ထိုင်းဘတ်ငွေဈေး မြင့်တက်လာခြင်းကြောင့် ဆိုင်ကယ်အပါအ၀င် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများ ယခင်လထက် ဈေးမြင့်တက်ပြီး အရောင်းအ၀ယ်အေး

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တွင်း တစ်နေရာကို တွေ့ရစဉ်

ကမ္ဘာ့ငွေကြေးဈေးကွက်တွင် ဒေါ်လာဈေးနှင့်အပြိုင်  ထိုင်းဘတ်ငွေဈေး မြင့်တက်လာခြင်းကြောင့် ဆိုင်ကယ်အပါအ၀င် ထိုင်းနိုင်ငံ ထုတ်ကုန်ပစ္စည်းများ ယခင်လထက် ဈေးမြင့်တက်ပြီး အရောင်းအ၀ယ် အေးလျက်ရှိကြောင်း သိရသည်။

မြ၀တီမြို့ ဈေးကွက်ရပ်ဝန်းတွင် ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေ နှစ်မျိုးဖြင့် သုံးစွဲနေကြသော်လည်း ကုန်ပစ္စည်းများကို ဘတ်ငွေနှုန်းဖြင့်သာတွက်ပြီး မြန်မာကျပ်ငွေဖြင့် အရောင်းအ၀ယ် ပြုလုပ်ကြသည်။

“ဆိုင်ကယ်တွေ အရောင်းအ၀ယ်ပါးတာက ဘတ်ဈေးကြောင့်ပါ။ ဘတ်ငွေနဲ့ဝယ်ရင် ဈေးအပြောင်း အလဲမရှိပေမယ့် မြန်မာငွေနဲ့ လာ ၀ယ်တဲ့သူတွေက ဘတ်ငွေဈေး အမြင့်ကို လိုက်ပေးရတဲ့အတွက် ယခင်လကထက် သုံးလေးသောင်း မြင့်တက်သွားပါတယ်။ ဆိုင်ကယ် အများစုက ထိုင်းဘက်မှ တင်သွင်း ရောင်းချတယ်ဆိုပေမယ့် ဗီယက်နမ်၊ လာအိုနိုင်ငံထုတ် ဆိုင်ကယ်အသစ် တွေလည်း ရောင်းချကြပါတယ်” ဟု ဆိုင်ကယ်အသစ် တရားဝင် ရောင်းချသူတစ်ဦးက ပြောကြားသည်။

ယခင် ဇူလိုင်လဆန်းက ထိုင်းဘတ်ငွေဈေးမှာ မြန်မာကျပ်ငွေ ၁၀၀ လျှင် ၂ ဒသမ ၃၅ ဘတ်၊ ထိုင်း ဘတ်ငွေ ၂၃၅၀ လျှင် မြန်မာငွေ ကျပ်  ၁၀၀၀၀၀ ရှိရာမှ  သြဂုတ်  ၇ ရက်တွင် ကျပ်တစ်ရာလျှင် ထိုင်း ဘတ်၂ ဒသမ ၂၈၅၊ ၂၂၈၅ ဘတ် လျှင် မြန်မာငွေ ကျပ် ၁၀၀၀၀၀ အထိ  ထိုင်းငွေဈေး မြင့်တက်ခဲ့သည်။

မြ၀တီမြို့မှ တစ်ပတ်ရစ်ဆိုင် ကယ်ရောင်းချသူတစ်ဦးဖြစ်သည့် ကိုညွန့်သိန်းက “ဆိုင်ကယ်တွေ  အရောင်းအ၀ယ် အေးတာတော့ မပြောပါနဲ့တော့။ ဘတ်ဈေးက မြင့်တက်တာကိုးဗျ။ ဘတ်နဲ့ဝယ်ထားကြပြီးတော့ မြန်မာငွေနဲ့ ရောင်းတာလေ။ ဘတ်ဈေးတက်တော့ အရင်လကထက် ဆိုင်ကယ်တစ်စီးကို သုံးလေးသောင်း ဈေးမြင့်သွားတာပေါ့။ ဒီကြားထဲ ရေကလည်းကြီးနေတော့ အရောင်းအ၀ယ် လုံးလုံးကိုမရှိဘူး” ဟု ဆိုသည်။

လက်ရှိ ဘုရင့်နောင်ဈေးကြီးအတွင်း ရောင်းချလျက်ရှိသည့် ထိုင်းကုန်စည်ဈေးနှုန်းများမှာ စားဆီ ၁၀ ပိဿာဝင်ပ လတ်စတစ်ပုံးကြီး တစ်ပုံး ကျပ် ၁၈၀၀၀၊ အထုပ် ၃၀ ပါ မားမားခေါက်ဆွဲ ခြောက်ဖာ တစ်ပါကင် ကျပ် ၃၀၅၀၀၊ ဗျိုင်းတံဆိပ် နို့ဆီလေးဒါဇင်ပါ  တစ်ပါကင် ကျပ်  ၃၂၅၀၀၊ ၂၅ ကီလိုပါ  Jump ဆပ်ပြာ မှုန့်ဖာကြီး တစ်ပါကင်  ကျပ် ၂၇၀၀၀၊ M150 အချိုရည် အလုံး ၅၀ ပါ တစ်ပါကင် ကျပ် ၁၆၀၀၀၊ A1 ငါး သေတ္တာ ၂၄ လုံးပါ တစ်ပါကင် ကျပ် ၁၅၀၀၀၊ A1 ငါးသေတ္တာ အသေးအလုံး ၁၀၀ ပါ တစ်ပါကင် ကျပ်  ၄၀၀၀၀ ဈေးနှုန်းများဖြင့် အသီးသီး ရောင်းချလျက်ရှိပြီး ပစ္စည်းတစ်မည် (တစ်ဖာလျှင်) ကျပ်တစ်ထောင်နှင့် အထက် မြင့်တက်သွားသည်ဟု သိရသည်။

ထို့အတူ ဘုနောင်ဈေးနှင့် မြို့တွင်း၌ ရောင်းချလျက်ရှိသော ရွှေဈေးနှုန်းများမှာ ထိုင်းရွှေ တစ်ကျပ်သားလျှင် ဘတ် ၁၉၂၀၀၊ မြန်မာငွေ  ကျပ် ၈၄၀၀၀၀၊ မြန်မာရွှေ မီးလင်းတစ်ကျပ်သားလျှင် ကျပ် ၉၄၂၀၀၀ ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

 

မိုးရွာသွန်းမှုကြောင့် ကုန်သွယ်မှု နှောင့်နှေးနေသော်လည်း လက်ရှိဘဏ္ဍာနှစ် ဇူလိုင်၂၀ ရက်အထိ မြ၀တီနယ်စပ်မှ ဒေါ်လာ ၂၆၁ ဒသမ ၇၅၅ သန်းဖိုး ကုန်သွယ်နိုင်ခဲ့

ရေအကျကို စောင့်ဆိုင်းနေသည့် ကုန်တင်တွဲယာဉ်များအား သြဂုတ် ၄ ရက်က တွေ့ရစဉ်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ကာ ဂျိုင်း (ကော့ကရိတ်) ပွန်တွန်းတံတားမှ ကုန်တင်ယာဉ်များ ဖြတ်သန်းရန် ခက်ခဲသဖြင့် ကုန်သွယ်မှု ရပ်တန့်နေသည်မှာ နှစ်ပတ်နီးပါး ရှိလာသော်လည်း လက်ရှိဘဏ္ဍာနှစ် ဇူလိုင်၂၀ ရက်အထိ မြ၀တီနယ်စပ်မှ အမေရိကန်ဒေါ်လာ ၂၆၁ ဒသမ ၇၅၅ သန်းဖိုး ကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ထိုင်းနိုင်ငံနှင့် ထိစပ်နေသော ကုန်သွယ်ရေး စခန်းများအနက် ကုန်သွယ်မှု အများဆုံးဖြစ်သော မြ၀တီနယ်စပ်စခန်းမှ ဘဏ္ဍာနှစ်သစ်ဖြစ်သည့် ဧပြီ ၁ ရက်မှ ဇူလိုင် ၂၀ ရက်အထိ အမေရိကန်ဒေါ်လာ ၂၆၁ ဒသမ  ၇၅၅ သန်း ကုန်သွယ်နိုင်ခဲ့၍ ယခင်နှစ်ကာလတူ (ဒေါ်လာ ၂၄၃ ဒသမ ၃၅၃သန်း) နှိုင်းယှဉ်ပါက ဒေါ်လာ ၁၈ ဒသမ ၄၀၂ သန်း ပိုမိုကုန်သွယ်ထားကြောင်း သိရသည်။

သို့သော် ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံဖြစ်ကာ ကုန်သွယ်မှု ရပ်တန့်စပြုသော ဇူလိုင်ဒုတိယပတ်တွင် ကုန်သွယ်မှု စတင်လျော့ကျလာကာ ယခင်အပတ်ကထက် ဒေါ်လာ ၁ ဒသမ ၇၃ သန်း ကုန်သွယ်မှု လျော့ကျလာခဲ့ကြောင်း၊ ဇူလိုင်နောက်ဆုံးပတ်တွင် ကုန်သွယ်ယာဉ်တွဲကားများ ရေအကျကို စောင့်ဆိုင်းနေရခြင်းကြောင့် ကုန်သွယ်မှု ပိုမိုလျော့ကျလာမည် ဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်း၌ တာဝန်ထမ်းဆောင်နေသူ တစ်ဦးက ပြောကြားသည်။

ထို့ပြင် ဂျိုင်း (ကော့ကရိတ်) တံတား ဂျုံဒိုးဘက်တွင် ၁၀ ရက် ကျော်စောင့်ဆိုင်းနေရသူ ကုန်တင်ယာဉ်မောင်း တစ်ဦးက “ရေအကျကို စောင့်ဆိုင်းနေရတာ ၁၀ ရက်ကျော်နေပါပြီ။ အနေဆင်းရဲ အစားဆင်းရဲနဲ့ နေရသလို ကုန်စည်တွေ ရပ်ဆိုင်းနေတာကြောင့် ပြည်တွင်းမှာ ကုန်ဈေးနှုန်းတွေ တက်လာမှာ စိုးရိမ်ပါတယ်။ ပုပ်သိုးပျက်စီးနိုင်တဲ့ ကုန်ပစ္စည်းတွေကို ကားလေးတွေနဲ့ ကဲ့သယ်သူရှိသလို ကုန်မာတင်ဆောင် လာသူတွေကတော့ ခုထိစောင့်ဆိုင်း နေရတုန်းပါပဲ” ဟု သြဂုတ် ၄ ရက်က ပြောကြားသည်။

မြ၀တီနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ဂျိုင်း (ကော့ကရိတ်) တံတားပတ်ဝန်းကျင် ရေပြည့်ရေလျှံ နေဆဲဖြစ်ကာ ပွန်တွန်းတံတားပေါ်မှ ကုန်တင်ယာဉ်များ သွားလာ၍ မရသေးခြင်းကြောင့် ကုန်တင်ယာဉ် ရာပေါင်းများစွာမှာ သြဂုတ် ၄ ရက်အထိ စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း သိရသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ဂျိုင်း (ကော့ကရိတ်) ပွန်းတွန်းတံတား ချဉ်းကပ်လမ်းပေါ်တွင် ရေအနက် ငါးပေခန့် ကျော်နေဆဲဖြစ်သဖြင့် ဖြတ်သန်းသွားလာ၍ မရရှိသေးခြင်းကြောင့် ကုန်သွယ်မှု၊ ကုန်စည်စီးဆင်းမှု ရပ်တန့်လျက်ရှိသလို ကျုံဒိုးတံတားမှ ကျားကလေး လမ်းဆုံအထိ လမ်းပိုင်းတွင်လည်း ရေကျော်နေသည့်နေရာ သုံးနေရာ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

 

 

ဂျိုင်း (ကော့ကရိတ်) ပွန်တွန်းတံတားမှ ယာဉ်သွားလာ၍ မရသေးသဖြင့် ကုန်တင်ယာဉ်များ စောင့်ဆိုင်းနေရပြီး ကုန်သွယ်မှုရပ်တန့်

ဂျိုင်း (ကော့ကရိတ်) ပွန်တွန်းတံတားမှ ယာဉ်သွားလာ၍ မရသေးသဖြင့် ကုန်တင်ယာဉ်များ စောင့်ဆိုင်းနေစဉ်

မြ၀တီနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ဂျိုင်း(ကော့ကရိတ်) တံတား ပတ်ဝန်းကျင် ရေပြည့်ရေလျှံ နေဆဲဖြစ်ကာ ပွန်တွန်းတံတားပေါ်မှ ကုန်တင်ယာဉ်များ သွားလာ၍ မရသေးခြင်းကြောင့် ၁၀ မိုင်ခန့် ရှည်လျားသည့် ကုန်တင်ယာဉ် ရာပေါင်းများစွာတို့မှာ ဇူလိုင် ၃၁ ရက်အထိ စောင့်ဆိုင်းနေရဆဲ ဖြစ်ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ဂျိုင်း(ကော့ကရိတ်) ပွန်တွန်းတံတား ချဉ်းကပ်လမ်းပေါ်တွင် ရေအနက် ခုနစ်ပေခန့် ကျော်နေသဖြင့် ဖြတ်သန်းသွားလာ၍ မရရှိသေးခြင်းကြောင့် ကုန်သွယ်မှု၊ ကုန်စည်စီးဆင်းမှု ရပ်တန့်လျက်ရှိကြောင်း သိရသည်။ ကျုံဒိုးတံတားမှ ကျားကလေး လမ်းဆုံအထိ လမ်းပိုင်းတွင်လည်း နှစ်ပေခန့် ရေကျော်နေသည့်နေရာ သုံးနေရာရှိနေကာ ကားလေးအချို့ ဖြတ်မသွားရဲဘဲ စောင့်ဆိုင်းနေရဆဲဖြစ်သည်။

ထိုင်းကုန်စည်များ ပြည်တွင်းဈေးကွက်သို့ တင်ပို့မှုရပ်ဆိုင်း နေသလို မြန်မာ့ကုန်စည်များလည်း နယ်စပ်မြ၀တီမြို့သို့ ၀င်ရောက်မှု မရှိခြင်းကြောင့် အခြေခံ စားကုန်များ အနည်းငယ် ဈေးတက်စပြုနေပြီ ဖြစ်ကြောင်း သိရသည်။ မြ၀တီမြို့တွင် အဓိကစားသောက်ကုန် ဆန်ဈေးအနည်းငယ်သာ မြင့်တက်လာ သော်လည်း ကွမ်းရွက်ဈေးမှာ သုံးဆခန့်မြင့် တက်သွားခဲ့ကြောင်း၊ ယခင်ကွမ်းရွက် တစ် ပိဿာ ကျပ် ၄၅၀၀ မှ ယခုကုန်သွယ်မှု ရပ်တန့်နေခြင်းကြောင့် ကွမ်းတစ်ပိဿာ ကျပ် ၁၂၀၀၀ ကျော်အထိ မြင့်တက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ ဘားအံမြို့တွင်လည်း ကုန်ပစ္စည်းများ ဈေးတက်နေကြောင်းကို ကုန်စုံဆိုင်ရှင်တစ်ဦးက “ဘားအံမှာ ကုန်သွယ်ရေး အခက်အခဲ တော်တော်လေး ဖြစ်နေပြီ။  မြ၀တီဘက်ကလည်း စားကုန်က မ၀င်တော့ဘူး။ မော်လမြိုင်နဲ့ သထုံဘက်ကလည်း စား ကုန်မ၀င်တော့ဘူး။ တစ်မြို့နယ်လုံးက ရေ မြုပ်နေတာ ဘာစားပင်မှ မကျန်တော့ဘူး။ ဈေးထဲမှာလည်း တချို့အသီးအရွက်က သုံးဆလောက် ဈေးတက်သွားတယ်။ ၀ယ်လို့ရနေတာပဲ ကျေးဇူးတင်ရမှာ။ နောက်သုံးရက်လောက်ဆို အခုရောင်းနေတဲ့ လက်ကျန်ကုန်လည်း ရှိမှာမဟုတ်တော့ဘူး” ဟု ဆိုသည်။

ကရင်ပြည်နယ် ဘားအံမြို့တွင် ၁၀ ရက်ကြာသည်အထိ ရေပြည့်ရေလျှံဖြစ်ခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် အနည်းငယ်​ ကျသွား​သော်လည်း စိုးရိမ်နေရဆဲဖြစ်ကာ ဘားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲမြို့နယ် အပါအ၀င်မြို့နယ်၊ ကျေးရွာအများအပြား ရေနစ်မြုပ်ခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် အနည်းငယ် ကျသွားသော်လည်း စိုးရိမ်နေရဆဲဖြစ်ကာ သွားလာရေး ခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။

သံလွင်မြစ်ရေသည် ဇူလိုင် ၃၀ ရက် ည ၆ နာရီအထိ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေသည့်အပြင် မိုးအဆက်မပြတ် ရွာသွန်းခြင်းတို့ကြောင့် ဘားအံ-သထုံကားလမ်းနှင့် ဘားအံ-ဇာသပြင်အဖြောင့်လမ်းရှိ အချို့ နေရာများတွင် ရေအနက် နှစ်ပေနှင့် ငါးပေ အနက်ထိ ရေကျော်နေပြီး ဘားအံ-ကော့ကရိတ်-မြ၀တီကားလမ်း တံတားအမှတ်  ၁-၃၆ ခရဲကမ်းနား ကျေးရွာအုပ်စု၊ ဥပုဒ်တောင်မုဒ်ဦးအနီးတွင် ကားလမ်းပေါ်သို့ ရေသုံးပေခန့် ကျော်နေသည့်အတွက် သတိပေး တားမြစ်ချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

ဂျိုင်းမြစ်ရေကြီးနေသဖြင့် မြ၀တီနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ဂျိုင်း(ကျုံဒိုး)တံတားပေါ်တွင် ကုန်တင်ယာဉ်များ သွားလာရေး ခက်ခဲနေ

Pontoon ဗောတံတားမှ ကုန်တင်ယာဉ်တစ်စီး ဖြတ်သန်းနေသည်ကို တွေ့ရစဉ်

ဂျိုင်းမြစ်ရေကြီးနေသဖြင့်ကုန်တင်ယာဉ်များ သွားလာရေး ခက်ခဲနေပြီး ဂျိုင်း (ကျုံဒိုး) တံတားနှင့် ချဉ်းကပ်လမ်းပေါ်တွင် ယာဉ်ကြောကျပ်ကာ မော်တော်ယာဉ်များ ပိတ်ဆို့နေဆဲဖြစ်ကြောင်း သိရသည်။

မြ၀တီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ဂျိုင်း(ကျုံဒိုး) ကြိုးတံတားမှာ ၁၃ တန်အထိသာ ဖြတ်သန်းသွားလာခွင့် ပြုထားခြင်းနှင့် ၁၃ တန်အထက်ယာဉ်များကို Pontoon ဗောတံတားမှ ဖြတ်သန်းသွားလာခွင့် ပြုထားသော်လည်း ဂျိုင်းမြစ်ရေ တက်လာမှုကြောင့် Pontoon ဗောတံတားမှ ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည်။

မြ၀တီနယ်စပ်မှ ပြည်တွင်ဈေးကွက်သို့ ပို့ဆောင်မည့် ကုန်တင်ယာဉ်ကြီးအများစုမှာ တံတားအ၀င်ဘေးတွင် ဇူလိုင် ၂၂ ရက် ကတည်းက ရပ်တန့်ထားကြရာ တဖြည်းဖြည်း များပြားလာပြီး တံတားဟိုဘက်သည်ဘက်၌ ယာဉ်အစီးရေ ရာနှင့်ချီ၍ ရပ်နားထားရကြောင်း သိရသည်။

ဂျိုင်းမြစ်ရေကြောင့် ကားကြီးများ ကူးသန်းသွားလာသည့် ပွန်တွန်းဗောတံတားမှာ မြင့်တက်လာသဖြင့် ယာဉ်အန္တရာယ် မဖြစ်စေရေးနှင့် လမ်းကြောင်း မပိတ်စေရေးအတွက် ကော့ကရိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး လင်းလင်းအောင်၊ ကျုံဒိုးနယ်မြေရဲစခန်းမှူး ရဲအုပ်အောင်မြင့်ဝင်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြင့်ကျော်ဦးနှင့် အဖွဲ့က နေ့ညအချိန် ပြည့်စောင့်ရှောက် တာဝန်ထမ်းဆောင် လျက်ရှိကြောင်း သိရသည်။

၎င်းအပြင် Express ခရီးသည်တင် ကားကြီးများမှာလည်း လူများကိုတံတားပေါ်မှ လျှောက်စေကာ ကားကိုကတ္တားဖြင့် ချိန်တွယ်ခြင်း၊ ၁၃ တန်အထက်ဖြစ်ပါက ကြိုးတံတားပေါ်မှ ပေးမလွှတ်ဘဲ ကုန်များပြန်ချစေခြင်း စသည့်အကြောင်းများကြောင့် Pontoon တံတားမှလည်း ကားကြီးများ သွားလာရ ခက်ခဲလျက်ရှိကာ ကုန်တန်ချိန်များသော ယာဉ်များအနေဖြင့် ဖြတ်သန်းသွားလာရန် ခက်ခဲနေသည်။

မော်လမြိုင်မှ မြ၀တီသို့လာသူ တစ်ဦးက “မနေ့က မော်မြိုင်ကနေလာတာ ဂျိုင်းတံတားမှာ ကားတွေပိတ်နေတယ်။ ကားတန်းက အရှည်ကြီးပဲ။ ကားကြီးတွေက လမ်းဘေး တစ်ဖက်တစ်ချက်စီမှာ တန်းစီပြီး ရပ်နေကြပေမဲ့ ကားလေးတွေက ကျော်တက်လာကြတော့ နှစ်ဘက်ဆုံပြီး လမ်းပိတ်နေတယ်” ဟုဆိုသည်။

ဂျိုင်း(ကျုံဒိုး) ကြိုးတံတားပေါ်မှ မော်တော်ယာဉ်များ သွားလာခွင့် ပြုထားသော်လည်း ၁၃ တန်အထက် ယာဉ်များ သွားလာခွင့်မရဘဲ ယာဉ်ကြောကြပ်မှု ဖြစ်နေသည်မှာ သုံးရက်ရှိနေပြီဟု သိရသည်။

ရွှေ့ပြောင်းလုပ်သားများ၏ ကလေးငယ် ၁၀၀ ကျော် ကျောင်းမပျက်စေရေးအတွက် အသက်ကယ် အင်္ကျီများ ၀တ်ဆင်၍ လှေစီးကာ ကျောင်းတက်နိုင်ရန် ဆောင်ရွက်နေ

မြ၀တီမြို့သို့ လှေစီးပြီး ကျောင်းလာတက်သော ရွှေ့ပြောင်းလုပ်သားများ၏ ကလေးငယ်များအား တွေ့ရစဉ်

သောင်းရင်း မြစ်ရေကြီးမှုဖြစ်ပြီး ရေစီးသန်နေသော်လည်း မြ၀တီမြို့တွင် ကျောင်းလာတက်သော ရွှေ့ပြောင်းလုပ်သားများ၏ ကလေးငယ် တစ်ရာကျော်အား ကျောင်းမပျက်ရေးအတွက် အသက်ကယ်အင်္ကျီများ ၀တ်ဆင်၍ လှေစီးကာ ကျောင်းတက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြ၀တီမြို့အနီး သောင်ရင်းတစ်ဖက်ကမ်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီ၍ အလုပ်သွားရောက် လုပ်ကိုင်နေကြပြီး ယင်းတို့၏ သားသမီးများမှာ မဲဆောက်မြို့ မိုင်းဂရမ့် ကျောင်းများတွင် ပညာသင်ကြား လျက်ရှိပြီး အချို့မှာ သောင်ရင်းမြစ်ခြားနေသည့် မြ၀တီမြို့ရှိ အစိုးရကျောင်းများတွင် ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။

မြ၀တီမြို့ အမှတ် (၃) ရပ်ကွက်ရှိ အထ က ( ၂)၊ အမှတ် (၁) ရပ်ကွက်ရှိအထက (ခွဲ – ၁) ၊ အမှတ် (၂) ရပ်ကွက်ရှိအလက (၂) နှင့် အခြားကျောင်းများတွင် ပညာသင်ကြားနေသူ ကျောင်းသူကျောင်းသား ၁၀၀ ကျော်ရှိပြီး နေ့စဉ်နံနက်၊ ညနေ စက်လှေဖြင့်လာ၍ ကျောင်းတက်ကြကြောင်း သိရသည်။

အဆိုပါ ကျောင်းသူကျောင်းသားများ၊ ကျောင်းတက်၊ ကျောင်းပြန် ဘေးအန္တရာယ် မဖြစ်စေရေးအတွက် မြ၀တီမြို့မှ လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်များ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ လှေစီးလျှင် အသက်ကယ်အင်္ကျီ ၀တ်ဆင်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးက ပြောကြားသည်။

“ထိုင်းဘက်မှာ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကလေးတွေ သောင်ရင်းမြစ်ကို စက်လှေနဲ့လာပြီး မြ၀တီမှာ ကျာင်းလာတက်နေကြတာ။ စုစုပေါင်း ၁၂၀ လောက်ရှိကြပါတယ်၊ မြ၀တီ အထက (၂) က သောင်ရင်းမြစ်နဲ့နီးတော့ အဲဒီကျောင်းမှာ ကျောင်းသား ကျောင်းသူ ၇၀ ကျော်လောက် ရှိပါတယ်။ အခုနှစ်မှာတော့ မြ၀တီက လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြ၀တီက ဌာနဆိုင်ရာတွေ၊ NGO အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ လူမှုရေး အသင်းအဖွဲ့တွေ၊ အလှူရှင်တွေပေါင်းစပ်ပြီး ဆောင်ရွက်ခဲ့တာပါ” ဟု မြို့နယ်ပညာရေးမှူးက ပြောကြားသည်။

“ခုစက်လှေစီး ကျောင်းသားလေးတွေအတွက် အသက်ကယ်အင်္ကျီ အထည်၂၀ ပဲရှိပါတယ်။ ဟိုဘက်ကိုသွားပြီး ၀တ်ပေးပါတယ်။ ဒီဘက်ကို ရောက်ရင် ပြန်ချွတ်၊ ပြီးရင် ဟိုဘက်ပြန်သွားပြီးဝတ်ပေး၊ ဒီလိုနဲ့ မနက်တစ်ကြိမ် ညနေတစ်ကြိမ် ဆောင်ရွက်ပေးနေရပါတယ်” ဟု ကိုလမင်းက ပြောကြားသည်။

မြ၀တီမြို့ မိုးကုတ်ဂိတ်မှ နေ့စဉ်ကျောင်းသား၊ သူဦးရေ ၇၀ ကျော် ကူးလူးသွားလာ ကျောင်းတက်လျက်ရှိပြီး လေကူးခ အသွားအပြန် အခမဲ့ ပို့ပေးလျက်ရှိသလို အန္တရာယ် တစ်စုံတစ်ရာ မဖြစ်ပွားစေရေးအတွက် အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း ဂိတ်တာဝန်ကိုမျိုးက ပြောကြားသည်။

 

မိုးရက်ဆက်ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေ မြင့်တက်ကာ စိုးရိမ်ရေမှတ် ကျော်လွန်ပြီး မြ၀တီမြို့  အနိမ့်ပိုင်းရပ်ကွက် နေအိမ်များ ရေနစ်မြုပ်ကာ ပြည်သူ ၅၀၀ ကျော် ရေဘေးရှောင် စခန်းများတွင် ခိုလှုံနေရ

မြ၀တီမြို့ အနိမ့်ပိုင်းရပ်ကွက် နေအိမ်များ ရေနစ်မြုပ်မှုကြောင့် ပြည်သူ ၅၀၀ ကျော် ရေဘေးရှောင် စခန်းများတွင် ခိုလှုံနေစဉ်

မိုးရက်ဆက် ရွာသွန်းနေမှုကြောင့် သောင်ရင်းမြစ်ရေ မြင့်တက်လာခဲ့ကာ စိုးရိမ်ရေမှတ် ကျော်လွန်ပြီး မြ၀တီမြို့ အနိမ့်ပိုင်းရပ်ကွက် နေအိမ်များ ရေနစ်မြုပ်ကာ ပြည်သူ ၅၀၀ ကျော် ရေဘေးရှောင် စခန်းများတွင် ခိုလှုံနေရကြောင်း သိရသည်။

သောင်ရင်းမြစ်ရေသည် ဇူလိုင် ၂၀ ရက် ည ၇ နာရီမှစ၍ မြ၀တီမြို့ အမှတ် ၂ ရပ်ကွက်ခွန်ဆာဝင်း၊ အမှတ် ၄ ရပ်ကွက် ကျောက်ဖျာဂိတ်၊ အမှတ် ၅ ရပ်ကွက်ရှိ မြစ်ကမ်းနား အနိမ့်ပိုင်း နေအိမ်များ ရေ၀င်နစ်မြုပ်ကာ မိသားစု ၁၀၀ ခန့်နှင့် ရပ်ကွက်နေ ပြည်သူ ၅၀၀ ကျော်အား ကျွန်းတောဈေးနှင့် ကိုးန၀င်ကျောင်း ဓမ္မာရုံတို့တွင် ကယ်ဆယ် စောင့်ရှောက်ထားကြောင်း သိရသည်။

မြ၀တီခရိုင်အုပ်နှင့် မြို့နယ်၊ ရပ်ကွက် ချုပ်ရေးမှူးများ၊ မီးသတ်၊ ကြက်ခြေနီ၊ လူမှုကယ်ဆယ်ရေး အသင်းများက ညရေကင်းစောင့်ကြည့်ကာ ရေမြုပ်နေအိမ်များမှ လူနှင့် ပစ္စည်းများကို ညတွင်းချင်း ကယ်ထုတ်ပြီး ရေဘေးကယ်ဆယ်ရေ စခန်းများသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ကျန်းမာရေး ဌာနမှလည်း လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဖျာဂိတ် အနိမ့်ပိုင်းတွင် နေထိုင်သူ ဒေါ်စန်းက “ကယ်ဆယ်ရေး အဖွဲ့တွေကို ကျေးဇူးတင်ပါတယ်။ အဘွားအိမ်က မြုပ်သွားပြီလေ။ သူတို့သာ အတင်းမခေါ်ခဲ့ရင် ခုလောက်ဆို အဘွားသေနေလောက်ပြီ” ဟု ပြောကြားသည်။

ရေဘေးရှောင် ပြည်သူများအား စောင့်ရှောက်ထားရှိရာ ကယ်ဆယ်ရေးစခန်းသို့ စကခ (၁၉) တပ်မမှူး၊ ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ သင်္ဃန်းညီနောင် အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး နိုင်အောင်နှင့် ရှေ့တန်းမှူး၊ တပ်မတော် ဆေးတပ်ဖွဲ့တို့ လာရောက်ပြီး စားသောက်ဖွယ်ရာများ လှူဒါန်းခြင်း၊ ကျန်းမာရေး စောင့်ရှောက်ခြင်းများ ဆောင်ရွက်ခဲ့သည်။

မြ၀တီခရိုင် အုပ်ချုပ်ရေးမှူး ဦးထူးလွင်က “သောင်ရင်းမြစ်ရေ မြင့်တက်လာရင် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ စနစ်တကျ ကြိုတင်ပြင်ဆင် ထားပါတယ်။ စားသောက်ရေးကိုလည်း ရပ်ကွက်အလိုက် စီမံထားပြီး လုပ်ဆောင်နေပါတယ်” ဟု ဇူလိုင် ၂၁ ရက် နံနက် ၉ နာရီက ပြောကြားသည်။

ရေဘေးရှောင် ပြည်သူများ စားသောက်ရေး အဆင်ပြေချောမွေ့ စေရေးအတွက် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်၊ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက ကျပ်ငွေသိန်းသုံးဆယ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ ပြန်အထွက်တွင် အလည်အပတ်ဗီဇာအတု ကိုင်ဆောင်မှုဖြင့် ယခုလအတွင်း ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ၁၀၀ ကျော်ရှိနေပြီး အတုပြုလုပ်သူ ပွဲစားများအား ဖော်ထုတ်မည်ဟုဆို

နှစ်နိုင်ငံခရိုင်အဆင့် (လ၀က) တာဝန်ရှိသူများအား မြ၀တီမြို့တွင် တွေ့ရစဉ်

ထိုင်းနိုင်ငံအတွင်းသို့ သွားရောက်လည်ပတ်ကြသော မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံမှ ပြန်အထွက်တွင် မဲဆောက် – မြ၀တီ ချစ်ကြည်ရေးတံတား၌ ဗီဇာအတု လက်ဝယ်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံရလျက်ရှိရာ ယခုလအတွင်း မြန်မာနိုင်ငံသား ၁၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံမှ တာ့ခရိုင် (လ၀က) ရဲမှူးကြီးနှင့် တာဝန်ရှိသူများသည် မြ၀တီခရိုင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်သူ့အင်အား ဦးစီးဌာန ခရိုင်မှူး ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးနှင့် တာဝန်ရှိသူတို့ ဇူလိုင် ၁၇ ရက်က တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

ထိုင်းနိုင်ငံအတွင်း ဗီဇာအတုများဖြင့် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားများနှင့် ပတ်သက်၍ ဇူလိုင် ၁၇ ရက် နံနက် ၁၀ နာရီက မြ၀တီခရိုင်ရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်သူ့အင်အား ဦးစီးဌာနရုံး၌ တွေ့ဆုံဆွေးနွေးချက်အရ ဗီဇာအတု ပြုလုပ်သူများအား ဖော်ထုတ်အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံ ခရိုင်အဆင့် (လ၀က) တာဝန်ရှိသူများ တွေ့ဆုံမှုအား မြ၀တီခရိုင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်သူ့အင်အား ဦးစီးဌာန ခရိုင်မှူး ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက  “အဓိက ဆွေးနွေးကျတာကတော့ ထိုင်းနိုင်ငံထဲကို အလည်ဗီဇာနဲ့ ၀င်ရောက်လည်ပတ်ပြီး ပြန်လည်ထွက်ခွာကြတဲ့ မြန်မာနိုင်ငံသား တချို့ဟာ ပတ်စ်ပို့နဲ့ဗီဇာကို ထိုင်းဘက်ခြမ်းက တံတားထိပ်မှာ စိစစ်တော့ အတုတွေ ဖြစ်နေတာတွေ့ရပြီး ဖမ်းဆီးအရေးယူ ခံကြရတယ်။ ဒါကိုထိုင်းနိုင်ငံက တည်ဆဲဥပဒေများနဲ့ အညီအရေးယူမှာ ဖြစ်ကြောင်းနဲ့ လက်ရှိဖမ်းဆီးခံထားရသူ မြန်မာတွေ ရာချီပြီး ရှိနေတယ်။ အခုလိုတွေ့ရှိရတဲ့ ပတ်စ်ပို့နဲ့ဗီဇာ အတုတွေဟာ ဘားအံမြို့နယ်မှာ ပြုလုပ်တဲ့ ပတ်စ်ပို့ရုံးက ဖြစ်နေတာတွေ တွေ့ရှိရတယ်။ ဒါဟာ အဲဒီပတ်စ်ပို့ရုံး အနီးမှာ ကျင်လည်ကျက်စားနေကြတဲ့ ပွဲစားတွေကြောင့်လို့ ယူဆရတယ်။ ဒါကြောင့် အဲဒီလိုအတုလုပ်တဲ့ ပွဲစားတွေကို ယခုလာတဲ့ ထိုင်းကတာဝန်ရှိသူ တာ့ခရိုင်က (လ၀က) ခရိုင်မှူးရဲမှူးကြီး Mr.Rattanaprateep က ဖော်ထုတ်ပေးဖို့နဲ့ ဖော်ထုတ်လို့ ရခဲ့ရင် အခုအဖမ်း ခံထားရတဲ့ မြန်မာတွေ အပြစ်ဒဏ်နည်းဖို့ အထောက်အကူဖြစ်မှာ ဖြစ်ကြောင်း ပြောပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် နိုင်ငံတကာသို့ သွားရောက်လည်ပတ်ကြမည့် မြန်မာနိုင်ငံသားများ အနေဖြင့် ဗီဇာပြလုပ်ရာတွင် မိမိကိုယ်တိုင် လုပ်ဆောင်ကြရန်နှင့် ပွဲစားများဖြင့် မပြုလုပ်ကြရန်လည်း ပြောကြားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံတာ့ခရိုင်မှ (လ၀က) ခရိုင်ရဲမှူးကြီး Mr.Rattanaprateep နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မြ၀တီခရိုင်မှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ထိုင်းမှအပြန် ချစ်ကြည်ရေးတံတားထိပ်၌ ဖမ်းဆီးခံရသူများမှာ ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေအရ ထောင်ဒဏ် တစ်နှစ်ကျော် ကျခံရပြီးဖြစ်သလို မဲဆောက်အချုပ်ထဲမှ ဆက်လက် တရားရင်ဆိုင် နေသူရသူများလည်း ရှိသည်။ ထို့ပြင် ထိုင်းနိုင်ငံအတွင်း လည်ပတ်နေသူများမှာ မိမိဗီဇာ အစစ်လား၊ အတုလား ဆိုသည်ကို မသိရှိဘဲ စိုးရိမ်သောက ရောက်နေရသူလည်း ရှိကြောင်း သိရသည်။

ဒေါန​တောင်​​ကျော်​လမ်းသစ်​တွင်​ ယာဉ်​များ ပုံမှန်​သွားလာနိုင်​ပြီ ဖြစ်​​သော်​လည်း မိုးထပ်​ရွာမည်​ကို စိုးရိမ်​​နေကြ

ဒေါန​တောင်​​ကျော်​လမ်းတွင် ယာဉ်များသွားလာနေကြသည်ကို တွေ့ရစဉ်

မြ၀တီ-​ကော့ကရိတ် ဒေါန​တောင်​​ကျော် အာရှလမ်းသစ်​တွင် ဇူလိုင်​ ၁၅ ရက်​​က ​မော်​​တော်​ယာဉ်​များ ပုံမှန်သွားလာနိုင်​ပြီ ဖြစ်​​သော်​လည်း မိုးထပ်​မံ ရွာသွန်းမည်ကို ​စိုးရိမ်​​နေရဆဲ ဖြစ်​​ကြောင်း သိရသည်​။

မြ၀တီ နယ်​စပ်​ကုန်​သွယ်​​ရေး လမ်း​ကြောင်းတွင်​ အ​ရေးပါ​သော ဒေါန​တောင်​​ကျော်​လမ်း မိုင်​တိုင်​အမှတ်​ 154 KM နှင့်​ 155 KM ကြားတွင် ဇူလိုင် ​၉​ ရက်​​နံနက်​က မိုးရွာသွန်းမှု​ကြောင့်​ ​တောင်​နံရံမြေသားများ ပြိုကျကာ လမ်းပိတ်​ဆို့မှု ဖြစ်​ပွားခဲ့သည်​။

လမ်းပိတ်​ဆို့မှုကြောင့်​ ယာဉ်​​ကြောင်း၊ ကုန်​သွယ်​မှု မကြာခဏ ရပ်​တန့်​ခဲ့ကြရာမှ ဇူလိုင်​ ၁၅ ရက်​​ နံနက် ၁၁ နာရီခန့်​က ရှင်းလင်းမှု ပြီးစီးခဲ့သည့်​အတွက်​ နှစ်​ဖက်​ယာဉ်​များ အသွားအလာ မောင်းနှင်​နိုင်​ကြပြီ ဖြစ်ကြောင်း သိရသည်။

“မ​နေ့ည​နေ ၅ နာရီလောက်​ကတစ်​ကြိမ်​ ရှင်းလင်းပြီးစီးခဲ့ပါတယ်​။ ညမိုးရွာတဲ့အတွက်​ ယ​နေ့နံနက်​ ၂ နာရီ​လောက်​မှာ ထပ်ပြို​တော့ ရှင်းလင်း​နေရတာ ၁၁ နာရီခန့်က ပြီးစီးခဲ့ပါတယ်​။ ခု​တော့ ယာဉ်​အသွားအလာ ပုံမှန်​မောင်းနှင်​သွားလာနိုင်​ပြီ ဖြစ်ပါတယ်​။ ဒါ​ပေမဲ့ မိုးထပ်​ရွာမှာကို စိုးရိမ်​​နေရဆဲပါ။ မိုးကြီးရင်​​ မြေသား​တွေ ထပ်မံပြိုကျလာမှာ ဖြစ်​တဲ့အတွက်​ ဘိုဒူဇာတစ်​စီး အဆင်​သင့်ထားရပါတယ်​” ဟု လမ်းရှင်းလင်း​ရေး လုပ်ငန်းခွင်သို့ ​ရောက်​ရှိ​နေ​သော လမ်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်​ဦးက ​ပြောကြားသည်​။

တောင်​နံပြိုကျမှုအား ရှင်းလင်း​ရေး​ ဆောင်​ရွက်​​နေစဉ်​​ မော်​​တော်​ယာဉ်​ သွားလာခြင်းကို ရပ်​တန့်​ပြီး လမ်းရှင်းလင်း​ရေး​ ဆောင်​ရွက်​​နေရခြင်း​ကြောင့်​ တစ်​ကီလိုမီတာအရှည်​ရှိ ယာဉ်​နှစ်​တပ်​ကားတန်းကြီးအား ဇူလိုင်​ ၁၃ ရက်​​ မွန်းလွဲ ၂ ​နာရီခွဲခန့်​က ခြောက်ဘီးယာဉ်​ တစ်​စီးက အရှိန်​မထိန်းနိုင်​ဘဲ ယာဉ်​ ၁၁ စီးအထိ ဆင့်တိုက်​မှု ဖြစ်​ပွားခဲ့သည်​။

အဆိုပါ​ ဒေါန​တောင်ကျော်​လမ်းသစ်​သည်​ သင်္ဃန်းညီ​နောင်​မှ​ ကော့ကရိတ်​အထိ ၁၈ မိုင်​ခန့်​သာ ကွာ​ဝေးပြီး ရန်ကုန်​သို့ တိုက်​ရိုက်​နေ့ချင်း​ရောက်​ ကုန်​သွယ်​နိုင်​သည့်​ လမ်း​ကြောင်းဖြစ်​ပြီး နေ့စဉ်​ မော်​​တော်​ယာဉ်​ကြီးငယ်​ တစ်​​ထောင်​​ကျော်​ ကူးလူးသွားလာလျက်​ရှိသည်​။

 

မြ၀တီမြို့တွင် စက်လှေဖြင့် ကျောင်းလာတက်ရသော ရွှေ့ပြောင်းလုပ်သားများ၏ ကလေးငယ်များ အသက်ကယ်အင်္ကျီ ရရှိရေး ဆောင်ရွက်နေဟုဆို

သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး မြ၀တီမြို့တွင် ကျောင်းလာတက်သော ရွှေ့ပြောင်းလုပ်သားများ၏ ကလေးငယ်များအား တွေ့ရစဉ်

သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး မြ၀တီမြို့တွင် ကျောင်းလာတက်သော ရွှေ့ပြောင်းလုပ်သားများ၏  ကလေးငယ် ၁၀၀ ကျော်ကို အသက်ကယ်အင်္ကျီ အလုံအလောက် ၀တ်ဆင်သွားလာနိုင်ရန် လိုအပ်နေပြီး သက်ဆိုင်ရာနှင့် ညှိနှိုင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြ၀တီမြို့အနီး သောင်ရင်းတစ်ဖက်ကမ်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီ၍ အလုပ်သွားရောက် လုပ်ကိုင်နေကြပြီး ၎င်းတို့၏ သားသမီးများမှာ မဲဆောက်မြို့ မိုင်းဂရမ့်ကျောင်းများတွင် ပညာသင်ကြားလျက် ရှိသလို အချို့မှာ သောင်ရင်းမြစ်ခြားနေသည့် မြ၀တီမြို့ရှိ အစိုးရကျောင်းများတွင် ပညာသင်ကြား ကြရကြောင်း သိရသည်။

မြ၀တီမြို့ အမှတ် ၃ ရပ်ကွက်ရှိ အ.ထ.က( ၂)၊ အမှတ် (၁) ရပ်ကွက် ရှိ အ.ထ.က (ခွဲ – ၁) ၊ အမှတ် ၂ ရပ် ကွက်ရှိ အ.လ.က (၂) နှင့် အခြား ကျောင်းများတွင် ပညာသင်ကြားနေသူ ကျောင်းသူကျောင်းသား ၁၀၀ ကျော်ရှိပြီး နေ့စဉ် နံနက်-ညနေ စက်လှေဖြင့် လာ၍ ကျောင်းတက်ကြကြောင်း သိရသည်။

အဆိုပါ ကျောင်းသူကျောင်းသားများ၊ ကျောင်းတက်-ကျောင်းပြန် ဘေးအန္တရာယ် မဖြစ်စေရေးအတွက် မြ၀တီမြို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် စေတနာရှင်များပေါင်းစပ်ပြီး ကျောင်းသားကျောင်းသူ အားလုံး အသက်ကယ်အင်္ကျီ ရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးက ပြောကြားသည်။

“ထိုင်းဘက်မှာ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကလေးတွေ သောင်ရင်းမြစ်ကို စက်လှေနဲ့လာပြီး မြ၀တီမှာ ကျောင်းလာတက်နေကြတာ။ စုစုပေါင်း ၁၂၀ လောက် ရှိကြပါတယ်။ မြ၀တီ အ.ထ.က ၂ က သောင်ရင်းမြစ်နဲ့နီးတော့ အဲဒီကျောင်းမှာ ကျောင်းသားကျောင်းသူ ၇၀ ကျော်လောက် ရှိပါတယ်။ အခုနှစ်မှာတော့ မြ၀တီက လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြ၀တီက ဌာနဆိုင်ရာ အကြီးအကဲတွေ၊ NGO အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ အလှူရှင်တွေ ပေါင်းစပ်ပြီး ရုတ်တရက် ဘေးအန္တရာယ်တွေ ဖြစ်ပေါ်ခဲ့ရင် ကယ်ဆယ်နိုင်ဖို့ ကလေးတွေကို အသက်ကယ်အင်္ကျီတွေ တစ်ဦးကို တစ်ထည်စီ ထောက်ပံ့ကူညီပေးသွားဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်” ဟု မြို့နယ်ပညာရေးမှူး ဦးနိုင်ဝင်းအောင်က ပြောကြားသည်။

မြို့နယ်ပညာရေးမှူး ဦးနိုင်ဝင်းအောင်က “တချို့ကျောင်းသားတွေဆိုရင် အသက်ကယ်အင်္ကျီတွေ တစ်ထည်စီ၊ ကျွန်တော်တို့ ပညာရေးဌာနအနေနဲ့ ၀ယ်ယူပြီး ဝေငှပေးထားပါပြီ။ ဒါပေမဲ့ ကျောင်းသားတိုင်း မရရှိကြသေးဘူး။ ဒီနှစ်မှာ ကျောင်းသားတွေက ပိုများလာတဲ့အတွက် မရသေးဘဲ လိုအပ်နေတဲ့ ကျောင်းသားတွေအတွက် အသက်ကယ်အင်္ကျီ ကိုယ်စီရရှိနိုင်ဖို့ ရက်ပိုင်းအတွင်းရရှိအောင် ဆက်လက်ဆောင်ရွက် ပေးသွားမှာပါ။ အခုကျောင်းတွေမှာ ကျွန်တော်တို့ ကျောင်းသားစာရင်းတွေ လိုက်လံကောက်ယူနေပါပြီ” ဟု ဖြည့်စွက်ပြောကြားသည်။

မြ၀တီမြို့ မိုးကုတ်ဂိတ်မှနေ့စဉ် ကျောင်းသားကျောင်းသူ ၇၀ ကျော် ကူးလူးသွားလာ ကျောင်းတက်လျက်ရှိပြီး လေကူးခ အသွားအပြန် အခမဲ့ ပို့ပေးသလို အန္တရာယ် တစ်စုံတစ်ရာ မဖြစ်ပွားစေရေးအတွက် အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း ဂိတ်တာဝန်ခံ ကိုမျိုးက ပြောကြားသည်။

 

ဒေါနတောင်ကျော်လမ်း နတ်စင်ကွေ့ကုန်းဆင်းတွင် စက်သုံးဆီပီပါများ သယ်ဆောင်လာသည့်ကုန်ကား တိမ်းမှောက်မှု ဖြစ်ပွားပြီး ယမန်နေ့က မှောက်ထားသော ကုန်ကားအနီး တောင်နံရံကို ၀င်တိုက်ကာ ယာဉ်မောင်း သေဆုံး

နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း၏ အရေးပါသော မြ၀တီဒေါနတောင်ကျော် အာရှလမ်းသစ် နတ်စင်ကွေ့ကုန်းဆင်းတွင် စက်သုံးဆီ (ဒီဇယ်) ပီပါများ တင်ဆောင်လာသော ၁၂ ဘီးကုန်တင်ယာဉ် တစ်စီးသည် ဇွန် ၁၅ ရက် ညနေက အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ ယမန်နေ့က တိမ်းမှောက်ခဲ့သော ၂၂ ဘီးတွဲယာဉ်အနီး တောင်နံရံကို ၀င်တိုက်ကာ ယာဉ်မောင်းသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ရင်ကွဲတောင်ကုန်းဆင်း၊ အရှိန်လျှော့လမ်းခုံးများ ရှိသည့်နေရာ၊ နတ်စင်ကွေ့၊ မိုင်တိုင် ၁၄၅၊ ၁၄၆၊ ၁၄၇ ၀န်းကျင်တွင် ယာဉ်တိမ်းမှောက်မှု၊ ယာဉ်တိုက်မှု ရက်ဆက် ဖြစ်ပွားလျက်ရှိရာ ဇွန် ၁၄ ရက် ညနေက ၂၂ ဘီးကုန်တင်တွဲယာဉ် တိမ်းမှောက်ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ဒဏ်ရာရရှိခဲ့သလို ဇွန် ၁၅ ရက် ညနေတွင် ၁၂ ဘီး ဆီပေပါ ကုန်သွယ်ယာဉ် တိမ်းမှောက်ကာ ယာဉ်မောင်း သေဆုံးသွားခဲ့သည်။

ဒေါနတောင်ကျော်လမ်းသစ် ရင်ကွဲတောင်ကုန်းဆင်း၊ နတ်စင်ကွေ့အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ အခင်းဖြစ်နေရာသို့ မြို့မရဲစခန်းမှူ ဒုရဲမှူး ထူးအောင်ရွှေနှင့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးသန်းနိုင်ရွှေနှင့် တာဝန်ရှိသူများ အခင်းဖြစ်ပွားရာသို့ သွားရောက်စစ်ဆေးရာ မြ၀တီဘက်မှ ကော့ကရိတ်ဘက်သို့ စက်သုံးဆီ ပီပါ ၁၀၀ တင်ဆောင်ပြီး ယာဉ်မောင်း ညီညီ မောင်းနှင်လာသော ၁၂ ဘီး ကုန်တင်ယာဉ်သည် အခင်းဖြစ်နေရာသို့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးအကာရံ သံပေါင်ကို ၀င်ရောက်တိုက်ပြီး ဆက်လက်၍ တောင်နံရံအား ၀င်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကုန်တင်ယာဉ်မောင်း ညီညီ ၂၈ နှစ် မုဒုံမြို့နေသူသည် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း၊ ယာဉ်နောက်လိုက် သူရိန်ဝင်းမှာ ဒဏ်ရာရရှိခြင်း မရှိဘဲ သေဆုံးသူအား ပုလဲ ဖြူလူမှုကူညီရေးအဖွဲ့၏ ကူညီမှုဖြင့် ရဲဆေးစာနှင့်အတူ ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။

လမ်းရှင်းလင်းရေး ဆောင်ရွက်နေသော ကရိန်းကားမောင်းသူ တစ်ဦးက “ကုန်းဆင်းရှည်တာရယ်၊ လမ်းခုံးတွေရယ်။ လမ်းချို့ယွင်းချက်နဲ့ ယာဉ်တွေရဲ့ ကြံ့ခိုင်မှု မရှိတာရယ်၊ ယာဉ်မောင်းတွေရဲ့ ပေါ့ဆမှုတွေကြောင့် ခုလို့ မကြာခဏ ယာဉ်တိမ်းမှောက်မှုတွေ၊ လူသေဆုံးမှုတွေ ဖြစ်နေတာပါ” ဟု ဇွန် ၁၅ ရက် နံနက်က ပြောကြားသည်။