်ပေးရန် မြန်မာ့မီးရထားမှ တာဝန်ရှိသူက ပြောကြားသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းတွင် JICA ချေးငွေနှင့် နိုင်ငံတော်ဘတ်ဂျက်ပေါင်း အမေရိကန် ဒေါ်လာ  ၃၀ ဒသမ ၂၉သန်းသုံးစွဲမည်ဖြစ်ပြီး ရထားလူကူးခုံးကျော်တံတား တည်ဆောက်ခြင်းလုပ်ငန်းအား နိုင်ငံတော်ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၉၄ ဒသမ ၇၆ သန်းထဲမှ သုံးစွဲသွားမည်ဟု သိရသည်။

လာမည့်ဘဏ္ဍာနှစ်တွင် တည်ဆောက်သွားမည့် ရထားလူကူးခုံးကျော်တံတား ၃၅ စင်းမှာ ရန်ကုန်-အင်းစိန်လမ်းပိုင်းတွင်  ရှစ်စင်း၊ အင်းစိန်-တညင်းကုန်းလမ်းပိုင်းတွင် လေးစင်း၊ တညင်းကုန်း-မင်္ဂလာဒုံ လမ်းပိုင်းတွင် သုံးစင်း၊ မင်္ဂလာဒုံ-ရန်ကုန် လမ်းပိုင်းတွင် ၂၀စင်း  တည်ဆောက်မည် ဖြစ်သည်။

ရထားလူကူးခုံးကျော်တံတားများကို တည်ဆောက်ရာတွင် မူလခုံးကျော်တံတား ၁၁ စင်းကို  အဆင့်မြှင့်တင်တည်ဆောက်မည်ဖြစ်ပြီး၊ ကျန်ခုံးကျော်တံတားဟောင်းများကို ဆက်လက်အသုံးပြုရန် မသင့်လျော်ပါက အသစ်ပြန်လည်တည်ဆောက်ရန် လျာထားကြောင်း သိရသည်။

အဆိုပါ လူကူးခုံးကျော်တံတား ၃၅ စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၈-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင်တည်ဆောက်မည်ဖြစ်ပြီး တည်ဆောက်ချိန် တစ်နှစ်ခွဲခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင် လက်ရှိပြေးဆွဲနေသည့် မြို့ပတ်ရထားကိုးစီး၊  ဘူတာ ၃၈ခုရှိပြီး ရထားလူကူး ခုံးကျော်တံတား ၃၅ စင်းနှင့် ကားလမ်းကူးခုံး ကျော်တံတား ၂၄ စင်းရှိကြောင်း သိရသည်။

မြို့ပတ်ရထားလမ်းပိုင်း ပထမအဆင့်ပြင်ဆင်မှုအဖြစ် အင်းစိန်ဘူတာမှ တညင်းကုန်းဘူတာအထိ စတင်မည်ဖြစ်ပြီး မေ ၃၁ ရက်တွင် ပြီးဆုံးမည်ဖြစ်ကာ မိုးတွင်းကာလတွင် ခေတ္တရပ်နားပြီး အောက်တိုဘာ ၃၁ ရက်တွင် စီမံကိန်းလုပ်ငန်းများကို ပြန်လည်စတင်မည်ဖြစ်ကြောင်း သိရသည်။

၁၉၅၈ ခုနှစ်တွင် ဖောက်လုပ်ခဲ့သည့် ရန်ကုန်မြို့ပတ်ရထားလမ်းသည် နှစ် ၆၀ ခန့် ရှိပြီဖြစ်သော်လည်း လမ်းပိုင်းအကြီးစား ပြုပြင်ခြင်းလုပ်ငန်းကို ယခုမှသာ ပြုလုပ်နိုင်ခဲ့ပြီး အဆိုပါလမ်းပိုင်းကို ဂျပန်အစိုးရ ချေးငွေ အမေရိကန်ဒေါ်လာ ၂၀၆ သန်းကျော် နှင့် နိုင်ငံတော်ဘတ်ဂျက် အမေရိကန် ဒေါ်လာ ၉၄ သန်းကျော်ဖြင့် အဆင့်မြှင့်တင်မည်ဟု မြန်မာ့မီးရထားမှ သတင်းထုတ်ပြန်ထားသည်။

သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် ရာခိုင်နှုန်း ၃၀ ခန့် လျှော့ချနိုင်ရေးအတွက် အဆင့်နိမ့်ကျနေသော ပို့ဆောင်ရေး အခြေခံ အဆောက်အအုံကဏ္ဍကို ဒေါ်လာ ၄၅ ဘီလျံမှ ဘီလျံ ၆၀ ခန့်အထိ ရင်းနှီးမြှုပ်နှံရန် လိုအပ်မည်ဟု ခန့်မှန်း

ရန်ကုန်မြို့ပတ် ရထားတစ်စင်းကို ဘူတာရုံတစ်ခုတွင် တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် ရာခိုင်နှုန်း ၃၀ ခန့် လျှော့ချနိုင်ရေးအတွက် အဆင့်နိမ့်ကျနေသော ပို့ဆောင်ရေး အခြေခံအဆောက်အအုံကဏ္ဍကို ဒေါ်လာ ၄၅ ဘီလျံမှ ဘီလျံ ၆၀ ခန့်ရင်းနှီးမြှုပ်နှံရန် လိုအပ်မည်ဟု ခန့်မှန်းထားကြောင်း ဖေဖော်ဝါရီ ၈ ရက်က ရန်ကုန်မြို့ရှိ Lotte Hotel တွင် ပြုလုပ်သည့် Myanmar-Korea Investment Promotion Seminar အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယအထွေထွေမန်နေဂျာ ဒေါက်တာမျိုးငြိမ်းအေးက ပြောကြားသည်။

“လက်ရှိကျွန်တော်တို့နိုင်ငံရဲ့ ပို့ဆောင်ဆက်သွယ်ရေး အခြေအနေကို ကြည့်မယ်ဆိုလို့ရှိရင် အားနည်းချက်တွေ အများကြီး တွေ့ရပါတယ်။ အဓိက မီးရထားလမ်းတွေ အဲဒီမီးရထားလမ်းတွေနဲ့ အဝေးပြေးလမ်းတွေရဲ့ ရာခိုင်နှုန်း ၆၀ က ဒါအဆင့်နိမ့်တဲ့ အရည်အသွေးနိမ့်တဲ့ အခြေအနေ ရှိပါတယ်။ နိုင်ငံရဲ့ ၂၂ သန်းလောက် လူတွေအတွက်လည်း အဲဒီနေရာတွေကို ကောင်းမွန်အောင် ဆောင်ရွက်ဖို့လိုပါတယ်။ လက်ရှိအနေအထားအရ ၂၀၁၆ ကနေ ၂၀၃၀ လောက်မှ ဒီပို့ဆောင်ရေးအခြေခံ အဆောက်အအုံအတွက် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှု အနေနဲ့ ၄၅ ဘီလျံကနေ ၆၀ ဘီလျံ အမေရိကန်ဒေါ်လာလောက်အထိ လိုမယ်လို့ ခန့်မှန်းပါတယ်” ဟု ဒေါက်တာမျိုးငြိမ်းအေးက ပြောကြားသည်။

ယင်းကဲ့သို့ ပို့ဆောင်ဆက်သွယ်ရေး လမ်းပိုင်းဆိုင်ရာများကို ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်ပြီး မီးရထားလမ်းများနှင့် အဝေးပြေးလမ်းမကြီးများ ရာနှုန်းပြည့်ကောင်းမွန်လာပါက လက်ရှိသယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ကို ရာခိုင်နှုန်း ၃၀ ခန့်အထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ GDP တွက်ချက်မှုမှာလည်း ၁၃ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

“အဲဒီလို ရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုရင် ကျွန်တော်တို့ ပို့ဆောင်ရေး ကုန်ကျစရိတ်ကိုလည်း လက်ရှိအနေအထားကနေ ရာခိုင်နှုန်း ၃၀ လောက် လျှော့ချနိုင်မယ်လို့ ထင်ပါတယ်။ GDP တွက်ချက်မှု အနေအထားအရလည်း ၁၃ ရာခိုင်နှုန်းလောက် တိုးတက်လာမယ်လို့ မှန်းပါတယ်” ဟု ဒေါက်တာမျိုးငြိမ်းအေးက ပြောကြားသည်။

ကိုရီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ မီးရထားပို့ဆောင်ရေး ကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုကြောင်းနှင့် လက်ရှိဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့်လည်း ပူးပေါင်းဆောင်ရွက်လိုကြောင်း အဆိုပါ အခမ်းအနားတွင် တက်ရောက်လာသော ကိုရီးယားနိုင်ငံ မီးရထား အဖွဲ့အစည်းက တင်ပြခဲ့ကြောင်း သိရသည်။

“ကိုရီးယားနိုင်ငံ မီးရထားအဖွဲ့ အ၀င်တွေက မေးထားတာ။ ကျွန်တော်တို့ဆီမှာရှိတဲ့ နည်းပညာတွေကို အခြေခံပြီးတော့ မြန်မာနိုင်ငံရဲ့ ရထားပို့ဆောင်ရေးမှာ ဆောင်ရွက်လိုတဲ့ ဆန္ဒရှိပါတယ်။ မီးရထားနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကုမ္ပဏီအဖွဲ့အစည်းကို တွေ့ချင်ပါတယ်” ဟု အခမ်းအနားသို့ တက်ရောက်သူများက မေးမြန်းခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ မီးရထား သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ လမ်းပိုင်းဆိုင်ရာ အရည်အသွေးမြှင့်တင်ရန် လိုအပ်နေပြီး အဆိုပါကဏ္ဍ၌ ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို လာရောက်လုပ်ကိုင်စေလိုကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ အထွေထွေမန်နေဂျာ ဒေါက်တာမျိုးငြိမ်းအေးက ပြန်လည်ဖြေကြားခဲ့သည်။

့မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂ ခုနှစ်တွင် National Transport Master Plan စီမံကိန်းတစ်ရပ်ကို ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ Master Plan အတွက် ဆောင်ရွက်ရမည့် အဓိကမူဝါဒပိုင်းဆိုင်ရာ၊ အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ၊ မူဝါဒနှင့် အခြေခံ အဆောက်အအုံပိုင်း နှစ်ခုပေါင်းကိုပါ စဉ်းစားလေ့လာပြီး ဆောင်ရွက်ထားကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်ရထား၏ အဆင့်မြှင့်မည့် ကုန်ကျစရိတ် ကျပ်ဘီလျံ ၃၀၀ ရှိမည်ဟု ခန့်မှန်းထားပြီး ကီလို ၆၀ အထိ မြန်နှုန်းမြှင့်မည် ဖြစ်ကြောင်းသိရ

ရန်ကုန်မြို့ ဘုရားလမ်းဘူတာသို့ ဆိုက်ရောက်လာသော မြို့ပတ်ရထားတစ်စင်းကိုတွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ရန်ကုန်မြို့ပတ်ရထား၏ အဆင့်မြှင့်မည့် စီမံကိန်းကုန်ကျစရိတ် ကျပ်ဘီလျံ ၃၀၀ ရှိမည်ဟု ခန့်မှန်းထားပြီး ကီလို ၆၀ အထိ မြန်နှုန်းမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်း အကောင်အထည်ဖော်ရန် ကူညီဆောင်ရွက်နေသည့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ အဆိုအရ ယခုနှစ် အောက်တိုဘာလမှ စတင်ကာ ဂျပန်အစိုးရ၏ ကူညီထောက်ပံ့မှုနှင့် ဆောက်လုပ်ရေး လုပ်ငန်းများကို စတင်လုပ်ကိုင်နေပြီ ဖြစ်ကြောင်း သိရသည်။

ပြန်လည်ပြုပြင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း စီမံကိန်းတွင် ရထားတွဲဆိုင်းများ၊ မီးပွိုင့်၊ ရထားလမ်းနှင့် ရထားပြေးဆွဲ မောင်းနှင်မှုများတွင် သိသိသာသာ ပြောင်းလဲလာမည် ဖြစ်ကြောင်း၊ တွဲဆိုင်းတိုင်းတွင် ဂျပန်နိုင်ငံဖြစ် အင်ဂျင်ပါပြီး ပါဝါပြည့် တည်ဆောက်မှု ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

တွဲဆိုင်းများနှင့် ရထားလမ်းပိုင်းဆိုင်ရာ ပြောင်းလဲမှုများကြောင့် ယခုလက်ရှိ အမြန်နှုန်း ၁၅ ကီလိုမီတာနှင့် အမြန်ဆုံးနှုန်း ကီလိုမီတာ ၄၀ ရှိသည့် အမြန်နှုန်းမှာ အမြန်ဆုံး ကီလိုမီတာ ၆၀ အထိ အရှိန်မြှင့်မည် ဖြစ်သည်။

မီးပွိုင့်နှင့် ရထားသံလမ်း၏ လားရာ ပြောင်းပေးခြင်းဖြင့် အလိုအလျောက်စနစ် ဖြစ်လာမည် ဖြစ်ကြောင်း၊ ယခင် လူအင်အားဖြင့် အဖွင့်အပိတ် လုပ်ရသည့် ရထားလမ်းဆုံ ၂၅ နေရာကိုလည်း နောက်ပိုင်းတွင် အလိုအလျောက်စနစ် သုံးမည်ဖြစ်ပြီး ဂျပန်နည်းပညာများ အသုံးပြုမည်ဟု သိရသည်။

ရထားလမ်းကောင်းမွန်ရန် ပြန်လည်ပြုပြင်ခြင်းနှင့် မီးရထားဘူတာ ပလက်ဖောင်းမြှင့်တင်ခြင်းအတွက် ဆောက်လုပ်ရေးပိုင်းနှင့် အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းပိုင်းများမှာ မြန်မာ့မီးရထားနှင့် (JICA) တို့ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်သည်။

အဆင့်မြှင့်သည့် ဆောက်လုပ်ရေးလုပ်ငန်းများ ပြီးစီးခဲပါက ရထားခရီးစဉ် တစ်ပတ်ပြည့်သည့် ကြာချိန် မိနစ် ၁၇၀ မှ ၁၁၀ မိနစ်အထိ လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ၁၀ မိနစ် မှ ၁၂ မိနစ်ခြား ရထားတစ်စီးနှုန်း ဆိုက်ရောက်မည်ဖြစ်ပြီး လက်ရှိ ပြေးဆွဲနေသည့် ရထားစီးရေ ၁၂၂ စီးမှ မှ ၁၇၅ စီးအထိ တစ်ရက်ပျှမ်းမျှ ခရီးသည် နှစ်သိန်းခြောက်သောင်း သယ်ဆောင်နိုင်မည့် စီမံကိန်းဖြစ်လာမည်ဟု သိရသည်။