ကြက်သွန်စိုက်တောင်သူများ ဈေးထိန်းရောင်းချသဖြင့် မန္တလေးကြက်သွန်နီ ဈေးကွက်တွင် တစ်ပတ်အတွင်း တစ်ပိဿာလျှင် ကျပ် ၅၀၀ ကျော် ဈေးမြင့်တက်

ကြက်သွန်ပွဲရုံတစ်ခု လုပ်ငန်းခွင်ကို တွေ့ရစဉ်

ယခုနှစ်တွင် ကြက်သွန်စိုက် တောင်သူများ အနေဖြင့် လှောင်စနစ် ပြုလုပ်ကာ ဈေး ထိန်းရောင်းချသွားသဖြင့်  မန္တလေးမြို့တွင် လက်ရှိကြက်သွန်နီဈေးနှုန်းမှာ တစ်ပတ်အ တွင်း ကျပ် ၅၀၀ ကျော် ဈေးမြင့်တက်နေ ကြောင်း  မန္တလေးမြို့ ကြက်သွန်ကုန်သည်များထံမှ သိရသည်။

လက်ရှိတွင် ကြက်သွန်နီ တစ်ပိဿာလျှင် ထိပ်စ ကျပ် ၁၃၀၀၊ အလတ်စ ကျပ် ၁၁၀၀၊ အောက်စ ကျပ် ၉၀၀ နှင့် တောဈေး ကျပ် ၁၀၀၀ ထိ ရောက်ရှိနေကြောင်း၊ ယခင်နှစ်က လက်ရှိအချိန်တွင် ကြက်သွန်နီတစ်ပိဿာ လျှင် အမြင့်ဆုံး ကျပ် ၂၀၀၀ ခန့်အထိသာ ရောက်ရှိခဲ့ကြောင်း စားဖိုချောင်သီးနှံစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ အသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

“မန္တလေး ဈေးကွက်မှာ ထိပ်စ ၁၂၀၀ ၁၃၀၀ ရှိတယ်။ တက်သွားရတဲ့ အကြောင်းက ဧပြီလကစပြီး ကြက်သွန်ဈေးက ကြမ်းခင်းဈေး ၅၀၀ ဖြစ်သွားလိုက်တော့ တောင်သူတွေက သူတို့စိုက်စရိတ်တွေနဲ့ ရှုံးပြီး  အပုပ်အနာအဆာများတဲ့ တောင်သူ၊ စရိတ်မရှိတဲ့တောင်သူ၊ အကြွေးဆပ်ရမည့် တောင်သူတွေက အရမ်းရောင်းပစ်လိုက်တယ်။ အဲဒီအချိန်တုန်းကပေါ့။  ဘယ်လိုဖြစ်လဲဆိုတော့ တချို့တောင်သူကျတော့ ကုန်သည်ကြီးတွေ စကား အသံနားထောင်ပြီး ရောင်းကြတယ်။ ဒီဘက်က ကြက်သွန်ကုန်သည် ပွဲစားတွေကျတော့ ဈေးက အရမ်းပေါနေတော့ ဈေးကွက်မှာ ကြက်သွန် အကျိုးအမြတ် မရှိပေမဲ့ ကိုယ်အလုပ်သမားတွေ အလုပ်အကိုင် အဆင်ပြေရေးအတွက် တစ်ပိဿာ တစ်ဆယ်မြတ်မြတ် ငါးကျပ်မြတ်မြတ်ဆိုပြီး တိုင်းသုံးတိုင်းက ကုန်သည်အများစုက တရုတ်ဘက်ကို နယ်စပ်ကုန်သွယ်ရေး ကနေတစ်ဆင့် ဈေးမရဘဲနဲ့ ဧပြီကနေ သြဂုတ်အထိ ဖြစ်သလို ရောင်းချရတယ်။ ဖြစ်သလို ရောင်းချတော့ ကုန်မထိန်းသိမ်းနိုင်ဘဲနဲ့ တရုတ်ဘက် စီးဆင်းမှုအား ပိုများသွားတာပေါ့။ ပိုများတဲ့ အခါကျတော့ တောင်သူက သူတို့လက်ကျန် ကြက်သွန်ကို ထိန်းနိုင်သွားတယ်။  စိုက်စရိတ် ဘဏ်အကြွေးတွေ ဆပ်တဲ့သူတွေကလည်း ရောင်းချဆပ်ပစ်လိုက်တဲ့ အခါကျတော့ တောင်သူဘက်က ကုန်ပစ္စည်းအပေါ် တောင့်ခံနိုင်တဲ့ဘက် ပြန်ရောက်သွားတယ်” ဟု စားဖိုချောင်သီးနှံ စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

“ဒီနှစ် ကုန်သည်တွေက ကြက်သွန်ကို ကြောက်ပြီး မလှောင်ရဲကြဘဲ တောင်သူလက်ထဲမှာပဲ ကြက်သွန်က ထိန်းသိမ်းထားခဲ့ပြီးတော့ အကျိုးအမြတ် အရမ်းနစ်နာနေတဲ့ အခါကျတော့ သူတို့လည်း တစ်ဆယ်ပိုရရ ဆုပ်ကိုင်ထားတဲ့ အခါကျတော့ သြဂုတ်လနောက် ပိုင်းကနေ စပြီးတော့ ၀ယ်လိုအား မြင့်တက်လာပြီးတော့ နယ်စုံမှာ ရောင်းစရာမရှိဘူး ဖြစ်သွားတယ်။ တောင်သူက ထိန်းပြီး ရောင်းတော့ ၅၀၀ ကနေ တောက်လျှောက် ကုန်သည် လိုက်ဝယ်ရာကနေ တောင်သူက ၁၀၀၀ ကျမှ ပြန်ထွက်လာတယ်။ အဲလိုဖြစ်သွားတဲ့ ပြဿနာ ကလည်း ကုန်သည်တွေက ဒီနှစ် ကြက်သွန် လှောင်မထားတဲ့အတွက် ဖြစ်သွားတာ လှောင်ထားရင် တောင်သူ ၅၀၀ ကနေ ၆၀၀၊ ၇၀၀ ဈေးခေါ်တောင် ကိုယ်ဆီမှာရှိရင် မ၀ယ်ဘဲနဲ့ ထုတ်ရောင်းပေးလို့ရတယ်။ ဒီနှစ်ကျတော့ လှောင်ထားတာ ကိုယ်ဂိုဒေါင်ထဲ မရှိတော့ မန္တလေး ရန်ကုန်လို မြို့ကြီးတွေမှာ တစ်နေ့ တစ်နေ့ ငါးသောင်းနဲ့ တစ်သိန်းကြား ရောင်းချနေရတော့ ကုန်က နေ့စဉ်မ၀င်နိုင်တော့  တောင်သူခေါ်တဲ့ ဈေးလိုက်ဝယ်ရတော့ ဒီအပတ် ၁၀ ရက်အတွင်း မှာ တစ်ပိဿာ ၅၀၀ လောက် တက်သွားတယ်။ တောဈေးက တစ်ပိဿာ တစ်ထောင်ပေါ့။ မန္တလေး၊ ရန်ကုန်မြို့ကြီးတွေ ဈေးကထိပ်စ ၁၂၀၀၊ ၁၃၀၀ လောက် ဖြစ်သွားတယ်” ဟု စားဖိုချောင်သီးနှံ စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။

ပြည်တွင်းကြက်သွန်နီဈေး မြင့်နေချိန်တွင် မြန်မာနိုင်ငံသို့ တရုတ်ကြက်သွန်များ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး  ဈေးနှုန်းချိုသာစွာ ရောင်းချနေသော်လည်း ပြည်တွင်း ကြက်သွန်နီထက် အရည်အသွေး မမီသည့်အတွက်  ဈေးနှုန်းချိုသာသော်လည်း ဈေးကွက်တွင် နေရာမရရှိကြောင်း  မန္တလေးမြို့ ကြက်သွန်ကုန်သည်များက ပြောကြားသည်။

ကြက်သွန်နီကို မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် အဓိကထား အများဆုံး စိုက်ပျိုးကြပြီး လာမည့် နိုဝင်ဘာလခန့်တွင် ကျောက်ဆည် မြစ်သား၊ နွားထိုးကြီးမှ ကြက်သွန်ပေါ်မည် ဖြစ်ကြောင်း သိရသည်။

 

လုပ်ငန်းရှင်လေးဦးက ကြက်သွန်၊ ငရုတ်ပွဲရုံလုပ်ငန်းရှင်များထံမှ ကုန်ဖိုးငွေကျပ်သိန်း ၁၀၀၀၀ ကျော် မပေးဘဲ တိမ်းရှောင်နေသဖြင့် ဘုရင့်နောင်ပွဲရုံများတွင် အရောင်းအ၀ယ်ခက်ခဲနေဟု ဆို

ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်း ကြက်သွန်များတင်ဆောင်လာသည်ကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်တွင် ပွဲရုံလုပ်ငန်းရှင်လေးဦးက ကြက်သွန်၊ ငရုတ်ပွဲရုံလုပ်ငန်းရှင်များထံမှ ကုန်ဖိုးငွေကျပ်သိန်း တစ်သောင်းကျော်မပေးဘဲ တိမ်းရှောင်မှုဖြစ်ပွားနေသဖြင့် ဘုရင့်နောင်ပွဲရုံများတွင် အခြေခံစားသောက်ကုန်များ အရောင်းအ၀ယ်ခက်ခဲနေကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောကြားသည်။

“ကြက်သွန်၊ ငရုတ်ပွဲရုံ လေးရုံလောက် ပြီးခဲ့တဲ့သုံးလေးလအတွင်းက ဖြစ်တာ။ ပြီးခဲ့တဲ့လအထိ တိုင်ကြတောကြတုန်းပဲ။ တချို့လည်း တရားစွဲဖို့ လုပ်နေကြတာတွေရှိတယ်။ တချို့က ၃၀ ရာခိုင်နှုန်းလောက် ပြန်လျော်တာလည်း ရှိတယ်။ အဲဒီဟာက တစ်ယောက်ကို အများကြီးတော့မဟုတ်ဘူး။ တစ်ယောက်ကို သိန်း ၁၅၀၀ နဲ့ အများဆုံး သိန်း ၃၀၀၀ ကြားလောက်ပေါ့၊ လေးယောက်လောက်ဆိုတော့ သိန်းတစ်သောင်းကျော် ဖြစ်သွားတာပေါ့လေ” ဟု ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောကြားသည်။

ဘုရင့်နောင်ရှိ ကြက်သွန်၊ ငရုတ်ပွဲရုံလုပ်ငန်းရှင်များအကြား ယင်းကဲ့သို့ ကုန်ဖိုးငွေ အကျေပေးချေခြင်းမပြုဘဲ ထွက်ပြေးတိမ်းရှောင်မှုများ ယခင်ကဖြစ်ပွားလေ့ရှိကြောင်း၊  သို့သော်လည်း ယခင်နှစ်များက ကျပ်သိန်း တစ်ထောင်ဝန်းကျင်နှင့် ကုန်သည်တစ်ဦးတလေသာ ဖြစ်ပွားခဲ့ကြောင်း၊ ယခုနှစ်အတွင်း ဖြစ်ပွားမှုမှာ ကုန်ဖိုးငွေမပေးမှု အများဆုံးဖြစ်ကြောင်း သိရသည်။

ဘုရင့်နောင်အတွင်း လက်ရှိဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အတွင်း ပွဲရုံလုပ်ငန်းရှင် ၃၀ ကျော်၏ ကုန်ဖိုးငွေကျပ်သိန်းတစ်သောင်းကျော်အား လုပ်ငန်းရှင်လေးဦးက မပေးဘဲ တိမ်းရှောင်နေခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့က ဘုရင့်နောင်မှာ ပွဲရုံအငှား ဖွင့်တဲ့သူတွေ။ တစ်လ ၁၄ သိန်း၊ ၁၅ သိန်းနဲ့ ပိုက်ဆံပေးပြီးဖွင့်နေကြတာ။ ဖွင့်ပြီးတော့ ပွဲရုံကြီးတွေကနေ ၀ယ်ပြီးတော့ တစ်ဆင့်ပြန်ရောင်းတာပေါ့ဗျာ။ ငရုတ်သီးသမား နှစ်ဦးလောက်၊ ကြက်သွန်ကလည်း နှစ်ဦးလောက်၊ ဒီနှစ်က အလုပ်ကလည်း မကောင်းကြဘူး၊ ကြက်သွန်တွေကလည်း ဈေးမကောင်း၊ အဲဒီတော့  ကုန်သည်တွေက တောက်လျှောက်လုပ်လာတာ ရှုံးကြတယ်။ ဒီနေ့က ကြက်သွန်တစ်ပိဿာကို ကျပ် ၈၀၀ ကနေ ၁၀၀၀ ကြား ပြန်ဖြစ်သွားတယ်။ ပြန်တက်တာပေါ့။ နောက်နေ့တော့ ပြန်ကျမယ်ထင်တယ်။ တစ်ပိဿာ ကို ၂၀၀၊ ၃၀၀ လောက် တက်တာ” ဟု ဦးခင်ဟန်က ဆိုသည်။

“အခုချိန်မှာ အလိုလိုရောင်းမကောင်းရတဲ့အထဲ ပိုပြီးရောင်းမကောင်းဘူး ဖြစ်နေတာပေါ့။ ဟိုလူ့မရောင်းရဲ ဒီလူ့မရောင်းရဲ ဖြစ်နေတာ။ လက်ငင်းရမယ့်သူတွေကို စောင့်ရောင်းနေရတော့ ရောင်းမကောင်းဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဆုံးဆုံး၊ မဆုံးဆုံး ပေးလိုက်လို့ကတော့ မြန်တာပေါ့။ အခုက မရောင်းရဲတော့ နည်းနည်းအခက်အခဲ ဖြစ်နေတယ်။ ကြက်သွန်တွေဆိုရင် မပုပ်အောင် ထားနေရတယ်။ မရောင်းရဲဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိဖြစ်ပွားနေသည့် ငွေကြေးအရှုပ်အရှင်းဖြစ်ပွားနေမှုတွင် ငွေကြေးပမာဏ၏ ရာခိုင်နှုန်း ၃၀ ခန့်ကို ပြန်လည်ပေးဆပ်  နေပြီဖြစ်သော်လည်း ရာခိုင်နှုန်း ၇၀ ခန့် ပေးချေရန် ကျန်နေသေးကြောင်း၊ အဆိုပါငွေကြေးပမာဏကို အကျေအလည်ပြန်လည် ပေးဆပ်ခြင်းမရှိပါက တရားစွဲဆိုခြင်းများ ပြုလုပ်နိုင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

 

မကွေးတိုင်း မြို့နယ်အချို့တွင် ကြက်သွန်အထွက်နှုန်း လျော့ကျခဲ့သောကြောင့် ဒေသတွင်း ဈေးကွက်တွင်ပင် ကြက်သွန်ဈေး မြင့်တက်မည့် အခြေအနေရှိကြောင်း သိရ

မင်းဘူးမြို့နယ် ဆားပွက်ချောင်းအတွင်း ကြက်သွန်နုတ်သိမ်းသည့် လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်

မကွေးတိုင်း ဒေသကြီးအတွင်း ကြက်သွန် အဓိကစိုက်ပျိုးသည့် မြို့နယ်အချို့တွင် ကြက်သွန်အထွက်နှုန်းများ လျော့ကျခဲ့သောကြောင့် ကြက်သွန်ရှားပါးရာသီတွင် ဒေသတွင်း ဈေးကွက်၌ပင် ကြက်သွန်ဈေး မြင့်တက်မည့် အခြေအနေရှိကြောင်း ဒေသခံများနှင့် ကြက်သွန်ပွဲရုံ လုပ်ငန်းရှင်များထံမှ သိရသည်။

၂၀၁၇ ခုနှစ် မိုးနှောင်းပိုင်းက မိုးအားကောင်းလွန်းခဲ့မှုနှင့် ကြက်သွန်စိုက်ပျိုးစ ရာသီတွင် အခါမဲ့မိုးများ ရွာသွန်းခဲ့မှုကြောင့် ပခုက္ကူ၊ ရေနံချောင်း၊ ဆိပ်ဖြူ စသည့်မြို့နယ်များအတွင်း ကြက်သွန်စိုက်ခင်းများ ပျက်စီးခဲ့ကာ အထွက်နှုန်းများ လျော့ကျခဲ့ကြောင်း၊ ယခုနှစ်တွင် ကြက်သွန်ရာသီပေါ်စကပင် ယခင်နှစ်များကထက် ဈေးကောင်းခဲ့သောကြောင့် ကြက်သွန်ရှားပါးမည့် ရာသီတွင် ကြက်သွန်ဈေးများ မြင့်တက်နိုင်မည်ဟု ခန့်မှန်းရကြောင်း သိရသည်။

“ကြက်သွန်က အဓိကစိုက်တဲ့ ရွာတွေမှာကို ထွက်နှုန်းတွေက လျော့ကြတာများပါတယ်။ ကြက်သွန်စိုက်ရတာက အရင်းအနှီးများပြီး ဈေးမကောင်းရင် အရှုံးပေါ်ကြတာများလို့ အခုနှစ်မှာ စိုက်သူတွေလည်း နည်းကြပါတယ်။ အရင်နှစ်က ကြက်သွန်ရာသီ ကုန်ချိန်မှာ ဈေးတွေအဆမတန် ကြီးမြင့်ခဲ့တော့ မြို့ပေါ်နေသူတချို့က သူတို့စားသုံးဖို့လောက်ကို အခုကတည်းက ၀ယ်လှောင် ထားကြတာမျိုးတွေ ရှိလာပါတယ်” ဟု ရေနံချောင်းမြို့နယ်မှ ကြက်သွန်စိုက်တောင်သူ တစ်ဦးက ပြောကြားသည်။

မကွေးမြို့မှ ကြက်သွန်ပွဲရုံပိုင်ရှင် တစ်ဦးက  “ကြက်သွန်က ဧရာဝတီမြစ် အနောက်ဘက်ခြမ်း မြို့နယ်တွေမှာတော့ ထွက်နှုန်းပုံမှန်ပဲ ရှိပါတယ်။ အရင်နှစ်က ရာသီကုန်ချိန်မှာ ဈေးက စံချိန်တင် မြင့်သွားဖူးတော့ အခုနှစ်မှာလည်း ဈေးမြင့်နိုင်မယ်လို့ ခန့်မှန်းကြသူတွေ ရှိပါတယ်။ ကျွန်တော်တို့ အတွေ့အကြုံအရတော့ ပုံမှန်အတိုင်းဆို ဈေးတွေမြင့်တက် မသွားနိုင်ပေမဲ့ အိမ်နီးချင်းနိုင်ငံတွေက အ၀ယ်လိုက်လာတာမျိုး ရှိလာရင်တော့ ဈေးတွေမြင့်လာမယ်လို့ ခန့်မှန်းရပါတယ်” ဟု ပြောကြားသည်။

မကွေးဈေးကွက်အတွင်း မေလဆန်းပိုင်းက ကြက်သွန်တစ်ပိဿာလျှင် အ၀ယ်ဈေး ကျပ် ၅၀၀၀ ကျော်ရှိပြီး အရောင်းဈေး ကျပ် ၆၀၀၀ ကျော်ရှိကြောင်း၊ ယခင်နှစ်က ကြက်သွန်ရာသီကုန်ချိန်တွင် တစ်ပိဿာလျှင် ကျပ် ၃၀၀၀၀ အထိ ဈေးမြင့်တက်ခဲ့ကြောင်း၊ မကွေးတိုင်းအတွင်း ယော၊ ပင်း၊ ယင်း စသည့်ချောင်းများ၊ ကိုင်းနှင့် မြေနုကျွန်းများတွင် မိုးကုန်ပိုင်းမှစ၍ ကြက်သွန်စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။

 

ကြက်သွန်နီစိုက်ခင်းများ ရေနစ်မြုပ်ခဲ့သည့်အတွက် မန္တလေးဈေးကွက်တွင် ကြက်သွန်နီဈေး ဆက်လက် မြင့်တက်မည်

အချိန်အခါမဟုတ် ရွာသွန်းခဲ့သည့်မိုးကြောင့် ကြက်သွန်နီ အဓိကစိုက်ပျိုးသည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းဒေသကြီးရှိ ကြက်သွန်နီစိုက်ခင်းများ ရေနစ်မြုပ်မှု ဖြစ်ပေါ်သဖြင့် မန္တလေးဈေးကွက်တွင် ကြက်သွန်နီဈေး ဆက်လက် မြင့်တက်ဖွယ်ရှိကြောင်း စားဖိုချောင်သီးနှံ စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အသင်းမှ သိရသည်။

ယင်းကဲ့သို့ အချိန်အခါမဟုတ်ရွာသွန်းခဲ့သည့်မိုးကြောင့် ကြက်သွန်နီစိုက်ခင်းများ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဈေးကွက်အတွင်းသို့ အချိန်မီ မရောက်ရှိနိုင်သည့်အတွက် ဈေးဆက်လက် မြင့်တက်လာမည်ဖြစ်ပြီး လက်ရှိတွင် မန္တလေး ကြက်သွန်နီဈေးကွက်မှာ ကြက်သွန်နီထိပ်စ တစ်ပိဿာလျှင် (ပွဲရုံဈေး) ငွေကျပ် ၂၅၀၀ ရှိရာမှ ထပ်မံ၍ ထိပ်စတစ်ပိဿာလျှင် ငွေကျပ် ၅၀၀ ခန့်အထိ ဈေးထပ်တက်လာနိုင်ကြောင်း စားဖိုချောင်သီးနှံ စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

“မုန်တိုင်းမိုးတွေကြောင့် တိုင်းသုံးတိုင်းမှာပေါ့။ (စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း) မှာ ကြက်သွန်စိုက် တောင်သူတွေမှာ ဘယ်လိုဖြစ်လာလဲဆိုရင် မိုးက သုံးလေးရက် စိုသွားလိုက်တဲ့အတွက် တိုင်းသုံးတိုင်းမှာရှိတဲ့ ချောင်းစိုက်ပေါ့နော်။ ဆင်တဲဝချောင်း၊ ယောချောင်း၊ မြင်းမူနီး တစ်ဝိုက်က ချောင်းနီးဝန်းကျင်မှာစိုက်တဲ့ ကြက်သွန်စိုက်တောင်သူတွေ တော်တော်များများ ရေမြုပ်ကုန်တယ်။ လူတစ်ရပ်လောက် အချို့နေရာတွေမှာ မြုပ်တယ်လို့ ကျွန်တော်တို့ ဆိပ်ဖြူဘက်က သတင်းကို သိရတယ်။ ဆူးလေးကုန်းကျေးရွာဆိုရင် လူတစ်ရပ်လောက်ကို မြုပ်သွားတယ်လို့ ကျွန်တော်တို့ ကြားသိရတယ်။ အဲဒီတော့ အပျက်အစီး စာရင်းတွေကတော့ လက်ရှိအခြေအနေမှာ မပြောနိုင်သေးဘူးပေါ့နော်။ ရေမြုပ်သွားတာတော့ သိရတယ်” ဟု ၎င်းက ပြောကြားသည်။

ကြက်သွန်နီ အဓိကထွက်သည့် တိုင်းသုံးတိုင်းရှိ ကြက်သွန်နီစိုက်ခင်းများ အချိန်အခါမဟုတ် ရွာသွန်းခဲ့သည့် မိုးကြောင့် ရေနစ်မြုပ်ခဲ့သည့်အတွက် ဈေးကွက်အတွင်း အချိန်မီ မရောက်ရှိနိုင်သည့်အတွက် ဈေးဆက်လက် မြင့်တက်လာနိုင်ကြောင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

တောင်သူများ အနေဖြင့် နောက်ထပ် အစားထိုး စိုက်ပျိုးရန်မှာ ရာသီချိန် ကျော်လွန်သွားသည့်အတွက် မစိုက်ပျိုးတော့ကြောင်း၊ ယင်းကြောင့် ၂၀၁၈ အတွက် အထွက်လျော့ နိုင်ကြောင်း သိရသည်။

ပခုက္ကူခရိုင် ယောချောင်းအတွင်းမှ ကြက်သွန်နီစိုက်ခင်းများ တောင်ကျရေ တိုက်စားမှုကြောင့် စိုက်ပျိုးဧက ၁၃၀၀ ကျော်ပျက်စီးပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၂၀၀၀၀ ကျော်ရှိကြောင်း သိရ

ချောင်းရေ ကျဆင်းလာပြီးနောက် ရေနစ်မြုပ် ပျက်စီးသွားသည့် ကြက်သွန်စိုက်ခင်းများအား ယခုလ ၄ ရက်နေ့က မြင်တွေ့ရစဉ်

ပခုက္ကူခရိုင် ယောချောင်းအတွင်းမှ ကြက်သွန်နီစိုက်ခင်းများ ယခုလ ၃၊ ၄ ရက်များတွင် တောင်ကျရေ တိုက်စားမှုကြောင့် စိုက်ပျိုးဧက ၁၃၀၀ ကျော် ပျက်စီးပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၂၀၀၀၀ ကျော်ရှိ ကြောင်း ဇန်န၀ါရီ ၅ ရက် နံနက်ပိုင်းအထိ ရရှိထားသော စာရင်းများအရ သိရသည်။

ယခုနှစ်ဆန်းက အချိန်အခါမဟုတ် ရွာသွန်းခဲ့သည့်မိုးကြောင့် ယောချောင်းတွင် တောင်ကျရေ အများအပြား ကျဆင်းလာပြီး ပခုက္ကူမြို့နယ်တွင် ကြက်သွန်နီဧက ၄၀၀၊ ပေါက်မြို့နယ်တွင် ကြက်သွန်နီဧက ၆၄၀ နှင့် ဆိပ်ဖြူမြို့နယ်တွင် ၂၈၉ ဧက ချောင်းရေနှင့်အတူ မျောပါပျက်စီးခဲ့ကြောင်း ပခုက္ကူခရိုင်၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ယခုလ ၄ ရက်တွင် ချောင်းရေကျဆင်းမှု များပြားလာသည့်အတွက် ကြက်သွန်စိုက်ခင်းများ ပိုမိုပျက်စီးခဲ့ပြီး ၅ ရက်တွင် ယောချောင်းအတွင်း ချောင်းရေကျဆင်းမှု နည်းပါးသွားသည့်အတွက် ပျက်စီးစာရင်း ကောက်ယူမှုများ ဆက်လက် လုပ်ဆောင်နေသည်။

“ပျက်စီးမှုကတော့ များလာဖို့ရှိပါတယ်။ အခုထိ စာရင်းက ကောက်နေတုန်းပါပဲ။ မြို့နယ်ထွေအုပ်၊ စိုက်ပျိုးနဲ့ ဒေသခံတွေစုပြီး စာရင်းကောက်နေပါတယ်။ ကျွန်တော်တို့ ရပ်/ကျေးပါတီကလည်း စာရင်းတွေ ကောက်နေတယ်။ တိကျသေချာတဲ့ စာရင်းတစ်ခုရပြီ ဆိုတာနဲ့ အစိုးရအဖွဲ့ဆီကို တင်ပြသွားတယ်။  စိုက်ပျိုးပြီးစမှာ ဒီလိုချောင်းရေကျတာ တစ်ခါမှ မဖြစ်ဖူးဘူး။ ဒေသစီးပွားရေးအတွက် စိုးရိမ်ရတယ်” ဟု ပေါက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းဝင်းက ဆိုသည်။

ပခုက္ကူမြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်ရှိ ယောချောင်းနံဘေး တောင်သူများမှာ ကြက်သွန်နီစိုက်ခင်းသာ ပျက်စီးခဲ့ပြီး ပေါက်မြို့နယ်မှ ယောချောင်းကျောချောင်း တောင်သူများမှာ မြေပဲ ၁၇၂ ဧက၊ အာလူး ၅၆ ဧကနှင့် ကြက်သွန်ဖြူ ငါးဧကပါ ပျက်စီးခဲ့သည်။

ပခုက္ကူ၊ ပေါက်နှင့် ဆိပ်ဖြူမြို့နယ်များ တွင် မိုးရွာသွန်းမှု နည်းပါးခဲ့သော်လည်း ယောချောင်းနှင့် ကျောချောင်း အထက်ရှိ ချင်းတောင်တန်း၊ ပုံတောင်ပုံညာတောင်တန်း များတွင် မိုးရွာသွန်းမှုကြောင့် တောင်ကျရေ ကျဆင်းမှု များပြားကာ ယောချောင်းအတွင်း သီးနှံစိုက်ခင်းများ ချောင်းရေနှင့် မျောပါပျက်စီးရခြင်း ဖြစ်ကြောင်း သိရသည်။

“ချောင်းရေကျသွားရင်တော့ မြေပြန်ပြင်ပြီး စိုက်လို့ရတယ်။ အဓိကပြဿနာက စိုက်ဖို့ပျိုးပင်။ လက်ရှိမှာ ပျိုးပင်က ၀ယ်မရဘူး။ မစိုက်ရသေးတဲ့ တောင်သူလက်ထဲပဲ ပျိုးပင်က ရှိတော့တာ။ ခုမှ ပျိုးဖို့ကလည်း မလွယ်ဘူး။ တောင်သူကတော့ ပြန်မစိုက်နိုင်ရင် လုံးလုံးဆုံးပြီ” ဟုပေါက်မြို့နယ် သမားတော်ရွာမှ ကိုဇော်ထွန်းက ပြောကြားသည်။

ယောချောင်းနံဘေး ကြက်သွန်စိုက် တောင်သူများမှာ သီးနှံစိုက်ပျိုးချိန်တွင် မျိုးပင်၊ မြေသြဇာဈေး ကြီးမြင့်မှုကြောင့် ထုတ်လုပ်မှုစရိတ် များပြားပြီး အနည်းဆုံး ပိဿာချိန် ၂၀ ခန့် ထွက်ရှိသည့် ၁၀ တောင်လည် စိုက်ခင်းတစ်ခုလျှင် ကျပ် ၁၂၀၀၀ မှ ကျပ် ၂၀၀၀၀ အထိ ကုန်ကျကြောင်း သိရသည်။

လက်ရှိ ပခုက္ကူသီးနှံဈေးကွက်တွင် မြစ်ရေ၀င် ကျွန်းမြေများမှ ထွက်ရှိသည့် မိုးကြက်သွန်များ ၀င်ရောက်မှု နည်းပါးသွားပြီး ကြက်သွန်နီ တစ်ပိဿာ အမြင့်ဆုံး ကျပ် ၃၂၀၀ အထိ မြင့်တက်လာကြောင်း ယခုလ ၅ ရက် ဈေးကွက်အရ သိရသည်။

 

မကွေးတိုင်း ယောချောင်းတစ်ဝိုက် ကြက်သွန်စိုက်တောင်သူများ သီးနှံစိုက်ပြီးချိန် အချိန်အခါမဲ့ မိုးရွာသွန်းမှုကြောင့် သီးနှံဖြစ်ထွန်းမှု ထိခိုက်မည်ကို စိုးရိမ်နေပြီး စိုက်ပျိုးစရိတ်ကြီးမြင့်မှု ကြုံတွေ့နေ

ချောင်းရေနည်းပါးချိန်တွင် ကြက်သွန်စိုက်ပျိုးရန် မြေပြုပြင်မှုပြုလုပ်နေသည့် ယောချောင်းအတွင်း တောင်သူများအား တွေ့ရစဉ်

မကွေးတိုင်း ယောချောင်းတစ်ဝိုက် ကြက် သွန်စိုက်တောင်သူများ သီးနှံစိုက်ပြီးချိန်  ယခု ၂၀၁၈ နှစ်ဆန်းပိုင်းတွင် အချိန်အခါမဲ့ မိုးရွာသွန်းမှုကြောင့် သီးနှံဖြစ်ထွန်းမှု ထိခိုက်မည်ကို စိုးရိမ်နေရပြီး စိုက်ပျိုးစရိတ်ကြီးမြင့်မှု ကြုံတွေ့နေရကြောင်း တောင်သူများက ပြော ကြားသည်။

ယောချောင်းတစ်ဝိုက်မှ ကြက်သွန်စိုက် တောင်သူများမှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နှစ် ကုန်ပိုင်းမှစ၍ အချိန်အခါမဟုတ် မိုးရွာသွန်းမှု စတင်ကြုံတွေ့နေရပြီး စိုက်ပျိုးပြီးစ ကြက်သွန်ပင်များမှာ အမြစ်တွယ်ရန် ခက်ခဲခြင်းနှင့် ဖျက်ပိုးကျမည်ကို စိုးရိမ်နေကြောင်း သိရသည်။

“အတော်များများလည်း စိုက်ပျိုးပြီးကြ လို့ တစ်ပတ် ၁၀ ရက်ရှိနေပြီ။ အပင်လည်း  ဖြစ်နေပြီ။ ဒါပေမဲ့ မိုးက ရက်ရှည်ရွာနေတော့ စိုက်ခင်းတွေထဲ ရေကပြည့်နေတယ်။ အပင် ဖြစ်ထိခိုက်ပြီး အပင်အမြစ်က မြေကြီးမှာ ခိုင် ခိုင်မာမာ မတွယ်မိမှာ စိုးရိမ်ရတယ်။ အဲဒီလို ဖြစ်သွားရင် ဥချကို ထိခိုက်နိုင်တယ်။ မိုးရွာ ရက်ရှည်တဲ့အတွက် ပိုးကျမှာ စိုးရိမ်ရတယ်။ ခုနေတော့ သေချာမပြောနိုင်ပေမယ့် မိုးကင်း သွားရင်တော့ သေချာစစ်ရတော့မယ်။ လို အပ်ရင်တော့ ဆေးသုံးရမှာပေါ့” ဟု ပေါက်မြို့နယ် လယ်လန်းကျေးရွာမှ တောင်သူဦးမြင့်အောင်က ပြောကြားသည်။

၂၀၁၇ ခုနှစ်၏ မိုးကာလ ကုန်ဆုံးပြီးနောက် ယောချောင်းအတွင်း ချောင်းရေနည်းပါးချိန်တွင် ယောချောင်းတစ်ဝိုက်မှ ကြက်သွန်စိုက် တောင်သူများမှာ မြေခွဲဝေခြင်း၊ မြေညှိခြင်းနှင့် ကြက်သွန် ပျိုးထောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြက်သွန်နီ ပျိုးထောင်ချိန်တွင် ပျိုးပင်ဖြစ်ထွန်းမှု နည်းပါးခဲ့သည့်အတွက် ပျိုးပင်ဈေးနှုန်း ကြီးမြင့်မှုကြုံတွေ့ရပြီး ယခင်ပျိုးပင် တစ်ပိဿာကျပ် ၃၀၀၀ ခန့်သာ ရှိသော်လည်း ယခုနှစ်တွင် ပျိုးပင်တစ်ပိဿာ ကျပ် ၆၀၀၀ ခန့်ဖြင့် ၀ယ်ယူစိုက်ပျိုးရကြောင်း သိရသည်။

“ဒီနှစ် ကြက်သွန်ပျိုးထောင်ချိန်မှာ ရာသီဥတုကြောင့် ပျိုးပင်အဖြစ်နည်းတယ်။ အဲဒီတော့ တောင်သူက ရသမျှဈေးနဲ့ ၀ယ်ပြီးစိုက်ရတော့ ဈေးတွေတက်ကုန်တယ်။ အရင် ပျိုး ပင် တစ်သိန်းဖိုးနဲ့အဆင်ပြေရင် ဒီနှစ်က နှစ် သိန်းဖိုးလောက်ပေးဝယ်မှ အဆင်ပြေတယ်။ မြေသြဇာအဖြစ်သုံးတဲ့ နွားချေးကလည်း အရင် တစ်တင်း ငါးရာလောက်ရှိတာ ဒီနှစ် ကျပ်တစ်ထောင်လောက် ပေးရတယ်။ ထွန်ခ ယက်ခလည်း တက်တယ်။ အရင်နှစ်တွေက တစ်ပိဿာ ကျပ်၄၀၀ လောက် အရင်းကျ တယ်။ ဒီနှစ် တစ်ပိဿာ အရင်း ကျပ် ၆၀၀ လောက်ကျမယ်” ဟု လယ်လန်းကျေးရွာမှ တောင်သူဦးမြင့်အောင်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ကြက်သွန်ရောင်းဝယ်ရေး ရာသီတွင် ကြက်သွန်ဈေးနှုန်း တစ်ရာသီလုံးနီးပါး မြင့်တက်မှုကြောင့် တောင်သူများ အကျိုးအမြတ်များခဲ့ပြီး ယခုနှစ် စိုက်ပျိုးချိန်တွင် တချို့သော တောင်သူများမှာ ယခင်ထက် ပိုမိုစိုက်ပျိုးကြောင်း သိရသည်။

ယောချောင်းအတွင်းရှိ ကြက်သွန်စိုက် ပျိုးမြေများမှထွက်ရှိသည့် ကြက်သွန်နီများအား ပခုက္ကူဈေးကွက်သို့ လာရောက် ရောင်းချလေ့ရှိပြီး နှစ်စဉ်ပိဿာချိန် သိန်း ၁၀၀ နီးပါး ထွက်ရှိသည့်အပြင် ယောချောင်းအတွင်း သီးနှံစိုက်ပျိုးရေး လုပ်ငန်းမှာ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖြစ်ကြောင်း သိရသည်။

ပခုက္ကူ ကြက်သွန်ဈေးကွက်အတွင်း ကြက်သွန်နီ တစ်ပိဿာ အမြင့်ဆုံး ကျပ် ၂၁၀၀ ပေါက်ဈေး ရှိသော်လည်း တောင်သူများထံ ကုန်လက်ကျန် နည်းပါးသွားသည့်အတွက် ကုန်ဝင်ရောက်မှု လျော့နည်းလာ

ပခုက္ကူ မိုးကြက်သွန်တန်းတွင် ရောင်းဝယ်ရေး ပြုလုပ်ရန် ကြက်သွန်များ ခင်းကျင်းထားစဉ်

ပခုက္ကူ ကြက်သွန်ဈေးကွက်အတွင်း ကြက်သွန်နီ တစ်ပိဿာ အမြင့်ဆုံး ကျပ် ၂၁၀၀ ပေါက်ဈေး ရှိသော်လည်း တောင်သူများထံ ကုန်လက်ကျန် နည်းပါးသွားသည့်အတွက် ယခု ဒီဇင်ဘာလကုန်ပိုင်းတွင် ကုန်ဝင်ရောက်မှု သိသာစွာ လျော့နည်းလာကြောင်း ကုန်သည်များထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလလယ်ပိုင်းတွင် ၀ယ်လက်များပြားသည့်အတွက် ကြက်သွန်ဈေးနှုန်း မြင့်တက်လာခြင်းကြောင့် လာရောက် ရောင်းချသူများပြားကာ နေ့စဉ် ပိဿာချိန် တစ်သိန်းခန့် ၀င်ရောက်ပြီး ယခု ဒီဇင်ဘာလကုန်ပိုင်းတွင် တစ်နေ့လျှင် ပိဿာချိန် ငါးသောင်းအောက်သာ ၀င်ရောက်တော့ကြောင်း သိရသည်။

ပခုက္ကူဈေးကွက်သို့ ဒီဇင်ဘာ ၂၄ ရက်တွင် ပိဿာချိန် နှစ်သောင်းကျော်သာ ၀င်ရောက်လာပြီး ကြက်သွန်ဂျွန်ကြီး တစ်ပိဿာ ကျပ် ၂၀၅၀- ၂၁၀၀၊ ဂျွန်လတ် တစ်ပိဿာ ကျပ် ၂၀၀၀ -၁၉၀၀ နှင့် ဂျွန်သေး တစ်ပိဿာ ကျပ် ၁၆၀၀- ၁၇၀၀ ဖြင့် ရောင်းဝယ်ခဲ့ကြောင်း သိရသည်။

“ကြက်သွန်အ၀င်တော့ အတော်နည်းသွားတယ်။ အရင်ရက်ကလည်း ဈေးကောင်းတော့ ဖော်ရောင်းကြတဲ့သူ များတယ်။ ဒီနေ့ဆိုရင် အတော်ကို နည်းသွားတယ်။ မျိုးစရိတ်ကြီးတာရော မနှစ်ကလည်း ဈေးသိပ်မကောင်းတာရောကြောင့် ဒီနှစ် စိုက်သူ နည်းတယ်။ အထွက်နှုန်းလည်း လျော့သွားတာပေါ့။ မနှစ်ကတော့ ဒီလိုအချိန် ကုန်အ၀င်များတုန်းပဲ။ ၀ယ်လက်ကတော့ နယ်စုံရှိပါတယ်။ မြ၀တီဝယ်လက် တစ်ခုပဲ အေးတယ်”ဟု ပခုက္ကူမြို့ မှ ကြက်သွန်ရောင်းဝယ်ရေး လုပ်ကိုင်သူ ဦးကျော်သန်းက ပြောကြားသည်။

ယခင်နှစ်များ၌ မိုးကြက်သွန်နီမှာ ကုန်ဝင်ရောက်မှု များပြားပါက ဈေးနှုန်းပြန်လည် ကျဆင်းလေ့ရှိပြီး ယခုနှစ်တွင် ပိဿာချိန် တစ်သိန်းနီးပါး ၀င်ရောက်သည့်နေ့များတွင် ၀ယ်လက်များနေသည့်အတွက် ဈေးနှုန်းအမြင့်ဖြင့် ဆက်လက် ရောင်းဝယ်ကြောင်း သိရသည်။

“ရာသီအစကတည်းက ဈေးကောင်းတော့ ကျွန်တော်တို့ တောင်သူတွေလည်း ရောင်းကြတယ်။ နှစ်တိုင်း အစပိုင်းကောင်း နောက်ပိုင်း ကုန်ဝင်များရင် ဈေးကကျတက်တော့ ဒီနှစ်ဈေးကောင်းတာနဲ့ ကုန်သိပ်မထိန်းတော့ပဲ မြန်မြန်ရောင်းကြတာ။ နောက်တစ်ခုက ဒီနှစ် ကျွန်တော်တို့ဆီမှာ ကမ်းတအားပြိုတော့ စိုက်ပျိုးမြေတွေ ဆုံးရှုံးတယ်။ အိမ်ပြောင်းရတဲ့သူတွေကလည်း အတွင်းပိုင်းက ယာတွေဆီ နေကြတယ်။ အဲဒီတော့ စိုက်ဧက လျော့သွားပြီး အထွက်လည်း ကျသွားတယ်” ဟု ရေစကြိုမြို့နယ် ကျော်ထင်ကုန်းရွာမှ ကိုညီက ပြောကြားသည်။

ဈေးကွက်အတွင်း ၀င်ရောက်ရောင်းချနေသည့် မိုးကြက်သွန်နီမှာ မြစ်ရေ၀င် ကျွန်းမြေများတွင် စိုက်ပျိုးသည့် ဥစိုက်အမျိုးအစား ဖြစ်ခြင်းကြောင့် စိုက်ပျိုးထုတ်လုပ်စရိတ် တစ်ပိဿာ ကျပ် ၇၀၀ ခန့်ကုန်ကျပြီး ယခုနှစ် ဈေးကွက်အရ တောင်သူများ အကျိုးအမြတ်ရှိကြောင်း သိရသည်။

ပခုက္ကူ ၊ ပေါက်နှင့် ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကြက်သွန်နီ အဓိကထွက်ရှိရာ ယောချောင်းတွင်လည်း ချောင်းရေနည်းပါးသွားပြီ ဖြစ်သည့်အတွက် ဒီဇင်ဘာလဆန်းပိုင်းမှစ၍ တောင်သူများ ကြက်သွန်စိုက်ပျိုးရန် မြေညှိခြင်းလုပ်ငန်းများ စတင်နေဖြစ်ကြောင်း သိရသည်။