မြိတ်မြို့နောက်လယ်ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲ ( ၃ ) တွင် ဓားရှည်ကိုင်ဆောင်ပြီး ဘဏ်ဝန်ထမ်းများအား ခြိမ်းခြောက်ကာ ကျပ်ငါးသိန်း လုယက်ထွက်ပြေးသူအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

လုယက်မှုဖြစ်ပွားခဲ့သည့် မြိတ်မြို့နောက်လယ်ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲ (၃)အား တွေ့ရစဉ်

 

မြိတ်မြို့ နောက်လယ်ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲ (၃)တွင် ဓားရှည်တစ်ချောင်းပြကာ ငွေများ လုယက်သွားသူအား ရဲတပ်ဖွဲ့ဝင်များ မှနာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၄ ရက် နေ့လည် ၁၂ နာရီတွင် နောက်လယ်ရပ်ကွက်၊ ပိတောက်ရွှေ ၀ါလမ်းမကြီးနှင့် ၉ လမ်းထောင့်တွင် ဖွင့်လှစ်ထားသည့် ကမ္ဘောဇဘဏ်ခွဲ(၃)အတွင်းသို့ ဓားရှည်ကိုင်ထားသည့် အမျိုးသားတစ်ဦး ၀င်ရောက်လာပြီး ဘဏ်ဝန်ထမ်းများအား ခြိမ်းခြောက်ကာငွေ ငါးသိန်းလုယူကာဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ဘဏ်ဝန်ထမ်းများအား ခြိမ်းခြောက်ကာ ငွေငါးသိန်းလုယူသွားသူကို တွေ့ရစဉ်

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ချက်ချင်းဆောင်ရွက်ခဲ့ရာ မွန်းလွဲ၂ နာရီခန့်တွင် မြိတ်မြို့မြိတ်တောင်နယ်မြေ ရွှေယင်းမာလမ်းသွယ်အတွင်းမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ “ဖြစ်စဉ်ဖြစ်ပြီးတဲ့အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေက ချက်ချင်းပဲ လိုက်လံစုံစမ်းခဲ့တယ်။ ထွက်ပြေးသွားတဲ့လမ်းကြောင်း အတိုင်းနေရာတွေ ဖြန့်ခွဲပြီး စုံစမ်းမှုတွေလုပ်ခဲ့ရာမှာ ရွှေယင်းမာလမ်းထဲကို ဆိုင်ကယ်တစ်စီး အရှိန်ပြင်းပြင်းနှင့် မောင်းဝင်သွားတာတွေ့ကြောင်း တာဝန်သိပြည်သူတွေက ပြောပြခဲ့တယ်။ တပ်ဖွဲ့ဝင်တွေကလမ်းထဲကို စုံစမ်းဖို့ ၀င်သွားတဲ့အချိန်မှာ ပြစ်မှုကျုးလွန်သူလို့ယူ ဆရတဲ့သူက ထွက်ပြေးတယ်။ အဲဒီမှာခရိုင် မှုခင်းအကူအဖွဲ့မှ ရဲအုပ်ခင်မောင်အေးနှင့် အဖွဲ့က လုံးထွေးပြီး ဖမ်းဆီးခဲ့ရတယ်အခုပြစ်မှု ကျူးလွန်သူကို မြို့မရဲစခန်းမှာ ဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ဆေးနေပါတယ်” လို့ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး တင်ထွန်းမှပြောကြားခဲ့သည်။ ဘဏ်အတွင်း ဓားရှည်ပြကာငွေများ လုယက်သွားသူမှာ မင်းမင်းစိုး ၂၈ နှစ် (ဘ)  ဦးတင်ထွန်း (ခ) စိန်မာဒင် မြိတ်တောင်နယ် မြေမြို့သစ် ၇ ရပ်ကွက် ရွှေယင်းမာလမ်းသွယ်တွင် နေထိုင်သူဖြစ်ပြီး မြိတ်မြို့မရဲစခန်းမှ (ပ) ၁၁၈၇/၂၀၁၈၊ လုယက်မှုရာဇသတ်ကြီး ပုဒ်မ ၃၉၂ အရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။ မြိတ်မြို့တွင် ပြီးခဲ့သည့် နှစ်ကလည်း ကန်ဖျားရပ်ကွက်ရှိ KBZ မီနီဘဏ်တွင် သေနတ်ပြငွေလုယက်မှုဖြစ်ပွားခဲ့ပြီး တစ်နှစ်အကြာတွင် ယခုကဲ့သို့ KBZ ဘဏ်ကို ထပ်မံလုယက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခင်ဖြစ်ပွားခဲ့သည့် လုယက်မှုတွင် ပြစ်မှုကျူးလွန်သူအား ယနေ့အထိ ဖမ်းဆီးရမိခြင်းမရှိသေးဘဲ ယခုဖြစ်ပွားသည့် ဖြစ်စဉ်တွင် နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။     ဇော်မိုးဦး

World Environment Day ကို မြိတ်မြို့တွင်ကျင်းပပြီး ကျောင်းသားကျောင်းသူများ၏ ပြကွက်များကို ခင်းကျင်းပြသ

ကျောင်းသားကျောင်းသူများ၏ ပြကွက်များကို ခင်းကျင်းပြသထားစဉ်

ဇွန် ၅ ရက်တွင်ကျရောက်သည့် World Environment Day ကိုမြိတ်မြို့တွင် ကျင်းပခဲ့ပြီး ကျောင်းသားကျောင်းသူများ၏ ပြကွက်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်ကို ချစ်တတ်လာအောင်၊ ပတ်ဝန်းကျင်ရှိ စွန့်ပစ်အမှိုက်များမှ ပြန်လည်အသုံးပြုနိုင်သည့် အိမ်သုံးပစ္စည်းများ၊ ကိရိယာများကို ပြန်လည်တပ်ဆင်ပြသသည့် ပြကွက်များ၊ အသိပညာပေးပိုစတာများကို ကျောင်းသားကျောင်းသူများ၏ ကိုယ်ပိုင်အသိပညာများဖြင့် ပြသခဲ့ကြောင်း သိရသည်။

မြိတ်မြို့ မြင်းမိုရ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူများ၏ ပြကွက် ၂၀၀ ကျော် ပါဝင်ပြသခဲ့သလို ပုလဲရတနာခန်းမတွင်လည်း ကုလသမဂ္ဂမှ ပေးပို့သည့် သ၀ဏ်လွှာဖတ်ကြားခြင်း၊ အသိပညာပေး ဟောပြောခြင်း၊ ပြခန်းများပြသခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ရည်ရွယ်ချက်ကတော့ ကျွန်မတို့ရဲ့ ကလေးတွေ သဘာဝပတ်ဝန်းကျင်ကို ချစ်တတ်လာအောင်၊ ထိန်းသိမ်းတတ်လာအောင်၊ ကမ်းရိုးတန်းနဲ့ ဒီရေတောတွေကို ထိန်းသိမ်းတတ်လာအောင်၊ သစ်တောပြုန်းတီးမှုတွေ မရှိအောင်၊ ပြီးတော့ ပလတ်စတစ်ကို စနစ်တကျ စွန့်ပစ်တတ်အောင် ရည်ရွယ်ပါတယ်။ ပလတ်စတစ်ကြောင့် ကမ္ဘာကြီးက အတော်လေးကို ပျက်စီးနေပါပြီ။ ပြကွက်တွေကတော့ ခြောက်ကွက်ရှိတယ်။ အသင်းလိုက် အနေနဲ့ကျတဲ့ ခေါင်းစဉ်အလိုက် ပြတဲ့ပြခန်းတွေပါတယ်။ ကျောင်းသားကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေ ပူးပေါင်းပြီးတော့ စွန့်ပစ်ပစ္စည်းတွေနဲ့ ပြန်ပြီး တီထွင်ဖန်တီးထားတဲ့ ပြကွက်က ၂၀၀ ကျော်လောက်ရှိပါတယ်။ ပြခန်းလုပ်တဲ့အချိန်မှာလည်း ကလေးတွေ နဲ့ ဆရာ၊ဆရာမတွေ ပူးပေါင်းပြီး တကယ့်ပစ္စည်းအစစ်တွေအတိုင်း ပြင်ဆင်ထားတယ်။ အမှတ်ပေးတဲ့ ပုံစံတွေကတော့ ကျောင်းအုပ်ဆရာကြီးနဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက အသင်းလိုက်ပြခန်းတွေအတွက် အမှတ်ပေးတယ်၊ ကျောင်းသားကျောင်းသူတွေ၊ ဆရာ ဆရာမတွေရဲ့ ပူးပေါင်းမှုအပေါ်မှာလည်း အမှတ်ပေးသွားပါတယ်” ဟု မြင်းမိုရ်ကိုယ်ပိုင်အထက်တန်းကျောင်း ကောင်စီဒုဥက္ကဋ္ဌ ဒေါ်အိအိလွင်က ပြောကြားသည်။

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများနှင့် ပင်လယ်အတွင်း ပလတ်စတစ်အမှိုက်များ စွန့်ပစ်မှုများကြောင့် ကမ်းရိုးတန်းရှိ ရေနေသတ္တ၀ါများ၊ ဂေဟစနစ်များ ပျက်စီးခြင်း၊ လူနေမှုဘ၀ကို ထိခိုက်ခြင်းများရှိနေကြောင်း သိရသည်။

ကျောင်းသားကျောင်းသူများ ပိုမို သိရှိ နားလည်စေရန်နှင့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျ အသုံးပြုတတ်စေရန် ယခုကဲ့သို့ ပြခန်းများ၊ တီထွင်ဖန်တီးမှုများက လာမည့် မျိုးဆက်များအတွက်သာမက ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းမှုအတွက်ပါ များစွာအရေး ပါသည့်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးသို့ လာမည့်နှစ်နှစ်အတွင်း မဟာဓာတ်အားလိုင်း ရောက်ရှိတော့မည် ဖြစ်သောကြောင့် လျှပ်စစ်မီး တစ်ယူနစ်လျှင် ၃၅ ကျပ်မှ ကျပ် ၅၀ အတွင်းဖြင့် ရရှိနိုင်မည်ဖြစ်ကြောင်း ၀န်ကြီးချုပ်ပြောကြား

မြိတ်မြို့  မြင်ကွင်း

တနင်္သာရီတိုင်းဒေသကြီးသို့ လာမည့် နှစ်နှစ်အတွင်း မဟာဓာတ်အားလိုင်း ရောက်ရှိတော့မည် ဖြစ်သောကြောင့် လျှပ်စစ်မီး တစ်ယူနစ်လျှင် ၃၅ ကျပ်မှ ကျပ် ၅၀ အတွင်းဖြင့် ရရှိနိုင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်သည် ဇွန် ၄ ရက်တွင် မြိတ်မြို့ရှိ ပြည်သူများနှင့် တွေ့ဆုံကာ လူမှုစီးပွားရေး လုပ်ငန်းများ အတွက် လာရောက်ဆွေးနွေးခဲ့ပြီးနောက် မီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြိတ်မြို့တွင် လျှပ်စစ်မီးဈေးနှုန်း တဖြည်းဖြည်း တက်လာနေပြီး တစ်ယူနစ်လျှင် ကျပ် ၄၀၀ ကျော်အထိ ရောက်ရှိလာကာ လောင်စာဆီဈေးနှုန်းအရ လျှပ်စစ်မီတာခများ ထပ်တိုးလာဖွယ် ရှိနေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဒေသခံများကလည်း ၀န်ကြီးချုပ်ကို မေးခွန်းထုတ်ခဲ့သလို တိုင်းအစိုးရမှလည်း လျှပ်စစ်ဈေးနှုန်း တည်ငြိမ်ကျဆင်းအောင် ဆောင်ရွက်နေသည့် အနေအထားများကို ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။

“၃၅ ကျပ်၊ ၅၀ လောက်နဲ့ ရနိုင်တယ်။ မဟာဓာတ်အားလိုင်းကတော့ ကျွန်မထင်တယ်။ လိုင်းဆွဲနေပြီ မော်လမြိုင်ကနေပြီးတော့ တစ်နှစ်ခွဲ၊ နှစ်နှစ်လောက်ကြာမယ်။ အဲဒါပြီးရင်တော့ ၃၅ ကျပ်လောက်နဲ့ ရနိုင်ပါလိမ့်မယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောကြားသည်။

လက်ရှိအနေထားတွင် တနင်္သာရီတိုင်း ဒေသကြီးအတွင်း မီတာခ နှုန်းထားများကို တစ်မြို့နှင့် တစ်မြို့ပင် ညီမျှစွာ ပေးဆောင်ရခြင်း မရှိဘဲ ထားဝယ်တွင် တစ်ယူလျှင်ကျပ် ၂၀၀ ကျော်သာရှိပြီး မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တွင် ဈေးနှုန်းကြီးမြင့်စွာဖြင့် သုံးစွဲနေရကြောင်း၊ မြိတ်ခရိုင် မြိတ်မြို့တွင် တစ်ယူနစ်လျှင် ၄၀၅ ကျပ်၊ တနင်္သာရီမြို့နယ်တွင် ကျပ် ၄၃၀၊ မောတောင်မြို့တွင် ၅၁၅ ကျပ် အထိရှိနေပြီး ကော့သောင်းမြို့နယ် ပလုံးတုံတုံး ကျေးရွာတွင် တစ်ယူနစ် ကျပ် ၉၀၀ အထိ ပြည်သူများ ပေးဆောင်နေရကြောင်း သိရသည်။

“ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ မြိတ်မြို့မှာ ရေလုပ်ငန်းနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ၀င်ရောက်လာဖို့ရှိတယ်။ ဒါပေမဲ့ လျှပ်စစ်မီး ဈေးနှုန်းကြီးမြင့်မှုကြောင့် ရင်းနှီးမြှုပ်နှံသူတွေ လက်တွန့်နေကြတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် အရမ်းနစ်နာတယ်။ ဂက်စ်ထွက်တဲ့ဒေသဖြစ်ပြီး လျှပ်စစ်မီးကို ဒီဇယ်ဆီနဲ့ မောင်းနေရတယ်။ လာမယ့် ခြောက်လအတွင်းမှာ ဒီထက်တက်လာဖို့ ရှိသေးတယ်။ တိုင်းဒေသကြီးအစိုးရက လုပ်ဆောင်နေပေမယ့် ပြည်ထောင်စုအစိုးရက ဒါကိုအခုထိ ဆောင်ရွက်ပေးခြင်း မရှိသေးဘူး။ ဒေသအနေနဲ့ အရမ်းနစ်နာပါတယ်” ဟု မြိတ်မြို့ခံတစ်ဦးက ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အနေဖြင့် စတင်တာဝန်ယူသည့် အချိန်တွင် တနင်္သာရီမြို့ရှိ ဒေသခံများနှင့် တွေ့ဆုံရာတွင် တနင်္သာရီတိုင်း ဒေသကြီးအတွင်း လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ကျပ် ၁၀၀ အောက်ရရှိရန် အစိုးရသက်တမ်း ငါးနှစ်အတွင်း အပြီးဆောင်ရွက်ပေးမည်ဟု ကတိပြု ပြောကြားထားသည်။

လာမည့်နှစ်နှစ်အတွင်း မဟာဓာတ်အားလိုင်း ရောက်ရှိပြီး လျှပ်စစ်မီး တစ်ယူနစ် လျှင် ၃၅ ကျပ်မှ ကျပ် ၅၀ အတွင်း ရရှိနိုင်မည်ဟု ပြောကြားချက်အရ အစိုးရသက်တမ်း ကုန်ဆုံးမည့် ၂၀၂၀ ပြည့်နှစ်တွင် ကတိပေး ပြောကြားချက်အတိုင်း ဆောင်ရွက်နိုင်မှု ရှိ မရှိကို ဒေသခံများ စောင့်ကြည့်နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်မီးရရှိမှု အခြေအနေတွင် အာဆီယံနိုင်ငံများအနက် အောက်ဆုံးတွင် ရှိနေပြီး နိုင်ငံတကာစွမ်းအင် အေဂျင်စီ၏ ၂၀၁၇ ခုနှစ် အစီရင်ခံစာအရ လျှပ်စစ်မီး မရှိသူ ၂၃ သန်း ရှိနေကြောင်း သိရသည်။

မြိတ်မြို့ရှိ ငါးအမှုန့်ကြိတ်စက်ရုံများ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်များကို ဆက်တိုက်လုပ်ဆောင်လာပြီး ပြည်သူများအား ချပြဆွေးနွေး

ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်များကို ဆွေးနွေးနေစဉ်

မြိတ်မြို့ရှိ ငါးအမှုန့်ကြိတ်စက်ရုံများအနေဖြင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်များကို ဆက်တိုက်လုပ်ဆောင်ကာ ပြည်သူများအား ချပြခြင်းများပြုလုပ်လာကြကြောင်း သိရသည်။

မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုန်တွင် လုပ်ငန်းလည်ပတ်လျက်ရှိသော ငါးအမှုန့် ကြိတ်စက်ရုံများအနေဖြင့် အနံ့ဆိုးများထွက်နေခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ ရှိနေခြင်းကြောင့် ဒေသခံပြည်သူများအကြား ကန့်ကွက်မှုရှိနေကာ တိုင်းဒေသကြီးအစိုးရမှလည်း အနံ့အသက်လျှော့ချရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် လုပ်ဆောင်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။ ငါးအမှုန့်ကြိတ်စက်ရုံများအနေဖြင့် EMP (Environmental Management Plan) ကို ရေးဆွဲကာ ဒေသခံပြည်သူများနှင့် အရပ်ဘက်အဖွဲ့အစည်းများကို ဆွေးနွေးရှင်းလင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး ရေးဆွဲတာက ကုမ္ပဏီအနေနဲ့ လုပ်ချင်တဲ့ဆန္ဒရှိတယ်လုပ်ဖို့လည်း ဆက်သွယ်ဆောင်ရွက်တယ်။ တိုင်းဒေသကြီးအစိုးရနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဌာနတွေကလည်း ညွှန်ကြားတာရှိတယ်။ ကျွန်တော်တို့လည်း တတ်သိသလောက် ကုမ္ပဏီစတင်ထူထောင်တဲ့ အချိန်ကစပြီး အနံ့အသက်လျော့ပါးအောင် လုပ်ဆောင်ထားတာရှိတယ်။ ယိုးဒယားနိုင်ငံကို သွားရောက်ပြီး သူတို့လုပ်ထားတဲ့ နည်းပညာတွေကို သွားကြည့်ပြီး လုပ်ဆောင်ထားတာရှိတယ်။ နောက်ပိုင်းမှာ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကို ရေးဆွဲတာကို တိုင်းဒေသကြီးအစိုးရက ညွှန်ကြားတယ်။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း အနံ့အသက် ပိုမိုလျော့ပါးလာအောင် ဆောင်ရွက်ချင်တဲ့ဆန္ဒကြောင့် Green Myanmar အဖွဲ့နဲ့ချိတ်ဆက်ပြီး လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ထူးထူးတိုးကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးအောင်အောင်မျိုးက ပြောကြားသည်။

ထူးထူးတိုးကုမ္ပဏီအနေဖြင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်ရေးဆွဲခြင်းနှင့် ပြည်သူများအား ဆွေးနွေးချပြမှုကို မေ ၄ ရက်က ဆောင်ရွက်ခဲ့ပြီး ငါးအမှုန့်ကြိတ်စက်ရုံများတွင် လေးခုမြောက်ဆောင်ရွက်လာသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။

“အနံ့အသက်တွေ ပိုပြီးတော့ လျော့နည်းလာအောင်ရယ်၊ စွန့်ပစ်ပစ္စည်းတွေကိုလည်း ပိုပြီးတော့ ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် ရည်ရွယ်ပြီး တတ်သိပညာရှင်တွေ ဖိတ်ခေါ်တယ်။ Green Myanmar က ပညာရှင်တွေကို ဖိတ်ခေါ်စစ်ဆေးစေပြီး အခုလိုမျိုးဆွေးနွေးပွဲကို လုပ်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့စက်ရုံက ၂၀၀၆ ခုနှစ်မှာ လုပ်ငန်းစတင်လည်ပတ်ပြီးတော့ ကုန်ကြမ်းရရှိမှုအပေါ် မူတည်ပြီးတော့ အနည်းဆုံး တန် ၄၅၀ လောက် ကုန်ချောထုတ်နိုင်တယ်။ Export ကတော့ အိတ်ရေ ၈၀၀၀ လောက်ပို့ပါတယ်။ တစ်နှစ်လုံးအတွက် နိုင်ငံတော်ကို အခွန်ပေးသွင်းမှုက ၂၀၁၆-၂၀၁၇ မှာ ဒေါ်လာ ၆၈၀၀၀၀ ၀န်းကျင်အထိ ရှိခဲ့ပါတယ်” ဟု ဦးအောင်အောင်မျိုးက ပြောကြားသည်။

မြိတ်မြို့တွင် ထူးထူးတိုး၊ မင်းဇာနည်၊ အဆောင်ကောင်းနှင့် ဗင်းတေ့ခ်ျ ငါးအမှုန့်ကြိတ် စက်ရုံများရှိပြီး ကျွန်းစုမြို့နယ်၊ ပထက်ကျွန်းတွင် ပြည်ဖြိုးထွန်းကုမ္ပဏီမှ ငါးအမှုန့်ကြိတ် စက်ရုံတစ်ခုရှိကြောင်း သိရသည်။ ငါးအမှုန့်ကြိတ်စက်ရုံနှင့် ပတ်သက်ပြီး အနံ့အသက်ဆိုး ထွက်ရှိမှုအပေါ် ဒေသခံများက တိုင်ကြားထားခြင်း၊ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများရှိခဲ့ပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ်ကိုယ်တိုင် ငါးအမှုန့်ကြိတ်စက်ရုံများကို လာရောက်ကာ အနံ့အသက်ဆိုးများ ထွက်ရှိနေမှုအပေါ် လျှော့ချရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန်အတွက် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ငါးအမှုန့်ကြိတ်စက်ရုံများအနေဖြင့် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သောကြောင့် ဒေသခံများနှင့် ဌာနဆိုင်ရာများ၏ လမ်းညွှန်မှုအတိုင်း ဆောင်ရွက်ခဲ့ရာ အနံ့အသက်ဆိုးများ လျော့သွားပြီး ပတ်ဝန်းကျင်ထိခိုက်မှု နည်းပါးအောင်လည်း လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ ငါးအမှုန့်ကြိတ်စက်ရုံများအနေဖြင့် EMP စာချုပ်မူကြမ်းပါ အချက်အလက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကာ လိုက်နာမှုမရှိပါက အရေးယူခံရနိုင်ကြောင်း သိရသည်။

မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းများသို့ အားလပ်ရက်အတွင်း ပြည်တွင်းခရီးသွားအများစု လာရောက်လည်ပတ်

မြိတ်ကျွန်းစုများအတွင်းရှိ ကမ်းခြေတစ်နေရာကို တွေ့ရစဉ်

မြိတ်ကျွန်းစုအတွင်းရှိ လှပသောကျွန်းများသို့ အားလပ်ရက်အတွင်း ပြည်တွင်းခရီးသွားအများစု လာရောက်လည်ပတ်ခဲ့ကာ သဘာဝအတိုင်း တည်ရှိနေသောကျွန်းများကို ဆက်လက်ထိန်းသိမ်းထားရန် သဘောထားမှတ်ချက်ပေးခဲ့ကြကြောင်း သိရသည်။

သင်္ကြန်နှစ်သစ်ကူး အားလပ်ရက်နှင့် နွေရာသီအတွင်း မြိတ်ကျွန်းစုအတွင်းသို့ ခရီးသွားအများအပြား လာရောက်ခဲ့ကာ ပြည်တွင်းခရီးသွားမှာ အများစုဖြစ်ခဲ့ကြောင်း သိရသည်။ ခရီးသွားအများစုမှာ သဘာဝအတိုင်းတည်ရှိနေသည့် ကျွန်းများကို သဘောကျခဲ့ပြီး ခရီးသွားလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ကို တွဲဖက်ထိန်းသိမ်းသွားရန် အကြံပြုခဲ့ကြောင်း သိရသည်။

“ကျွန်တော် ဒီနေရာကို ငါးကြိမ်မြောက်ရောက်ဖူးတာပါ။ ရှေ့ကလေးကြိမ်မြောက်မှာက လွန်ခဲ့တဲ့ကိုးနှစ်၊ ၁၀ နှစ်ကဆိုတော့ ဒီဘက်ကိုလာဖို့ အတော်ခက်ခဲခဲ့ပါတယ်။ လာမယ်ဆိုရင်လည်း ကျပ်နှစ်သိန်း၊ သုံးသိန်းလောက်ကုန်မှ လာရမယ်ဆိုတော့ မတတ်နိုင်ခဲ့ဘူး။ အခုတော့ Package တွေနဲ့ လာလို့ရအောင် စီမံထားတယ်ဆိုတော့ လာခွင့်ရတာ အရမ်းဝမ်းသာပါတယ်။ အခုဆိုရင် ခရီးသွားလုပ်ငန်းတွေက မြိတ်ကိုတော်တော်လေး မျက်စိကျလာတယ်။ မြိတ်ကျွန်းစုက တော်တော်လေးကိုလှတယ်။ စီးပွားရေးအရ ပုလဲတွေမွေးကြတယ်။ ရေနေသတ္တ၀ါတွေ အများကြီးရှိတယ်။ ကျွန်းဆွယ်တွေ၊ အလှအပတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ခရီးသွားလုပ်ငန်းတွေအနေနဲ့ ကျွန်းရဲ့သဘာဝကို ထိန်းသိမ်းရမယ့်အပြင် ရေအောက်မှာရှိတဲ့ ငါးနဲ့ ရေနေသတ္တ၀ါတွေရဲ့ ရှင်သန်မှုကိုလည်း ထိန်းသိမ်းပေးရမယ်” ဟု ရှမ်းပြည်နယ် တောင်ကြီးမြို့မှ လာရောက်အပန်းဖြေသူ ကိုထူးထူးအောင်က ပြောကြားသည်။

အားလပ်ရက်များအတွင်း မြိတ်ကျွန်းစုအတွင်းရှိ လေးကျွန်း၊ ဒုံးရေတံခွန်၊ ဒုံးညောင်မှိုင်းကျွန်း၊ စမတ်ကျွန်း (ပါပန့်ကျွန်း) များသို့ အများဆုံးလာရောက်အပန်းဖြေခဲ့ကြပြီး အချို့ကျွန်းများမှာ အပန်းဖြေရန် အကောင်းဆုံးအနေအထားရှိသော်လည်း ပုလဲမွေးမြူရေးလုပ်ငန်းများမှ ပိုင်ဆိုင်သည်ဟုဆိုကာ ၀င်ရောက်ခွင့်မပေးကြောင်း သိရသည်။

“ကျွန်းတွေကို လာချင်နေတာကြာပါပြီ။ အခုမှ ပထမဆုံးရောက်ဖူးတာပါ။ အရမ်းကိုသာယာပြီး အရမ်းလှပါတယ်။ မရောက်ဖူးသေးတဲ့သူတွေလည်း လာသင့်ပါတယ်လို့ ထင်ပါတယ်။ ဒီလိုလှပတဲ့ နေရာလေးတွေကိုလည်း ခရီးသွားလုပ်ငန်းတွေက ဆက်ထိန်းသိမ်းပေးထားဖို့ လိုပါတယ်။ အဲဒါမှခရီးသွားတွေ များလာမှာဖြစ်သလို ပိုပြီးသိရှိလာကြမှာပါ။ အစ်မတို့ ချောင်းသာတို့၊ ငွေဆောင်တို့ကိုလည်း ရောက်ဖူးပါတယ်။ တစ်မျိုးစီတော့လှကြတယ်။ ဒီမှာရှိတဲ့ရေတွေက အရမ်းကြည်လင်ပြီး သန့်ပါတယ်။ နောက်လည်း အစဉ်အဆက် ဒီလိုသန့်သန့်ရှင်းရှင်းလေး ရှိနေစေချင်ပါတယ်” ဟု နေပြည်တော်မှလာ ရောက်အပန်းဖြေသူ ဒေါ်ယမင်းမောင်မောင်က ပြောကြားသည်။

လက်ရှိအနေထားတွင် အဆိုပါကျွန်းများသို့ သွားရောက်ရာတွင် နေ့ချင်းပြန်ခရီးစဉ်တစ်ခုကို လူတစ်ဦးလျှင် ကျပ်ငါးသောင်းခန့်မှ ခုနစ်သောင်းအထိ ကျသင့်ကြောင်း သိရသည်။ ခရီးသွားလုပ်ငန်းများမှ ခရီးစဉ်များ စီစဉ်ရောင်းချပေးပြီး သွားလာခွင့်ရသည့် ကျွန်းများကိုသာ ပို့ဆောင်ပေးနေရသည့် အနေအထားဖြစ်နေသည်။

မြိတ်ကျွန်းစုမှာ နာမည်ကြီးသော်လည်း လှပသောကျွန်းများကို ပုလဲမွေးမြူရေးနှင့် လုပ်ငန်းရှင်တချို့မှ အပိုင်သိမ်းယူထားကာ ကန့်သတ်ထားမှုများရှိနေကြောင်း၊ ခရီးသည်များ ပိုမိုလာရောက်နိုင်ရန်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် အများနှင့်သက်ဆိုင်သည့်ကျွန်းများကို ထားရှိပေးသင့်ကြောင်း Blissfull Myanmar ခရီးသွားလုပ်ငန်းမှ ဒေါက်တာသိန်းရွှေမြင့်က ပြောကြားသည်။

မြိတ်ဆိပ်ကမ်းမှ အနောက်မြောက်ဘက် ပင်လယ်ပြင်အတွင်း PETRONAS မှ ရေနံတွင်းသုံးတွင်း ထပ်မံတူးဖော်မည်

စီမံကိန်းနှင့်ပတ်သက်ပြီး EIA ဆောင်ရွက်ခြင်းမပြုလုပ်မီ မြိတ်မြို့ရှိ ပြည်သူလူထုများနှင့် တွေ့ဆုံခြင်းကို ဧပြီ ၄ ရက်က ပြုလုပ်စဉ်

မြိတ်ဆိပ်ကမ်းမှ အနောက်မြောက်ဘက် ပင်လယ်ပြင်အတွင်း PETRONAS မှ ရေနံတိုးတက်ဖွံ့ဖြိုးထုတ်လုပ်ရေး အတွက်ဟုဆိုကာ ရေနံတွင်းသုံးတွင်း ထပ်မံတူးဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် M 12, M 13, M 14 တို့တွင် ရေနံတွင်းသုံးတွင်းအား ၂၀၁၈ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် တူးဖော်သွားရန် ရည်ရွယ်ထားပြီး အဆိုပါစီမံကိန်းနှင့်ပတ်သက်ပြီး EIA ဆောင်ရွက်ခြင်းမပြုလုပ်မီ မြိတ်မြို့ရှိ ပြည်သူလူထုများနှင့် တွေ့ဆုံခြင်းကို ဧပြီ ၄ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ အများပြည်သူတွေ့ဆုံပွဲ ပြုလုပ်သော်လည်း ဌာနဆိုင်ရာတချို့နှင့် NGO တချို့သာတက်ရောက်ခဲ့ပြီး အဓိကသက်ဆိုင်မည့် ငါးလုပ်ငန်းအဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ ဒေသခံများနှင့် စောင့်ကြည့်လေ့လာမည့် အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်လာခြင်းမရှိကြောင်း သိရသည်။

“ဒီနေ့ဆောင်ရွက်တဲ့ အခမ်းအနားကတော့ PETRONAS ကုမ္ပဏီကဆောင်ရွက်တဲ့ ရဲတံခွန်စီမံကိန်းမှာ နဂိုရှိပြီးသား ရေနံတွင်းကနေပြီးတော့ ထုတ်လုပ်မှုကိုပိုမိုပြီး မြင့်မားတဲ့တွင်းတွေကို ပြန်လည်ပြီးတူးဖော်ဖို့အတွက် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က ထွက်ရှိခဲ့တဲ့ ပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ EIA လို့ခေါ်တဲ့ ပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာကို လုပ်ဆောင်မှာဖြစ်ပါတယ်။ အခုတင်ပြရတဲ့ အကြောင်းရင်းက EIA ပရိုစီဂျာထဲမှာပါဝင်တဲ့ ပထမဆုံး EIA ဆောင်ရွက်ခြင်းမပြုနိုင်ခင်မှာ ပြည်သူလူထုနဲ့ လာရောက်တွေ့ဆုံခြင်း ဖြစ်ပါတယ်” ဟု ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ဆောင်နေသည့် ERM Myanmar မှ ဒေါ်မြတ်မွန်ဆွေက ပြောကြားသည်။

ရေနံတွင်းများ၏ အနက်မှာ ၃၄၁ ပေ ခန့်ရှိပြီး စတင်သည့်ကာလမှ ခုနစ်လကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ PETRONAS Carigail Myanmar Ltd (PCML) အနေဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ခြင်းကို မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးအတွင်း ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းကို အကောင်ထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယခုစီမံကိန်းမှာလည်း ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်း၏ ရေနံတိုးတက်ဖွံ့ဖြိုးထုတ်လုပ်ရေးအတွက် ဆောင်ရွက်မည်ဖြစ်ကာ စီမံကိန်းကို ဖော်ဆောင်မည့်ကုမ္ပဏီမှာ PC Myanmar (Hong Kong) ဖြစ်ကြောင်း သိရသည်။ ပတ်ဝန်းကျင်သုံးခုဖြစ်သည့် သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်၊ ဇီဝပတ်ဝန်းကျင်ထိခိုက်နိုင်မှု၊ လျှော့ချနိုင်မှုများ လေ့လာကာ ပြည်သူများအား ချပြရမည်ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများကို တင်ပြရမည်ဖြစ်ကြောင်း ဒေါ်မြတ်မွန်ဆွေက ဆိုသည်။

“ဒီရီပို့တွေအပေါ်မှာ ကျွန်မတို့ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုအရ ဆောင်ရွက်ထားခြင်း ရှိ/မရှိကို သက်ဆိုင်ရာဝန်ကြီးဌာန နှစ်ခုကနေ စစ်ဆေးမှာ။ အဲဒီအတိုင်းလိုက်နာ ဆောင်ရွက်ထားခြင်းမရှိဘူးဆိုရင် လုပ်ငန်းရပ်ဆိုင်းတဲ့အထိ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကထွက်ထားတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေထဲမှာ အတိအကျဖော်ပြထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ အခုလာရောက်တာကလည်း စီမံကိန်းနှင့်ပတ်သက်တဲ့ အကြောင်းအရာတွေချပြမယ်။ နောက်ပြီး EMR ကနေ ဆောင်ရွက်နေတဲ့ EIA နှင့်ပတ်သက်တဲ့လုပ်ငန်းစဉ်တွေကို လာရောက်ရှင်းပြတာဖြစ်ပါတယ်” ဟု ဒေါ်မြတ်မွန်ဆွေက ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲတွင် စီမံကိန်းကို ဖော်ဆောင်မည်ဟုဆိုသော PC Myanmar (Hong Kong) လီမိတက်မှ တာဝန်ရှိသူများကမူ စီမံကိန်းနှင့်ပတ်သက်ပြီး မီဒီယာများ၏မေးမြန်းချက်ကို ဖြေကြားရန်ငြင်းဆန်ခဲ့သည်။ PETRONAS ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ကွက်ရှစ်ခု ဆောင်ရွက်နေပြီး တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့များ တူးဖော်လုပ်ကိုင်နေကြောင်း သိရှိရသည်။

မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စုတွင် ဂျပန်ခေတ်စစ်ကျန်ဗုံး ၄၄ လုံးတွေ့ရှိ

မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စုတွင် ဂျပန်ခေတ်စစ်ကျန်ဗုံး ၄၄ လုံးကို မတ် ၃၁ ရက် နံနက်ပိုင်းကတွေ့ရှိခဲ့ကြောင်း သိရသည်။ မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု တက္ကသိုလ်ရပ် ကုန်းမြင့်သာယာလမ်းရှိ ဦးမျိုးဝင်းနေအိမ်တွင် အိမ်သာကျင်းတူးနေစဉ် အဆိုပါစစ်ကျန်ဗုံးများ ထွက်ပေါ်လာခြင်းဖြစ်ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် တာဝန်ရှိသူများကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ မနက် ၁၀ နာရီလောက်မှာ အိမ်သာကျင်းတူးနေတုန်း ဂျပန်ခေတ်ကစစ်ကျန်ဗုံးတွေ ထွက်လာတာပါ။ ၆၀ မမ ဗုံးအကြီးကတစ်လုံး ရွယ်တူဗုံးသီးတွေက ၄၃ လုံးအား လုံး ၄၄ လုံးကိုတွေ့ရှိခဲ့တာပါ။ အခုတပ်မတော် စစ်လက်နက်တပ်က တာဝန်ရှိသူတွေလာ ရောက်စစ်ဆေးပြီး သိမ်းဆည်းသွားပါတယ်။ နောက်ထပ်စစ်ဆေးမှုတွေလုပ်ပြီး အတည်ပြုရဦးမှာပါ။ လောလောဆယ် အများပြည်သူအန္တရာယ်မဖြစ်စေဖို့ ဆောင်ရွက်ပေးနေပါတယ်။ အဲဒီမှာပွိုင့် ၅ ကျည်ဆန်ခွံလေးခုလည်း ထပ်တွေ့ပါတယ်” ဟု ကလွင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုး (ခ) ဦးစိုးငယ်က ဆိုသည်။

မြိတ်ဒေသမှ ရေထွက်ပစ္စည်းများ တင်ပို့ရာတွင် နည်းလမ်းမှန်စွာ အခွန်ကောက်ခံနိုင်ခြင်း မရှိသောကြောင့် နိုင်ငံတော်အနေဖြင့် တစ်နှစ်လျှင် အခွန်ငွေကျပ်ဘီလျံ ၃၀ ခန့်ဆုံးရှုံးနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား

တနင်္သာရီတိုင်းဒေသကြီး မြိတ်ဆိပ်ကမ်းတွင် ကုန်တင်ကုန်ချ ပြုလုပ်နေသည်ကို မတ် ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဇော်မိုးဦး (မြိတ်))

မြိတ်ဒေသမှထွက်ရှိနေသည့် ရေထွက်ပစ္စည်းများ တင်ပို့ရာတွင် နည်းလမ်းမှန်စွာ အခွန်ကောက်ခံနိုင်ခြင်းမရှိသောကြောင့် နိုင်ငံတော်အနေဖြင့် တစ်နှစ်လျှင် အခွန်ငွေကျပ်ဘီလျံ ၃၀ ခန့်ဆုံးရှုံးနေကြောင်း တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၇ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောကြားသည်။

ရေထွက်ပစ္စည်းများကို တရားမ၀င်တင်ပို့နေခြင်း၊ အခွန်အခများ တိကျစွာမကောက်နိုင်ခြင်းတို့အပါအ၀င် နိုင်ငံတော်မှ အခွန်ဆုံးရှုံးနေခြင်းကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ အစီအစဉ်တွင်လည်း တင်ပြပြီးဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မြိတ်ဒေသတစ်ခုတည်းကိုပဲ အရင်တွက်ကြည့်ရအောင်။ ရေထွက်ပစ္စည်း ရောင်းဝယ်မှုက တစ်ရက်ကိုကျပ်သိန်းပေါင်း ငါးသောင်းအထိရှိနိုင်တယ်။ ဖမ်းဆီးရမိခွန်တစ်ခုတည်းကိုပဲ တွက်ကြည့်မယ်။ နှစ်ရာခိုင်နှုန်းနဲ့စားလိုက်ရင် တစ်ရက်ကို သိန်း ၁၀၀၀ နိုင်ငံတော်ကရရှိမှာပါ။ အဲဒီတော့ တစ်လကို သုံးဘီလျံနှုန်းနဲ့ တွက်ချက်ကြည့်ရင် တစ်နှစ်ဆိုရင် ဘီလျံ ၃၀ အထိရှိသွားပြီ ဒါပေမဲ့ အစိုးရအနေနဲ့ ငါးလေလံဈေးဖွင့်လှစ်လိုက်ရင် ဒါတွေဆုံးရှုံးနေတာကို ကုစားနိုင်မယ်လို့ သိထားပေမယ့် အခုထိမလုပ်သေးဘူး။ အဲဒါဘာကြောင့်လဲ။ ဆိပ်ခံတံတားတွေကနေ ရနောင်းကိုဆင်းသွားတာရှိတယ်။ ကော့သောင်းဘက်ကနေ အခေါက်ခေါက်အခါခါဆင်းပြီး ရနောင်းကို သွားရောင်းကြပြီးမှ နိုင်ငံတော်ကို တစ်ခေါက်လောက်ပဲ အ၀င်ပြလိုက်တယ်။ ကျွန်တော်တို့ဆီမှာ အင်မတန်မှကို သယံဇာတပြုန်းတီးပြီး အခွန်အခတွေလည်း များစွာနစ်နာနေတယ်။ ကျွန်တော်ကတော့ တင်ပြခဲ့ပြီးပါပြီ။ ဒါကို ဘယ်လိုကိုင်တွယ် အရေးယူမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောကြားသည်။

မြိတ်ဒေသတွင်ရှိသော ကမ်းဝေး၀ါလတ် ၈၇၁ စင်းတွင် အစင်း ၇၀၀ မှာ ကုမ္ပဏီအုပ်စုရှစ်စုမှ ပိုင်ဆိုင်ပြီး အဆိုပါအချက်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေကြောင်း ကျွန်းစုမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးဇော်ဟိန်းက ဆိုသည်။ ပြည်ထောင်စုလွတ်တော်တွင် တင်ပြထားချက်မှာ မြိတ်ခရိုင်ငါးဦးစီးဌာနက ၂၀၁၇-၂၀၁၈ ခုနှစ် ဧပြီမှ ဒီဇင်ဘာအထိ နိုင်ငံခြားသို့ တိုက်ရိုက်ကုန်သွယ်မှု၌ ၈၀ ဒသမ ၆ သန်း ကုန်သွယ်မှုရှိခဲ့ကြောင်း နိုင်ငံတော်မှ အခွန်အခရငွေမှာ၌ ၁ ဒသမ ၇ သန်းသာရရှိခဲ့ကြောင်း၊ အမှန်တကယ် မြိတ်ဒေသမှ ရေထွက်ပစ္စည်း နည်းမှန်လမ်းမှန်အသုံးပြု အခွန်ကောက်ပါက ကျပ် ၃၀ ဘီလျံခန့်ရရှိမည်ဖြစ်ပြီး ၂၇ ဘီလျံခန့် လျော့နည်းနေမှုရှိနေသည်ဟု တင်ပြခဲ့သည်။ လှေအစင်းရေများပြားနေသည်ကို ထိန်းသိမ်းထားသော်လည်း အမှန်တကယ်လုပ်ကိုင်လိုသည့် ဒေသခံများမှာ လုပ်ပိုင်ခွင့်မရရှိပဲ ငါးဖမ်းလှေအုပ်စုကြီးများကသာ ထိန်းချုပ်ထားသည်။

မြန်မာ့ပင်လယ်ပြင်အတွင်း ရေထွက်ပစ္စည်းများ ခိုးထုတ်ခံနေရသည့်အတွက် ဥပဒေချိုးဖောက်ခံနေရမှုမှာ ၁၂ ရာသီတွင် ၂၄ နာရီဖြစ်နေကြောင်း ဦးဇော်ဟိန်းက ပြောကြားသည်။

ဥပဒေနှင့်ညီသော ငါးလေလံဈေးကြီးတစ်ခု ထွက်ပေါ်လာရေးနှင့် ဂျပန်နိုင်ငံက မြိတ်ဒေသကို သီးခြား Master Plan ရေးဆွဲရာတွင် ကြိုးစားလုပ်ဆောင်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ပြောကြား

မြိတ်မြို့တွင်ရှိသော အပြည်ပြည်ဆိုင်ရာ အဆင့်မီငါးဈေးကြီးပုံ

ဥပဒေနှင့်ညီသော ငါးလေလံ ဈေးကြီးတစ်ခု ထွက်ပေါ်လာရေးနှင့် ဂျပန်နိုင်ငံက မြိတ်ဒေသကို သီးခြား Master Plan တစ်ခု ရေးဆွဲရာတွင် ကြိုးစားလုပ်ဆောင်ပေးနေကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မြိတ်မြို့ရှိ ဒေသခံများနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ တွေ့ဆုံစဉ် မြိတ်မြို့တွင်ရှိပြီးဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးကြီးကို အောင်မြင်မှုရှိစေရန် ကူညီထောက်ပံ့ပေးရမည့်အစား ငါးလေလံဈေးအသစ်များ ထပ်မံဖွင့်လှစ်ရန် ကြိုးစားနေခြင်းနှင့် ပတ်သက်၍ ဒေသခံများ၏ ဝေဖန်မှုအပေါ် ပြန်လည်တုံ့ပြန် ပြောကြားခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင်ရှိသည့် အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးမှာ MIC က ရင်းနှီးမြှုပ်နှံခွင့် ဒေါ်လာသန်း ၇၀ ခွင့်ပြုချက်ရထားပြီး ဖြစ်သော်လည်း ထပ်မံရင်းနှီးမြှုပ်နှံငွေ ဒေါ်လာသန်း ၂၀ ငွေလွှဲခွင့်ရရှိရန် ကြန့်ကြာမှုများ ဖြစ်နေကြောင်း သိရသည်။ ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို အောင်မြင်စွာ ဖန်တီးပေးရမည့်အစား ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်နှင့် မြိတ်လေတပ်စခန်းဌာနချုပ် နယ်မြေအတွင်း နောက်ထပ် ငါးလေလံဈေးများ ထပ်မံတည်ဆောက်ရန် ကြိုးစားနေမှုအပေါ် မြိတ်ဒေသခံများက ဝေဖန်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မဟိုတစ်လောက စိတ်မကောင်း ဖြစ်ရပါတယ်။ ဥပဒေနှင့်အညီ ငါးလေလံဈေး ရှင်းလင်းဆွေးနွေးခြင်းဆိုတဲ့ ပွဲလေးလုပ်ခဲ့ကြတယ်။ ကျွန်မတို့လုပ်နေတာက ဥပဒေနဲ့မညီသလို ဖြစ်နေတယ်။ ကျွန်မတို့ ဘယ်လုပ်ငန်းပဲလုပ်လုပ် ဥပဒေနဲ့ မညီညွတ်လို့မရပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာ ကြွရောက်လာတဲ့ပုဂ္ဂိုလ်တွေလည်း သိမှာပါ။ အခြေခံဥပဒေနှင့် မညီရင် ကျွန်မတို့ လုံးဝ (လုံးဝ) လုပ်လို့မရပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကို ကျွန်မတို့အနေနှင့် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လိုက်နာရမှာပဲ။ ဥပဒေနှင့်အညီ မလုပ်ပေးတာ ဘာမှမရှိပါဘူး။ ကျွန်မတို့မှာ တိုင်းဥပဒေချုပ်ရှိတယ်။ တိုင်းဥပဒေ အဖွဲ့အစည်းရှိတယ်။ မိဘပြည်သူတွေ အနေနှင့် ကျွန်မတို့ လုပ်နေတာဟာ ဥပဒေနှင့်အညီဆိုတာ သိစေချင်ပါတယ်။ ဥပဒေနဲ့ နည်းနည်းလေးမှ လွဲလို့မရပါဘူး” ဟု တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားသည်။

လက်ရှိအနေအထားတွင် ရေသယံဇာတမရှိသော သရက်ချောင်းမြို့နယ်တွင် ငါးလေလံဈေးတစ်ခု၊ မြေပြင်အခြေအနေနှင့် လုံခြုံရေး အနေအထားများ အခက်အခဲရှိသော မြိတ်လေတပ်စခန်း ဌာနချုပ်နေရာအတွင်း ငါးလေလံဈေးတစ်ခု ထပ်မံတည်ဆောက်ရန် လုပ်ဆောင်နေမှု အပေါ်ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲဖြင့် လုပ်ဆောင်ပေးနေသည်ဟု ပြည်သူများက ထင်မြင်ယူဆနေပြီး ၀န်ကြီးချုပ်က မိမိအနေဖြင့် တနင်္သာရီတိုင်းသူ မဟုတ်သလို ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲဖြင့် လုပ်ဆောင်နေခြင်းမဟုတ်ကြောင်း ပြောကြားသည်။

“ကျွန်မတို့ ဂျပန်အစိုးရနှင့် Master Plan ဆွဲနေပါတယ်။ မြိတ်ဒေသကိုသီးခြား Master Plan ဆွဲနေပါတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေတဲ့အခါမှာ စည်းလုံးညီညွတ်စွာနှင့် အများအကျိုး တိုင်းပြည်အကျိုး ဆောင်ရွက်ပေးကြပါလို့ ပြောကြားပါရစေ” ဟု တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားသည်။

မြိတ်မြို့ ယောကြီးဝချောင်းအတွင်း ဖွင့်လှစ်ထားသော ငါးလေလံဈေးမှာ လက်ရှိအနေထားတွင် ငါးဖမ်းလှေအ၀င်၊ အထွက်စစ်ဆေးရေး စခန်း (One Stop Service) ထားရှိ ဆောင်ရွက်နေသော်လည်း ငါးဖမ်းလှေအားလုံးက ထိုင်း၊ ရနှောင်းမြို့သို့သာ ငါးတင်ပို့ရောင်းချနေကြောင်း သိရသည်။

“ကျွန်မအနေနဲ့ ပြောချင်တာကရှိပြီးသား ငါးလေလံဈေးကို အောင်မြင်အောင် မလုပ်ဆောင်ပေးနိုင်တဲ့ အနေထားရှိလျက်နှင့် ဘာဖြစ်လို့ သရက်ချောင်းမှာ ငါးလေလံဈေးဖွင့်လှစ်ဖို့ အသည်းအသန် ကြိုးစားရသလဲ။ ကကကြည်းကို အစီရင်ခံစာတင်တဲ့ အချိန်မှာ ဘာကြောင့် ကျွန်မတို့ကုမ္ပဏီကို အပုပ်ချစကားတွေပြောပြီး လူတစ်စုအတွက် ထောက်ခံပေးရသလဲ။ သရက်ချောင်းမှာ တည်ဆောက်မယ်ဆိုတဲ့ ငါးလေလံဈေးနေရာက ဥပဒေနဲ့ ညီညွတ်သလား၊ မြိတ်လေတပ်စခန်းဌာနချုပ်ထဲမှာ ဖွင့်ဖို့ကြိုးစားနေတဲ့ ငါးလေလံဈေး နေရာကရော ဥပဒေပိုင်းအရ ညီညွတ်မှုရှိပါ့မလား။ ကျွန်မမေးချင်ပါတယ်။ ၀န်ကြီးချုပ်အနေနဲ့ မြိတ်လေတပ်ဌာနချုပ်နေရာကိုတောင် ပေးခဲ့တယ်လို့ သိထားပါတယ်။ ကောင်းမွန်တဲ့ အစိုးရဆိုတာ ပြဿနာကို မရှောင်ဘဲ ပြဿနာ အဖြေရှာတာပါ။ ဒေါ်လာ သန်း ၂၀ ငွေလွှဲခွင့်ရခဲ့မယ်ဆိုရင် ကျွန်မတို့ပေးရမယ့် ငွေကြေးကိစ္စတွေ၊ ငါးဈေးလည်ပတ်ဖို့ကိစ္စတွေ လုပ်ဆောင်နိုင်မှာပါ။ နောက်ထပ်လည်း ဒေါ်လာသန်း ၄၀ ငွေလွဲဖို့ ရှိပါသေးတယ်။ ဒါကတရားဝင် ရင်းနှီးမြှုပ်နှံခွင့်ရထားတဲ့ပမာဏပါ။ MIC ရဲ့အခန်း ၁၄ မှာ တိုင်းရင်းသား နိုင်ငံခြား မခွဲခြားဘူး ဆိုတာပါတယ်။ ဒါပေမဲ့ ဘာကြောင့်ကုမ္ပဏီကို အပုပ်ချရတာလဲ။ ကျွန်မတို့ငါးလေလံဈေးကို အပုပ်ချတဲ့အပြင် ငါးလေလံဈေး မြိတ်မှာမရှိဘူးလို့ ပြည်တွင်းမှာရော။ ပြည်ပမှာပါ အကြိမ်ကြိမ်သွားရောက် ပြောဆိုခဲ့တယ်။ ကျွန်မတို့အနေနဲ့ တရားမျှတမှုကို ရှိစေချင်တယ်။ ဥပဒေဘောင်အတွင်းမှာပဲ လုပ်ဆောင်စေချင်တယ်” ဟု မြန်မာအပြည်ပြည်ဆိုင်ရာ အဆင့်မီ ငါးလေလံဈေးကြီး၏ MD ဒေါ်ဌေးဌေးဝင်းက ပြောကြားသည်။

မြိတ်မြို့တွင်ရှိသည့် ငါးလေလံဈေးမှာ ဆိပ်ခံတံတား၊ အအေးခန်းနှင့် ဌာနဆိုင်ရာများ ရုံးထိုင်နေသော်လည်း မူဝါဒအပြောင်းအလဲ အမျိုးမျိုးကြားတွင် ကြန့်ကြာနေခဲ့ရကြောင်း သိရသည်။ အဆိုပါ ငါးလေလံဈေးကို အောင်မြင်အောင် ကူညီဆောင်ရွက်ပေးခြင်းမရှိဘဲ လယ်ယာမြေများ၊ လုံခြုံရေး အခြေအနေအရ ခက်ခဲနိုင်သည့် နေရာများတွင် အသစ်ထပ်မံတည်ဆောက်ရန် ကြိုးစားနေမှုအပေါ် ဒေသခံများကြားတွင် ဝေဖန်မှု မြင့်တက်နေကြောင်း သိရသည်။ မြိတ်မြို့တွင်ရှိသည့် အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် မြိတ်လေတပ်စခန်း ဌာနချုပ်အနီးတွင် ထပ်မံတည်ဆောက်မည့်နေရာသို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူမှ လာမည့် ဇန်န၀ါရီ ၂၅ ရက်တွင် လာရောက်ကြည့်ရှုမည်ဖြစ်ကြောင်း သတင်းရရှိသည်။