တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ တွေ့ဆုံ၍ NCA မထိုးရသေးသည့်အဖွဲ့များ အမြန်ဆုံး ပါဝင်ရေးထိုးနိုင်ရေး ဆွေးနွေး

တွေ့ဆုံပွဲအပြီး နှစ်ဖက်ခေါင်းဆောင်များ အမှတ်တရဓာတ်ပုံ ရိုက်ကူးနေစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team PPST) မှ အဖွဲ့ဝင်များအား ဇူလိုင် ၁၂ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အားလုံးပါဝင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ လျှောက်လှမ်းနိုင်ရန်အတွက် မိမိတို့အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို သွားမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်သွားရမည်ဖြစ်ကြောင်း၊ အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုအားလုံး စိတ်တူကိုယ်တူဖြင့် ငြိမ်းချမ်းရေး ရရှိအောင် အကောင်းဆုံး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဦးစွာပြောကြားသည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (Peace Process Steering Team PPST) ဦးဆောင်အဖွဲ့မှ အဖွဲ့ဝင်များသည် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား အမြန်ဆုံးပါဝင် လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

PPST တွင် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပြီး PPST အဖွဲ့ ခေါင်းဆောင်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား) တို့ တက်ရောက်ခဲ့ကြသည်။

PPST အဖွဲ့ဘက်မှ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ဘောင်ခေး၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေး၊ KNU/KNLA (PC) အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ဒုတိယဥက္ကဋ္ဌ ကျာဟား KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာနှင့် RCSS အဖွဲ့ အတွင်းရေးမှူး (၃) ဗိုလ်မှူးကြီး စိုင်းငင်းတို့ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် NCA ရေးထိုးရခြင်း မရှိသေးသည့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့အနက် “၀” အဖွဲ့၊ မိုင်းလားအဖွဲ့၊ SSPP/SSA အဖွဲ့နှင့် KIO/KIA အဖွဲ့တို့အားလည်းကောင်း၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နှင့် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့နှင့်လည်းကောင်း ဇူလိုင် ၁၁ ရက်က နေပြည်တော်တွင် သီးခြားစီလက်ခံ တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှုများတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုမှသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်လာစေရေးဆိုင်ရာ ကိစ္စရပ်များ၊ ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့က ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ပြင်ဆင်ပြီးဖြစ်သည့်အတွက် အစိုးရနှင့် တပ်မတော်ကသာ သဘောတူပါက ၂၀၂၀ ပြည့်နှစ်မတိုင်မီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြီးပြတ်နိုင်ဟု UPDJC ဒုတိယဥက္ကဋ္ဌ ပြောကြား

တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့က ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံမူများအားလုံး ပြင်ဆင်ထားပြီးဖြစ်သည့်အပြင် အစိုးရထံသို့လည်း တင်ပြထားပြီးဖြစ်သည့်အတွက် အဆိုပါ အခြေခံမူများကို အစိုးရနှင့် တပ်မတော်ကသာ သဘောတူပါက ၂၀၂၀ ခုနှစ်မတိုင်မီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အပြီးအပြတ် ဆောင်ရွက်နိုင်သည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း (တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့) က ပြောကြားသည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက သတင်းမီဒီယာများ၏ မေးမြန်းမှုများနှင့်ပတ်သက်၍ ဖြေကြားရာတွင် ၎င်းက ထိုသို့ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၉ ခုနှစ်အတွင်း ညီလာခံသုံးကြိမ် ပြုလုပ်ကာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံမူများ ရရှိအောင် ကြိုးစားသွားမည်ဟု ပြောကြားခဲ့ပြီး ထိုသို့ပြောကြားမှုအတိုင်းသာ ဆောင်ရွက်နိုင်ပါက ၂၀၂၀ ခုနှစ် မတိုင်မီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြန်အောင် ဆောင်ရွက်နိုင်သည်ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

“ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ပထမညီလာခံကတည်းက ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရာမှာ မရှိမဖြစ် လိုအပ်တဲ့ အခြေခံမူတွေကို ကျွန်တော်တို့ တင်ပြပြီးသားဖြစ်တယ်။ ပြီးခဲ့တဲ့ ညီလာခံမှာလည်း UNFC က တင်ပြပြီးသားဖြစ်တယ်။ အခုလည်း ကျွန်တော်တို့ ပြင်ဆင်ပြီးသားတွေ အများကြီးရှိတယ်။ ဒါတွေကို အစိုးရနဲ့ တပ်မတော်ဘက်က သဘောတူပေးတယ် ဆိုရင်တော့ ဘာမှကြန့်ကြာစရာအကြောင်းကို မရှိဘူးလို့ ကျွန်တော်မြင်တယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ဆိုသည်။

ထိုသို့ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက တင်ပြထားသော သဘောတူညီချက်များ ကောင်းမွန်စွာရရှိပြီး ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများအားလုံးလည်း ရရှိပါက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တော်လှန်ရေးအတွက် လုပ်ဆောင်နေသည့် NCA တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာမည်ဖြစ်ကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

“နိုင်ငံရေးလုပ်ချင်တဲ့ ဆန္ဒပြီးတော့ တကယ်လုပ်ပါ့မယ်ဆိုတဲ့ ကြိုးစားချင်တဲ့ စိတ်ဓာတ်ကောင်းတွေ အဲဒါတွေ ရှိတယ်ဆိုရင်တော့ ကျွန်တော်တို့ မလုပ်နိုင်စရာ အကြောင်း မရှိပါဘူး” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အချိန်မဆွဲဘဲ ရဲရဲဝံ့ဝံ့ လုပ်ဆောင်ကြရန်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် လိုအပ်သည်ထက်ပိုပြီး အချိန်ကြာလာပါက ဘေးပယောဂများ၊ ၀င်ရောက်စွက်ဖက်မှုများ၊ ကြိုကိုင်ခြယ်လှယ်မှုများ ရှိလာပြီး ရရှိထားပြီးဖြစ်သည့် ယုံကြည်မှု တည်ဆောက်ထားမှုများနှင့် ခက်ခက်ခဲခဲ တည်ဆောက်ရရှိထားသော သဘောတူညီချက်များ အားနည်းသွားနိုင်ကြောင်း ငြိမ်းချမ်းရေးညီလာခံ အဖွင့်အမှာစကား ပြောကြားရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ထို့ကြောင့် အချိန်ပြည့် ညှိနှိုင်းဆွေးနွေးခြင်းများ၊ ရလဒ်ထွက်လာအောင် ဆွေးနွေးခြင်းများကို နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထု၏ အကျိုးစီးပွားကို ထာဝစဉ်ရှေးရှုပြီး စိတ်စေတနာထက်သန်စွာဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားပြီး ၂၀၂၀ ပြည့်နှစ်တွင် ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြီးပြတ်စေရေး ဆောင်ရွက်သွားရန် အလေးထား တိုက်တွန်းကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်က တက်ကြွစွာ ဦးဆောင်ဆောင်ရွက်နေခြင်းသည် အင်အားချည့်နဲ့နေ၍ မဟုတ်ဆိုသည်ကို သတိချပ်စေလိုပြီး အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်သည့် အဖွဲ့အစည်း မှန်သမျှ သဘောတူညီချက်များကိုသာ လိုက်နာပါက မည်သည့်သေနတ်သံမျှ ကြားရမည် မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် အမှာစကား ပြောကြားစဉ်

ငြိမ်းချမ်းရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်က တက်ကြွစွာ ဦးဆောင် ဆောင်ရွက်နေခြင်းသည် မိမိတို့တွင် အင်အားချည့်နဲ့နေ၍မဟုတ်ဘူးဆိုသည်ကို သတိချပ်စေလိုပြီး အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်သည့် အဖွဲ့အစည်း မှန်သမျှ သဘောတူညီချက်များကိုသာ လိုက်နာပါက မည်သည့်သေနတ်သံမျှ ကြားရမည်မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဇူလိုင် ၁၁ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံတတိယအစည်းအဝေး အဖွင့်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

NCA စာချုပ်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုသည့် ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုပေးခဲ့ကြောင်း၊ NCA ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတိုင်းက လက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှု မရှိသည့်အတွက် လက်မှတ်ထိုးစရာမလိုဟု ပြောဆိုနေခြင်းများ၊ ယခင်သဘောတူညီချက်များ ရှိပြီးသားဖြစ်သည်ဟု ပြောဆိုနေခြင်းများသည် လျှောက်လှမ်းနေသည့် ဒီမိုကရေစီ ကျင့်ဝတ်များနှင့် ညီညွတ်မှုမရှိဘူးဟု ပြောလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထု၏ အကျိုးစီးပွားတစ်ခုတည်းကိုသာ ရှေးရှုပြီး ကျွန်တော်တို့ လက်ထက်မှာပဲ ခေတ်အဆက်ဆက် တောက်လောင်ခဲ့ရတဲ့ လက်နက်ကိုင်ပဋိပက္ခကို အပြီးတိုင် ငြှိမ်းသတ်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော၊ စည်းလုံးညီညွတ်ခိုင်ခံ့သော ဒီမိုကရေစီနိုင်ငံတော်သစ်ကို ပြည်သူ့ဆန္ဒနှင့်အညီ တည်ဆောက်ချင်တာ ဖြစ်ပါတယ်။ ဒီနေ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က တက်ကြွစွာဦးဆောင် ဆောင်ရွက်နေခြင်းဟာ ကျွန်တော်တို့မှာ အင်အားချည့်နဲ့နေလို့ မဟုတ်ဘူးဆိုတာ သတိချပ်စေလိုပါတယ်။ အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်တဲ့ အဖွဲ့အစည်းမှန်သမျှ သဘောတူညီချက်တွေကိုသာ လိုက်နာပါက ဘာသေနတ်သံမျှ ကြားရမှာမဟုတ်ပါဘူး။ ကိုယ့်လူကိုသာ နိုင်အောင်ထိန်းဖို့ အဓိပ္ပာယ်ကင်းမဲ့တဲ့ အကြောင်းပြချက်အမျိုးမျိုး မပေးဖို့လိုပါမယ်။ ငြိမ်းချမ်းရေးထက် အရေးကြီးတာ ဘာမှမရှိဘူး။ ဒီကာလမှာ နားလည်မှု လွဲမှားစေနိုင်တဲ့ ကိစ္စမျိုးတွေကို ရှေ့တန်းတင်ခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ မသက်ဆိုင်တဲ့ကိစ္စတွေကို ဆွဲသွင်းလာခြင်းတို့ မပြုလုပ်ဖို့ အရေးကြီးပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် အချို့သောဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် ၅၂ သန်းသော တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုခြင်းမဟုတ်သကဲ့သို့ နိုင်ငံရေးပါတီများသည်လည်း ၎င်းတို့ကို ထောက်ခံသူများကိုသာ ကိုယ်စားပြုခြင်းဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သည် တိုင်းရင်းသားပြည်သူလူထုက ပေါက်ဖွားလာသည့် ပြည်သူ့တပ်မတော်ဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့်ပြည်သူလူထုကို ကိုယ်စားပြုရသော အဖွဲ့အစည်းဖြစ်ကြောင်း၊ မိမိတို့၏ ဖြစ်တည်မှုနှင့် ရပ်တည်မှုတို့သည် မှန်ကန်ရန် အထူးလိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများနှင့် ဆက်စပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း ဆောင်ရွက်လိုသည့် သဘောထားများ မိမိတို့သိရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

တိုင်းရင်းသားပြည်သူလူထု၏ အကျိုးကိုရှေးရှုပြီး ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၏ ဇယား (၂) တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဥပဒေပြုစာရင်းတွင် အချက် ၃၄ ချက်၊ ဇယား (၅) တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များမှ ကောက်ခံရမည့် အခွန်အခများမှ အချက် ၂၀ တို့ကို ပြင်ဆင်ဖြည့်စွက်ပေးပြီး လုပ်ပိုင်ခွင့်များ တိုးချဲ့ပေးခဲ့ကြောင်း၊ ထပ်မံပြင်ဆင်လိုသည်များရှိပါက ဆက်လက်ညှိနှိုင်းဆွေးနွေး လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း ၁၂၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ရှိပြီးသား နိုင်ငံတော်အခြေခံမူ ၄၈ ချက် ခိုင်မာတည်တံ့ရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ လိုအပ်တာထက်ပိုပြီး အချိန်ကြာလာပါက ဘေးပယောဂတွေ၊ ၀င်ရောက်စွက်ဖက်မှုတွေ၊ ကြိုးကိုင်ခြယ်လှယ်တာတွေ၊ ခက်ခက်ခဲခဲ တည်ဆောက်ထားရတဲ့ ရရှိပြီးသဘောတူညီချက်တွေ အားနည်းသွားနိုင်ပါတယ်။ ဒါကြောင့် အချိန်ပြည့် ညှိနှိုင်းဆွေးနွေးခြင်းတွေ၊ ရလဒ်ထွက်လာအောင် ဆွေးနွေးခြင်းတွေကို နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးစီးပွားကို ထာဝစဉ်ရှေးရှုပြီး စိတ်စေတနာ ထက်ထက်သန်သန်နဲ့ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်။ ကိုယ်စားလှယ်တွေအနေနဲ့ တွေ့ဆုံဆွေးနွေးမှုကို ရေရှည်ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲရေး ရလဒ်ထွက်သည်အထိ ဆက်တိုက်ဆောင်ရွက်ဖို့ လိုပါမယ်။ ရလဒ်မထွက်မီ ဆွေးနွေးမှု ရပ်နားပြီးနောက် အခြေအနေ ပြောင်းလဲမှုများ မကြာခဏ တွေ့ရတဲ့အတွက် ရလဒ်ထွက်သည်အထိ ဆွေးနွေးဖို့ ကျွန်တော်တိုက်တွန်းရခြင်း ဖြစ်ပါတယ်” ဟု အဖွင့်မိန့်ခွန်း ပြောကြားစဉ် ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် အချိန်မဆွဲဘဲ ရဲရဲဝံ့ဝံ့ လုပ်ဆောင်ကြရန် လိုအပ်ကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြတ်စေရေး ဆောင်ရွက်သွားရန် အလေးထား တိုက်တွန်းလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

“ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးဆောင်နေတဲ့ အစိုးရလက်ထက်မှာလည်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၊ ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ အဆင့်ဆင့်တို့မှာ တပ်မတော်ကာ ပူးပေါင်း ပါဝင်ဆောင်ရွက်လျက်ရှိပြီး အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လျင်မြန်အောင်မြင်စေရေးအတွက် အတွေ့အကြုံများနဲ့ယှဉ်ပြီး ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်လျက် ရှိပါတယ်။ ရှေ့တန်းစစ်မြေပြင်မှာ မလွှဲမရှောင်သာ ရင်ဆိုင်တိုက်ခိုက်နေရတဲ့ ကျွန်တော်တို့ တပ်မတော်သားတွေက ငြိမ်းချမ်းရေးကို အလိုလားဆုံး ဖြစ်ပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ ပြည်ထောင်စုနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မထိခိုက်တဲ့ ငြိမ်းချမ်းရေးကို ဖြစ်နိုင်သမျှ အမြန်ဆုံး ရချင်တယ်လို့ ပြောလိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံအပြင် မည်သည့်စနစ်ကျင့်သုံးသည့် နိုင်ငံတွင်မဆို တစ်ခုတည်းသော တပ်မတော်တစ်ရပ်သာရှိကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့်လည်း နိုင်ငံတကာက ကျင့်သုံးနေသည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ယခုအချိန်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုပေါ်ပေါက်လာရန် လက်နက်ကိုင်လမ်းစဉ်များ ချုပ်ငြိမ်းသွားရေးသည် ပထမဦးစားပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မလိုလားအပ်သည်များကို ဆွဲထည့်ဆွေးနွေးပြီး အချိန်ဆွဲနေမယ့်အစား တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိလာချိန်တွင် ရှေ့ဆက်ဆောင်ရွက်ရမယ့် လုပ်ငန်းများကို ဒီမိုကရေစီ နည်းလမ်းတကျ ဆွေးနွေးညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်ပတ်သက်သော တောင်းဆိုချက်များပါဝင်သည့် အိတ်ဖွင့်စာကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များထံ အရပ်ဘက်လူ့အဖွဲ့အစည်းငြိမ်းချမ်းရေးဖိုရမ်က ပေးပို့

ငြိမ်းချမ်းရေးလုပ်ငန်းနှင့်ပတ်သက်သော  တောင်းဆိုချက်များပါဝင်သည့် အိတ်ဖွင့်စာကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များထံသို့ အရပ်ဘက် လူ့အဖွဲ့အစည်းငြိမ်းချမ်းရေးဖိုရမ်က ဇူလိုင် ၈ ရက်က ပေးပို့ခဲ့ကြောင်း (၁၉) ကြိမ်မြောက် အရပ်ဘက်လူ့အဖွဲ့အစည်း  ငြိမ်းချမ်းရေးဖိုရမ်၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၈ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ  Orchid Hotel တွင် ပြုလုပ်ခဲ့ပြီး အရပ်ဘက် လူ့အဖွဲ့အစည်းငြိမ်းချမ်းရေးဖိုရမ် (CSFoP-WC) ၏ အိတ်ဖွင့်ပေးစာကို ဖတ်ကြားခြင်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ အရပ်ဘက်လူ့အဖွဲ့အစည်းကိုယ်စားလှယ်က ၎င်းတို့ဒေသများရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နှင့် ပတ်သက်သော ကြုံတွေ့အခက်အခဲများ ရှင်းလင်းတင်ပြခဲ့ကြသည်။

“တစ်ကြိမ်လုပ်ပြီးတိုင်းမှာ အိတ်ဖွင့်ပေးစာကို နိုင်ငံတော်အတိုင်ပင်ခံရယ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရယ်၊ လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ရယ်၊ လက်မှတ်မထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ရယ်၊ လက်မှတ်မထိုးရသေးသော်လည်း NCA  လမ်းကြောင်းအတိုင်း သွားမယ်ဆိုတဲ့အဖွဲ့ရယ်၊ NCA မဟုတ်တဲ့လမ်းကြောင်းအတိုင်း သွားမယ်ဆိုတဲ့အဖွဲ့တွေ အားလုံးကို ပေးပို့ပါတယ်” ဟု အရပ်ဘက် လူ့အဖွဲ့အစည်းငြိမ်းချမ်းရေးဖိုရမ် (CSFoP-WC) တွင် တစ်သီးပုဂ္ဂလပါဝင်သူ ဦးရန်ကျော် က ပြောကြားသည်။

(၁၉) ကြိမ်မြောက်ဖိုရမ်ကို ဇူလိုင် (၆၊ ၇) ရက်များတွင် ရန်ကုန်မြို့တွင် ကျင်းပခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုမှ အရပ်ဘက်ကွန်ရက်နှင့် အရပ်ဘက်အဖွဲ့အစည်း ၁၁၀ တို့မှ ကိုယ်စားလှယ်များနှင့်တစ်သီးပုဂ္ဂလများ အပါအ၀င် စုစုပေါင်း ၁၉၈ ဦး တက်ရောက်ခဲ့ကာ ‘မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် ၂၁ ရာစုပင်လုံညီလာခံအပေါ် အရပ်ဘက်လူ့အဖွဲ့အစည်းများ၏အသံ’ ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ အရပ်ဘက်အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်၏ ကဏ္ဍအလိုက် လက်ရှိအခြေအနေများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၏  အနာဂတ် မြန်မာနိုင်ငံဆိုင်ရာ မျှော်မှန်းချက်များနှင့် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်သူတို့လတ်တလော တွေ့ ကြုံနေရသည့် အခြေအနေများ စသည်တို့ကို တက်ရောက်လာသည့် ကိုယ်စားလှယ်များက ဆွေးနွေးသုံးသပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဓိကပါဝင်ပတ်သက်သူများနှင့် တာဝန်ရှိသူများအား ပေးပို့သည့်  အရပ်ဘက် လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ် (CSFoP-WC) ၏ အိတ်ဖွင့်ပေးစာတွင်  ဇူလိုင် (၁၁ ရက်မှ ၁၆ ရက်အထိ) ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ (တတိယအစည်းအဝေး) တွင် NCa လက်မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဖိတ်ကြားထားသည့်အတွက် ၀မ်းမြောက်မိကြောင်းနှင့် အဆိုပါ တတိယအစည်း အဝေးတွင် ကျား၊ မဆိုင်ရာတန်းတူညီမျှမှုအား နိုင်ငံရေးကဏ္ဍတွင်ဆွေးနွေးမည်ဟု သိရ၍  ဆွေးနွေးရာတွင် ထည့်သွင်းပေးရန်အချက်များ အပါအ၀င် အချက်ခြောက်ချက်ကို တိုက်တွန်းထားကြောင်း သိရသည်။

ထို့ပြင် အနာဂတ်ပြည်ထောင်စုနိုင်ငံ မျှော်မှန်းချက်နှင့်ပတ်သက်၍ အရပ်ဘက်လူ့ အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်လာကြသော ကိုယ်စားလှယ်များက ဖော်ထုတ်ဆွေးနွေးပြီး  နောက်ဆက်တွဲစာတမ်းပါ အချက်ရှစ်ချက်ကိုလည်း အိတ်ဖွင့်ပေးစာတွင် ထည့်သွင်းပေးပို့ခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပါအ၀င် ကျန်လုပ်ငန်းစဉ်များ အဆင်ပြေစေရေးအတွက် အစိုးရနှင့် တပ်မတော် သဘောထားတစ်ခုတည်းဖြစ်ရန် လိုအပ်ကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် တိုက်တွန်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပါအ၀င် ကျန်လုပ်ငန်းစဉ်များ အဆင်ပြေစေရေးအတွက် အစိုးရနှင့် တပ်မတော် သဘောထားတစ်ခုတည်းဖြစ်ရန် လိုအပ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေး ပါတီများအစုအဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့်က ပြောကြားသည်။

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်မည့် အခြေအနေနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ၎င်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာရောပဲ။ ကျန်တဲ့လုပ်ငန်းစဉ် အကုန်လုံးမှာပဲ။ စီးပွားရေးတွေလည်း အကုန်လုံးပါပါတယ်ဗျာ။ လုပ်သမျှ လုပ်ငန်းတွေအားလုံးက တစ်သဘောထားဖြစ်ဖို့ လိုတာပေါ့” ဟု စိုင်းကျော်ညွန့်က ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ရှမ်းတိုင်းသားများသာမက ကျန်သည့်တိုင်းရင်းသားများလည်း အကျပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်း စိုင်းကျော်ညွန့်က ဆိုသည်။

“တကယ်တမ်းကျတော့ ကျွန်တော်တို့ ရှမ်းအပေါ်မှာပဲ လာအာရုံစိုက်နေကြတာပေါ့လေ။ ဒါပေမဲ့ တကယ်တမ်းက ရှမ်းတစ်ခုတည်း မဟုတ်ပါဘူး။ အခုမွန်တွေလည်း ပဋိပက္ခဖြစ်နေတယ်ဗျာ။ မွန်ဆိုရင်တောင် ဘယ်လောက်အထိ ပိုဆိုးလဲဆိုတော့ နောက်ပြည်သူလူထုတွေရှိတဲ့ မြို့တောင်မဟုတ်ဘဲနဲ့ သူတို့တပ်ရင်းတွေရှိတဲ့ မြို့နားလေးမှာလုပ်မယ့် ကိစ္စတောင်ကိုမှ လူ ၂၀၊ ၃၀ ပေါ့ဗျာ။ အဲဒီလိုမျိုး ကန့်သတ်မှုမျိုးတွေ ရှိနေတယ်ဆိုတော့ကာ ဒါက ကျွန်တော်တို့ ရှမ်းတစ်ခုတည်း မဟုတ်ပါဘူး။ ကျန်တဲ့အဖွဲ့အစည်းများ အားလုံးပေါ့လေ။ လက်မှတ်ရေးထိုးထားပြီးတဲ့ အဖွဲ့အစည်း တော်တော်များများက လူထုတွေ့ဆုံပွဲကို ပြန်လုပ်ချင်နေတယ်။ အဲဒါလုပ်ခွင့်မရှိတဲ့အပေါ်မှာတော့ ဒါအဓိပ္ပာယ်မရှိဘူး။ အမျိုးသားအဆင့်ဆိုတာ တစ်ခါတည်းလုပ်သွားရင် ပြီးပြီလားပေါ့ဗျာ။ KNU ရှိတယ်ဗျာ။ CNF တို့ ဘာတို့လည်း သူတို့လုပ်ပြီးပြီ။ ဒါပေမယ့် ပအိုဝ်းလည်း လုပ်ပြီးပြီပေါ့ဗျာ။ ဒါပေမဲ့ နောက်ညီလာခံတစ်ခု ပြန်စတော့မယ်။ ဒါပေမဲ့ သူတို့က ဘာလို့ လုပ်ခွင့်မရှိတာလဲဗျာ။ ကျွန်တော်တို့က ထားပါတော့။ ကျွန်တော်တို့က ပဋိပက္ခဖြစ်တယ်။ သူတို့ကရော တခြားဘယ်ပဋိပက္ခဖြစ်လို့ သူတို့က ထပ်မလုပ်ရသလဲပေါ့ဗျာ။ လူထုတွေ့ဆုံပွဲဖြစ်စေ၊ အမျိုးသားအဆင့်ဖြစ်စေပေါ့ဗျာ။ ကျွန်တော်တို့ ငြိမ်းချမ်းရေးကို စဉ်းစားတဲ့အချိန်မှာ တကယ့်မှန်မှန်ကန်ကန် ချဉ်းကပ်တတ်ဖို့လိုတယ်။ မဟုတ်ဘူး ဆိုရင်တော့ သိတယ်မဟုတ်လား။ မဟုတ်ဘူး ဆိုရင်တော့ ကိုယ်လိုချင်တဲ့ပုံစံလောက်ပဲ ဆွဲသွင်းနေတယ် ဆိုရင်တော့ ဒီငြိမ်းချမ်းရေးက ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး” ဟု စိုင်းကျော်ညွန့်က ပြောကြားသည်။

ငြိမ်းချမ်းရေး အကျပ်အတည်းများကို ရင်ဆိုင်ဖြတ်သန်းမည်ဆိုပါက ရှေ့သို့မည်မျှသွားချင်သည်ဆိုသည့်အပေါ် မူတည်ကြောင်း၊ ရှေ့သို့မရွေ့ချင်ပါက ရှောရှောရှုရှုဖြစ်ရမည့် အရာများကိုလည်း အကျပ်အတည်းဖြစ်အောင် လုပ်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရှေ့သို့ မည်မျှရွေ့မည်၊ မည်သို့သွားမည်၊ မည်သည့်အချိန်တွင် သွားမည်ဆိုသည်မှာ အဆိုပါ လုပ်ငန်းစဉ်တွင် ပါဝင်သည့် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး၏ စဉ်းစားမှုများအပေါ်တွင် မူတည်ကြောင်း၊ ယင်းလုပ်ငန်းစဉ်ကို မြန်အောင်လုပ်မည်ဆိုပါက မြန်၍ရသကဲ့သို့ နှေးအောင်လုပ်မည်ပါကလည်း နှေး၍ရကြောင်း၊ အဓိကသော့ချက်ကို ကိုင်ထားသည့်ပုဂ္ဂိုလ်များအပေါ်တွင်သာ မူတည်ကြောင်း စိုင်းကျော်ညွန့်က ပြောကြားသည်။

လက်ရှိတွင် မတ်လဆန်းပိုင်းမှစ၍ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၌ တပ်မတော်မှ လမ်းဖောက်သည့် ကိစ္စနှင့်ပတ်သက်၍ တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ(၅)တို့ ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

လတ်တလော ဖေဖော်ဝါရီလအတွင်းက NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် မွန်ပြည်သစ်ပါတီအနေဖြင့် NCA ရေးထိုးခဲ့သည့် ကိစ္စရပ်အပေါ် လူထုတွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ်နေရာတွင် တွေ့ဆုံပွဲတွင် တက်ရောက်မည့် လူဦးရေများသည်ဟုဆိုကာ တပ်မတော်ဘက်မှ လူဦးရေလျှော့ချ ကန့်သတ်သဖြင့် လူထုရှင်းလင်းပွဲများ မပြုလုပ်နိုင်သေးပေ။

ယခင် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့အနက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခွင့်မရရှိသေးဘဲ အစိုးရဘက်ကမူ ရခိုင်ပြည်နယ်၏ လက်ရှိနိုင်ငံရေး အခြေအနေများကြောင့် ခွင့်မပြုခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

ထို့အတူ NCA ရေးထိုးပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) သည် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခွင့်ရရှိထားသော်လည်း အဆိုပါ ဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲများ ကျင်းပရာတွင် တားမြစ်မှုများခံရသဖြင့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကို ပြုလုပ်နိုင်ခြင်းမရှိဘဲ ယာယီရွှေ့ဆိုင်းထားကာ လက်ရှိတွင် အစိုးရဘက်မှ RCSS ဘက်သို့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် တစ်ဆို့မှုများ ကျော်ဖြတ်နိုင်မည့် လမ်းကြောင်းနှစ်ခု ရွေးချယ်နိုင်ရန် ကမ်းလှမ်းထားသည်။

အလားတူ NCA ရေးထိုးထားသည့် ကရင်တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့က ကရင်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတစ်ကြိမ် ပြုလုပ်ထားပြီး ထပ်မံပြုလုပ်ရန် ကရင်ပြည်နယ်ပြင်ပရှိ ကရင်တိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် အကြိုလူထု တွေ့ဆုံပွဲပြုလုပ်ရန် ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ခွင့်ပြုချက် မရရှိကြောင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်တွင် ပါဝင်သည့် ကရင်အရပ်ဘက် အဖွဲ့အစည်း တာဝန်ရှိသူအချို့၏ ပြောကြားချက်အရ သိရသည်။

NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးမှသာ ဆက်လက်ပြုလုပ်မည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

သို့ဖြစ်ရာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံတတိယအကြိမ် အစည်းအဝေးကို မူလက ၂၀၁၈ ခုနှစ် ဇန်န၀ါရီနောက်ဆုံးပတ်တွင် ကျင်းပရန်စီစဉ်ထားသော်လည်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့၏ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပနိုင်ခြင်းမရှိသေးသည့် အခြေအနေ အပါအ၀င် အကြောင်းအမျိုးမျိုးကြောင့် ဧပြီလကုန် မေလဆန်းသို့ ရွှေ့ဆိုင်းထားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် The Asia Foundation မှ ဥက္ကဋ္ဌနှင့်တွေ့ဆုံပြီး ပညာရေးကဏ္ဍနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် The Asia Foundation မှ ဥက္ကဋ္ဌနှင့်အဖွဲ့အား တွေ့ရစဉ် (Photo: MOFA)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် The Asia Foundation မှ ဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့ပြီး ပညာရေးကဏ္ဍနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဆန်ဖရန်စစ္စကိုမြို့အခြေစိုက် The Asia Foundation ရုံးချုပ်မှ ဥက္ကဋ္ဌ Mr. David D. Arnold ဦးဆောင်သော ၃၂ ဦးပါ အဆင့်မြင့်အလုပ်အမှုဆောင်အဖွဲ့အား ဖေဖော်ဝါရီ ၂ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံစဉ် The Asia Foundation အနေဖြင့် စွမ်းရည်မြှင့်တင်မှုကဏ္ဍ၊ ပညာရေးကဏ္ဍတို့တွင် ပံ့ပိုးပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်ချက်တို့နှင့် ပတ်သက်၍လည်းကောင်း၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှု ဖွံ့ဖြိုးရေးဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်းကောင်း နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင်၊ အမြဲတမ်းအတွင်းဝန်ဦးမြင့်သူ၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် The Asia Foundation အဖွဲ့၏ဘုတ်အဖွဲ့ဝင်များ၊ အမှုဆောင်များ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့အား ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပေးနိုင်မှု၊ နောင်ကျင်းပမည့်ရွေးကောက်ပွဲများတွင် တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုတိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် အပိုင်းသုံးပိုင်းဖြစ်သည့် မဲဆန္ဒရှင် စာရင်းပြုစုခြင်း၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်နှင့် မဲဆန္ဒရှင်များအား အသိပညာပေးခြင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ စီမံခန့်ခွဲခြင်းတို့ဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။

ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးလျက်ရှိသည့် ရွေးကောက်ပွဲစနစ်၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် တွေ့ကြုံလာနိုင်မည့် စိန်ခေါ်မှုများ၊ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းစဉ်များ၌ သတင်းအချက်အလက် နည်းပညာ အသုံးပြု၍ ကူညီဆောင်ရွက်ပေးနိုင်မှု၊ နောင်ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲများတွင် ဆက်လက်ပံ့ပိုး ကူညီပေးနိုင်မည့် အခြေအနေတို့နှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။